Organ donation and transplantation (ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းခြင်းနှင့် အစားထိုးကုသခြင်း)

Organ donation and transplantation (ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းခြင်းနှင့် အစားထိုးကုသခြင်း)

ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းခြင်း (Organ Donation) နှင့် အစားထိုးကုသခြင်း (Organ Transplantation) ဆိုသည်မှာ ကျန်းမာသန်စွမ်းသော အလှူရှင်တစ်ဦးထံမှ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုကို ထုတ်ယူ၍ ကိုယ်အင်္ဂါအစိတ်အပိုင်း ချို့ယွင်းပျက်စီးနေသည့် လူနာတစ်ဦးထံသို့ ပေးအပ်သည့် လုပ်ငန်းစဉ်ဖြစ်သည်။

ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းခြင်းနှင့် အစားထိုးကုသမှုသည် နှစ်စဉ် လူပေါင်းထောင်ချီ၏ အသက်ကို ကယ်တင်ပေးလျက်ရှိသည်။ ဤကုသမှုသည် လူနာများ၏ ကျန်းမာရေးကို ပြန်လည်ကောင်းမွန်စေပြီး ဘဝနေထိုင်မှု အရည်အသွေး (Quality of Life) ကို မြှင့်တင်ပေးနိုင်ရုံသာမက၊ အသက်အန္တရာယ်စိုးရိမ်ရသည့် ရောဂါဝေဒနာရှင်များနှင့် ကိုယ်အင်္ဂါ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရသူများအတွက် “ဒုတိယအကြိမ် အသက်ဆက်နိုင်မည့် အခွင့်အရေး” ကို ဖန်တီးပေးခြင်းပင်ဖြစ်သည်။

ဤဖြစ်စဉ်တွင် ခွဲစိတ်မှုနှစ်ခုကို တစ်ပြိုင်နက်နီးပါး ဆောင်ရွက်ရလေ့ရှိပြီး အဆင့် (၂) ဆင့် ပါဝင်သည်။

  • အလှူရှင်ထံမှ ကိုယ်အင်္ဂါကို ထုတ်ယူခြင်း (Organ Retrieval) နှင့်
  • အစားထိုးလက်ခံမည့်သူထံသို့ အောင်မြင်စွာ ထည့်သွင်းပေးခြင်း (Organ Implantation) တို့ဖြစ်သည်။

သို့သော် လက်ရှိတွင် ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးရန် လိုအပ်နေသည့် လူဦးရေမှာ ကိုယ်အင်္ဂါလှူနိုင်သော အလှူရှင်ဦးရေထက် များစွာကျော်လွန်နေခြင်းသည် ကမ္ဘာတစ်ဝန်းလုံးတွင် ရင်ဆိုင်နေရသော စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။

ကိုယ်အင်္ဂါလှူဒါန်းမှု အမျိုးအစားများ

ကိုယ်တွင်းအင်္ဂါ အလှူရှင် အမျိုးအစားကို အဓိကအားဖြင့် အောက်ပါအတိုင်း နှစ်မျိုးခွဲခြားနိုင်သည်။

