ဂလူးကို့စ် တုံ့ပြန်မှု စစ်ဆေးခြင်း (GTT) ဆိုသည်မှာ သတ်မှတ်ထားသော ဂလူးကို့စ် (သကြားဓာတ်) ပမာဏကို သောက်သုံးပြီးနောက် ခန္ဓာကိုယ်မှ ထိုသကြားဓာတ်ကို မည်သို့တုံ့ပြန်သည်ကို သွေးစစ်၍ တိုင်းတာခြင်း ဖြစ်သည်။ ဂလူးကို့စ်အရည်ကို ပါးစပ်မှ သောက်သုံးရသောကြောင့် Oral Glucose Tolerance Test (OGTT) ဟုလည်း ခေါ် ကြသည်။ ထိုစစ်ဆေးမှုကို အောက်ပါရည်ရွယ်ချက်များအတွက် အဓိကအသုံးပြုသည်။
- အကြိုဆီးချိုနှင့် အမျိုးအစား (၂) ဆီးချိုရောဂါ – ရောဂါလက္ခဏာများ မပြသမီကပင် ကြိုတင်သိရှိနိုင်ရန် စစ်ဆေးခြင်း
- ကိုယ်ဝန်ဆောင် ဆီးချိုရောဂါ (Gestational Diabetes) – ကိုယ်ဝန်ဆောင်စဉ်အတွင်း ဖြစ်ပွားတတ်သော ဆီးချိုရောဂါ ရှိမရှိ စစ်ဆေးခြင်း [အများအားဖြင့် ကိုယ်ဝန်ပတ် (၂၄)ပတ် မှ (၂၈)ပတ်အတွင်း စစ်ဆေးလေ့ရှိပြီး လိုအပ်ပါက အစောပိုင်း ကိုယ်ဝန်အပ်ချိန်ကပင် စစ်ဆေးနိုင်သည်]
ဂလူးကို့စ်၏ ပုံမှန်ဇီဝဖြစ်စဉ် (Normal Glucose Metabolism)
လူ့ခန္ဓာကိုယ်သည် နေ့စဉ်လုပ်ဆောင်ချက်များအတွက် စွမ်းအင်လိုအပ်ပြီး ထိုစွမ်းအင်ကို အစားအသောက်များရှိ ကစီဓာတ် (Carbohydrates) မှ ဂလူးကို့စ်အဖြစ် ပြောင်းလဲဖြိုခွဲခြင်းဖြင့် စွမ်းအင်ကို ထုတ်လုပ်ရရှိသည်။
ကစီဓာတ်မှ ဂလူးကို့စ်အဖြစ် ပြောင်းလဲလုပ်ဆောင်ပုံအဆင့်ဆင့်
- ဖြိုခွဲခြင်း – အစာစားပြီးနောက် အူလမ်းကြောင်းမှ ကစီဓာတ်ကို ဂလူးကို့စ်အဖြစ် ဖြိုခွဲကာ သွေးထဲသို့ ပို့ဆောင်ပေးသည်
- အသုံးပြုခြင်း – သွေးထဲရှိ ဂလူးကို့စ်များကို ဆဲလ်များအတွင်းသို့ ရောက်ရှိစေရန် ပန်ကရိယ (Pancreas) မှ ထုတ်သော အင်ဆူလင် (Insulin) ဟော်မုန်းက ကူညီပေးသည်
- သိုလှောင်ခြင်း – ပိုလျှံသော ဂလူးကို့စ်များကို အသည်းနှင့် ကြွက်သားများတွင် ဂလိုင်ကိုဂျင် (Glycogen) အဖြစ် သိုလှောင်ထားပြီး လိုအပ်ချိန်မှ ပြန်လည်ထုတ်ယူသုံးစွဲသည်
သွေးတွင်းသကြားဓာတ် ထိန်းညှိခြင်း
ပုံမှန်ကျန်းမာသူတစ်ဦးတွင် အစာစားပြီး (၂)နာရီ မှ (၃)နာရီအတွင်း သွေးတွင်းဂလူးကို့စ်ဓာတ် ခေတ္တတက်လာသော်လည်း အင်ဆူလင်၏ အကူအညီဖြင့် ပုံမှန်ပမာဏသို့ လျင်မြန်စွာ ပြန်ကျသွားသည်။ အကယ်၍ အင်ဆူလင် ထွက်နှုန်းနည်းနေခြင်း သို့မဟုတ် ခန္ဓာကိုယ်မှ အင်ဆူလင်ကို ကောင်းစွာမတုံ့ပြန်နိုင်ခြင်း (Insulin Resistance) ဖြစ်ပါက သွေးတွင်းသကြားဓာတ်များ မြင့်တက်နေပြီး ဆီးချိုရောဂါ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
