Manual Vacuum Aspiration (MVA) (လက်ကိုင်လေဖိအားသုံးစုပ်ယူကိရိယာဖြင့် ပျက်ကျကိုယ်ဝန်ကို စုပ်ယူဖယ်ရှားခြင်း)

Manual Vacuum Aspiration (MVA) (လက်ကိုင်လေဖိအားသုံးစုပ်ယူကိရိယာဖြင့် ပျက်ကျကိုယ်ဝန်ကို စုပ်ယူဖယ်ရှားခြင်း)

လက်ကိုင်လေဖိအားသုံးကိရိယာဖြင့် ပျက်ကျပြီးကိုယ်ဝန်ကို စုပ်ယူဖယ်ရှားခြင်းနည်းလမ်း (Manual Vacuum Aspiration – MVA) သည် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်မှစ၍ ယခုအချိန်အထိ ကိုယ်ဝန်ပျက်ကျခြင်း အခြေအနေများကို ကုသမှုပေးရန် ဘေးကင်းစိတ်ချစွာ အသုံးပြုလျက်ရှိသော နည်းလမ်းတစ်ခုဖြစ်သည်။ ဤနည်းလမ်းသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အသိအမှတ်ပြုထားသော ထိရောက်မှု မြင့်မားသည့် နည်းလမ်းလည်းဖြစ်သည်။

ထိုနည်းလမ်းကို ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများက ဆေးခန်း၌ပင် စနစ်တကျပြုလုပ်ပေးနိုင်သော ကျန်းမာ‌ရေးစောင့်ရှောက်မှု (Outpatient procedure) အနေဖြင့် အသုံးပြုလျက်ရှိသည်။ ထုံဆေးဖြင့်သာ ပြုလုပ်နိုင်သောကြောင့် အထွေထွေမေ့ဆေးကြောင့် ဖြစ်ပေါ်လာနိုင်သော ဘေးထွက်ဆိုးကျိုးများကို လျှော့ချပေးနိုင်သည်။

လက်ကိုင်လေဖိအားသုံးကိရိယာ (MVA) အပြင် လျှပ်စစ်ဖြင့် အသုံးပြုရသော ကိရိယာဖြင့် ပျက်ကျပြီးကိုယ်ဝန်ကို စုပ်ယူဖယ်ရှားခြင်း (Electric Vacuum Aspiration – EVA) ကိုလည်း အသုံးပြုနိုင်သည်။

ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

လက်ကိုင်လေဖိအားသုံးကိရိယာဖြင့် ပျက်ကျပြီးကိုယ်ဝန်ကို စုပ်ယူဖယ်ရှားခြင်းနည်းလမ်းဖြင့် ကုသမှုခံယူခြင်းကို အောက်ပါအခြေအနေများတွင် ပြုလုပ်သည်။