  • ကွယ်လွန်ပြီးမှ လှူဒါန်းသူ (Deceased donor)
    • မိမိသက်ရှိထင်ရှားရှိစဉ်ကပင် ကွယ်လွန်ပြီးပါက ကိုယ်တွင်းအင်္ဂါလှူဒါန်းမည်ဖြစ်ကြောင်း ကြိုတင်ဆန္ဒပြု ဆုံးဖြတ်ထားသူများကို ဆိုလိုခြင်းဖြစ်သည်
    • လှူဒါန်းမည့် ကိုယ်တွင်းအင်္ဂါများသည် ကျန်းမာသန်စွမ်းသည့် အခြေအနေတွင် ရှိနေရမည်ဖြစ်ပြီး၊ အကယ်၍ လှူဒါန်းသူတွင် ရောဂါအခံတစ်ခုခု သို့မဟုတ် အချို့သော ကူးစက်ရောဂါများ ရှိနေပါက လှူဒါန်းရန် မသင့်တော်ပါ
  • သက်ရှိထင်ရှားရှိစဉ် လှူဒါန်းသူ (Living donor)
    • လှူဒါန်းမည့်သူသည် ကျန်းမာရေး အထူးကောင်းမွန်သူ ဖြစ်ရမည့်အပြင် ခွဲစိတ်မှုအပေါ် သက်ရောက်မှုရှိနိုင်သည့် မည်သည့်ကျန်းမာရေး ပြဿနာမျှ မရှိသူ ဖြစ်ရမည်
    • ထို့အပြင် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း အစားထိုးကုသမှု အောင်မြင်စေရန်အတွက် အလှူရှင်နှင့် လူနာအကြား “ဇီဝကမ္မဗေဒအရ ကိုက်ညီမှု” (Match) ရှိရန်မှာ အလွန်အရေးကြီးသည်
    • အလှူရှင်ကိုယ်တိုင် ကျန်းမာစွာ အသက်ဆက်နိုင်ရန်အတွက် မရှိမဖြစ် လိုအပ်သော ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများကို ချန်လှပ်ရမည်ဖြစ်သောကြောင့်၊ သက်ရှိထင်ရှားရှိစဉ် လှူဒါန်းနိုင်သည့် အမျိုးအစားမှာ ကန့်သတ်ချက် များစွာရှိသည်
လှူဒါန်းနိုင်သော ကိုယ်တွင်းအင်္ဂါအမျိုးအစားများ
  1. ကွယ်လွန်ပြီးနောက် လှူဒါန်းနိုင်သော ကိုယ်တွင်းအင်္ဂါများ
    • အသည်း (Liver)
    • ကျောက်ကပ် (Kidney)
    • မုန့်ချိုအိတ် (Pancreas)
    • နှလုံး (Heart)
    • အဆုတ် (Lungs)
    • သားအိမ် (Uterus)
  2. ကွယ်လွန်ပြီးနောက် လှူဒါန်းနိုင်သော အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်း (တစ်ရှူး) များ
    • မျက်ကြည်လွှာ (Corneas)
    • နှလုံးအဆို့ရှင်များ (Heart valves)
    • ရိုးတွင်းခြင်ဆီ (Bone marrow)
    • အရိုး (Bone)
    • အရေပြား (Skin)
    • အရွတ်နှင့် အကြောများ (Tendons and ligaments)
    • အရိုးနု (Cartilage)
    • သွေးကြောများ (Vessels)
    • အာရုံကြောများ (Nerves)
  3. သက်ရှိထင်ရှားရှိစဉ်အတွင်း လှူဒါန်းနိုင်သော ကိုယ်အင်္ဂါနှင့် တစ်ရှူးများ
    • ကျောက်ကပ် (တစ်လုံး)
    • အသည်း၏ အစိတ်အပိုင်းတစ်ခု
    • သားအိမ်
    • ရိုးတွင်းခြင်ဆီ သို့မဟုတ် ပင်မဆဲလ်များ (Stem cells)
    • အဆုတ် သို့မဟုတ် မုန့်ချိုအိတ်၏ အစိတ်အပိုင်းတစ်ခု (ဤသို့လှူဒါန်းမှုမျိုးမှာ အလွန်ရှားပါးသည်)

မြန်မာနိုင်ငံ၏ ကိုယ်အင်္ဂါလှူဒါန်းမှုကဏ္ဍတွင် မျက်ကြည်လွှာနှင့် ကျောက်ကပ် လှူဒါန်းခြင်းမှာ အများဆုံးနှင့် အောင်မြင်မှုအရှိဆုံး လှူဒါန်းအစားထိုးမှုများဖြစ်သည်။

