ခါးရိုးဆစ်များပူးဆက်စေရန် ခွဲစိတ်ကုသခြင်း (Posterior Lumbar Interbody Fusion, PLIF) သည် ခါးရိုးဆစ်ကြားရှိ အရိုးနုပြား ပျက်စီးခြင်း၊ ခါးရိုးဆစ်လွဲခြင်းတို့ကြောင့် ဖြစ်ပွါးသည့် ခါးနာခြင်းနှင့် အာရုံကြောပိခြင်းကြောင့် ခြေထောက်နာကျင်ခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်သည့် ကျောရိုးခွဲစိတ်ခြင်း နည်းလမ်းတစ်ခုဖြစ်သည်။ ခါးရိုးဆစ်ကြားရှိ အရိုးနုပြားကို ဖယ်ထုတ်၍ ကြားခံပစ္စည်းသတ္တုအိမ် (Cage) နှင့် အရိုးအစားထိုး (Bone graft) ထည့်သွင်းခြင်း၊ ဝက်အူများနှင့် သတ္တုချောင်းများ အသုံးပြုခြင်းဖြင့် ခါးရိုးဆစ်များကို တည်ငြိမ်စေသည်။
ခါးရိုးဆစ်များပူးဆက်စေရန် ခွဲစိတ်ကုသမှု လိုအပ်သော ရောဂါအခြေအနေများ
ခါးရိုးဆစ်များပူးဆက်စေရန် ခွဲစိတ်ကုသခြင်းသည် ခါးရိုးကို ပိုမိုတည်ငြိမ်စေရန်၊ ခါးရိုးပုံသဏ္ဌာန် ပျက်ယွင်းမှုကို ပြုပြင်ရန်နှင့် နာကျင်မှုကို လျှော့ချရန်အတွက် ခါးရိုးဆစ်နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော ခါးရိုးဆစ်များကို တစ်ဆက်တည်းဖြစ်အောင် ပူးဆက်ပေးခြင်းဖြစ်သည်။ ဤခွဲစိတ်မှုသည် အောက်ပါအခြေအနေများကြောင့် ဖြစ်ပေါ်လာသော ဝေဒနာများကို သက်သာစေနိုင်သည်။
- အသက်အရွယ်ကြီးလာ၍ အရိုးနုပြား ပျက်စီးခြင်း (Degenerative disc disease) _ ပျက်စီးနေသော အရိုးနုပြား (Disc) ကို ဖယ်ရှားပြီးနောက် ခါးရိုးကို ပြန်လည်ခိုင်ခံ့တည်ငြိမ်စေရန်အတွက် ဤခွဲစိတ်မှုကို အသုံးပြုနိုင်သည်
- ခါးရိုးဆစ်လွဲခြင်း (Spondylolisthesis) _ ခါးရိုးဆစ်နှစ်ခုအကြား လှုပ်ရှားမှုလွန်ကဲနေခြင်းသည် ခါးရိုးကို မတည်မငြိမ်ဖြစ်စေနိုင်သည်
- ခါးရိုးစောင်းခြင်း (Lumbar Scoliosis) _ ခါးရိုးသည် ဘေးသို့ စောင်း၍ ကောက်သွားခြင်းမျိုးတွင် ခါးရိုးပုံသဏ္ဌာန် မှန်ကန်မှုရှိစေရန် ပြုပြင်ပေးနိုင်သည်
- ခါးရိုးဆစ် အရိုးနုပြားကျွံထွက်ခြင်း ထပ်မံခံစားရခြင်း (Recurring herniated disc)
- အာရုံကြောလမ်းကြောင်း ကျဉ်းခြင်း (Spinal stenosis)
ကြိုတင်သိရှိထားရမည့်အချက်များ