အောက်ပါအခြေအနေများတွင် ဆရာဝန်မှ ဂလူးကို့စ် တုံ့ပြန်မှု စစ်ဆေးရန် ညွှန်ကြားနိုင်သည်။
- အကြိုဆီးချို၊ အမျိုးအစား (၂) ဆီးချို သို့မဟုတ် ကိုယ်ဝန်ဆောင် ဆီးချိုရောဂါရှိသည်ဟု သံသယရှိခြင်း
- ခန္ဓာကိုယ်မှ အင်ဆူလင်ကို ပုံမှန်အတိုင်း အသုံးချနိုင်ခြင်း ရှိမရှိ စစ်ဆေးခြင်း
- အဝလွန်သူများ၊ မိသားစုတွင် ဆီးချိုမျိုးရိုးရှိသူများနှင့် သားဥအိမ် အရည်အိတ်တည်သော ရောဂါစု (PCOS) ရှိသူများတွင် ဆီးချိုရောဂါကို ကြိုတင်စစ်ဆေးခြင်း
- အခြားရောဂါများ – အစာစားပြီးနောက် သွေးတွင်းသကြားဓာတ် ရုတ်တရက် ကျဆင်းတတ်ခြင်း (Reactive Hypoglycemia)၊ မူမမှန် ထွားကြိုင်းရောဂါ (Acromegaly ) နှင့် ရှားပါးသော ကစီဓာတ်ဆိုင်ရာ ရောဂါများကို ရှာဖွေခြင်း
ကိုယ်ဝန်ဆောင်များအတွက် လိုအပ်သော အခြေအနေများ
ကိုယ်ဝန်ဆောင် ဆီးချိုရောဂါအတွက် အများအားဖြင့် ကိုယ်ဝန် (၂၄)ပတ် မှ (၂၈)ပတ်အတွင်း စစ်ဆေးလေ့ရှိသော်လည်း အောက်ပါအချက်များရှိပါက ပို၍ စောစီးစွာ စစ်ဆေးသင့်သည်။
- အသက် (၃၅) နှစ်အထက် ကိုယ်ဝန်ဆောင်ခြင်း
- ကိုယ်ခန္ဓာ အလေးချိန်ထုထည်ညွှန်းကိန်း (BMI) ၃၀ နှင့်အထက်ရှိခြင်း (အဝလွန်ခြင်း)
- ယခင်ကိုယ်ဝန်တွင် ကိုယ်ဝန်ဆောင် ဆီးချိုဖြစ်ဖူးခြင်း သို့မဟုတ် (၉) ပေါင်ကျော်သော ကလေး မွေးဖွားဖူးခြင်း
- သွေးတိုးရောဂါ အခံရှိခြင်း သို့မဟုတ် သားဥအိမ်ရေအိတ်တည် ရောဂါစုရှိသူများ
- ဆီးချိုပို၍အဖြစ်များသော လူမျိုးစုများ (ဥပမာ – အာရှနွယ်ဖွားများ၊ အာဖရိကန်နှင့် လက်တီနို မျိုးနွယ်များ)
စစ်ဆေးမှုပုံစံအမျိုးမျိုး
စစ်ဆေးမှု၏ အခြေခံသဘောတရားမှာ အတူတူပင်ဖြစ်သော်လည်း သွေးစစ်သည့် အကြိမ်အရေအတွက်နှင့် အချိန်ပေါ်မူတည်၍ ပုံစံအနည်းငယ် ကွဲပြားနိုင်သည်။
- (၁) နာရီကြာပြီးနောက် စစ်ဆေးခြင်း
- ကိုယ်ဝန်ဆောင် ဆီးချိုရောဂါကို ကနဦး စစ်ဆေးရာတွင် အသုံးပြုသည်
- ဂလူးကို့စ် (၅၀) ဂရမ်ကို သောက်ပြီး (၁) နာရီအကြာတွင် သွေးစစ်သည်
- ဤစစ်ဆေးမှုအတွက် အစာဖြတ်ထားရန် မလိုအပ်ပါ
- (၃) နာရီကြာပြီးနောက် စစ်ဆေးခြင်း
- ဤစစ်ဆေးမှုအတွက် (၈) နာရီကြာ အစာဖြတ်ရန် လိုအပ်သည်
- ဂလူးကို့စ်ရည် သောက်ပြီးနောက် (၁) နာရီ၊ (၂) နာရီ၊ (၃) နာရီ စီခြား၍ သွေးတွင်းသကြားဓာတ်ကို အစဥ်လိုက် တိုင်းတာစစ်ဆေးခြင်းဖြစ်သည်