အကျိုးကျေးဇူးများ
  • အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခြင်း
  • လူနာ၏ ဘဝနေထိုင်မှု အရည်အသွေးကို သိသိသာသာ မြှင့်တင်ပေးနိုင်ခြင်း
  • ရောဂါဝေဒနာရှင်များအတွက် ဒုတိယအကြိမ် အသက်ရှင်ခွင့် ရရှိစေခြင်း
အစားထိုးကုသမှု မပြုလုပ်မီ သိရှိထားရမည့် အချက်များ
  • အဓိကအားဖြင့် အလှူရှင်၏ ကျန်းမာရေးအခြေအနေနှင့် လှူဒါန်းမည့် အင်္ဂါအစိတ်အပိုင်း၏ ကျန်းမာရေးပေါ်တွင် မူတည်သည်
  • အသက်ရှင်လျက် လှူဒါန်းလိုသူများအတွက် လိုအပ်ချက်များ
    • အသက် (၁၈) နှစ် ပြည့်ပြီးသူ ဖြစ်ရမည်
    • ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာသူ ဖြစ်ရမည်
    • မည်သူ့ဖိအားမှမပါဘဲ မိမိသဘောဆန္ဒအလျောက် လှူဒါန်းသူ ဖြစ်ရမည်
    • အများအားဖြင့် လူနာနှင့် သွေးအမျိုးအစား ကိုက်ညီသူ ဖြစ်ရမည်
ကိုယ်အင်္ဂါလှူဒါန်းနိုင်သူများ

မြန်မာနိုင်ငံ ကိုယ်အင်္ဂါလှူဒါန်းခြင်းဆိုင်ရာဥပဒေ (၂၀၀၄)အရ

  • အသက် (၁၈) နှစ် ပြည့်ပြီးသူ မည်သူမဆို မိမိ၏ ကိုယ်အင်္ဂါကို လှူဒါန်းနိုင်သည်
  • ကွယ်လွန်သူ၏ ကျန်ရစ်သူ ဇနီး၊ ခင်ပွန်း၊ သား သို့မဟုတ် သမီး၊ မိဘ၊ ညီအစ်ကို မောင်နှမ သို့မဟုတ် ဆွေမျိုးတစ်ဦးဦးသည် မိသားစုအတွင်း ကန့်ကွက်သူမရှိပါက ကွယ်လွန်သူ၏ ကိုယ်အင်္ဂါကို လှူဒါန်းနိုင်သည်
  • လက်ခံရေးဌာနသည် ကိုယ်အင်္ဂါလှူဒါန်းမှုကို သတ်မှတ်ချက်များနှင့်အညီ လက်ခံနိုင်သည်
  • လက်ခံရေးဌာနသည် ကိုယ်အင်္ဂါလှူဒါန်းမှုကို လက်ခံသည့်အခါ အောက်ပါတို့ကို ဆောင်ရွက်ရမည်
    • အလှူရှင်၏အမည်နှင့် အချက်အလက်များကို ကိုယ်အင်္ဂါအလှူရှင်မှတ်ပုံတင်စာရင်းတွင် မှတ်ပုံတင်ရမည်
    • အလှူရှင် သို့မဟုတ် ကိုယ်အင်္ဂါလှူဒါန်းခဲ့သည့် ကျန်ရစ်သူ ဇနီး၊ ခင်ပွန်း၊ သား သို့မဟုတ် သမီး၊ မိဘ၊ ညီအစ်ကို မောင်နှမ သို့မဟုတ် ဆွေမျိုးတစ်ဦးဦးထံသို့ ကိုယ်အင်္ဂါအလှူရှင်ကတ်ကို ထုတ်ပေးရမည်
  • ကွယ်လွန်သူသည် ကိုယ်အင်္ဂါလှူဒါန်းသူဖြစ်ကြောင်း သိရှိပါက အလှူရှင်ကွယ်လွန်သည့် ဆေးရုံ သို့မဟုတ် ဆေးခန်းမှ တာဝန်ရှိသူ သို့မဟုတ် နေအိမ်မှ တာဝန်ရှိသူတစ်ဦးသည် နီးစပ်ရာ လက်ခံရေးဌာနသို့ ချက်ချင်းအကြောင်းကြားရမည်
  • ကိုယ်အင်္ဂါအလှူရှင်သည် မိမိ၏အလှူရှင်ကတ်ကို ပြန်လည်အပ်နှံခြင်းဖြင့် ကိုယ်အင်္ဂါလှူဒါန်းမှုကို ပယ်ဖျက်လိုကြောင်း လက်ခံရေးဌာနသို့ အကြောင်းကြားနိုင်သည်
  • အကြောင်းကြားစာကို လက်ခံရရှိပါက လက်ခံရေးဌာနသည် ကိုယ်အင်္ဂါအလှူရှင်မှတ်ပုံတင်စာရင်းမှ အလှူရှင်၏အမည်ကို ပယ်ဖျက်ရမည်
အလှူရှင်၊ လူနာနှင့် မိသားစုများအတွက် ကြိုတင်ပြင်ဆင်ရန် အချက်များနှင့် ကျင့်ဝတ်ဆိုင်ရာ လိုက်နာချက်များ