- ခွဲစိတ်ကုသမည့်ဆရာဝန်မှ လူနာအား ရောဂါရာဇဝင်မေးခြင်း၊ အထွေထွေစမ်းသပ်စစ်ဆေးခြင်း၊ အာရုံကြောပိမိမှု အခြေအနေကို စမ်းသပ်စစ်ဆေးခြင်းနှင့် ဓာတ်မှန်ရိုက်စစ်ဆေးခြင်းတို့ကို ပြုလုပ်မည်
- ခါးရိုးဆစ် အရိုးနုပြားပျက်စီးမှုနှင့် အာရုံကြောထိခိုက်မှု အခြေအနေကို တိကျစွာသိရှိနိုင်ရန် ခါးရိုးသံလိုက်ဓာတ်မှန် လိုအပ်သည်
- ခွဲစိတ်ကုသသည့် နည်းလမ်းများ၊ ခွဲစိတ်ကုသမှု၏ ကောင်းကျိုးနှင့် ဆိုးကျိုးများကို သက်ဆိုင်ရာ ခွဲစိတ်ဆရာဝန်နှင့် ဆွေးနွေးမေးမြန်းထားသင့်သည်
- ပျက်စီးနေသော အရိုးနုပြားကို ဖယ်ရှားပြီး ၎င်းနေရာတွင်အသုံးပြုမည့် အရိုးအစားထိုးပစ္စည်း (Bone graft) အမျိုးအစားများနှင့် ခါးရိုးတည်ငြိမ်စေရန် အသုံးပြုမည့် သတ္တုချောင်းနှင့် ဝက်အူများအကြောင်း သိရှိထားသင့်သည်
- ဆေးလိပ်သောက်ခြင်းသည် အနာကျက်ခြင်းကို နှောင့်နှေးစေသည့်အတွက် ခွဲစိတ်မှုမတိုင်မီ အနည်းဆုံး (၄) ပတ် ကြိုတင်၍ ဖြတ်ထားသင့်သည်
- ခါးရိုးဆစ်များပူးဆက်စေရန် ခွဲစိတ်ကုသမှုကြာချိန်သည် (၂)နာရီ မှ (၃)နာရီခန့်အထိ ပုံမှန်အားဖြင့် ကြာမြင့်နိုင်သည်
- ခွဲစိတ်မှုအတွက် ကြာချိန်သည် ခွဲစိတ်ဆရာဝန်၏ ကျွမ်းကျင်မှု၊ အသုံးပြုသည့် နည်းပညာ (ပုံမှန်ခွဲကြောင်းဖြင့်ခွဲခြင်း သို့မဟုတ် နာကျင်မှုအနည်းဆုံးဖြစ်စေမည့် ခွဲစိတ်ကုမှန်ပြောင်းနည်းလမ်းဖြင့် ခွဲခြင်း)၊ ပူးဆက်မည့် ခါးရိုးဆစ် အရေအတွက်နှင့် ရောဂါ၏ ပြင်းထန်မှုအခြေအနေပေါ် မူတည်၍ ကွာခြားနိုင်သည်
- ဆေးရုံတွင် (၂) ရက် မှ (၄) ရက်ခန့် ဆေးရုံတက်ရနိုင်သည်
- ခွဲစိတ်သည့်နေရာ နာကျင်မှုအတွက် အကိုက်အခဲပျောက်ဆေးများ ရက်အနည်းငယ် သောက်ရန်လိုသည်
- ပုံမှန်လှုပ်ရှားသွားလာမှုများကို (၁-၂) ပတ်အတွင်း စတင်နိုင်သည်
- အပြည့်အဝ ပြန်လည်ကောင်းမွန်ရန် (၆-၁၂) ပတ်ခန့်အထိ ကြာမြင့်နိုင်သော်လည်း နောက်ဆက်တွဲဆိုးကျိုးများ ရှိပါက ပိုမိုကြာမြင့်နိုင်သည်
- အကိုက်အခဲပျောက်ဆေးများ သုံးစွဲရန် မလိုတော့သည့်အချိန်တွင် ကားမောင်းခြင်းကို ပြန်လည်စတင်နိုင်သည်
- ခွဲစိတ်ကုသမှု ခံယူပြီးနောက်ပိုင်း ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းအစီအစဉ်များသည် အဓိကကျပြီး လူမှုဘဝနေထိုင်မှုပုံစံများ ပြောင်းလဲရန်လည်း လိုအပ်နိုင်သည်
