ယနေ့ခေတ်ကာလတွင် လူ့ခန္ဓာကိုယ်အတွင်းရှိ ဒီအန်အေ (DNA)၊ ခရိုမိုဆုန်း (Chromosomes) နှင့် မျိုးဗီဇ (Genes) တို့ကို နည်းလမ်းများစွာဖြင့် စစ်ဆေးမှုများ ပိုမိုခေတ်စားလာသည်နှင့်အမျှ လူတို့သည် မိမိတို့ကိုယ်တိုင်အပါအဝင် မိသားစုဝင်များအတွက်လည်း မျိုးဗီဇများစစ်ဆေးခြင်း (Genetic testing) နှင့် မျိုးဗီဇဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုများကို ပြုလုပ်ရန် ပိုမိုစိတ်ဝင်စားလာကြသည်။ ထိုအခါတွင် ခရီးစဉ်၏ ပထမဆုံးခြေလှမ်းအဖြစ် မျိုးဗီဇဆိုင်ရာ အကြံပေးပညာရှင် (Genetic Counselor) နှင့် တွေ့ဆုံကြရမည်ဖြစ်သည်။ ထိုပညာရှင်မှ တစ်ဦးတစ်ယောက်ချင်းစီ သို့မဟုတ် မိသားစုများထံသို့ မျိုးဗီဇဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် ဆွေးနွေးလမ်းညွှန်မှုပေးခြင်းကို မျိုးဗီဇဆိုင်ရာ ရောဂါအခြေအနေများအတွက် နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်း (Genetic counseling) ဟု ခေါ်ဆိုသည်။
အမေရိကန်ပြည်ထောင်စုအခြေစိုက် မျိုးဗီဇဆိုင်ရာ အကြံပေးပညာရှင်များအသင်း (National Society for Genetic Counselors) ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ မျိုးဗီဇဆိုင်ရာ ရောဂါအခြေအနေများအတွက် နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်း (Genetic counseling) ဆိုသည်မှာ ရောဂါတစ်ခုဖြစ်ပွါးမှုတွင် မျိုးဗီဇ၏ ပါဝင်ပတ်သက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သော ဆေးဘက်ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် မိသားစုတွင်း သက်ရောက်မှုများကို လူသားများ နားလည်သဘောပေါက်ပြီး လိုက်လျောညီထွေ ဖြစ်လာစေရန် ကူညီပေးသည့် လုပ်ငန်းစဉ်ဖြစ်သည်။
ဤလုပ်ငန်းစဉ်တွင် အကြံပေးပညာရှင်သည် အောက်ပါတို့ကို လုပ်ဆောင်ပေးသည်။
- ရာဇဝင်များကို သုံးသပ်ခြင်း – မိသားစုရာဇဝင်နှင့် ဆေးဘက်ဆိုင်ရာ ရာဇဝင်များကို လေ့လာပြီး ရောဂါဖြစ်ပွါးနိုင်ခြေ သို့မဟုတ် ပြန်လည်ဖြစ်ပွါးနိုင်ခြေကို တွက်ချက်ခြင်း
- လမ်းညွှန်မှုပေးခြင်း – မျိုးဗီဇစစ်ဆေးမှု၏ ရလဒ်များ၊ လက်ရှိရွေးချယ်နိုင်သော ကုသမှုများနှင့် နည်းလမ်းများကို ရှင်းလင်းဆွေးနွေးပေးခြင်း