ကိုယ်အင်္ဂါအစားထိုးခြင်းသည် ရှုပ်ထွေးသော လုပ်ငန်းစဉ်ဖြစ်သဖြင့် သက်ဆိုင်သူအားလုံးမှ အောက်ပါအတိုင်း ဘက်စုံပြင်ဆင်ထားရန် လိုအပ်သည်။

  1. အလှူရှင်နှင့် လူနာအတွက် ပြင်ဆင်ခြင်း
    • ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုများ – သွေးအမျိုးအစား၊ တစ်ရှူးအမျိုးအစား ကိုက်ညီမှု (Cross-matching) နှင့် ကူးစက်ရောဂါ ရှိ၊ မရှိ အသေးစိတ် စစ်ဆေးမှုများ ခံယူရမည်
    • ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု – ခွဲစိတ်မှုဒဏ်ကို ခံနိုင်ရည်ရှိစေရန် အာဟာရပြည့်ဝစွာ စားသုံးခြင်း၊ ဆေးလိပ်နှင့် အရက်ကို ရှောင်ကြဉ်ခြင်းတို့ဖြင့် ကျန်းမာရေး အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ရမည်
    • စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု – ခွဲစိတ်မှုနှင့် ပတ်သက်သော စိုးရိမ်ပူပန်မှုများကို ကျွမ်းကျင်သူများနှင့် ဆွေးနွေးထားရန်နှင့် ရလဒ်အမျိုးမျိုးအတွက် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်။
  2. မိသားစုများအတွက် ပြင်ဆင်ခြင်း
    • ပွင့်လင်းစွာ တိုင်ပင်ခြင်း – ကိုယ်အင်္ဂါလှူဒါန်းမည့် ဆုံးဖြတ်ချက်ကို မိသားစုဝင်များအားလုံး အသိပေးတိုင်ပင်ကာ အပြန်အလှန် နားလည်မှု ရယူထားသင့်သည်
    • ပြုစုစောင့်ရှောက်ရေး အစီအစဉ် – ခွဲစိတ်ပြီးနောက် ပြန်လည်သက်သာလာမည့် ကာလ (အနည်းဆုံး ၂လ မှ ၆လအထိ) အတွင်း အလှူရှင်နှင့် လူနာကို ပြုစုပေးမည့်သူနှင့် နေထိုင်မည့် ပတ်ဝန်းကျင်ကို ကြိုတင်စီစဉ်ထားရမည်
    • ငွေကြေးဆိုင်ရာ ပြင်ဆင်မှု – ခွဲစိတ်စရိတ်၊ ဆေးဝါးစရိတ်နှင့် နောက်ဆက်တွဲ ကုန်ကျစရိတ်များအတွက် အာမခံ သို့မဟုတ် စုဆောင်းမှုများကို ကြိုတင်တွက်ချက်ထားရန် လိုအပ်သည်
  3. ကျင့်ဝတ်ဆိုင်ရာ လိုက်နာချက်များ
    ကိုယ်အင်္ဂါလှူဒါန်းမှုသည် လူသားချင်းစာနာထောက်ထားမှုကို အခြေခံရမည်ဖြစ်ပြီး အောက်ပါကျင့်ဝတ်များကို လိုက်နာရမည်။
    • မိမိသဘောဆန္ဒအလျောက် ဖြစ်ခြင်း (Voluntary Consent)
      လှူဒါန်းသူသည် မည်သူ့ဖိအား၊ မည်သည့်ခြိမ်းခြောက်မှုမှ မပါဘဲ မိမိ၏ ကိုယ်ပိုင်ဆန္ဒအစစ်အမှန်ဖြင့် လှူဒါန်းခြင်း ဖြစ်ရမည်။
    • ကိုယ်အင်္ဂါ အရောင်းအဝယ် မပြုလုပ်ရခြင်း (Altruism)
      ကိုယ်အင်္ဂါကို စီးပွားဖြစ် ရောင်းဝယ်ဖောက်ကားခြင်းသည် ဥပဒေအရရော ကျင့်ဝတ်အရပါ တားမြစ်ထားသော ကိစ္စဖြစ်သည်၊ လှူဒါန်းမှုသည် ပရဟိတစိတ်ကိုသာ အခြေခံရမည်။
    • မျှတစွာ ရွေးချယ်ခြင်း (Fair Allocation)
      ကိုယ်အင်္ဂါအစိတ်အပိုင်းများကို အစားထိုးလက်ခံရာတွင် လူမှုအဆင့်အတန်း သို့မဟုတ် ငွေကြေးဓနအပေါ် မမူတည်ဘဲ ဆေးဘက်ဆိုင်ရာ လိုအပ်ချက်နှင့် ဦးစားပေး အစီအစဉ်များအပေါ်တွင်သာ မျှတစွာ ဆုံးဖြတ်ရမည်။
    • သတင်းအချက်အလက် လျှို့ဝှက်ခြင်း (Confidentiality)
      အလှူရှင်နှင့် လူနာတို့၏ ကိုယ်ရေးအချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ ထုတ်ဖော်ခြင်းမပြုဘဲ စနစ်တကျ လျှို့ဝှက်ထားရှိရမည်။
ခွဲစိတ်ကုသမှု လုပ်ငန်းစဉ်အဆင့်ဆင့်