ခွဲစိတ်ပုံအဆင့်ဆင့်
ခါးရိုးဆစ် ပုံသဏ္ဌာန်မှန်ကန်စွာနှင့် ခါးရိုးဆစ်တစ်ခုနှင့်တစ်ခု ခိုင်ခန့်စွာ ပူးဆက်စေရန် သတ္တုအိမ်များ၊ ဝက်အူများ၊ သတ္တုချောင်းများနှင့် အရိုးအစားထိုး ပစ္စည်းများ အသုံးပြုကာ ခွဲစိတ်ကုသသည်။ ပုံမှန်ခွဲစိတ်လမ်းကြောင်းပေးကာ ခွဲစိတ်မှု (Open Surgery) နှင့် ခွဲကြောင်းအတိုများ ပေးကာ မိုက်ခရိုစကုတ်နှင့် မှန်ပြောင်းများ အသုံးပြုခွဲစိတ်မှု (Minimally invasive surgery) ဟူ၍ နည်းလမ်း (၂) မျိုးရှိသည်။
မခွဲစိတ်မီကြိုတင်ပြင်ဆင်ခြင်း
- ခွဲစိတ်မှုမပြုလုပ်မီ (၈)နာရီ မှ (၁၂)နာရီအလိုကတည်းက အစာ သို့မဟုတ် ရေ တစ်မျိုးမျိုးကို သောက်သုံးခြင်းမှ ရပ်နားရမည်၊ အကယ်၍ မဖြစ်မနေ သောက်ရမည့် ဆေးဝါးများရှိပါက ရေအနည်းငယ်ဖြင့် သောက်နိုင်သည်
- အခြားရောဂါများအတွက် သောက်နေကျ ဆေးဝါးများကို ဆေးရုံသို့ တစ်ပါတည်း ယူဆောင်လာရန် မမေ့ပါနှင့်
- အကိုက်အခဲပျောက်ဆေးများ (NSAID) နှင့် သွေးကျဲဆေးများကို (၇) ရက် ကြိုတင်၍ ရပ်နားထားရမည်
- ဆေးရုံသို့ ရောက်ရှိသောအခါ မေ့ဆေးဆရာဝန်မှ မေ့ဆေးအမျိုးအစား နှင့် မေ့ဆေးပျယ်ချိန်တွင် မည်သို့ခံစားရနိုင်ကြောင်းတို့ကို ရှင်းပြပေးလိမ့်မည်
- မေ့ဆေး၊ ထုံဆေးနှင့် ခွဲစိတ်ကုသမှု၏ အန္တရာယ်များနှင့် အကျိုးကျေးဇူးများကို နားလည်ကြောင်း အတည်ပြု သဘောတူညီမှု ပေးရမည်
ခါးရိုးဆစ်များပူးဆက်စေရန် ခွဲစိတ်ကုသပုံအဆင့်ဆင့်
- မေ့ဆေးပေးခြင်းနှင့်နေရာချထားခြင်း
- လူနာအား မေ့ဆေးပေးပြီးနောက် အထူးပြုလုပ်ထားသော ခွဲစိတ်ခုတင်ပေါ်တွင် မှောက်လျက်အနေအထား (Prone) ဖြင့် ထားရှိမည်
- ခွဲစိတ်ခန်းသုံးဓာတ်မှန် (C-arm X-ray) ဖြင့် ခါးရိုးဆစ်ကိုစစ်ဆေးခြင်း
- ခွဲစိတ်ဆရာဝန်သည် ခွဲကြောင်း (Incision) မပေးမီ ခွဲစိတ်ရမည့် ခါးရိုးဆစ်နံပါတ်ကို သိရှိရန် ခွဲစိတ်ခန်းသုံး ဓာတ်မှန်ရိုက်၍ အတည်ပြုသည်
- ခွဲကြောင်းသည် ခွဲစိတ်ရမည့် အရိုးနုပြားနေရာနှင့် ထပ်တူကျစေရန်အတွက် လူနာ၏ အရေပြားပေါ်တွင် သတ္တုအမှတ်အသား တစ်ခုတင်၍ ဓာတ်မှန်ရိုက် စစ်ဆေးခြင်းဖြစ်သည်
