Genetic Testing (မျိုးဗီဇစစ်ဆေးခြင်း)

Genetic Testing (မျိုးဗီဇစစ်ဆေးခြင်း)

မျိုးဗီဇစစ်ဆေးခြင်း (Genetic Testing) ဆိုသည်မှာ လူ့ခန္ဓာကိုယ်အတွင်းရှိ ဒီအန်အေ (DNA)၊ ခရိုမိုဆုန်း (Chromosomes) နှင့် မျိုးဗီဇ (Genes) တို့ကို နည်းလမ်းများစွာဖြင့် စစ်ဆေးခြင်းဖြစ်သည်။ ဤဆေးဘက်ဆိုင်ရာ စစ်ဆေးမှုသည် မျိုးဗီဇများ၌ ရောဂါဖြစ်စေနိုင်သည့် ပုံမှန်မဟုတ်သော ပြောင်းလဲမှုများ (Gene Mutations) ရှိမရှိကို စစ်ဆေးဖော်ထုတ်ပေးနိုင်သည်။ ဖြစ်ပွါးမှုနှုန်း ရှားပါးသော ရောဂါများ၊ မျိုးရိုးလိုက်သော ရောဂါများနှင့် ကင်ဆာရောဂါများတွင် စစ်ဆေးနိုင်သည်။

စစ်ဆေးမှုအမျိုးအစားများ (Types of Testing)
  1. မျိုးဗီဇတစ်ခု သို့မဟုတ် မျိုးဗီဇအုပ်စုငယ်များကို စစ်ဆေးခြင်း (Gene Testing)
    • မျိုးဗီဇတစ်ခု၏ အစိတ်အပိုင်း သို့မဟုတ် တစ်ခုလုံးတွင် ပုံမမှန်ပြောင်းလဲမှုကို ရှာဖွေခြင်းဖြစ်သည်။ ၎င်းတွင် အောက်ပါစစ်ဆေးခြင်းတို့ ပါဝင်သည်
      • Targeted Single Variant – မျိုးဗီဇတစ်ခု၏ သတ်မှတ်ထားသော နေရာတစ်ခုရှိ ပြောင်းလဲမှုကို စစ်ဆေးခြင်း
      • Single Gene – မျိုးဗီဇတစ်ခုလုံးကို စစ်ဆေးခြင်း
      • Genetic Testing Panel – ရောဂါတစ်ခု (ဥပမာ _ အတက်ရောဂါ) နှင့် ဆက်စပ်နေသော မျိုးဗီဇအုပ်စုလိုက်ကို တစ်ပြိုင်နက် စစ်ဆေးခြင်း
    • မျိုးဗီဇပြောင်းလဲမှု၏ အောက်ပါအကျိုးသက်ရောက်မှုများကိုပါ သိရှိနိုင်သည်
      • Gain-of-function Mutation – မျိုးဗီဇမှ ထုတ်လုပ်သော ပရိုတင်းသည် ပုံမှန်ထက်ပို၍ အလုပ်လုပ်ခြင်း သို့မဟုတ် လုပ်ဆောင်ချက်အသစ်များ ရရှိလာခြင်း (ဥပမာ _ အချို့သော ကင်ဆာမျိုးဗီဇများ အလွန်အမင်း အလုပ်လုပ်လာခြင်း)
      • Loss-of-function Mutation – မျိုးဗီဇ၏ လုပ်ဆောင်ချက် လုံးဝပျောက်ဆုံးသွားခြင်း သို့မဟုတ် လျော့နည်းသွားခြင်း (ဥပမာ _ မွေးရာပါ ဇီဝကမ္မဖြစ်စဉ် ချို့ယွင်းသည့်ရောဂါများ)
  2. မျိုးဗီဇအမြောက်အမြားကို စစ်ဆေးခြင်း (Genomic Testing)
    • DNA နမူနာမှတစ်ဆင့် မျိုးဗီဇပေါင်း ထောင်နှင့်ချီ၍ စစ်ဆေးခြင်းဖြစ်သည်
      • Whole Exome Sequencing (WES) – ခန္ဓာကိုယ်ရှိ ပရိုတင်းထုတ်လုပ်သော မျိုးဗီဇအစိတ်အပိုင်း (Exome) အားလုံးကို စစ်ဆေးခြင်း
      • Whole Genome Sequencing (WGS) – ခန္ဓာကိုယ်ရှိ DNA အချက်အလက်အားလုံးနီးပါးကို စစ်ဆေးခြင်း ဖြစ်ပြီး ရောဂါရှာဖွေမရသော ရှားပါးရောဂါများအတွက် “နောက်ဆုံးမျှော်လင့်ချက်” အနေဖြင့် အသုံးပြုသည်
  3. ခရိုမိုဆုန်းစစ်ဆေးခြင်း (Chromosomal Testing)
    • DNA ကြိုးမျှင်များ စုစည်းထားသည့် ခရိုမိုဆုန်း အရေအတွက်နှင့် ပုံသဏ္ဌာန်ကို စစ်ဆေးခြင်းဖြစ်သည်
    • Karyotyping သို့မဟုတ် FISH နည်းပညာများကို အသုံးပြုသည်
      • အရေအတွက် ပုံမမှန်ခြင်း – တစ်ခုအပိုပါနေခြင်း (Extra copy) သို့မဟုတ် တစ်ခုလျော့နေခြင်း (Missing copy) (ဥပမာ _ ဒေါင်းလက္ခဏာစု)
      • တည်ဆောက်ပုံ ပုံမမှန်ခြင်း – အစိတ်အပိုင်းတစ်ခု ပိုနေခြင်း (Addition)၊ ပျောက်နေခြင်း (Deletion) သို့မဟုတ် နေရာလွဲမှား ချိတ်ဆက်နေခြင်း (Translocation) တို့ကို စစ်ဆေးသည်
  4. မျိုးဗီဇများ၏ လုပ်ဆောင်မှုကို စစ်ဆေးခြင်း (Gene Expression Testing)
    • ဆဲလ်များမှ ပရိုတင်းမော်လီကျူးများ ထုတ်လုပ်သည့် လုပ်ဆောင်ချက်ကို စစ်ဆေးခြင်းဖြစ်သည်
      • Overexpression – မျိုးဗီဇများ အလွန်အမင်း အလုပ်လုပ်ခြင်း
      • Underexpression – မျိုးဗီဇများ အလုပ်လုပ်မှု လျော့နည်းလွန်းခြင်း
    • ဤစစ်ဆေးမှုသည် အချို့သော ကင်ဆာရောဂါများကို ရှာဖွေရာတွင်လည်းကောင်း၊ မည်သည့်ကုသမှုနှင့် သင့်တော်မည်ကို ဆုံးဖြတ်ရာတွင်လည်းကောင်း များစွာအကျိုးရှိသည်
မျိုးဗီဇစစ်ဆေးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် စစ်ဆေးနိုင်သည့် အခြေအနေများ