- မူမမှန် ထွားကြိုင်းရောဂါ (Acromegaly) အတွက် စစ်ဆေးခြင်း
- ထိုစစ်ဆေးမှုပုံစံတွင်မူ သကြားဓာတ်အစား ကြီးထွားမှုဟော်မုန်း (Growth Hormone) ကို တိုင်းတာခြင်းဖြစ်သည်
- ဂလူးကို့စ်အရည် သောက်ပြီးနောက် နာရီဝက်စီခြား၍ ဟော်မုန်းပမာဏကို စစ်ဆေးသည်
- ပုံမှန်အားဖြင့် ဂလူးကို့စ်သောက်လိုက်လျှင် ဟော်မုန်းပမာဏ ကျဆင်းသွားသော်လည်း ရောဂါရှိပါက ဟော်မုန်း ကျဆင်းခြင်း မရှိသည်ကို တွေ့ရမည်ဖြစ်သည်
စစ်ဆေးမှု မပြုလုပ်သင့်သော အခြေအနေများ
- ဆီးချိုရောဂါရှိကြောင်း အတည်ပြုသိရှိပြီးသူများ
- ဖျားနာနေချိန်၊ ပိုးဝင်သည့် လက္ခဏာရှိသူများ (အဖြေမှားနိုင်သောကြောင့်)
- လတ်တလောထိခိုက်ဒဏ်ရာရထားခြင်း၊ ခွဲစိတ်မှုခံယူထားခြင်း
- စတီးရွိုက်ဆေးနှင့် beta-blocker ဆေးများ သောက်သုံးနေသူများ
စစ်ဆေးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ
- ဆီးချိုရောဂါနှင့် အကြိုဆီးချိုကို စောစောသိနိုင်ခြင်း
- ကိုယ်ဝန်ဆောင်ဆီးချိုရောဂါကို အတည်ပြုနိုင်ခြင်း
- ကိုယ်ခန္ဓာတွင်း ဂလူးကို့စ်ပြောင်းလဲမှုများကို သိရှိနိုင်ခြင်း
- နေထိုင်စားသောက်ပုံ ပြောင်းလဲခြင်း၊ ဆေးဝါးများ စတင်သောက်သုံးခြင်းတို့ကို စောစီးစွာ စတင်ပြုလုပ်နိုင်ခြင်း
စစ်ဆေးမှု၏ အားနည်းချက်များ
- စစ်ဆေးမှုပြုလုပ်ချိန် ကြာမြင့်ပြီး သွေးမကြာခဏ ဖောက်ရသောကြောင့် ကသိကအောင့်ဖြစ်ခြင်း
- အခြားဆီးချိုစစ်ဆေးမှုများ (ဥပမာ – HbA1c) ထက်စာလျှင် တိကျမှုနည်းခြင်း
- စစ်ဆေးမှု ပြုလုပ်နေစဥ် ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း၊ ချွေးထွက်များခြင်းတို့ ဖြစ်နိုင်ခြင်း
- ရှားပါးသော်လည်း ဆီးချိုဓာတ်ကျနိုင်ခြေ ရှိခြင်း
- အစားအသောက်၊ လှုပ်ရှားသွားလာမှု၊ ဖျားနာမှုများနှင့် ဆေးဝါးများကြောင့် အဖြေရလဒ်ပေါ် သက်ရောက်မှု ရှိနိုင်ခြင်း
ကြိုတင်သိရှိထားရမည့်အချက်များ
- စစ်ဆေးမှုမတိုင်ခင် အနည်းဆုံး (၃) ရက်အတွင်း ပုံမှန်စားသောက်သည့် ပမာဏ (ကစီဓာတ် ၁၅၀ ဂရမ်အနည်းဆုံး) စားသောက်ရန် လိုအပ်သည်၊ စစ်ဆေးမှုကြောင့် ကာဗိုဟိုက်ဒရိတ်လျှော့စားခြင်း၊ လုံးဝမစားခြင်း မပြုလုပ်ရပါ
- မိသားစုဆရာဝန်အား မိမိလက်ရှိသောက်နေသော ဆေးဝါးများ၊ ဖြည့်စွက်စာများကို အသိပေးရန် လိုအပ်သည်