- ခွဲကြောင်းပေးခြင်းနှင့် ကြွက်သားများ ဖယ်ရှားခြင်း
- ခွဲစိတ်ခန်းသုံးဓာတ်မှန်၏ လမ်းညွှန်မှုအတိုင်း ကျောရိုး၏အလယ်တည့်တည့် အရေပြားပေါ် တွင် ခွဲကြောင်းပေးမည်
- ထို့နောက် ကြွက်သားဆွဲကိရိယာများ (Retractors) ကို အသုံးပြု၍ ခါးရိုးဆစ်များကို မြင်တွေ့နိုင်ရန် ကျောဘက်ကြွက်သားများကို ဘေးသို့ ဖယ်ထားမည်
- အရိုးဖယ်ထုတ်ခြင်းနှင့် အာရုံကြော ဖိအားလျှော့ချခြင်း
- အာရုံကြောမကြီးလမ်းကြောင်း၏ အမိုးဖြစ်သော အရိုး (Lamina) ကို ဖယ်ရှားခြင်းဖြင့် ဖိမိနေသော အာရုံကြောများကို သက်သာစေပြီး ပျက်စီးနေသော အရိုးနုပြားနှင့် အာရုံကြောအမြစ်များကို ရှင်းလင်းစွာ မြင်တွေ့နိုင်မည်ဖြစ်သည်
- ခါးရိုးဆစ်အရိုးနုပြား ခွဲစိတ်ဖယ်ထုတ်ခြင်း (Discectomy)
- အာရုံကြောအမြစ်များကို ဘေးသို့ဖယ်ထားပြီးနောက် ပျက်စီးနေသော ခါးရိုးဆစ်ကြားရှိ အရိုးနုပြားကို ဆက်လက်ဖယ်ရှားသည်
- အရိုးနုပြားကို ဖယ်ထုတ်ခြင်းသည် အစားထိုးထည့်သွင်းမည့် ပစ္စည်းအတွက် နေရာလွတ်ဖြစ်အောင် လုပ်ဆောင်ခြင်းဖြစ်သည်
- ခါးရိုးဆစ်ကြား နေရာလွတ်ကို ပြင်ဆင်ခြင်း
- ခါးရိုးဆစ်၏ မျက်နှာပြင်များကို သန့်စင်ပြင်ဆင်မည်
- ဤအဆင့်တွင် အမြဲတမ်းထည့်သွင်းမည့် ကြားခံပစ္စည်းသတ္တုအိမ် (Cage) အတွက် အတိုးအလျှော့ ပြုလုပ်နိုင်သော ယာယီအသုံးပြုသည့် စမ်းသပ်ကြားခံပစ္စည်း (Trial spacers) များဖြင့် တိုင်းတာသည်
- တိကျသော အရွယ်အစားနှင့် အမြင့်ကို ရရှိရန် C-arm ဓာတ်မှန်ရိုက်စက်ကို အသုံးပြုသည်
- ကြားခံပစ္စည်း သတ္တုအိမ်(Cage) ထည့်သွင်းခြင်း
- အရိုးအစားထိုးပစ္စည်းများ ထည့်ထားသည့် အမြဲတမ်းအသုံးပြုမည့်ကြားခံပစ္စည်း သတ္တုအိမ် (Interbody cage) ကို အရိုးနုပြားနေရာလွတ်ထဲသို့ ထည့်သွင်းမည်
- ၎င်း၏ ဘေးပတ်ပတ်လည်တွင်လည်း အရိုးအစားထိုးပစ္စည်းများကို ထပ်မံဖြည့်စွက်မည်
- ဝက်အူများ တပ်ဆင်ခြင်း
- ခါးရိုးဆစ်အတွင်းသို့ ဝက်အူများထည့်သွင်းရန် ခွဲစိတ်ခန်းသုံး C-arm ဓါတ်မှန်ကိုအသုံးပြု၍ လမ်းကြောင်းကို ပြင်ဆင်သည်
- ဝက်အူထည့်သွင်းချိန်တွင် အာရုံကြောနှင့် သွေးကြောများ မထိခိုက်စေရန် ဂရုပြုရသည်
