ဝမ်းထဲ သွေးပါဝင်မှု စစ်ဆေးခြင်း (Fecal occult blood test – FOBT) ဆိုသည်မှာ စွန့်ထုတ်လိုက်သော ဝမ်းထဲတွင် သာမန်မျက်စိဖြင့် မမြင်နိုင်သော သွေးအနည်းငယ်ပါဝင်မှု ရှိမရှိကို စစ်ဆေးခြင်းဖြစ်ပြီး အလွယ်တကူ ပြုလုပ်နိုင်သော စစ်ဆေးမှုတစ်ခုဖြစ်သည်။ သာမန်မျက်စိဖြင့် သိသိသာသာ မမြင်နိုင်သော သွေးပါဝင်မှုကို စစ်ဆေးခြင်းဖြစ်သောကြောင့် Occult blood test ဟု ခေါ်ဆိုကြသည်။ ထိုစစ်ဆေးမှုကို အူလမ်းကြောင်းနှင့် စအိုကင်ဆာ (အထူးသဖြင့် အူမကြီးကင်ဆာ) အတွက် အကြိုစစ်ဆေးမှု (Screening test) အနေဖြင့် ပြုလုပ်ပြီး အူမကြီးကင်ဆာကို ကြိုတင်စစ်ဆေးနိုင်သော နည်းလမ်းများစွာအနက် အရေးပါသော နည်းလမ်းတစ်ခုဖြစ်သည်။ စစ်ဆေးမှုပြုလုပ်ရန် လွယ်ကူရိုးရှင်းရုံသာမက ကြိုတင်ပြင်ဆင်မှုများစွာလည်း မလိုအပ်ပေ။ အလွယ်တကူ စစ်ဆေးနိုင်ပြီး ကုန်ကျစရိတ်လည်း သက်သာသောကြောင့် လက်ရှိ၌ တွင်ကျယ်စွာ အသုံးပြုလျက်ရှိသည်။
သမိုင်းကြောင်းအရ အူမကြီးကင်ဆာ၏ အစောဆုံးလက္ခဏာများတွင် ဝမ်းထဲ၌ သွေးအနည်းငယ် ပါရှိတတ်ကြောင်းကို (၁၉၀၀) ပြည့်နှစ်များ၌လေ့လာသိရှိခဲ့ကြသည်။ ထို့ကြောင့် (၁၉၆၀) ပြည့်နှစ်တွင် အပင်ထွက် ဓာတုပစ္စည်းတစ်မျိုးဖြစ်သည့် Guaiac ကို အသုံးပြု၍ ဝမ်းထဲ၌ သွေးပါဝင်မှု စစ်ဆေးသောနည်းလမ်း (gFOBT) ကို စတင်အသုံးပြုခဲ့ကြသည်။ (၁၉၈၀) ဝန်းကျင်တွင် ထိုသို့စစ်ဆေးခြင်းသည် အူမကြီးကင်ဆာကို ဆောလျင်စွာ သိရှိကုသနိုင်ခဲ့သဖြင့် ကင်ဆာကြောင့်သေဆုံးမှုကို များစွာလျှော့ချပေးနိုင်ကြောင်း သုတေသနစာတမ်းများ ထွက်ပေါ်လာခဲ့သည်။ (၂၀၀၀) ပြည့်နှစ် နောက်ပိုင်းတွင် ရှေးကနဦး သမားရိုးကျစစ်ဆေးမှုနည်းလမ်းများထက် ပိုမိုတိကျသည့် ပဋိပစ္စည်းအသုံးပြု စစ်ဆေးမှုနည်းလမ်းသစ်များ (Immunochemical tests – FIT သို့မဟုတ် iFOBT) ကို တီထွင်လာကြပြီး ယနေ့ခေတ်အထိ ဆက်လက် အသုံးပြုနေကြသည်။
ဝမ်းထဲ၌ သွေးပါခြင်းဆိုသည်မှာ အစာအိမ်နှင့်အူလမ်းကြောင်း တစ်နေရာ၌ သွေးယိုစိမ့်မှု ရှိနေနိုင်သည့် အဓိပ္ပာယ်ဖြစ်သည်။ ထိုသို့ ဝမ်းထဲသွေးပါဝင်ခြင်းသည် ကိုယ်ခန္ဓာတွင်းရှိ ပုံမှန်မဟုတ်သော ကျန်းမာရေးအခြေအနေတစ်ခုကို ဖော်ပြနေခြင်းဖြစ်သလို ထိုကဲ့သို့ နာတာရှည် သွေးယိုစိမ့်မှုကြောင့် နောက်ဆက်တွဲအနေဖြင့် သံဓာတ်ချို့တဲ့၍ သွေးအားနည်းခြင်းကိုပါ ဖြစ်ပေါ်စေနိုင်သည်။ ဝမ်းထဲသွေးပါစေသော အဓိကအကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