- စစ်ဆေးမှုမလုပ်ခင် အနည်းဆုံး (၃) ရက်ခန့် ပုံမှန်လှုပ်ရှားသွားလာသည့်အတိုင်းသာ နေရမည်ဖြစ်ပြီး မစစ်ဆေးခင် ပြင်းထန်သော လေ့ကျင့်ခန်းများ မပြုလုပ်ရပါ
- စစ်ဆေးမှုမတိုင်ခင် အနည်းဆုံး (၈) နာရီ အစာနှင့်အရည်များ ဖြတ်ထားရန် လိုအပ်သည်၊ ရိုးရိုးရေ သောက်နိုင်သည်
- [ဥပမာ_ မနက် (၆) နာရီတွင် စစ်ဆေးမှုပြုလုပ်မည်ဆိုပါက ရှေ့တစ်ရက်၏ ညဘက် (၁၀) နာရီခန့်မှစ၍ အစာဖြတ်ထားရမည်ဖြစ်သည်]
- စစ်ဆေးမှုပြုလုပ်နေစဥ် အချိန်အတွင်း အစားလုံးဝမစားရ၊ ဆေးလိပ်သောက်ခြင်း မပြုလုပ်ရ
- သွေးတွင်းဂလူးကို့စ်ကို တိုင်းတာခြင်းဖြစ်သောကြောင့် သွေးဖောက်စစ်ရန် လိုအပ်ပြီး သွေးဖောက်ချိန် နာကျင်မှုအနည်းငယ်ကို ခံစားရနိုင်သည်
- မိမိကို ပြုလုပ်မည့် စစ်ဆေးမှုပုံစံပေါ် မူတည်၍ အသေးစိတ် အချက်အလက်များကို လမ်းညွှန်ပေးမည်ဖြစ်သည်၊ လမ်းညွှန်ချက်များအတိုင်း လိုက်နာရန် လိုအပ်သလို မရှင်းလင်းသည့်အချက်များကို သေချာမေးမြန်းထားရန် လိုအပ်သည်
စစ်ဆေးမှုအဆင့်ဆင့်
စတင်ပြင်ဆင်ခြင်း
- စစ်ဆေးရမည့်နေ့တွင် ချိန်းဆိုထားသော ဆေးခန်း သို့မဟုတ် ဓာတ်ခွဲခန်းသို့ လာရမည်ဖြစ်သည်
- စစ်ဆေးမှုပုံစံပေါ် မူတည်၍ ပြုလုပ်သောအဆင့်များ အနည်းငယ် ကွဲပြားနိုင်သည်
- ပြင်ပလူနာစစ်ဆေးမှုဖြစ်သောကြောင့် စစ်ဆေးပြီးပါက အိမ်ပြန်နိုင်သည်
စစ်ဆေးမှု ပြုလုပ်ခြင်း
အမျိုးအစား (၂) ဆီးချိုနှင့် အကြိုဆီးချိုအတွက် စစ်ဆေးခြင်း (2 hour GTT)
- အဆင့် (၁) ဆင့်တည်းဖြင့် စစ်ဆေးနိုင်သည်၊ ကိုယ်ဝန်ဆောင်ဆီးချို စစ်ဆေးရန်အတွက်လည်း ပြုလုပ်နိုင်သည်
- အစာကို (၈) နာရီ ဖြတ်ထားရန်လိုအပ်ပြီး စစ်ဆေးမှု မစခင် ရှေးဦးစွာ သွေးဖောက်၍ ပဏာမသွေးတွင်းသကြားဓာတ်ကို စစ်ဆေးသည်
- ပြီးနောက် စစ်ဆေးသူမှ ဂလူးကို့စ် (၇၅) ဂရမ်ကို ရေ (၂၅၀-၃၀၀) စီစီဖြင့် ဖျော်ထားသော ဂလူးကို့စ်အရည်ကို သောက်ခိုင်းမည်ဖြစ်သည်၊ ထိုအရည်ကို ၅ မိနစ်အတွင်း အကုန်သောက်ရန် လိုအပ်သည်
- ဂလူးကို့စ်ဆေးရည်သည် သကြားရည်အရသာဖြစ်သောကြောင့် အချို့သူများတွင် သောက်ရခက်ခြင်း၊ အရသာမခံနိုင်ခြင်းလည်း ရှိနိုင်သည်
- ဂလူးကို့စ်ဆေးရည်သောက်ပြီး (၁) နာရီကြာတွင် တစ်ခါ၊ (၂) နာရီအကြာတွင် တစ်ခါ သွေးဖောက်၍ သွေးတွင်းဂလူးကို့စ် တိုင်းတာသည်။
ကိုယ်ဝန်ဆောင်ဆီးချိုစစ်ဆေးခြင်း