- လှုပ်ရှားမှုကို ထိမ်းချုပ်မည့် ကျောရိုးဆစ် အရေအတွက်အလိုက် ထည့်သွင်းရသည့် ဝက်အူအရေအတွက် ကွာခြားသည်
- သတ္တုချောင်းများ တပ်ဆင်ခြင်း
- ထည့်သွင်းထားသော ဝက်အူများအား ထိမ်းချုပ်ရန် ဝက်အူများကို သတ္တုချောင်း (Rod) များနှင့် ချိတ်ဆက်သည်
- ဝက်အူနှင့် သတ္တုချောင်းများ ချိတ်ဆက်မှု အနေအထားမှန်ကန်မှု ရှိမရှိ C-arm ဓါတ်မှန်ကို အသုံးပြု၍ ပြန်လည်စစ်ဆေးသည်
- အရိုးအစားထိုးခြင်းနှင့် ခွဲကြောင်းပိတ်ခြင်း
- အပေါ် အောက် ခါးရိုးဆစ်များ ခိုင်မြဲစွာ ပေါင်းစည်းနိုင်ရန် ဝက်အူနှင့် သတ္တုချောင်းများတစ်ဝိုက်တွင် တင်ပါးဆုံရိုးမှထုတ်ယူထားသည့် အရိုးစများနှင့် အရိုးအစားထိုးပစ္စည်းများ ထပ်မံဖြည့်တင်းရသည်
- ထို့နောက် ကြွက်သား၊ အရွတ်၊ အရေပြားအတိုင်း အလွှာလိုက် ပြန်ချုပ်ပေးမည်ဖြစ်သည်
ခွဲစိတ်ပြီးနောက်ကုသခြင်း
ခွဲစိတ်ကုသမှုအပြီးတွင် ခွဲစိတ်ပြီးလူနာ စောင့်ကြည့်ကုသခန်း၌ လူနာအား တစ်နာရီခန့် စောင့်ကြည့်ပြီးနောက် အတွင်းလူနာအခန်းသို့ ပို့ဆောင်မည်။ သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်း၊ သွေးတွင်းအောက်ဆီဂျင်ရာခိုင်နှုန်းကို လိုအပ်သလို တိုင်းတာမည်။ နာကျင်မှုသက်သာစေသော ဆေးများနှင့် လိုအပ်သော ပိုးသတ်ဆေးများ ပေးမည်။ သွေးလှည့်ပတ်မှု ကောင်းမွန်စေရန်နှင့် အနာကျက်မြန်စေရန် လမ်းလျှောက်ခြင်းကို စတင်လုပ်ဆောင်ရန် အားပေးသည်။
ခွဲစိတ်ကုသမှု၏ ကောင်းကျိုးများ
ခါးရိုးဆစ်များပူးဆက်စေရန် ခွဲစိတ်ကုသခြင်း (Posterior Lumbar Interbody Fusion, PLIF) ဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ_
- ပြင်းထန်သော နာကျင်မှုကို သက်သာစေခြင်း _ ခါးရိုးဆစ်ကြားရှိ အာရုံကြောများ ဖိမိခြင်းကို ဖယ်ရှားပေးသည့်အတွက် ခါးနာခြင်းနှင့် ခြေထောက်သို့ ပျံ့နှံ့သွားသည့် နာကျင်ကိုက်ခဲမှုများကို ထိရောက်စွာ သက်သာစေသည်
- ခါးရိုးဆစ်ကို ပိုမိုခိုင်ခံ့စေခြင်း (Stability) _ မတည်ငြိမ်သည့်ခါးရိုးဆစ်များကို သတ္တုအိမ်၊ ဝက်အူ၊ သတ္ထုချောင်းနှင့် အရိုးအစားထိုးပစ္စည်းများ အသုံးပြုပြီး တစ်ဆက်တည်းဖြစ်အောင် ပူးဆက်စေသည့်အတွက် ခါးရိုးဆစ်ကို ပိုမိုခိုင်ခံ့စေသည်