- လမ်းညွှန်ချိတ်ဆက်ပေးခြင်း – လိုအပ်သော ပညာပေးဝန်ဆောင်မှုများ၊ အားပေးကူညီရေးအဖွဲ့များ (Support groups) နှင့် အခြားသော ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ဝန်ဆောင်မှုများထံ လမ်းညွှန်ပေးခြင်း
- စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးခြင်း – ရောဂါအခြေအနေနှင့် ပတ်သက်၍ မိသားစုများဘက်မှ မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် သတင်းအချက်အလက် ပြည့်စုံစွာပေးခြင်းနှင့် ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲအန္တရာယ်များကို လက်ခံနိုင်ရန် နှစ်သိမ့်ဆွေးနွေးပေးခြင်း စသည်တို့ဖြစ်သည်
နှစ်သိမ့်ဆွေးနွေးအကြံပေးမှု ခံယူရန်လိုအပ်သည့် အခြေအနေများ
မိမိ၏ ကျန်းမာရေးရာဇဝင်ပေါ် မူတည်၍ မိသားစုဆရာဝန်မှ လိုအပ်ပါက မျိုးဗီဇဆိုင်ရာ အကြံပေးပညာရှင် (Genetic Counselor) ထံ လွှဲပြောင်းပေးလိမ့်မည်။ ဤပညာရှင်များသည် ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးသူငယ်ကျန်းမာရေး သို့မဟုတ် ကင်ဆာရောဂါ စသည့်ကဏ္ဍအလိုက် သီးသန့်သော်လည်းကောင်း၊ နှလုံးနှင့် စိတ်ကျန်းမာရေးကဲ့သို့ အထူးပြုနယ်ပယ်များတွင်လည်းကောင်း ကျွမ်းကျင်စွာ အလုပ်လုပ်ကိုင်ကြသူများဖြစ်သည်။
အောက်ပါ အခြေအနေ (၄) မျိုးတွင် နှစ်သိမ့်ဆွေးနွေးအကြံပေးမှု ခံယူရန် အထူးလိုအပ်နိုင်သည်။
- ကိုယ်ဝန်ဆောင်ရန် ပြင်ဆင်နေချိန် (Preconception)
ကိုယ်ဝန်မဆောင်မီ ဆွေးနွေးခြင်းဖြင့် မိမိကလေး၏ ကျန်းမာရေးနှင့် ကိုယ်ဝန်ရရှိနိုင်စွမ်းအပေါ် သက်ရောက်နိုင်သည့် အချက်များကို ကြိုတင်သိရှိနိုင်သည်၊ ဥပမာအားဖြင့်_- အသက် (၃၄) နှစ်ကျော်မှ ကိုယ်ဝန်ဆောင်ရန် ကလေးယူရန် ပြင်ဆင်နေသော အမျိုးသမီးများ
- မိသားစုမျိုးရိုးအတွင်း မျိုးဗီဇရောဂါ သို့မဟုတ် မွေးရာပါချို့ယွင်းချက်ရှိခြင်း
- သားသမီးမရနိုင်ခြင်း (Infertility) သို့မဟုတ် မျိုးအောင်ရန် နည်းပညာအကူအညီယူခြင်း (Assisted Reproductive Technology/ ART) အတွက် ရွေးချယ်စရာများ သိလိုခြင်း
- နှစ်ကြိမ်နှင့်အထက် ကိုယ်ဝန်ပျက်ကျဖူးခြင်း သို့မဟုတ် ကလေးအသေမွေးခြင်း ရာဇဝင်ရှိခြင်း
- ယခင်ကိုယ်ဝန်တွင် ကလေး၌ မွေးရာပါချို့ယွင်းချက် သို့မဟုတ် မျိုးဗီဇရောဂါ ပါလာဖူးခြင်း စသည့်အခြေအနေများတွင် စစ်ဆေးနိုင်သည်။
- ကိုယ်ဝန်ဆောင်နေချိန် (Prenatal)