မျိုးဗီဇစစ်ဆေးခြင်းသည် ရောဂါများကို ရှာဖွေအတည်ပြုရန်၊ ကုသမှုပေးရန်နှင့် နောင်တွင် ဖြစ်ပွားလာနိုင်သည့် အခြေအနေများကို ကြိုတင်ကာကွယ်ရန် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည်။

  1. မျိုးဗီဇစစ်ဆေးခြင်းဖြင့် သိရှိနိုင်သောအချက်များ
    • ရောဂါအတည်ပြုခြင်း – မိမိတွင် သံသယရှိသော ရောဂါ သို့မဟုတ် ကျန်းမာရေးအခြေအနေ ရှိမရှိကို တိကျစွာ ဆုံးဖြတ်ပေးနိုင်သည်
    • နောင်ဖြစ်လာမည့် အန္တရာယ်ကို ခန့်မှန်းခြင်း – နောင်တစ်ချိန်တွင် ရောဂါဖြစ်ပွါးနိုင်ခြေ မြင့်မားခြင်း ရှိမရှိ ဆုံးဖြတ်ပေးနိုင်သည်
    • မျိုးရိုးလိုက်ရောဂါများကို ကြိုတင်သိရှိခြင်း – မိသားစုမျိုးရိုးတွင် ပါလာသော ရောဂါများအတွက် လက္ခဏာမပြမီကတည်းက ကြိုတင်စစ်ဆေးနိုင်သည်
    • မျိုးဗီဇ လက်ဆင့်ကမ်းနိုင်မှု – မိမိတွင် သားသမီးထံသို့ လက်ဆင့်ကမ်းနိုင်သော ချို့ယွင်းနေသည့် မျိုးဗီဇ (Altered gene) ရှိမရှိ ရှာဖွေနိုင်သည်
    • သန္ဓေသားနှင့် ကလေးငယ်ကျန်းမာရေး – မိမိ၏ သားသမီးများတွင် မျိုးဗီဇဆိုင်ရာရောဂါ ပါလာခြင်း ရှိမရှိ စစ်ဆေးနိုင်သည်
    • ကင်ဆာရောဂါ စောင့်ကြည့်ခြင်း – မျိုးဗီဇပြောင်းလဲမှုကြောင့်ဖြစ်သော ကင်ဆာများ ရှိမရှိ စစ်ဆေးနိုင်သကဲ့သို့ ကင်ဆာကုသမှု၏ တုံ့ပြန်မှုနှင့် တိုးတက်မှုများကိုပါ စစ်ဆေးနိုင်သည်။
  2. စစ်ဆေးနိုင်သော အခြေအနေများနှင့် အမျိုးအစားများ
    • ရောဂါရှာဖွေခြင်း (Diagnostic testing)
      ရောဂါလက္ခဏာများ ရှိနေပါက ၎င်းသည် မျိုးဗီဇကြောင့်ဖြစ်ခြင်း ဟုတ်မဟုတ် အတည်ပြုရန် စစ်ဆေးခြင်းဖြစ်သည်။ ဥပမာ_
      • CFTR gene testing – အသက်ရှူလမ်းကြောင်းနှင့် အစာအိမ်လမ်းကြောင်းကို အဓိကထိခိုက်သော မွေးရာပါရောဂါ (Cystic fibrosis) အတွက်
      • BRCA1 / BRCA2 testing – ရင်သားကင်ဆာနှင့် သားဥအိမ်ကင်ဆာ (Hereditary breast and ovarian cancer) များအတွက်
      • Beta globin (HBB) gene testing – တံစဉ်းပုံသွေးနီဥပုံပျက်ရောဂါ (Sickle cell disease) နှင့် သာလာဆီးမီးယား သွေးရောဂါ (β-thalassemia) များအတွက်
      • MECP2 gene testing – ဦးနှောက်အာရုံကြောဆိုင်ရာ ပြင်းထန်သော Rett syndrome ရောဂါစုအတွက်စစ်ဆေးနိုင်သည်။
    • ရောဂါဖြစ်လာနိုင်ခြေကို ကြိုတင်ခန့်မှန်းခြင်း (Presymptomatic and predictive testing)
      မိသားစုထဲတွင် မျိုးရိုးလိုက်သောရောဂါရှိပါက လက္ခဏာများမပြမီ ကြိုတင်စစ်ဆေးခြင်းဖြစ်သည်။ ဥပမာ _