- အာရုံကြောများပေါ်ရှိ ဖိအားကို ဖယ်ရှားပေးခြင်း _ ပျက်စီးနေသည့်အရိုးနုပြား (Disc) ကို ဖယ်ရှားလိုက်သောကြောင့် အာရုံကြောမကြီးနှင့်အာရုံကြောအမြစ်ပေါ် သက်ရောက်နေသည့် ဖိအားလျော့ကျသွားနိုင်သည်
- ခါးရိုး၏ ပုံမှန်အမြင့်ကို ပြန်လည်ရရှိစေခြင်း _ အရိုးနုပြားဟောင်းနေရာတွင် ကြားခံပစ္စည်းသတ္တုအိမ် (Cage) ထည့်သွင်းပေးသည့်အတွက် ခါးရိုးဆစ်ကြားရှိ နေရာလွတ်တွင် ပုံမှန်အမြင့်ကို ပြန်လည်ရရှိစေသည်
- လှုပ်ရှားသွားလာမှု ပြန်လည်ကောင်းမွန်လာခြင်း _ နာကျင်မှု သက်သာလာသောကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာများကို ပြန်လည်လုပ်ဆောင်လာနိုင်သည်
- အာရုံကြော ထိခိုက်မှုများကို ကာကွယ်ပေးခြင်း _ ခါးရိုးဆစ်များကို အမြဲတမ်းပူးဆက်စေခြင်းဖြင့် နောင်တစ်ချိန်တွင် ဖြစ်လာနိုင်သည့်အာရုံကြော ထပ်မံညှပ်ခြင်း သို့မဟုတ် ထိခိုက်ခြင်း ကိုလျှော့ချပေးသည်
- အောင်မြင်မှုနှုန်း မြင့်မားခြင်း _ ခါးရိုးဆစ်ပူးဆက်သည့်နှုန်း (Fusion rate) အလွန်မြင့်မားသည့် ခွဲစိတ်ကုသမှု နည်းလမ်းတစ်ခုဖြစ်သည်
နောက်ဆက်တွဲပြဿနာများ
ယေဘုယျအားဖြင့် ခါးရိုးဆစ်များပူးဆက်စေရန် ခွဲစိတ်ကုသခြင်းသည် ဘေးကင်းသော ကုသမှုတစ်ခုဖြစ်သည်။ သို့သော် အခြားသောခွဲစိတ်မှုများကဲ့သို့ပင် စိုးရိမ်ရသည့်အချက်များ ရှိနိုင်သည်။
ဖြစ်နိုင်ခြေရှိသော နောက်ဆက်တွဲပြဿနာများမှာ အောက်ပါအတိုင်းဖြစ်သည်။
- ပိုးဝင်ခြင်း (Infection) _ ခွဲစိတ်သည့်နေရာတွင် ပိုးဝင်ခြင်း
- ဒဏ်ရာကျက်ခြင်း နှေးကွေးခြင်း (Poor wound healing) _ ခွဲစိတ်ဒဏ်ရာ ကောင်းမွန်စွာ ပြန်မကျက်ခြင်း
- သွေးထွက်ခြင်း (Bleeding) _ ခွဲစိတ်စဉ်အတွင်း သို့မဟုတ် ခွဲစိတ်ပြီးနောက် သွေးထွက်ခြင်း
- သွေးခဲပိတ်ခြင်း (Blood clots) _ သွေးကြောအတွင်း သွေးခဲများ ဖြစ်ပေါ်ခြင်း
- သွေးကြော သို့မဟုတ် အာရုံကြော ထိခိုက်ခြင်း _ ကျောရိုးအတွင်းနှင့် ကျောရိုးပတ်ပတ်လည်ရှိ သွေးကြောများ သို့မဟုတ် အာရုံကြောများ ထိခိုက်မိခြင်း
- အရိုးထုတ်ယူသည့်နေရာ၌ နာကျင်ခြင်း _ အရိုးအစားထိုးရန်အတွက် အရိုးထုတ်ယူခဲ့သော နေရာ (ဥပမာ – တင်ပါးဆုံရိုး) တွင် နာကျင်မှု ခံစားရခြင်း