  • ကိုယ်ဝန်သက် ၁၃ ပတ် (သို့မဟုတ် ကိုယ်ဝန်ပထမသုံးလပတ်) မကျော်သော တစ်ဝက်တစ်ပျက် ကိုယ်ဝန်ပျက်ကျခြင်း (Incomplete miscarriage)
  • လက္ခဏာမပြဘဲ ကိုယ်ဝန်ပျက်ကျခြင်း (Missed miscarriage)
  • စပျစ်သီးသန္ဓေတည်ခြင်း (Molar pregnancy)
  • ကိုယ်ဝန်ပျက်ကျပြီးနောက် သို့မဟုတ် သားဖွားပြီးနောက် သားအိမ်အတွင်း အသားစများ ကျန်ရှိနေခြင်း (Retained products of conception)
  • ဆေးဘက်ဆိုင်ရာ လိုအပ်ချက်အရ ကိုယ်ဝန်သက် ၁၃ ပတ်မပြည့်မီ ကိုယ်ဝန်ရပ်စဲခြင်း (Termination of pregnancy before 13 weeks LMP)
ကြိုတင်သိထားရမည့်အချက်များ
  • လက်ကိုင်လေဖိအားသုံးကိရိယာဖြင့် ပျက်ကျပြီးကိုယ်ဝန်ကို စုပ်ယူဖယ်ရှားခြင်းနည်းလမ်းကို အသုံးမပြုမီ ကုသမှုခံယူမည့်သူကို သွေးခဲနိုင်စွမ်းဆိုင်ရာပြဿနာ (Coagulation disorders) များ ရှိမရှိ ဦးစွာမေးမြန်ထားရန် လိုအပ်သည်၊ ထိုသို့သော‌ ရောဂါများရှိပါက သွေးယိုဆင်းနိုင်ခြေများခြင်းကြောင့် အရေးပေါ်ခွဲစိတ်မှုပြုလုပ်နိုင်ပြီး သွေးသွင်းမှုကို အဆင်သင့်ပြုလုပ်နိုင်သော ဆေးရုံတွင်သာ ပြုလုပ်သင့်သည်
  • ကုသမှုခံယူမည့်သူများတွင် တင်ပါးဆုံရိုးကွင်းအတွင်းအင်္ဂါများ ပိုးဝင်ရောင်ရမ်းနေခြင်း (Pelvic inflammatory disease)၊ မိန်းမကိုယ်မှ ပုံမှန်မဟုတ်ဘဲ ဆိုးရွားသောအနံ့ရှိသည့် အရည်များဆင်းနေခြင်းတို့ ရှိပါက ပိုးသတ်ဆေး ကြိုတင်ပေးထားရန် လိုအပ်သည်
မပြုလုပ်သင့်သည့် အခြေအနေများ

လက်ကိုင်လေဖိအားသုံးကိရိယာဖြင့် ပျက်ကျပြီးကိုယ်ဝန်ကို စုပ်ယူဖယ်ရှားခြင်းနည်းလမ်းသည် ယေဘုယျအားဖြင့် စိတ်ချလုံခြုံသော နည်းလမ်းဖြစ်သော်လည်း အောက်ပါအခြေအနေများတွင် မပြုလုပ်သင့်ပါ။ သို့မဟုတ်ပါက ကျွမ်းကျင်သော ဆရာဝန်ကြီးများ၏ အထူးကြီးကြပ်မှုဖြင့်သာ ပြုလုပ်သင့်သည်။

လုံးဝမပြုလုပ်သင့်သော အခြေအနေများ (Absolute contraindications)
  • သားအိမ်ပြင်ပတွင် ကိုယ်ဝန်တည်ခြင်း (Ectopic pregnancy)
  • ကိုယ်ဝန်သက် ၁၄ ပတ် ကျော်သော ကိုယ်ဝန်ဖြစ်ခြင်း
အထူးသတိထားပြီး ပြုလုပ်ရမည့် အခြေအနေများ
  • မျိုးပွါးအင်္ဂါများ ပိုးဝင်ရောင်ရမ်းခြင်း
  • သွေးခဲနိုင်စွမ်းဆိုင်ရာ ပြဿနာများရှိခြင်း
  • ပုံမှန်သားအိမ် မဟုတ်ခြင်း (Anomaly of uterus)
  • လူနာတွင် သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်းစသည်တို့ မတည်ငြိမ်သည့် အန္တရာယ်လက္ခဏာများရှိခြင်း (Hemodynamically unstable)
လိုအပ်သောကိရိယာများ