ကိုယ်ဝန်ဆောင်စဉ်အတွင်း ဆွေးနွေးခြင်းဖြင့် စစ်ဆေးမှုရလဒ်များနှင့် ကလေးအပေါ် သက်ရောက်နိုင်သည့် အခြေအနေများကို သိရှိနိုင်သည်၊ ဥပမာအားဖြင့် _- သွေးစစ်ဆေးမှု၊ အာထရာဆောင်း (USG) သို့မဟုတ် ရေမြွှာရည်စစ်ဆေးမှုများတွင် ပုံမှန်မဟုတ်သော အဖြေများ ထွက်ပေါ်ခြင်း
- မိခင်တွင် ကူးစက်ရောဂါရှိခြင်း (ဥပမာ – CMV) သို့မဟုတ် ဆေးဝါး၊ ဓာတုပစ္စည်းနှင့် ဓာတ်ရောင်ခြည် (ဥပမာ – X-ray) များနှင့် ထိတွေ့မိခြင်း
- ကိုယ်ဝန်ဆောင်အားလုံးအတွက် အကြံပြုထားသော Cystic fibrosis နှင့် Sickle cell disease ကဲ့သို့ ရောဂါများကို စစ်ဆေးခြင်း စသည်တို့ဖြစ်သည်။
- ကလေးအရွယ်၌ စစ်ဆေးခြင်း (Paediatrics)
ကလေးငယ်တွင် မျိုးဗီဇဆိုင်ရာရောဂါဟု ယူဆရသည့် လက္ခဏာများရှိပါက ဆွေးနွေးနိုင်သည်၊ ဥပမာအားဖြင့်_- မွေးကင်းစကလေးများအား ကြိုတင်စမ်းသပ်ရှာဖွေခြင်း (Newborn Screening) မှတစ်ဆင့် ထူးခြားသော ချို့ယွင်းချက်များ တွေ့ရှိရခြင်း
- ရုပ်ပိုင်းဆိုင်ရာ မွေးရာပါ ချို့ယွင်းချက်များ ရှိခြင်း
- အော်တစ်ဇင် (Autism) သို့မဟုတ် ဖွံ့ဖြိုးမှုဆိုင်ရာ မသန်စွမ်းမှုများ ရှိခြင်း
- အမြင်အာရုံ သို့မဟုတ် အကြားအာရုံ ပြဿနာများ ရှိခြင်းတို့တွင် စစ်ဆေးနိုင်သည်။
- လူကြီးဘဝတွင် စစ်ဆေးခြင်း (Adult)
ကိုယ်တိုင် ရောဂါလက္ခဏာ ခံစားနေရခြင်း သို့မဟုတ် မိသားစုရာဇဝင်ကြောင့် အောက်ပါရောဂါများ ဖြစ်နိုင်ခြေရှိပါက ဆွေးနွေးနိုင်သည်၊ ဥပမာအားဖြင့်_- မျိုးရိုးလိုက်နိုင်သော ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ (Hereditary breast and ovarian cancer syndrome)
- အူမကြီးကင်ဆာ (Lynch Syndrome)
- မျိုးရိုးလိုက်နိုင်သော ကိုလက်စထရော အလွန်အမင်းများသည့်ရောဂါ (Familial Hypercholesterolemia)
- မွေးရာပါ ကြွက်သားပျော့ရောဂါ (Muscular Dystrophy) နှင့် အခြားကြွက်သားဆိုင်ရာ ရောဂါများ
- ဦးနှောက်အာရုံကြောဆဲလ်များ ပျက်စီးယိုယွင်းခြင်းကြောင့်ဖြစ်သော မျိုးရိုးလိုက်သည့် အာရုံကြောလှုပ်ရှားမှုဆိုင်ရာရောဂါ (Huntington disease)
- မျိုးရိုးလိုက်နိုင်သည့် မွေးရာပါ သွေးရောဂါတစ်မျိုး (Sickle Cell Disease)
ကြိုတင်သိရှိထားရမည့်အချက်များ
မျိုးဗီဇစစ်ဆေးခြင်းသည် ရောဂါရှာဖွေခြင်းနှင့် ကာကွယ်ခြင်းအတွက် အလွန်အရေးပါသော်လည်း အောက်ပါ ကန့်သတ်ချက် (Limitations) များရှိကြောင်း သတိပြုသင့်သည်။