- ကိုယ်ဝန်ဆောင်ဆီးချိုကို ကိုယ်ဝန်ပတ် (၂၄) ပတ်မှ (၂၈) ပတ်အတွင်း စစ်ဆေးနိုင်သည်။
- များသောအားဖြင့် (၂) ဆင့် စစ်ဆေးပြီး ပထမအဆင့် စစ်ဆေးမှုတွင် အစာဖြတ်ရန် မလိုဘဲ စစ်ဆေးနိုင်သည်
- ဦးစွာ သွေးဖောက်၍ သွေးတွင်းဆီးချိုဓာတ်စစ်သည်
- ထို့နောက် ဂလူးကို့စ် (၅၀) ဂရမ်ဖျော်ထားသော ဆေးရည်ကို တိုက်သည်
- (၁) နာရီ ကြာပြီးနောက် သွေးတွင်းသကြားဓာတ် ပြန်၍ စစ်ဆေးသည်
- ထိုအဆင့်တွင် သွေးတွင်းသကြားဓာတ်မြင့်နေပါက ဒုတိယအဆင့် (၃) နာရီ စစ်ဆေးမှုကို ဆက်လက်လုပ်ဆောင်သည်
- ဒုတိယအဆင့်တွင် အစာကို (၈) နာရီ ဖြတ်ထားရန် လိုအပ်ပြီး စစ်ဆေးမှုမစခင် သွေးဖောက်၍ သကြားဓာတ်ကို စစ်ဆေးသည်
- ပြီးနောက် ဂလူးကို့စ် (၁၀၀) ဂရမ်ပါသော ဆေးရည်သောက်ပြီး (၁) နာရီ၊ (၂) နာရီ၊ (၃) နာရီအကြာတို့တွင် သွေးတစ်ကြိမ်စီဖောက်၍ သွေးတွင်းသကြားဓာတ် စစ်ဆေးသည်
- သို့သော် ယခုလက်ရှိတွင် (၂) ဆင့် စစ်ဆေးခြင်းအစား အများစု အသုံးပြုလျက်ရှိသော (၇၅) ဂရမ် ဂလူးကို့စ်တိုက်၍ (၂) နာရီအကြာ ပြန်၍ စစ်ဆေးခြင်းကို (၁) ဆင့်တည်း ပြုလုပ်ခြင်းသည် အချိန်နှင့် ပစ္စည်းကို ပို၍ချွေတာနိုင်သောကြောင့် ပို၍အသုံးပြုလာကြသည်
အခြားရောဂါများအတွက် စစ်ဆေးခြင်း
မူမမှန် ထွားကြိုင်းရောဂါရှာဖွေရန် ဆေးရည်သောက်ပြီးနောက် သွေးကို နာရီဝက် တစ်ခါဖောက်၍ ကြီးထွားမှုဟော်မုန်း စစ်ဆေးခြင်းကိုလည်း ပြုလုပ်နိုင်သည်
စစ်ဆေးမှု ပြီးဆုံးခြင်း
- စစ်ဆေးမှု ပြီးဆုံးပါက ပုံမှန်အတိုင်း လှုပ်ရှားသွားလာနိုင်ပြီး အစားအသောက်များကိုလည်း ပြန်လည် စားသောက်နိုင်ကာ အခြားခံစားရသော လက္ခဏာများ မရှိပါက အိမ်သို့ ပြန်နိုင်သည်
အဖြေရလဒ်များ
ဓာတ်ခွဲခန်းအဖြေရလဒ်များကို ရက်အနည်းငယ်အတွင်း ရရှိမည်ဖြစ်သည်။ ရလဒ်အဖြေများကို မူတည်၍ မိသားစုဆရာဝန် သို့မဟုတ် သက်ဆိုင်ရာ သားဖွားမီးယပ်အထူးကုဆရာဝန်မှ ရှင်းပြဆွေးနွေးပေးမည်ဖြစ်ပြီး ဆက်လက်လုပ်ဆောင်ရမည့် အချက်များကို လမ်းညွှန်မည်ဖြစ်သည်။
ရလဒ်များကို ကောက်ချက်ချခြင်း
ဓာတ်ခွဲခန်းအဖြေများတွင် သွေးတွင်းသကြားဓာတ်ကို mg/dL သို့မဟုတ် mmol/L ယူနစ်ဖြင့် ဖော်ပြသည်။ (၂) နာရီအကြာ သွေးတွင်းသကြားဓာတ်သည်
- 140 mg/dL သို့မဟုတ် 7.8 mmol/L အောက် နည်းပါက ပုံမှန်ဟု သတ်မှတ်သည် (သွေးတွင်းဂလူးကို့စ် ဇီဝဖြစ်စဥ် ပုံမှန်ဟု သတ်မှတ်သည်)
- 140 – 199 mg/dL (7.8 – 11 mmol/L) ကြား ရှိပါက အကြိုဆီးချိုအဆင့်ဟု သတ်မှတ်သည်