- အူရောင်ရမ်းခြင်း (နာတာရှည် အူရောင်ရမ်းနာရောဂါများ – Inflammatory bowel disease)
- အူမကြီးကင်ဆာ၊ စအိုကင်ဆာနှင့် အစာအိမ်ကင်ဆာ
- အူလမ်းကြောင်းနံရံကျွံခြင်း (Diverticulosis)
- လိပ်ခေါင်းရောဂါ (Hemorrhoids)
- အူလမ်းကြောင်း အသားပိုကျိတ်များ (Polyps)
- အစာအိမ်နှင့် အူလမ်းကြောင်းတစ်လျှောက်ရှိ အနာများ (Gastrointestinal ulcers)
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
ဤစစ်ဆေးမှု၏ အဓိကရည်ရွယ်ချက်မှာ အသက်အန္တရာယ်ပေးနိုင်သော အူမကြီးကင်ဆာကို ဆောလျင်စွာ ကြိုတင်သိရှိနိုင်ရန်ဖြစ်သည်။ အများအားဖြင့် ရောဂါလက္ခဏာ တစ်စုံတစ်ရာမပြဘဲ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ ပုံမှန်သာရှိသူများအတွက် အကြိုစစ်ဆေးမှု (Screening test) အဖြစ် အဓိကထား၍ စစ်ဆေးလေ့ရှိသည်။
တစ်ခါတစ်ရံတွင် အောက်ဖော်ပြပါ ကျန်းမာရေးအခြေအနေများနှင့် သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ ရှိနေပါကလည်း မိသားစုဆရာဝန်မှ ဤစစ်ဆေးမှုကို ပြုလုပ်ရန် ညွှန်ကြားနိုင်သည်။
- အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ ခံစားရခြင်း (ဥပမာ _ ဗိုက်နာခြင်း၊ စအိုတစ်ဝိုက် နာကျင်ခြင်း)
- အကြောင်းရင်း ရေရေရာရာမရှိဘဲ အမြဲတမ်း နုံးချိနေခြင်း သို့မဟုတ် ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းသွားခြင်း
- နာတာရှည် ဝမ်းလျှောခြင်း
- သံဓာတ်ချို့တဲ့၍ သွေးအားနည်းရောဂါ ရှိနေခြင်း
- သောက်သုံးနေသော ဆေးဝါးများ (ဥပမာ _ အကိုက်အခဲပျောက်ဆေးများ၊ သွေးကျဲဆေးများ) ကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းတွင် သွေးယိုစိမ့်မှုရှိသည်ဟု သံသယရှိခြင်း
သို့ရာတွင် အထူးသတိပြုရန်မှာ ဤစစ်ဆေးမှုသည် အကြိုစစ်ဆေးခြင်း သက်သက်သာဖြစ်သောကြောင့် ဝမ်းထဲ၌ သွေးပါဝင်နေခြင်း ရှိမရှိကိုသာ ဖော်ပြနိုင်မည်ဖြစ်သည်။ သွေးပါဝင်စေသော အကြောင်းရင်းခံရောဂါ အတိအကျကိုမူ ဖော်ထုတ်နိုင်စွမ်း မရှိပေ။ ထို့ကြောင့် ဤစစ်ဆေးမှု တစ်ခုတည်းဖြင့် ရောဂါကို အတည်ပြုရှာဖွေခြင်း မပြုလုပ်နိုင်ဘဲ အဖြေပေါ်မူတည်၍ အူမကြီးမှန်ပြောင်းကြည့်ခြင်းကဲ့သို့သော အခြားလိုအပ်သည့် စစ်ဆေးမှုများကို ဆက်လက် ပေါင်းစပ်လုပ်ဆောင်ရမည်ဖြစ်သည်။
ပုံမှန်စစ်ဆေးသင့်သည့် အချိန်ကာလ
- အမေရိကန်နိုင်ငံ ရောဂါကာကွယ်ရေး လုပ်ငန်းစဥ်များအဖွဲ့မှ အသက် (၄၅) မှ (၇၅) နှစ်အတွင်း အသက်အရွယ်ရှိသူများသည် အူမကြီးကင်ဆာအတွက် FOBT ကို တစ်နှစ် တစ်ကြိမ် ပုံမှန်စစ်ဆေးသင့်သည်ဟု အကြံပြုထားသည်