- ရလဒ်အပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက်
- မျိုးဗီဇပြောင်းလဲမှုတွေ့ရှိခြင်း (Positive result) သည် ထိုရောဂါ ကျိန်းသေဖြစ်လာမည်ဟု မဆိုလိုသလို၊ မတွေ့ရှိခြင်း (Negative result) သည်လည်း ထိုရောဂါ လုံးဝမဖြစ်နိုင်ဟု (၁၀၀) ရာခိုင်နှုန်း အာမမခံနိုင်ပါ
- လက္ခဏာ ကွဲပြားမှု
- တူညီသော မျိုးဗီဇပြောင်းလဲမှုသည်ပင် လူတစ်ဦးတွင် ရောဂါလက္ခဏာ အပျော့စားသာပြပြီး အခြားတစ်ဦးတွင် ပြင်းထန်သော ဝေဒနာ ဖြစ်စေနိုင်သည်
- မရေရာသော ရလဒ်များ
- တစ်ခါတစ်ရံတွင် ရလဒ်သည် ရောဂါဖြစ်စေနိုင်ခြင်း ရှိမရှိ တိတိကျကျ မပြောနိုင်သော (Variant of Uncertain Significance – VUS) အခြေအနေမျိုးလည်း ရှိတတ်သည်
နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်
မျိုးဗီဇဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှု၏ အဓိကရည်ရွယ်ချက်မှာ မိသားစု၏ မျိုးဗီဇအခြေအနေကို နားလည်စေရန်၊ စစ်ဆေးမှုများ၏ ကောင်းကျိုးဆိုးကျိုးကို ချိန်ဆနိုင်ရန်နှင့် စိုးရိမ်ပူပန်မှုများကို လျှော့ချပေးရန်ဖြစ်သည်။ ပုံမှန်အားဖြင့် အနည်းဆုံး (၂) ကြိမ် တွေ့ဆုံလေ့ရှိသည်၊ တစ်ခါတစ်ရံ အကြိမ်များစွာ တွေ့ဆုံဆွေးနွေးရသည့် အခြေအနေများလည်းရှိသည်။
- မျိုးဗီဇစစ်ဆေးမှု မပြုလုပ်မီ ဆွေးနွေးခြင်း (Pre-testing Session)
- ပထမဆုံးတွေ့ဆုံမှုတွင် အကြံပေးပညာရှင်သည် –
- လူနာ လာရောက်ရသည့် အကြောင်းရင်းနှင့် သိလိုသည်များကို ဆန်းစစ်ခြင်း
- ဆေးဘက်ဆိုင်ရာ ရာဇဝင်များ (ဥပမာ – USG ရလဒ်များ) ကို မှတ်တမ်းတင်ခြင်း
- မိသားစုအတွင်းရှိခဲ့ဖူးသော ရောဂါရာဇဝင်များ၊ ကိုယ်ဝန်ပျက်ကျမှုနှင့် အကြောင်းရင်းမသိဘဲ သေဆုံးမှုများကို မေးမြန်းခြင်း
- လူနာ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို အကဲဖြတ်ခြင်းတို့ကို ပြုလုပ်သည်။
- ထို့နောက် ပညာရှင်မှ ရောဂါ၏ လက္ခဏာများ၊ မျိုးရိုးလိုက်ပုံ၊ စစ်ဆေးနိုင်သည့် နည်းလမ်းများနှင့် ကန့်သတ်ချက်များကို ရှင်းပြပြီး မည်သည့်စစ်ဆေးမှု ပြုလုပ်သင့်ကြောင်း လမ်းညွှန်ပေးလိမ့်မည်
- ပထမဆုံးတွေ့ဆုံမှုတွင် အကြံပေးပညာရှင်သည် –
- မျိုးဗီဇစစ်ဆေးမှု ပြုလုပ်ပြီးနောက် ဆွေးနွေးခြင်း (Post-testing Session)
- စစ်ဆေးမှုရလဒ် ထွက်ပေါ်လာချိန်တွင်_
- ရလဒ်ကို ရှင်းလင်းခြင်း – စစ်ဆေးမှုရလဒ်၏ အဓိပ္ပာယ်နှင့် ကုသနိုင်မည့် နည်းလမ်းများကို အသေးစိတ်ပြောကြားပေးခြင်း
- စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးခြင်း – ရလဒ်ကြောင့် ဖြစ်ပေါ်လာနိုင်သော စိုးရိမ်စိတ်၊ ဒေါသ သို့မဟုတ် အပြစ်ရှိသကဲ့သို့ ခံစားရမှုများကို ကူညီဖြေရှင်းပေးခြင်း
- မိသားစုဝင်များအတွက် အကြံပြုခြင်း – မူမမှန်သော အဖြေ (Positive result) ထွက်ပါက အခြားမိသားစုဝင်များတွင်လည်း ရောဂါဖြစ်နိုင်ခြေ ရှိမရှိ ဆက်လက်စစ်ဆေးရန် လမ်းညွှန်ခြင်း
- စစ်ဆေးမှုရလဒ် ထွက်ပေါ်လာချိန်တွင်_
ဆွေးနွေးမှုပြုလုပ်ပြီးနောက် ရွေးချယ်ရန်နည်းလမ်းများ
အကြံပေးပညာရှင်သည် ဆုံးဖြတ်ချက်ချနိုင်ရန် အထောက်အပံ့ပေးသူသာဖြစ်ပြီး မည်သို့လုပ်ရမည်ဟု အမိန့်ပေးစေခိုင်းခြင်း မပြုရပါ။ လူနာသည် မိမိဆန္ဒအရ မည်သည့်ပြောင်းလဲမှုကိုမှ မလုပ်ဆောင်ရန် သို့မဟုတ် ထပ်မံစစ်ဆေးမှုများကို ငြင်းဆန်ရန် ရွေးချယ်နိုင်ခွင့်ရှိသည်။
ကိုယ်ဝန်ဆောင်ရန် ပြင်ဆင်နေစဉ် တွေ့ရှိပါက_
- Pre-implantation Genetic Diagnosis (PGD) – ဖန်ပြွန်သန္ဓေသားနည်းဖြင့် မျိုးအောင်ထားသော မျိုးဥကို သားအိမ်ထဲမထည့်မီ စစ်ဆေး၍ ရောဂါမရှိသော မျိုးဥကိုသာ အသုံးပြုခြင်း
- အလှူရှင်အကူအညီယူခြင်း – ပြင်ပအလှူရှင်ထံမှ သုက်ပိုး သို့မဟုတ် မမျိုးဥကို အသုံးပြုခြင်း
- ကလေးမွေးစားခြင်း – တရားဝင် ကလေးမွေးစားခြင်း နည်းလမ်းကို ရွေးချယ်ခြင်း
ကိုယ်ဝန်ဆောင်နေစဉ် တွေ့ရှိပါက_
- လစေ့သည်အထိ ဆက်လက်ကိုယ်ဝန်ဆောင်၍ ကလေးကို မွေးဖွားခြင်း
- ကလေးမိခင်ဝမ်းဗိုက်အတွင်း ရှိနေစဉ်၌ပင် ခွဲစိတ်ကုသမှု ခံယူခြင်း (Fetal Surgery)
- ကိုယ်ဝန်ကို အဆုံးသတ်ရန် (Termination) စဉ်းစားခြင်း
အခြားရောဂါများအတွက်_
- ကင်ဆာကဲ့သို့သော ရောဂါဖြစ်နိုင်ခြေ မြင့်မားသူများတွင် ပုံမှန်ထက် ပိုမိုမကြာခဏ ရောဂါရှာဖွေစစ်ဆေးမှု (Screening tests) များ ပြုလုပ်၍ စောစီးစွာ ကာကွယ်ကုသခြင်း
လိုက်နာဆောင်ရွက်ရမည့်အချက်များ
မျိုးဗီဇဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှု၏ အောင်မြင်မှုသည် လူနာအား မှန်ကန်သော သတင်းအချက်အလက်များ ပေးနိုင်မှုနှင့် ရေရှည်လက်တွဲကူညီမှုအပေါ်တွင် များစွာမူတည်သည်။ ထို့ကြောင့် အကြံပေးပညာရှင်နှင့် လူနာတို့သည် အောက်ပါအချက်များကို အလေးထား ဆောင်ရွက်သင့်သည်။