လက်ကိုင်လေဖိအားသုံးကိရိယာတွင် ပါဝင်သောပစ္စည်းများမှာ_

  • ၆၀ မီလီလီတာဆန့် ဆေးထိုးအပ်ပြွန်ပုံကိရိယာ (Ipas MVA Plus 60-ml syringe)
  • ချောဆီဘူး (Bottle of silicone for lubricating the syringe)
  • သားအိမ်အတွင်းရှိ အသားစများ စုပ်ယူရန် အသုံးပြုသော အရွယ်အစားအစုံရှိသည့် တစ်ခါသုံးပိုးသတ်ထားသော ပိုက်ပျော့ပြွန်များ (Sets of Ipas Easy Grip flexible cannulae, single use)
  • သားအိမ်အဝချဲ့ရန် အသုံးပြုသော ပစ္စည်းများ (Double-ended Hegar’s uterine dilators)
  • လက်ကိုင်လေဖိအားသုံးကိရိယာဖြင့် ပျက်ကျပြီးကိုယ်ဝန်ကို စုပ်ယူဖယ်ရှားခြင်းနည်းလမ်းပြုလုပ်စဉ် သားအိမ်ခေါင်းကို ငြိမ်အောင်ကိုင်တွယ်ရန် အသုံးပြုသော ကိရိယာများ (Forceps, Tenaculum)
  • မိန်းမကိုယ်တွင်းထည့် ဘဲနှုတ်သီးကိရိယာ (Vaginal speculum)
  • သားအိမ်၏ အရွယ်အစား အရှည်ကို တိုင်းတာသောကိရိယာ (Uterine sound)
  • မိန်းမကိုယ် အတွင်းအပြင်ကို ဆေးကြောသန့်စင်ရာတွင် ကိုင်တွယ်အသုံးပြုသော ကိရိယာ (Dressing forceps)
  • သားအိမ်အတွင်းမှ စုပ်ယူရရှိသော ပစ္စည်းများ ခံထားရန် သို့မဟုတ် ထည့်ရန်ခွက် (100-ml gallipot)
  • သားအိမ်အတွင်းမှစုပ်ယူရရှိသော ပစ္စည်းများကို စစ်ယူရန် စတီးဇကာ (Stainless steel instrument basket)
လက်ကိုင်လေဖိအားသုံးကိရိယာဖြင့် ပျက်ကျပြီးကိုယ်ဝန်ကို စုပ်ယူဖယ်ရှားခြင်း ပြုလုပ်ရန် ပြင်ဆင်ထားရမည့် ပစ္စည်းများ
  • အထက်ဖော်ပြပါ လက်ကိုင်လေဖိအားသုံး ကိရိယာအစုံတွင်ပါဝင်သော ပစ္စည်းများကို ချခင်းရန်အတွက် ပိုးသတ်ထားသော အခင်း
  • ကုသမှုခံယူမည့်သူအတွက် အသုံးပြုမည့် အခင်း (Sterile draping)
  • မိန်းမကိုယ် အပြင်ကို ဆေးကြောသန့်ရှင်းရေးပြုလုပ်ရန် အိုင်အိုဒင်းဆေးရည်
  • မိန်းမကိုယ် အတွင်းကို ဆေးကြောသန့်ရှင်းရေးပြုလုပ်ရန် 10% အိုင်အိုဒင်းဆေးရည်
  • ပိုးသတ်ထားသောလက်အိတ်များ (Sterile gloves)
  • ကုသမှုခံယူသူ၏ တင်ပါးနှင့်ခါးအောက်တွင်ထားရန် အရည်စုပ်ယူနိုင်သော အခင်း
  • အလင်းအားကောင်းသော မီး (Spot light)
အနာသက်သာဆေး ထုံဆေးထိုးရန်အတွက် လိုအပ်သော ပစ္စည်းများ
  • 22 G ရှိသော ဆေးထိုးအပ် အရှည် (22G Needle with syringe)
  • ထုံဆေး (1% Lidocaine) နှင့် ပိုးသတ်ထားသော တစ်ခါသုံးအပ်နှင့် ဆေးထိုးပြွန်
စတင်ပြင်ဆင်ခြင်း

ကုသမှုမပြုလုပ်မီတွင် လူနာ၏ကျန်းမာရေးအခြေအနေ၊ ကုသမှုပြုလုပ်ရသည့် အကြောင်းရင်း၊ ကြိုတင်သိထားရမည့်အချက်များနှင့် နောက်ဆက်တွဲပြဿနာများကို သေချာစွာရှင်းပြပြီး ကုသမှုအတွက် သဘောတူညီကြောင်း လက်မှတ်ရရှိထားရန် လိုအပ်သည်။