      • HTT gene testing – အာရုံကြောလှုပ်ရှားမှုဆိုင်ရာ ရောဂါ (Huntington disease) အတွက်
      • APOE genotyping – အယ်လ်ဇိုင်းမားရောဂါ (Alzheimer disease) အတွက်
      • BRCA1 / BRCA2 – ရာဇဝင်ရှိသည့် မိသားစုဝင်များတွင် ကင်ဆာလက္ခဏာ မပြမီ ကြိုတင်စစ်ဆေးခြင်း
      • APC gene mutations – အူမကြီးကင်ဆာရောဂါ ရာဇဝင်ရှိသူ၏ မိသားစုဝင်များကို စစ်ဆေးခြင်းတို့ဖြစ်သည်။
    • ပုံမမှန်သော မျိုးဗီဇ သယ်ဆောင်သူ ဟုတ်မဟုတ် စစ်ဆေးခြင်း (Carrier testing)
      အများအားဖြင့် ကလေးမယူမီ မိဘများတွင် ရောဂါဖြစ်စေနိုင်သည့် ပုံမမှန်သော မျိုးဗီဇ ရှိမရှိ စစ်ဆေးခြင်း ဖြစ်သည်။ ဥပမာ _
      • မွေးရာပါ သွေးရောဂါများ (Thalassemia & Sickle cell carrier screening)
      • မွေးရာပါ ကြွက်သားအားပျော့ရောဂါ (Spinal muscular atrophy carrier testing)
        အသက်ရှူလမ်းကြောင်းနှင့် အစာအိမ်လမ်းကြောင်းကို အဓိကထိခိုက်သော မွေးရာပါရောဂါ (Cystic fibrosis carrier screening) အတွက် စစ်ဆေးခြင်းဖြစ်သည်။
    • မမွေးဖွားမီ သန္ဓေသားအား မျိုးဗီဇစစ်ဆေးခြင်း (Prenatal testing)
      • NIPT (Non-invasive prenatal testing) – မိခင်သွေးမှတစ်ဆင့် သန္ဓေသား၏ DNA ကို စစ်ဆေးကာ ဒေါင်းလက္ခဏာစု (Down syndrome), Edwards syndrome နှင့် Patau syndrome စသည့် အခြားလက္ခဏာစုတို့ကို ရှာဖွေခြင်း
      • Amniocentesis & CVS – ရေမြွှာရည် သို့မဟုတ် အချင်းတစ်ရှူးကို ယူ၍ မျိုးဗီဇပုံမှန်မဟုတ်သော အခြေအနေများကို ရှာဖွေခြင်းတို့ကို ပြုလုပ်နိုင်သည်။
    • မွေးကင်းစကလေးများတွင် ရောဂါရှာဖွေခြင်း (Newborn screening)
      စောစီးစွာ ကုသနိုင်ရန် သို့မဟုတ် ဆိုးကျိုးများ ကြိုတင်ကာကွယ်ရန် စစ်ဆေးခြင်းဖြစ်သည်။
      • ဟော်မုန်းနှင့် သွေးရောဂါများ – မွေးရာပါ သိုင်းရွိုက်ဟော်မုန်းချို့တဲ့ခြင်း၊ G6PD ဓာတ်ချို့တဲ့ခြင်း၊ မွေးရာပါ သွေးရောဂါများ (Hemoglobinopathies)
      • ဇီဝကမ္မဗေဒဆိုင်ရာ ရောဂါများ – Phenylketonuria (PKU), Galactosemia, MSUD စသည်တို့
      • ပြင်းထန်ရောဂါများ – SMA ကြွက်သားအားနည်းရောဂါ နှင့် ပြင်းထန်သော မွေးရာပါ ကိုယ်ခံအားကျဆင်းမှုရောဂါ (SCID) စသည်တို့အတွက် စစ်ဆေးနိုင်သည်။
    • ဆေးဝါးနှင့် မျိုးဗီဇ (Pharmacogenetics)
      ရောဂါအတွက် သုံးစွဲရမည့် ဆေးဝါးပမာဏ (Dosage) နှင့် အမျိုးအစားသည် မိမိ၏ မျိုးဗီဇနှင့် သင့်တော်ခြင်း ရှိမရှိ ဆုံးဖြတ်ပေးနိုင်သည်။
ကြိုတင်သိရှိထားရမည့် အချက်များနှင့် ကန့်သတ်ချက်များ