- စာဖြင့်မှတ်တမ်းပေးအပ်ခြင်း – ဆွေးနွေးမှုများ ပြီးဆုံးသည့်အခါ လူနာပြန်လည်ဖတ်ရှုနိုင်ရန်နှင့် အခြားမိသားစုဝင်များ၊ ဆရာဝန်များနှင့် တိုင်ပင်နိုင်ရန်အတွက် ဆွေးနွေးချက် အနှစ်ချုပ်မှတ်တမ်း (Summary Letter) ကို ပေးထားရန် လိုအပ်သည်
- ခိုင်လုံသော ရင်းမြစ်ဖြစ်ခြင်း – အကြံပေးပညာရှင်မှ ပံ့ပိုးပေးသော အချက်အလက်များသည် သိပ္ပံနည်းကျ ခိုင်လုံပြီး နောက်ဆုံးပေါ် ဆေးပညာတွေ့ရှိချက်များနှင့် ကိုက်ညီရမည်
- ပညာပေးအထောက်အကူများ အသုံးပြုခြင်း – နားလည်ရခက်သော မျိုးဗီဇဆိုင်ရာ အကြောင်းအရာများကို လူနာအလွယ်တကူ သဘောပေါက်စေရန် လက်ကမ်းစာစောင်များ၊ ပညာပေးစာအုပ်များနှင့် ရုပ်ပုံကားချပ်များကို ဝေမျှပေးသင့်သည်
- အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးခြင်း – လူနာ၏ ရောဂါအခြေအနေတူသူများ စုစည်းထားသော အားပေးကူညီရေးအဖွဲ့များ (Support Groups) နှင့် ချိတ်ဆက်ပေးခြင်းဖြင့် စိတ်ခွန်အား ရရှိစေရုံသာမက လက်တွေ့ကျသော နေထိုင်မှုအတွေ့အကြုံများကို ဖလှယ်နိုင်စေသည်
- ရေရှည်စောင့်ရှောက်မှု – မျိုးဗီဇစစ်ဆေးခြင်းသည် တစ်ခါစစ်ဆေးရုံဖြင့် မပြီးဘဲ နည်းပညာအသစ်များ ထွက်ပေါ်လာချိန်တွင် ပြန်လည်သုံးသပ်ခြင်း သို့မဟုတ် နောက်ဆက်တွဲ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် ပညာရှင်နှင့် အဆက်အသွယ်မပြတ် ရှိနေသင့်သည်
References:
- National Center for Biotechnology Information. (n.d.). Genetic counseling. In Source Genetics and Genomics. Retrieved February 2, 2026, from https://www.ncbi.nlm.nih.gov/books/NBK115552/
- Centers for Disease Control and Prevention. (n.d.). Genetic counseling. Retrieved February 2, 2026, from https://www.cdc.gov/genomics-and-health/counseling-testing/genetic-counseling.html
- National Human Genome Research Institute. (n.d.). Genetic counseling. Retrieved February 2, 2026, from https://www.genome.gov/genetics-glossary/Genetic-Counseling
- KidsHealth. (n.d.). Genetic counseling. Retrieved February 2, 2026, from https://kidshealth.org/en/parents/genetic-counseling.html
Published: 21 February 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.