  • လူနာကိုပြင်ဆင်ခြင်း
    • ကုသမှုမစတင်မီတွင် လူနာကို ဆီးအိမ်အတွင်းရှိ ဆီးများကုန်စင်အောင် သွားထားစေရန် လိုအပ်သည်
    • လိုအပ်ပါက ပဋိဇီဝပိုးသတ်ဆေးများ (ဥပမာ _ Doxycycline သို့မဟုတ် Azithromycin) ကြိုတင်၍ပေးထားနိုင်သည်
    • မသန့်ရှင်းသောနည်းလမ်းဖြင့် ကိုယ်ဝန်ပျက်ကျခဲ့ခြင်းများဖြစ်ပါက မေးခိုင်ကာကွယ်ဆေး ထိုးပေးထားရမည်
    • သားအိမ်အဝမပွင့်သေးပါက သားအိမ်အဝ၏အနောက်ဘက်ထဲသို့ Misoprostol ဆေးကို ကုသမှုမခံယူမီ (၃) နာရီ ကြို၍ထည့်ပေးရန် လိုအပ်သည်
  • နာကျင်မှုအတွက် ပြင်ဆင်ခြင်း
    • ကုသမှုမစတင်မီ (၁) နာရီကြို၍ အကိုက်အခဲပျောက်ဆေး (ဥပမာ _ Ibuprofen) သောက်ရန် လိုအပ်သည်
    • စိတ်လှုပ်ရှားမှု လွန်ကဲသောသူများတွင် စိတ်ငြိမ်ဆေး (ဥပမာ _ Diazepam) သောက်သုံးနိုင်သည်
ပြုလုပ်ပုံအဆင့်ဆင့်
  • ပစ္စည်းများပြင်ဆင်ခြင်း
    • လေစုပ်ကိရိယာဖြင့် စုပ်ယူရာတွင် သုံးသော ပိုက်ချောင်း (Cannula) အရွယ်အစားကို ကိုယ်ဝန်ပတ်‌ရေဖြင့် ချိန်ဆနိုင်သည် (ဥပမာ_ကိုယ်ဝန်ပတ် ၈ ပတ် ရှိပါက ပိုက်ချောင်းနံပတ် ၈ မှ ၁၀ အထိကို အသုံးပြုနိုင်သည်)
  • လူနာပြင်ဆင်ခြင်း
    • ကုသမှုခံယူမည့် အမျိုးသမီးကို စမ်းသပ်ကုတင်ပေါ်တွင် လဲလျောင်းစေပြီး ဒူးထောင်၍ ခြေထောက်ကို ကားထားသောအနေအထား (Lithotomy position) ဖြင့် နေစေသည်
  • ပိုးသန့်စင်ခြင်း
    • ယောနိအဝနှင့် မွေးလမ်းကြောင်းကို အိုင်အိုဒင်းဆေးရည်ဖြင့် သန့်ရှင်းစေသည်
  • ကိရိယာတပ်ဆင်ခြင်း
    • သားအိမ်ခေါင်းကို သေချာစွာမြင်ရန် မိန်းမကိုယ်တွင်းသို့ ဘဲနှုတ်သီးကိရိယာ ထည့်၍ သားအိမ်ခေါင်းကို Tenaculum သို့မဟုတ် Forceps ဖြင့် ကိုင်တွယ်၍ သားအိမ်ကို ငြိမ်အောင် ပြုလုပ်သည်
  • ထုံဆေးထိုးခြင်း (Paracervical block)
    • ကုသမှုခံယူစဉ် နာကျင်မှုသက်သာစေရန် 1% Lidocaine ထုံဆေးကို သားအိမ်ခေါင်း၊ သားအိမ်ခေါင်းနှင့် သားအိမ်အဆက်နေရာများတွင် ထိုးပေးမည်
  • သားအိမ်ခေါင်းကို ချဲ့ခြင်း (Dilatation)
    • လက်တစ်ဘက်ဖြင့် သားအိမ်ခေါင်းကို ကိုင်တွယ်ထားသော Forceps ကို အနည်းငယ်ဆွဲထားခြင်းဖြင့် သားအိမ်ခေါင်းနှင့် သားအိမ်ကို တဆန့်တည်းဖြစ်စေသည်
    • နောက်လက်တစ်ဘက်ဖြင့် ပိုက်ချောင်း Cannula ကို အရွယ်အစားအသေးဆုံးမှ စ၍ထည့်ပြီး တဖြည်းဖြည်း သင့်တော်သည့် ပိုက်ချောင်းအရွယ်အထိကို ထည့်ခြင်းဖြင့် သားအိမ်အဝကို ချဲ့သည်
    • လိုအပ်ပါက သားအိမ်အဝကို ချဲ့ရန် အသုံးပြုသော ပစ္စည်းများ (Double-ended Hegar’s uterine dilators) ကို အသုံးပြုနိုင်သည်
    • ထိုသို့ ပိုက်ချောင်းများထည့်စဉ်တွင် ပိုးဝင်ခြင်းမှကာကွယ်နိုင်ရန် မည်သည့်ဘေးဘက်ကိုမျှ မထိမိစေရန် ဂရုပြုရမည်ဖြစ်သည်
    • ထိုသို့ ချဲ့ပြီးနောက်တွင် သားအိမ်အဝနှင့် သင့်တော်သော ပိုက်ချောင်းကို သားအိမ်အတွင်ဆုံးထိအောင် ထည့်ပြီးနောက် ၁ စင်တီမီတာ အပြင်သို့ ပြန်ထုတ်ထားလျက် အနေအထားတွင် ရှိနေစေသည်
  • စုပ်ယူခြင်း (Aspiration)
    • ၆၀ မီလီလီတာဆန့်သော ဆေးထိုးပြွန် (Ipas MVA plus 60-ml Syringe) ကို ၎င်းအတွင်းတွင် လေဟာနယ်ပြုလုပ်ဖန်တီးထားပြီး သားအိမ်အတွင်းထည့်ထားသော ပိုက်ချောင်းဖြင့်ဆက်ပါ
    • ဆေးထိုးပြွန်တွင်ပါရှိသော ခလုတ်ကို ဖွင့်လိုက်ခြင်းဖြင့် စုပ်ယူခြင်းကို စတင်သည်
    • ထိုသို့စုပ်ယူရာတွင် ဆေးထိုးပြွန်ကို အသွင်းအထုတ်ပြုခြင်း၊ ၁၈၀ ဒီကရီအပေါ်အောက် လှည့်ပေးခြင်းများ ပြုလုပ်ပေးရသည်
    • ထိုသို့ ပြုလုပ်နေစဉ်တွင် သားအိမ်အတွင်းရှိ အသားစများသည် ဆေးထိုးပြွန်အတွင်းသို့ စုပ်ယူခြင်းခံရမည်ဖြစ်သည်