- ကျောဘက် ကြွက်သားများ ထိခိုက်ခြင်း (Damage to back muscles) _ ခါးရိုးဆစ်နှင့် ထိဆက်နေသော ကြွက်သားများ ထိခိုက်မိခြင်း
- ရောဂါလက္ခဏာများ ပြန်လည်ဖြစ်ပေါ်ခြင်း _ ခွဲစိတ်မှု ပြုလုပ်ခဲ့သော်လည်း နာကျင်မှုဝေဒနာများ ပြန်လည်ဖြစ်ပွါးခြင်း
- မေ့ဆေးနှင့်ပတ်သက်သည့် ဆိုးကျိုးများ _ မေ့ဆေးအနေဖြင့် အသုံးပြုသောဆေးဝါးများနှင့် ဓာတ်မတည့်ခြင်း၊ ပျို့အန်ခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်အပူချိန်မြင့်တက်ခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် နှလုံးသွေးကြောဆိုင်ရာ ပြဿနာများ ကြုံတွေ့ရနိုင်သည်
လိုက်နာဆောင်ရွက်ရမည့်အချက်များ
- ခါးရိုးလှုပ်ရှားမှုများကို ကန့်သတ်ပါ
ခွဲစိတ်ထားသော ခါးရိုးဆစ်များ ခိုင်ခန့်စွာပူးဆက်သွားစေရန် ပထမ (၆)ပတ် မှ (၃)လအတွင်း- ရှေ့သို့ ငုံ့ခြင်း၊ ခါးကုန်းခြင်း မပြုလုပ်ရပါ
- ၅ ပေါင် သို့မဟုတ် ၁၀ ပေါင်ထက် လေးသော ပစ္စည်းများကို မ မရပါ (ဥပမာ – ရေပုံး၊ ကလေးချီခြင်း)
- ခါးကို လိမ်ခြင်း၊ လှည့်ခြင်း မပြုလုပ်ရပါ၊ ဘေးသို့လှည့်ရာတွင် တစ်ကိုယ်လုံး အတူတကွ လှည့်ရမည်
- နေ့စဉ်နေထိုင်မှုနှင့် လေ့ကျင့်ခန်း
- နေ့စဉ် လမ်းလျှောက်ပေးရန် လိုအပ်သည်၊ နာကျင်မှု မရှိသရွေ့ အိမ်အတွင်း သို့မဟုတ် အိမ်အပြင်တွင် ခဏတာ လမ်းလျှောက်ခြင်းက သွေးလည်ပတ်မှုကောင်းစေပြီး အနာကျက်မြန်စေသည်
- ကြာရှည်စွာ ထိုင်ခြင်း (မိနစ် ၂၀ – ၃၀ ထက်ပို၍) ကို ရှောင်ပါ၊ ကျောမှီပါသော ခိုင်ခံ့သော ကုလားထိုင်တွင်သာ ထိုင်ပါ
- ဆရာဝန် ခွင့်ပြုချက်မရမချင်း ကားမောင်းခြင်းကို ရှောင်ကြဉ်ပါ (ပုံမှန်အားဖြင့် ၂ပတ် မှ ၄ပတ်ခန့်)
- ခွဲစိတ်ဒဏ်ရာကို ဂရုစိုက်ခြင်း
- ဆရာဝန် ခွင့်ပြုချက်မရမချင်း အနာကို ရေမထိပါစေနှင့်၊ အနာပတ်တီးကို သန့်ရှင်းခြောက်သွေ့စွာ ထားပါ
- ဆရာဝန် ညွှန်ကြားသည့်အတိုင်း အနာဆေးထည့်ပါ၊ မိမိသဘောဖြင့် ဆီ၊ လိမ်းဆေး သို့မဟုတ် ဆေးမှုန့်များကို အနာပေါ်သို့ မသုတ်လိမ်းရ
- ဆေးဝါးနှင့်အစားအသောက် ဂရုစိုက်ခြင်း