- အသက် (၇၅) နှစ်အထက်ရှိသူများတွင် အူမကြီးကင်ဆာဖြစ်နိုင်ခြေ မြင့်မားလာသောကြောင့် မိမိ၏ဆရာဝန်နှင့်တိုင်ပင်၍ စစ်ဆေးမှုလိုအပ်သော အချိန်ကာလကို တိုးမြှင့်ရန် လိုအပ်နိုင်သည် (ဥပမာ _ ၆လ တစ်ကြိမ်)
- အကယ်၍ အူမကြီးကင်ဆာဖြစ်နိုင်ခြေကို မသိရှိပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးနိုင်သည်
စစ်ဆေးမှု မပြုလုပ်သင့်သော အခြေအနေများ
- အူမကြီးကင်ဆာ လက္ခဏာများ ခံစားနေရခြင်း (ဥပမာ – ဝမ်းသွားလျှင် သွေးပါခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းသွားသည့် အလေ့အကျင့် ပြောင်းလဲခြင်း)
- အူမကြီးကင်ဆာဖြစ်နိုင်ခြေ မြင့်မားသူများ (ဥပမာ – ယခင်က အူမကြီးတွင် အသားပိုရှိဖူးသူ သို့မဟုတ် မိသားစုဝင်ထဲတွင် အူမကြီးကင်ဆာ ဖြစ်ဖူးသူရှိခြင်း)
ထိုသူများတွင် အကြိုစစ်ဆေးခြင်းအစား ရောဂါကို တိကျစွာရှာဖွေနိုင်သော အခြားစစ်ဆေးခြင်းများ [ဥပမာ_ အူမကြီးမှန်ပြောင်းကြည့်ခြင်း၊ ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်း စသည်တို့ကို] ပြုလုပ်သင့်သည်။
ကြိုတင်သိရှိထားရမည့်အချက်များ
- စစ်ဆေးမှုသည် အမြဲတမ်း တိကျမှု မရှိနိုင်ခြင်း
- ကင်ဆာ သို့မဟုတ် အသားပိုကျိတ်များ ရှိသော်လည်း စစ်ဆေးချိန်တွင် သွေးထွက်နေခြင်း မရှိပါက အဖြေတွင် Negative ထွက်နိုင်သည်
- တစ်နည်းအားဖြင့် ရောဂါရှိသော်လည်း စစ်ဆေးချက်တွင် မပြခြင်း (False negative) ဖြစ်နိုင်သည်
- ထို့ကြောင့် တစ်နှစ် တစ်ကြိမ် ပုံမှန်စစ်ဆေးရန် လိုအပ်ခြင်းဖြစ်သည်
- ရောဂါမရှိသော်လည်း အဖြေတွင် Positive ထွက်ခြင်း (False positive)
စစ်ဆေးမှုအဖြေတွင် ဝမ်းထဲသွေးပါသည်ဟု တွေ့သော်လည်း ကင်ဆာရောဂါ၊ အသားပိုကျိတ်များကြောင့် မဟုတ်ဘဲ အောက်ပါအခြေအနေများကြောင့် ဖြစ်နိုင်သည်။- လိပ်ခေါင်းရောဂါကြောင့် သွေးထွက်နေခြင်း – လိပ်ခေါင်းမှ ထွက်သောသွေးသည် ဝမ်းနှင့်ရောနှောသွားနိုင်ပြီး အဖြေမှားယွင်းစေနိုင်သည်
- အစာအိမ်ရောင်ခြင်း သို့မဟုတ် အစာအိမ်အနာဖြစ်ခြင်း – ဤရောဂါများကြောင့် အစာအိမ်မှ သွေးယိုစိမ့်မှုသည် ဝမ်းထဲတွင် သွေးပါလာစေနိုင်ပြီး အူမကြီးမှ သွေးထွက်သည်ဟု အဖြေမှားယွင်းနိုင်သည်
- ရာသီသွေးဆင်းနေခြင်း – အမျိုးသမီးများတွင် ဓမ္မတာသွေးသည် ဝမ်းနမူနာယူစဉ် ရောနှောပါဝင်သွားနိုင်သောကြောင့် ရာသီလာနေစဉ်နှင့် ပြီးပြီးချင်း သုံးရက်အတွင်း မစစ်ဆေးသင့်ပါ