    • ဆေးထိုးပြွန်ပြည့်သွားပါက ခလုတ်ကို ပိတ်ပြီး ပိုက်ချောင်းနှင့် ဆေးထိုးပြွန်အဆက်ကို ဖြုတ်၍ စုပ်ယူရရှိသော ပစ္စည်းများကို ထည့်စရာခွက်အတွင်းသို့ ထည့်ပေးရမည်
    • သားအိမ်အတွင်းတွင် အကြွင်းအကျန်များ ကျန်ရှိနေသေးလျှင် အထက်ပါအတိုင်း နောက်ထပ်အကြိမ်များကို ထပ်မံ ပြုလုပ်ပေးရမည်
    • ဆေးထိုးပြွန်ထဲတွင် ပန်းရောင်အမြှုပ်များကိုသာ စုပ်ယူမိခြင်း၊ ပိုက်ချောင်းကို အသွင်းအထုတ်ပြုစဉ်တွင် ကြပ်လာခြင်းနှင့် ခြစ်သောအသံ (Grating sensation) ကို အာရုံခံစားမိခြင်းများဖြင့် သားအိမ်အတွင်းတွင် မည်သည့်ပစ္စည်းမျှ မကျန်တော့သည်ကို သိရှိနိုင်သည်
    • လျှပ်စစ်ကို အသုံးပြုရသော ကိရိယာဖြင့် ပျက်ကျပြီးကိုယ်ဝန်ကို စုပ်ယူဖယ်ရှားခြင်း (EVA) တွင် စက်ဖြင့်လေဟာနယ်ဖန်တီးရာတွင် သတ်မှတ်လေဖိအား ၈၀၀ မီလီဘားထက် မပိုရပါ
  • စုပ်ထုတ်ထားသော အကြွင်းအကျန်များကို စစ်ဆေးခြင်း (Examination the aspirated contents)
    • စုပ်ယူရရှိသော ပစ္စည်းများ၏ ပမာဏကို ရပ်တန့်သွားသော ကိုယ်ဝန်ပတ် သို့မဟုတ် တစ်ဝက်တစ်ပျက်ကျန်သော ကိုယ်ဝန်နှင့် ချိန်ဆကြည့်ရမည်
    • စုပ်ယူပြီးထွက်လာသော ပစ္စည်းများကို သေချာစွာကြည့်ရှုစစ်ဆေးရန် လိုအပ်သည်
    • ပုံမှန်အားဖြင့် ၎င်းတို့ကို ဓာတ်ခွဲစစ်ဆေးရန် မလိုအပ်သော်လည်း စပျစ်ခိုင်သန္ဓေနှင့် ထိုသို့ဖြစ်နေသည်ဟု ယူဆရသည်တို့တွင် စစ်ဆေးရန် လိုအပ်သည်
  • ပြုလုပ်မှုပြီးဆုံးခြင်း
    • ပြုလုပ်မှုပြီးဆုံးပါက လူနာကိုသက်တောင့်သက်သာဖြစ်သော အနေအထားတွင် နေစေရမည်
    • နာကျင်မှုရှိခြင်း၊ သွေးဆင်းခြင်းများကို အချိန်အနည်းငယ် စောင့်ကြည့်ရန် လိုအပ်သည်
    • သွေးဆင်းများပါက သွေးဆင်းမှုနည်းစေသော ဆေးများကို ပေးရန်နှင့် နာကျင်မှုသက်သာစေရန် အနာသက်သာဆေးများ ထည့်ပေးခြင်းများကို ပြုလုပ်ရမည်ဖြစ်သည်
ကုသမှုခံယူပြီးနောက်တွင် ကြုံတွေ့ရနိုင်သည့်အခြေအနေများ
  • ဝမ်းဗိုက်အောက်ပိုင်းတွင် ရက်အနည်းငယ်နာကျင်နိုင်သည်
  • သွေးဆင်းခြင်း ၁ပတ် မှ ၁၀ရက်ခန့်အထိ ကြုံတွေ့နိုင်သည်
  • ပုံမှန်ရာသီသည် ၄ပတ် မှ ၈ပတ်အတွင်း ပြန်လည်ဖြစ်ပေါ်နိုင်သည်
နောက်ဆက်တွဲပြဿနာများ
  • စုပ်ယူမှု မစင်ခြင်း (ကျန်နေခြင်း) – အသုံးပြုသော ပိုက်ချောင်းအရွယ်အစား သေးလွန်းခြင်းကြောင့် စုပ်ယူမှုကို ပြတ်တောက်စေပြီး သားအိမ်အတွင်းတွင် အကြွင်းအကျန်များ ကျန်ခဲ့ခြင်းဖြစ်သည်
  • သားအိမ်ပေါက်ခြင်း – Perforation of uterus (အလွန်ရှားသော်လည်း ဖြစ်နိုင်သည်)
  • သွေးဆင်းများခြင်း
  • ပိုးဝင်ခြင်း
  • သားအိမ်အတွင်းတွင် သွေးခဲများပိတ်ဆို့နေခြင်း – Haematometra ကြောင့် သားအိမ်အရွယ်အစား ကြီးလာပြီး၊ ဝမ်းဗိုက်အောက်ပိုင်း တင်းလာခြင်း
  • သွေးကြောလေးများထဲသို့ လေဝင်ခြင်း – Air embolism (အလွန်ရှားပါးသော်လည်း အသက်အန္တရာယ်ရှိသည်)
လိုက်နာဆောင်ရွက်ရမည့်အချက်များ
  • ကုသမှုခံယူပြီးနောက်ပိုင်းတွင် တစ်ကိုယ်ရေသန့်ရှင်းရေးကို သေချာစွာ ဂရုစိုက်ရန်
  • မိန်းမကိုယ်အတွင်းထဲအထိ ဆေးကြောခြင်းကို ‌ရှောင်ကြဉ်ရန်
  • မျိုးအောင်နိုင်ခြေသည် (၁၀) ရက်အတွင်း ပြန်လည်ရှိလာနိုင်သောကြောင့် သင့်တော်သော သန္ဓေတာ‌ဆေးကို အချိန်မှီသေချာစွာသုံးရန်
ဆရာဝန်နှင့် ချက်ချင်းပြသရန်
  • (၂) ပတ်ထက် ပို၍ကြာသော သွေးဆင်းခြင်း သို့မဟုတ် သွေး‌ဆင်းသောပမာဏသည် ပုံမှန်ရာသီပမာဏထက် များနေခြင်းများရှိလျှင်
  • အလွန်နာကျင်ခြင်း
  • ချမ်းတုန်၍ဖျားခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း
  • သတိလစ်ခြင်းစသည့် အခြေအနေများရှိပါက ဆရာဝန်နှင့် ချက်ချင်းပြန်လည်ပြသရမည်။