- 200 mg/dL (11.1 mmol/L) နှင့်အထက် များပါက ဆီးချိုရောဂါဟု သတ်မှတ်သည်
အဖြေရလဒ်တွင် အကြိုဆီးချို သို့မဟုတ် ဆီးချိုအဆင့် ထွက်ပါက နောက်တစ်ကြိမ် ထပ်မံစစ်ဆေးခြင်း သို့မဟုတ် အခြားသွေးစစ်ဆေးမှုများ ပြုလုပ်ခြင်းဖြင့် အကြိုဆီးချို သို့မဟုတ် ဆီးချိုရောဂါကို အတည်ပြုစစ်ဆေးသည်။
ကိုယ်ဝန်ဆောင်ဆီးချို စစ်ဆေးခြင်းအတွက် ကောက်ချက်ချခြင်း
အဆင့် (၁) ဆင့်တည်းဖြင့် ရောဂါရှာဖွေခြင်း (2 hr GTT)
အောက်ဖော်ပြပါ သွေးချိုဓာတ်စစ်ဆေးခြင်း (၃) ခုအနက် တစ်ခုခုက သတ်မှတ်ချက်ထက်များနေပါက ကိုယ်ဝန်ဆောင်စဉ် ဖြစ်ပွားသော ဆီးချိုရောဂါဟု သတ်မှတ်နိုင်သည်။
- ဆေးရည်မသောက်မီ ပဏာမ သွေးတွင်းသကြားဓာတ်သည် 92 mg/dL (5.1 mmol/L) ထက်များနေခြင်း သို့မဟုတ်
- (၁) နာရီကြာ သွေးတွင်းသကြားဓာတ်သည် 180 mg/dl (10 mmol/L) ထက် များနေခြင်း သို့မဟုတ်
- (၂) နာရီကြာ သွေးတွင်းသကြားဓာတ်သည် 153 mg/dL (8.5 mmol/L) ထက် များနေခြင်း
အဆင့် (၂) ဆင့်ဖြင့် ရောဂါရှာဖွေခြင်း
ပထမအဆင့်တွင် ဂလူးကို့စ်သောက်ပြီး တစ်နာရီကြာ သကြားဓာတ် 140 mg/dL (7.8 mmol/L) နှင့်အထက်များနေပါက ဒုတိယအဆင့်ကို ဆက်လက်စစ်ဆေးပြီး အောက်ဖော်ပြပါ သွေးချိုဓာတ်စစ်ဆေးခြင်း (၄) ခုအနက် (၂) ခုသည် သတ်မှတ်ချက်ထက်များနေပါက ကိုယ်ဝန်ဆောင်စဉ် ဖြစ်ပွားသော ဆီးချိုရောဂါဟု သတ်မှတ်နိုင်သည်။
- ဆေးရည်မသောက်မီ ပဏာမ သွေးတွင်းသကြားဓာတ် (Fasting Blood Sugar- FBS) သည် 92 mg/dL (5.1 mmol/L) ထက်များနေခြင်း သို့မဟုတ်
- (၁) နာရီကြာ သွေးတွင်းသကြားဓာတ်သည် 180 mg/dl (10 mmol/L) ထက်များနေခြင်း သို့မဟုတ်
- (၂) နာရီကြာ သွေးတွင်းသကြားဓာတ်သည် 153 mg/dl (8.5 mmol/L) နှင့်အထက် များနေခြင်း သို့မဟုတ်
- (၃) နာရီကြာ သွေးတွင်းသကြားဓာတ်သည် 140 mg/dL (7.8 mmol/L) နှင့်အထက် များနေခြင်း
နောက်ဆက်တွဲဆိုးကျိုးများ
စစ်ဆေးမှုသည် ယေဘုယျအားဖြင့် အန္တရာယ်မရှိဘဲ ဘေးထွက်ဆိုးကျိုးလည်း နည်းပါသည်။ အချို့သူများတွင် သကြားရည် သောက်သည့်အခါ ပျို့အန်ချင်သလို ဖြစ်ခြင်း၊ ခေါင်းမူးခြင်းတို့ကို ခံစားရသော်လည်း ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ မရှိတတ်ပါ။ ထို့ပြင် သွေး (၂) ကြိမ်၊ (၃) ကြိမ် ဖောက်ရသောကြောင့် အနည်းငယ် နာကျင်ခြင်း၊ သွေးခြည်ဥခြင်းတို့ ဖြစ်ပေါ်တတ်သော်လည်း ခဏအတွင်း ပြန်လည်ပျောက်ကင်းနိုင်သည်။