- လတ်တလော ဝမ်းလျှောထားခြင်း သို့မဟုတ် ဝမ်းကိုက်ထားခြင်း – အူလမ်းကြောင်း ရောင်ရမ်းနေပြီး သွေးကြောလေးများ ပေါက်ကာ သွေးအနည်းငယ် ထွက်နိုင်သောကြောင့် အဖြေမှားယွင်းနိုင်သည်
- လတ်တလော အူမကြီး မှန်ပြောင်းကြည့်ထားခြင်း သို့မဟုတ် အသားစယူထားခြင်း – ကိရိယာများကြောင့် အူနံရံ ပွန်းပဲ့ပြီး သွေးယိုစိမ့်မှုအနည်းငယ် ရှိနေနိုင်သောကြောင့်ဖြစ်သည်
- နောက်ထပ် စစ်ဆေးမှုများ လိုအပ်နိုင်ခြင်း – အကြိုစစ်ဆေးခြင်း ဖြစ်သောကြောင့် တိကျသော ရောဂါတစ်ခုကို မညွှန်ပြနိုင်ပါ၊ အဖြေရလဒ်ပေါ် မူတည်၍ လိုအပ်သော နောက်ဆက်တွဲစစ်ဆေးမှုများ လိုအပ်နိုင်သည်
စစ်ဆေးနိုင်သည့် နည်းလမ်းများ
ဝမ်းထဲ သွေးပါဝင်မှု စစ်ဆေးခြင်းကို အိမ်သုံးစမ်းသပ်ကိရိယာ (Test kits) များဖြင့် မိမိအိမ်တွင် အလွယ်တကူ ပြုလုပ်နိုင်သည်။ စစ်ဆေးမှု ပြုလုပ်ပြီးပါက Test kit ကို ဓာတ်ခွဲခန်း သို့မဟုတ် ဆရာဝန်ထံသို့ ပို့ပေး၍ အဖြေရလဒ်ကို စောင့်ရမည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ မိမိဝမ်းနမူနာကိုယူ၍ ဓာတ်ခွဲခန်းသို့ ပို့ဆောင်ပြီးလည်း စစ်ဆေးနိုင်သည်။
Test kit တစ်ခုတွင် အောက်ပါအစိတ်အပိုင်းများ ပါဝင်သည်။
- ဝမ်းနမူနာထည့်ရန် ခွက် သို့မဟုတ် ပြွန်ငယ်တစ်ခုပါပြီး အထဲတွင် ကြာရှည်ခံဆေးရည် ထည့်ထားသည့် Collection tube
- ဝမ်းနမူနာယူရန် တုတ်ချောင်း (Collection stick/Application stick)၊ ထိုတုတ်ချောင်းကို ပြွန်ငယ်အဖုံးနှင့် တွဲလျက်ပြုလုပ်ထားပြီး ဝမ်းနမူနာ ယူပြီးပြီးချင်း ထိုပြွန်ငယ်ထဲသို့ ချက်ချင်းထည့်နိုင်ရန်ဖြစ်သည်
- အချို့ test kit များတွင် ဝမ်းနမူနာယူပြီးနောက် ပါဝင်သော ဓာတုဆေးရည်နှင့် စမ်းသပ်ရန်အတွက် စမ်းသပ်ကတ်ပြားများ (Testing cards)
- ဝမ်းစွန့်ချိန်တွင် အိမ်သာရှိရေ သို့မဟုတ် ဆီးနှင့် မထိတွေ့စေရန် အိမ်သာကမုတ်တွင် ခင်းနိုင်သော အထူးပြုလုပ်ထားသည့် စက္ကူခေါက် (Stool collection paper) (ထိုစက္ကူကို ဖြန့်၍ ၎င်းပေါ်တွင် ဝမ်းစွန့်ရန်)
- ဝမ်းနမူနာယူပြီးနောက် ၎င်းကို လုံခြုံအောင် ပိတ်သိမ်းထုတ်ပိုးရန် ပလပ်စတစ်အိတ် (Plastic specimen bag)
- နမူနာယူပုံ အဆင့်ဆင့်ကို လမ်းညွှန်ထားသော လမ်းညွှန်စာရွက် (Instruction guide)
- နမူနာကို ဓာတ်ခွဲခန်းသို့ ပို့ရာ၌ အသုံးပြုရန် စာအိတ်အကြီး (Return envelope)
စစ်ဆေးမှုအမျိုးအစားများ
FOBT စစ်ဆေးမှု အမျိုးအစား (၃) မျိုးရှိသည်။