နိဂုံးချုပ်အနေဖြင့် လက်ကိုင်လေဖိအားသုံးစုပ်ယူကိရိယာဖြင့် ပျက်ကျပြီးကိုယ်ဝန်ကို ပျက်ကျပြီးကိုယ်ဝန်ကို စုပ်ယူဖယ်ရှားခြင်း (MVA) နည်းလမ်းသည် ကိုယ်ဝန်အစောပိုင်းကာလ ပျက်ကျမှုများအတွက် ကမ္ဘာတစ်ဝှမ်းတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသော ဘေးကင်းစိတ်ချရသည့် ကုသမှုတစ်ခုဖြစ်သည်။ ဤနည်းလမ်းသည် ခွဲစိတ်ခန်းဝင်ရန်မလိုဘဲ မိနစ်ပိုင်းအတွင်း ပြီးမြောက်နိုင်သည့်အပြင် ထုံဆေးဖြင့်သာ ဆောင်ရွက်နိုင်သောကြောင့် အမျိုးသမီးများအတွက် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုကို လျှော့ချပေးနိုင်သည်။ ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ပြုလုပ်ပေးမည်ဆိုပါက နောက်ဆက်တွဲပြဿနာ ဖြစ်ပွားနိုင်ခြေ အလွန်နည်းပါးပြီး၊ နေအိမ်သို့ ချက်ချင်းပြန်ကာ နေ့စဉ်လုပ်ငန်းဆောင်တာများကို လျင်မြန်စွာ ပြန်လည်လုပ်ကိုင်နိုင်သည်မှာ ဤနည်းလမ်း၏ အဓိကအားသာချက်ဖြစ်သည်။