အလှူရှင်သည် ကွယ်လွန်ပြီးမှ လှူဒါန်းသူ သို့မဟုတ် သက်ရှိထင်ရှားရှိစဉ် လှူဒါန်းသူ ဆိုသည့်အချက်ပေါ် မူတည်၍ ခွဲစိတ်ကုသမှုလုပ်ငန်းစဉ် အနည်းငယ် ကွဲပြားနိုင်သည်။

  • ကွယ်လွန်ပြီးမှ လှူဒါန်းသူ (Deceased donor) ဖြစ်ပါက အလှူရှင် ကွယ်လွန်ပြီးသည်နှင့် ကိုယ်တွင်းအင်္ဂါများ စတင်ပျက်စီးလာနိုင်သောကြောင့် အချိန်နှင့် တပြေးညီ လျင်မြန်စွာ ဆောင်ရွက်ရန် လိုအပ်သည်
  • သက်ရှိထင်ရှားရှိစဉ် လှူဒါန်းသူ (Living donor) ဖြစ်ပါက ကြိုတင်စီစဉ်ရမည့် အပိုင်းများ ပိုမိုများပြားပြီး အောက်ပါအဆင့်များ ပါဝင်သည်
    • အလှူရှင် ရှာဖွေခြင်းနှင့် စစ်ဆေးခြင်း (Find and Screen)
      ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများမှ အလှူရှင်၏ ဆေးမှတ်တမ်းများကို စစ်ဆေးပြီး ကိုယ်အင်္ဂါအစိတ်အပိုင်းများ သုံးစွဲ၍ ရနိုင်၊ မရနိုင် အတည်ပြုသည်။
    • ကိုက်ညီမှု စစ်ဆေးခြင်း (Matching)
      အလှူရှင်၏ သွေးအမျိုးအစား၊ ခန္ဓာကိုယ် အရွယ်အစားနှင့် အခြားအချက်အလက်များကို လက်ခံမည့်လူနာနှင့် ကိုက်ညီမှု ရှိမရှိ တိုက်ဆိုင်စစ်ဆေးသည်။
    • ခွဲစိတ်မှု ညှိနှိုင်းဆောင်ရွက်ခြင်း (Coordinating)
      အလှူရှင်နှင့် လက်ခံမည့်လူနာအတွက် ခွဲစိတ်ခန်း (၂) ခုကို တစ်ပြိုင်နက် အဆင်သင့်ဖြစ်စေရန် စီစဉ်ရသည်။
    • ကိုယ်အင်္ဂါအစိတ်အပိုင်း ထုတ်ယူခြင်း (Removing)
      အထူးကျွမ်းကျင်သော ခွဲစိတ်အဖွဲ့မှ ကိုယ်အင်္ဂါအစိတ်အပိုင်းကို စနစ်တကျ ထုတ်ယူပြီး လက်ခံမည့်လူနာရှိရာနေရာသို့ ပို့ဆောင်သည်။
    • အစားထိုး ခွဲစိတ်ခြင်း (Transplantation)
      လက်ခံမည့်လူနာအား ကိုယ်အင်္ဂါအစိတ်အပိုင်း ရောက်ရှိလာသည်နှင့် ချက်ချင်း ခွဲစိတ်ကုသမှု ပြုလုပ်သည်။
ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲအန္တရာယ်များ