- Guaiac fecal occult blood test (gFOBT) – guaiac ဟုခေါ်သော ဓာတုပစ္စည်းတစ်မျိုးကို အသုံးပြုပြီး ဝမ်းထဲသွေးပါဝင်ပါက သွေးနှင့် ထိုဓာတုပစ္စည်း ဓာတ်ပြုမှုဖြစ်ပေါ်ကာ Test kit တွင် အပြာရောင်ပြောင်းလဲမှုကို တွေ့ရမည်ဖြစ်သည်
- Fecal immunochemical test (iFOBT or FIT) – ပဋိပစ္စည်းများကို အသုံးပြု၍ ဝမ်းထဲရှိ သွေးပါဝင်မှုကို စစ်ဆေးခြင်းဖြစ်သည်၊ သွေးနီဥထဲရှိ ဟီမိုဂလိုဘင်ကို အတိအကျ ဓာတ်ပြုနိုင်သော ပဋိပစ္စည်းများကို အသုံးပြု၍ စစ်ဆေးခြင်းဖြစ်သောကြောင့် ပိုမိုတိကျသည်၊ သွေးပမာဏ အတော်နည်းနည်းကိုပင် စစ်ဆေးတွေ့ရှိနိုင်ပြီး ပိုတိကျသောကြောင့် ပို၍အသုံးများသည်
- FIT-DNA – သွေးပါဝင်မှုအပြင် အူမကြီးကင်ဆာနှင့် ဆက်စပ်သော မျိုးဗီဇဆိုင်ရာ ပြောင်းလဲမှုများကိုပါ တစ်ပြိုင်နက် စစ်ဆေးနိုင်သည်၊ ထိုစစ်ဆေးချက်ကို ပြုလုပ်ပါက (၃) နှစ်တစ်ကြိမ်သာ စစ်ဆေးရန် လိုအပ်သော်လည်း ကုန်ကျစရိတ် ပိုများသည်
gFOBT နှင့် FIT စစ်ဆေးကိရိယာများကို ဆရာဝန်ညွှန်ကြားစာ မလိုဘဲ ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူနိုင်သည်။ စမ်းသပ်စစ်ဆေးမှုကို အိမ်တွင် ပြုလုပ်ပြီးနောက် စစ်ဆေးပြီးနမူနာကို ရလဒ်အတည်ပြုရန် အတွက် ဓာတ်ခွဲခန်းသို့ ပို့ပေးရန် လိုအပ်သည်။
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
စစ်ဆေးမှုအတွက် ပြင်ဆင်ပုံ
ပဋိပစ္စည်းသုံး စစ်ဆေးခြင်း (iFOBT/FIT) ကို ပြုလုပ်ရန်အတွက် အစားအသောက် ရှောင်ကြဥ်ရန် မလိုအပ်ပါ။
gFOBT စစ်ဆေးမှုကို ပြုလုပ်မည်ဆိုပါက အချို့ အစားအစာများနှင့် ဆေးဝါးများသည် စစ်ဆေးမှုရလဒ်ကို မှားယွင်းမှု ဖြစ်စေနိုင်သဖြင့် စစ်ဆေးမှုမပြုလုပ်ခင် အစာရှောင်ရန်၊ ဆေးဝါးများရပ်ထားရန် လိုအပ်နိုင်သည်။ သက်ဆိုင်ရာဆရာဝန်မှ ရှောင်ရမည့် အစားအစာများနှင့် ဆေးဝါးများကို ညွှန်ကြားပေးမည်ဖြစ်သည်။ စစ်ဆေးမှုမပြုလုပ်ခင် တစ်ပတ်အတွင်း၌
- အမျှင်ဓာတ်ကြွယ်ဝသော အစာများကို ပိုစားပေးရန်
- အနီရောင်အသားများ၊ မကျက်တကျက်အသားများ (ဥပမာ – အမဲသား၊ အသည်းအမြစ် စသော ကလီစာများ) နှင့် အချို့ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ (ဥပမာ – မုန်လာဥ၊ ပန်းဂေါ်ဖီစိမ်း၊ ဗီတာမင် C ကြွယ်ဝသော အသီးများ) သည် စစ်ဆေးမှုအဖြေကို မှားစေနိုင်သောကြောင့် တတ်နိုင်သမျှ လျှော့စားရန်
- အချို့ သွေးကျဲဆေး၊ သွေးမခဲဆေးများ၊ ibuprofen and naproxen စသော အကိုက်အခဲပျောက်ဆေးများ၊ သံဓာတ်အားဆေးများနှင့် ဗီတာမင် C အားဆေးများကို ဆရာဝန်ညွှန်ကြားချက်အရ ရပ်ထားရန်လိုသည်