နောက်ဆက်တွဲစောင့်ရှောက်မှုများ
စစ်ဆေးမှု အဖြေရလဒ် ထွက်ပေါ်လာပြီးနောက် မိသားစုဆရာဝန်မှ လူနာ၏ ကျန်းမာရေးအခြေအနေအလိုက် အောက်ပါအချက်များကို လမ်းညွှန်ပေးလိမ့်မည်။
- နေထိုင်မှုပုံစံ ပြုပြင်ခြင်း – သွေးတွင်းသကြားဓာတ်ကို ထိန်းညှိနိုင်ရန် ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်မှုပုံစံ ပြောင်းလဲရန်နှင့် လေ့ကျင့်ခန်း ပုံမှန်လုပ်ရန် တိုက်တွန်းခြင်း၊ လိုအပ်ပါက အာဟာရပညာရှင် (Dietitian) နှင့် တိုင်ပင်ဆွေးနွေးရန် ညွှန်းပေးခြင်း
- အထူးကုနှင့် ပြသခြင်း – ဆီးချိုရောဂါ အတည်ပြုနိုင်သည့် အဖြေထွက်ပါက ဆီးချိုနှင့် ဟော်မုန်းအထူးကုဆရာဝန်ထံသို့ လွှဲပြောင်းပေးခြင်း
- နောက်ဆက်တွဲဆိုးကျိုးများ ကာကွယ်ခြင်း – အကြိုဆီးချို (Pre-diabetes) သို့မဟုတ် ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နေသူများအနေဖြင့် စနစ်တကျ ကုသမှုခံယူခြင်းဖြင့် နောင်တွင် ဖြစ်လာနိုင်သော ပြင်းထန်သည့် နောက်ဆက်တွဲ ဝေဒနာများကို ကာကွယ်နိုင်ကြောင်း အသိပညာပေးခြင်း
- ပုံမှန်ပြန်လည်စစ်ဆေးခြင်း – သွေးတွင်းသကြားဓာတ်ကို ပုံမှန်စောင့်ကြည့်ရန်နှင့် လိုအပ်ပါက GTT စစ်ဆေးမှုကို (၃) နှစ်လျှင် တစ်ကြိမ် ပြန်လည်ပြုလုပ်ခြင်း
ကိုယ်ဝန်ဆောင်မိခင်များအတွက် အထူးလမ်းညွှန်ချက်
ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါ ဖြစ်ခဲ့ဖူးသော မိခင်များအနေဖြင့် ကလေးမွေးဖွားပြီးနောက်တွင်လည်း အောက်ပါအချက်များကို ဂရုပြုရမည်ဖြစ်သည်။
- မီးဖွားပြီးစစ်ဆေးခြင်း – မီးဖွားပြီးနောက် (၆)ပတ် မှ (၁၂) ပတ်အတွင်း ဆီးချိုရောဂါ ဆက်လက်ကျန်ရှိခြင်း ရှိမရှိ သိနိုင်ရန် သွေးပြန်လည်စစ်ဆေးခြင်း
- ရေရှည်စောင့်ကြည့်ခြင်း – နောင်တွင် အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်လာနိုင်ခြေရှိသဖြင့် အနည်းဆုံး (၃) နှစ်လျှင် တစ်ကြိမ် ပုံမှန်စစ်ဆေးမှု ခံယူခြင်း
- ကျန်းမာရေး ထိန်းသိမ်းခြင်း – ကိုယ်အလေးချိန် လျှော့ချခြင်းနှင့် ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုပုံစံကို အထူးဂရုစိုက် လိုက်နာခြင်းဖြင့် အမျိုးအစား (၂) ဆီးချို ဖြစ်နိုင်ခြေကို လျှော့ချခြင်း