ခွဲစိတ်မှုနှင့်ဆက်စပ်သော လတ်တလော အန္တရာယ်များ
ခွဲစိတ်မှုပြုလုပ်စဉ် သို့မဟုတ် ခွဲစိတ်ပြီးကာစတွင် အောက်ပါဘေးထွက်ဆိုးကျိုးများ ကြုံတွေ့ရနိုင်သည်။

  • အစားထိုးလိုက်သော ကိုယ်အင်္ဂါ သို့မဟုတ် ခွဲစိတ်သည့်နေရာတွင် ပိုးဝင်ခြင်း (Infection)
  • သွေးကြောဆက်သည့်နေရာမှ သွေးထွက်ခြင်း (Bleeding)
  • သွေးကြောအတွင်း သွေးခဲပိတ်ခြင်း (Thrombosis)
  • ခွဲစိတ်ဒဏ်ရာဆိုင်ရာ ပြဿနာများ (ဥပမာ _ အနာကျက်နှေးခြင်း)
  • အလွန်ရှားပါးသော ဖြစ်စဉ်များတွင် အသက်အန္တရာယ်အထိ စိုးရိမ်ရခြင်း

မှတ်ချက်
အထက်ပါအန္တရာယ်များသည် အင်္ဂါအစားထိုး လက်ခံသူများတွင် ပိုမိုအဖြစ်များပြီး၊ အလှူရှင်များတွင်မူ ခွဲစိတ်ဒဏ်ရာဆိုင်ရာ ပြဿနာများကိုသာ အဓိကတွေ့ရလေ့ရှိသည်။