စစ်ဆေးခြင်း
gFOBT ကို အိမ်တွင် စစ်ဆေးခြင်း
- စစ်ဆေးမှုကိရိယာတွင် ပါဝင်သော လမ်းညွှန်ချက်များကို သေချာစွာဖတ်ပါ၊ ကိရိယာတစ်ခုနှင့်တစ်ခု ညွှန်ကြားချက်များ ကွာခြားမှုအနည်းငယ် ရှိနိုင်သည်
- စစ်ဆေးမည့်သူ၏ ဝမ်းကို သန့်ရှင်းခြောက်သွေ့သော ခွက်သေး (container) တွင် ထည့်ပါ၊ သို့မဟုတ် စစ်ဆေးကိရိယာအချို့တွင် ဝမ်းသွားချိန်၌ အိမ်သာကမုတ်ပေါ်တွင် ခင်း၍ အသုံးပြုရန် အထူးပြုလုပ် ထားသည့် စက္ကူများ ပါရှိပြီး ထိုစက္ကူပေါ်တွင် ဝမ်းသွားခြင်းဖြင့် ဝမ်းသည် ဆီးနှင့် အိမ်သာတွင်းရှိ ရေများနှင့် ရောသွားခြင်းကို တားဆီးပေးသည်
- ထို့နောက် ကိရိယာတွင် ပါဝင်သော ဝမ်းနမူနာယူသော တုတ်တံ (applicator stick) ကို အသုံးပြု၍ ဝမ်းအနည်းငယ်ကိုယူကာ စမ်းသပ်ကတ်ပြား (testing card) ပေါ်တွင် တင်ပါ
- ၎င်းနောက် တုတ်တံအသစ်ဖြင့် ဝမ်းကို ဒုတိယအကြိမ် နမူနာထပ်ယူပြီး ဒုတိယစမ်းသပ်ကတ်ပြားတွင် တင်ပါ
- စမ်းသပ်ကတ်ပြား (၂) ခုကို အခန်းအပူချိန်တွင် ခေတ္တထားပါ၊ ပူ၍ စိုစွတ်သော နေရာများ၏ အဝေးတွင်ထားပါ
- ခေတ္တထားပြီးပါက ကတ်ပြားများကို ညွှန်ကြားချက်အတိုင်း ထုပ်ပိုးပြီး ဆရာဝန်ထံ သို့မဟုတ် ဓာတ်ခွဲခန်းသို့ ပို့ဆောင်ပေးပါ၊ ဆရာဝန် ပြောထားသော အသေးစိတ် ညွှန်ကြားချက်များကို ဂရုပြုပါ
FIT/iFOBT ကို အိမ်တွင် စစ်ဆေးခြင်း
- ညွှန်ကြားချက်များမှာ အလားတူပင်ဖြစ်ပြီး အားသာချက်မှာ နမူနာယူသော တုတ်တံဖြင့်သာ ဝမ်းနမူနာ ယူရန်လိုပြီး စမ်းသပ်ကတ်ပြားပေါ် တင်စရာမလိုဘဲ ကိရိယာတွင် တွဲလျက်ပါရှိသည့် နမူနာထည့်သော ဗူးထဲသို့ တစ်ခါတည်းထည့်၍ ဓာတ်ခွဲခန်းသို့ ပို့ဆောင်နိုင်သည်၊ ဝမ်းနမူနာယူရာတွင် (၂) ခု၊ (၃) ခု ယူရန် လိုအပ်သည်၊ နမူနာယူခြင်း ပြီးဆုံးပါက ညွှန်ကြားချက်အတိုင်း သေချာထုပ်ပိုး၍ ဓာတ်ခွဲခန်းသို့ ပို့ရန် လိုအပ်သည်
စစ်ဆေးပြီးနောက်
ဝမ်းစစ်ဆေးမှု ပြုလုပ်ပြီးနောက် နေ့စဥ်လုပ်ငန်းဆောင်တာများကို ပုံမှန်အတိုင်း လုပ်ဆောင်နိုင်သည်၊ စစ်ဆေးမှု ရလဒ်အဖြေများသည် တစ်ပတ်ခန့် ကြာမြင့်နိုင်သည်။
နောက်ဆက်တွဲပြဿနာများ
ထိုစစ်ဆေးမှုသည် လက်ရှိအချိန်ထိ မည်သည့် ဘေးထွက်ဆိုးကျိုးနှင့် အန္တရာယ်များ ဖြစ်ပေါ်စေခြင်း မရှိပါ။
သိရှိနိုင်သောအဖြေများနှင့် နောက်ဆက်တွဲ စောင့်ရှောက်မှုများ
- ဝမ်းစစ်ဆေးမှုအဖြေ ရရှိရန် တစ်ပတ်ခန့် ကြာမြင့်နိုင်ပြီး တစ်ခါတစ်ရံ ထို့ထက် ပိုကြာမြင့်နိုင်သည်