References:

  1. Ipas. (2019). Steps for performing manual vacuum aspiration (MVA) using the Ipas MVA Plus and Ipas EasyGrip cannulae. Retrieved March 5, 2026, from https://depts.washington.edu/obgyn/images/stories/other_images/TEAMM_photos/Steps_for_Performing_MVA_Using_the_Ipas_MVA_Plus_and_Ipas_EasyGrip_Cannulae.pdf
  2. Médecins Sans Frontières. (n.d.). Manual vacuum aspiration (MVA). Retrieved March 5, 2026, from https://medicalguidelines.msf.org/en/viewport/ONC/english/9-5-manual-vacuum-aspiration-mva-51417954.html
  3. Association of Reproductive Health Professionals. (n.d.). Manual vacuum aspiration quick reference guide. Retrieved March 5, 2026, from https://www.arhp.org/uploadDocs/mvaqrg.pdf
  4. Safe2Choose. (n.d.). Manual vacuum aspiration (MVA) procedure. Retrieved March 5, 2026, from https://safe2choose.org/safe-abortion/inclinic-abortion/manual-vacuum-aspiration-mva-procedure
  5. Leeds Teaching Hospitals NHS Trust. (n.d.). Manual vacuum aspiration (MVA): Surgical treatment of miscarriage using local anaesthetic. Retrieved March 5, 2026, from https://www.leedsth.nhs.uk/patients/resources/manual-vacuum-aspiration-mva-surgical-treatment-of-miscarriage-using-local-anaesthetic/
  6. Ipas. (2020). Performing manual vacuum aspiration. Retrieved March 5, 2026, from https://www.ipas.org/wp-content/uploads/2020/06/PERFMVA-E19.pdf

Published: 25 March 2026

Share

25 March 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.