ရေရှည် အကျိုးသက်ရောက်မှုများနှင့် အန္တရာယ်များ

  • အလှူရှင်အတွက် (For Donor)
    • စိတ်ပိုင်းဆိုင်ရာ ခံစားချက်များ – စိုးရိမ်ပူပန်ခြင်း (Anxiety) နှင့် စိတ်ဓာတ်ကျခြင်း (Depression) လက္ခဏာများ ဖြစ်ပေါ်နိုင်သည်
    • နောင်တရခြင်းနှင့် စိတ်ထိခိုက်ခြင်း
      အကယ်၍ လက်ခံသူထံတွင် အစားထိုးထားသော အင်္ဂါအစိတ်အပိုင်းသည် ကောင်းစွာအလုပ်မလုပ်ပါက အလှူရှင်၌ နောင်တရခြင်း၊ ဒေါသထွက်ခြင်း သို့မဟုတ် မကျေနပ်ခြင်းများ ခံစားရနိုင်သည်။
  • လက်ခံသူအတွက် (For Recipient)
    • အစားထိုးထားသော ကိုယ်အင်္ဂါကို ပြန်လည်တိုက်ထုတ်ခြင်း (Organ Rejection)
      အဓိကအန္တရာယ်မှာ ခန္ဓာကိုယ်၏ ခုခံအားစနစ်က အစားထိုးထားသော ကိုယ်အင်္ဂါကို ပြင်ပပစ္စည်းအဖြစ် မှတ်ယူပြီး ပြန်လည်တိုက်ထုတ်ခြင်းဖြစ်သည်။
    • ဆေးဝါးဘေးထွက်ဆိုးကျိုးများ
      ကိုယ်အင်္ဂါ တိုက်ထုတ်ခြင်း မဖြစ်စေရန် ကိုယ်ခံအားကျဆင်းစေသော ဆေးဝါးများ (Immunosuppressive medication) ကို တစ်သက်တာ သောက်သုံးရမည်။
    • ကူးစက်ရောဂါ အန္တရာယ်
      ကိုယ်ခံအားကျဆေးများ သောက်သုံးနေရသဖြင့် သာမန်လူများထက် ပိုးဝင်နိုင်ခြေ (Infection risk) ပိုမိုမြင့်မားနိုင်သည်။
ခွဲစိတ်ပြီးနောက် လိုက်နာဆောင်ရွက်ရမည့်အချက်များ
  • အသက်ရှင်လျက် လှူဒါန်းသူ (Living donor) ဖြစ်စေ၊ ကိုယ်အင်္ဂါလက်ခံသူ (Organ recipient) ဖြစ်စေ ခွဲစိတ်မှုဒဏ်မှ အပြည့်အဝ ပြန်လည်သက်သာရန် (၂)လ မှ (၆)လအထိ ကြာမြင့်နိုင်သည်
  • ဆေးရုံတွင် ရက်အနည်းငယ် မှ ရက်သတ္တပတ် အနည်းငယ်အထိ နေထိုင်ရန် လိုအပ်နိုင်သည်
  • လုပ်ငန်းခွင်မှ (၁) လ သို့မဟုတ် (၂) လခန့် အနားယူရန် လိုအပ်နိုင်သည်
  • ပြန်လည်သက်သာလာစဉ် ကာလအတွင်း မအီမသာဖြစ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု အကန့်အသတ်ရှိခြင်းများ ကြုံတွေ့ရနိုင်သည်
  • ဖြစ်နိုင်ပါက နေအိမ်တွင် မိမိအား ကူညီပြုစုမည့်သူ တစ်ဦးဦး ရှိနေရန် ကြိုတင်စီစဉ်ထားသင့်သည်
  • ကိုယ်အင်္ဂါလက်ခံရရှိသူများအနေဖြင့် မိမိခန္ဓာကိုယ်မှ အစားထိုးထားသော ကိုယ်အင်္ဂါကို ပြန်လည်တိုက်ထုတ်ခြင်း (Organ rejection) မဖြစ်ပေါ်စေရန် ကိုယ်ခံအားကျဆင်းစေသော ဆေးဝါးများ (Immunosuppressive medication) ကို တစ်သက်တာ သောက်သုံးရမည်၊ အဆိုပါဆေးဝါးများသည် ကိုယ်ခံအားကို ကျဆင်းစေသဖြင့် သာမန်လူထက် ပိုးဝင်နိုင်ခြေ (Infections) ပိုမိုမြင့်မားနိုင်ကြောင်း သတိပြုရမည်

References:

  1. Cleveland Clinic. (n.d.). Organ donation and transplantation. Retrieved February 14, 2026, from https://my.clevelandclinic.org/health/treatments/11750-organ-donation-and-transplantation
  2. Mayo Clinic. (n.d.). Living donor transplant: About the procedure. Retrieved February 14, 2026, from https://www.mayoclinic.org/tests-procedures/living-donor-transplant/about/pac-20384787
  3. Republic of the Union of Myanmar. (n.d.). The Body Organ Donation Law. Retrieved February 14, 2026, from https://servicetrade.gov.mm/service/law-detail/the-body-organ-donation-law

Published: 28 February 2026

Share

28 February 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.