- အဖြေသည် Negative ဟု ထွက်ပါက ဝမ်းထဲတွင် သွေးပါဝင်မှုမရှိခြင်းကို ဖော်ပြပြီး ပုံမှန်အတိုင်း တစ်နှစ်တစ်ကြိမ် ပြန်လည်စစ်ဆေးရန်သာဖြစ်သည်
- အကယ်၍ စစ်ဆေးမှုအဖြေသည် Positive ဟု အဖြေထွက်ပါက ဝမ်းထဲ၌ သွေးပါဝင်နေသည်ဟု ကောက်ချက်ချနိုင်သည်
- ဝမ်းထဲသွေးပါနေခြင်းသည် အူမကြီးကင်ဆာကြောင့် ဖြစ်နိုင်ခြေ ရှိသော်လည်း ၎င်းအပြင် အခြားအကြောင်းများကြောင့်လည်း ဖြစ်နိုင်သည်
- သို့ဖြစ်၍ အူလမ်းကြောင်းတစ်လျှောက် သွေးထွက်သည့် နေရာနှင့် သွေးထွက်စေသည့် အကြောင်းရင်းခံ ရောဂါများကို ရှာဖွေရန်အတွက်_
- အူမကြီး မှန်ပြောင်းကြည့်ခြင်း (Colonoscopy)၊
- အစာအိမ်မှန်ပြောင်း ကြည့်ခြင်း (Upper gastrointestinal endoscopy)၊
- အူလမ်းကြောင်း ရောင်ရမ်းခြင်းကို သိရှိရန် သွေးစစ်ဆေးခြင်း (CBC, ESR, CRP) စသည်တို့ကို ဆရာဝန်မှ လိုအပ်သလို ဆက်လက်ညွှန်ကြားမည်ဖြစ်သည်။
References:
- Mayo Clinic. (n.d.). Fecal occult blood test. Retrieved February 9, 2026, from https://www.mayoclinic.org/tests-procedures/fecal-occult-blood-test/
- Cleveland Clinic. (n.d.). Fecal occult blood test (FOBT). Retrieved February 9, 2026, from https://my.clevelandclinic.org/health/diagnostics/24227-fecal-occult-blood-test-fobt
- Kaur, K., Zubair, M., & Adamski, J. J. (2025). Fecal occult blood test. In StatPearls. StatPearls Publishing. Retrieved February 9, 2026, from https://www.ncbi.nlm.nih.gov/books/NBK537138/
- Mowat, C., Digby, J., Strachan, J. A., Wilson, R., Carey, F. A., Fraser, C. G., & Steele, R. J. C. (2024). Impact of fecal immunochemical testing on colorectal cancer detection. BMJ Open Gastroenterology, 12(1), e001876. https://bmjopengastro.bmj.com/content/12/1/e001876
- WebMD. (n.d.). Fecal occult blood test. Retrieved February 9, 2026, from https://www.webmd.com/digestive-disorders/digestive-diseases-stool-testing-blood-fecal-occult-blood-test
- Everyday Health. (n.d.). Foods to avoid before a stool test. Retrieved February 9, 2026, from https://www.everydayhealth.com/digestive-health/foods-avoid-stool-sample-needed/
Published: 25 March 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.