References:
- Mayo Clinic. (n.d.). Glucose-tolerance test. Retrieved January 8, 2026, from https://www.mayoclinic.org/tests-procedures/glucose-tolerance-test/about/
- Cleveland Clinic. (n.d.). Glucose tolerance test. Retrieved January 8, 2026, from https://my.clevelandclinic.org/health/diagnostics/glucose-tolerance-test
- National Center for Biotechnology Information. (2025). Glucose tolerance test. In StatPearls. Retrieved January 8, 2026, from https://www.ncbi.nlm.nih.gov/books/NBK532915/
- Royal College of Pathologists of Australasia. (2024). Glucose tolerance test. Retrieved January 8, 2026, from https://www.rcpa.edu.au/Manuals/RCPA-Manual/Pathology-Tests/G/Glucose-tolerance-test
- Royal College of Obstetricians and Gynaecologists. (n.d.). Gestational diabetes. RCOG patient information [web page]. Retrieved January 8, 2026, from https://www.rcog.org.uk/ (replace with the exact URL from RCOG guideline if you have it)
- National Institute for Health and Care Excellence. (2015). Diabetes in pregnancy: Management from preconception to the postnatal period (NICE guideline NG3). Retrieved January 8, 2026, from https://www.nice.org.uk/guidance/ng03
- National Institute for Health and Care Excellence. (n.d.). Diabetes in pregnancy: Quality standards. Retrieved January 8, 2026, from https://www.nice.org.uk/ (replace with the exact URL from NICE quality standards if you have it)
- Lowe, L. P., Metzger, B. E., Dyer, A. R., Lowe, J., McCance, D. R., Lappin, T. R. J., … Trimble, E. R.; HAPO Study Cooperative Research Group. (2012). Hyperglycemia and adverse pregnancy outcome (HAPO) study: Associations of maternal A1C and glucose with pregnancy outcomes. Diabetes Care, 35(3), 574-580. https://doi.org/10.2337/dc11-1687
Published: 25 February 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.