- ဆရာဝန် ညွှန်ကြားသော ဆေးများကိုသာ သောက်ပါ (အထူးသဖြင့် အကိုက်အခဲပျောက်ဆေး NSAIDs အရောင်ကျဆေးများသည် အရိုးပေါင်းစည်းမှုကို နှောင့်နှေးစေနိုင်သဖြင့် ဆရာဝန်ခွင့်ပြုမှသာ သောက်ပါ)
- ပရိုတင်း (Protein)၊ ကယ်လ်ဆီယမ် (Calcium) နှင့် ဗီတာမင် ဒီ (Vitamin D) ကြွယ်ဝသော အစားအစာများကို စားသုံးခြင်းသည် အရိုးကျန်းမာရေးကို အထောက်အကူပြုသည်
- ခွဲစိတ်ပြီးနောက် ဝမ်းချုပ်တတ်သဖြင့် အမျှင်ဓာတ်ပါသော အသီးအနှံများနှင့် ရေများများ သောက်ပါ
- ဆေးလိပ်နှင့် နီကိုတင်း ရှောင်ကြဉ်ခြင်း
- ဆေးလိပ်နှင့် နီကိုတင်းသည် သွေးလည်ပတ်မှုကို ဟန့်တားသဖြင့် အရိုးဆက်ခြင်းကို အတားအဆီးဖြစ်စေသည်၊ ခွဲစိတ်မှု မအောင်မြင်ရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုမှာ ဆေးလိပ်သောက်ခြင်းဖြစ်သည်
- ဆရာဝန်နှင့် ချက်ချင်းပြန်လည်ပြသရမည့် လက္ခဏာများ
အကယ်၍ အောက်ပါတို့ ဖြစ်ပွါးပါက ဆရာဝန်ထံ ချက်ချင်း ဆက်သွယ်ပါ- ဖျားခြင်း (၁၀၀.၄ ဒီဂရီ ဖာရင်ဟိုက်ထက် ကျော်ခြင်း)
- ခွဲစိတ်ဒဏ်ရာမှ ပြည် သို့မဟုတ် အရည်များ ထွက်လာခြင်း
- ဒဏ်ရာနေရာ၌ ပိုမိုနီရဲလာခြင်း၊ ပူလာခြင်း သို့မဟုတ် ပိုမိုရောင်ရမ်းလာခြင်း
- ခြေထောက် ထုံကျင်ခြင်း သို့မဟုတ် လှုပ်ရှားမှုအားနည်းခြင်း၊ ပိုဆိုးလာခြင်း၊ လှုပ်ရှား၍မရခြင်း
- ရင်ဘတ်အောင့်ခြင်း သို့မဟုတ် အသက်ရှူရ ခက်ခဲလာခြင်း
References:
- Cleveland Clinic. (n.d.). Posterior lumbar interbody fusion (PLIF). Retrieved January 17, 2026, from https://my.clevelandclinic.org/health/procedures/posterior-lumbar-interbody-fusion-plif
- Hospital for Special Surgery. (n.d.). PLIF surgery: Posterior lumbar interbody fusion. Retrieved January 17, 2026, from https://www.hss.edu/health-library/conditions-and-treatments/plif-surgery#recovery
- Mayo Clinic. (n.d.). Spinal fusion: About the procedure. Retrieved January 17, 2026, from https://www.mayoclinic.org/tests-procedures/spinal-fusion/about/pac-20384523
Published: 28 February 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.