မျိုးဗီဇစစ်ဆေးခြင်းသည် ရောဂါရှာဖွေခြင်း၊ ကုသခြင်းနှင့် ကာကွယ်ခြင်းတို့အတွက် အလွန်အရေးကြီးသော်လည်း အောက်ပါကန့်သတ်ချက်များကို ကြိုတင်နားလည်ထားရန် လိုအပ်သည်။

  • ရလဒ်အပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက်
    • မျိုးဗီဇပြောင်းလဲမှုကို တွေ့ရှိသည့် ရလဒ် (Positive result) ထွက်ရှိသော်လည်း ထိုသူတွင် ရောဂါသေချာပေါက် ဖြစ်လာမည်ဟု မဆိုလိုပါ
    • အလားတူပင် မျိုးဗီဇပြောင်းလဲမှုမတွေ့ရှိရသည့် ပုံမှန်ရလဒ် (Negative result) ထွက်ပေါ်သော်လည်း ထိုရောဂါမဖြစ်နိုင်ဟု (၁၀၀) ရာခိုင်နှုန်း အာမမခံနိုင်ပါ
  • ရောဂါပြင်းထန်မှု ကွဲပြားခြင်း
    • တူညီသော မျိုးဗီဇပြောင်းလဲမှုသည်ပင် လူတစ်ဦးနှင့်တစ်ဦးအကြား ရောဂါလက္ခဏာပြသပုံ မတူညီနိုင်ပါ
    • တစ်ဦးတွင် လက္ခဏာအပျော့စားများသာ ပြသသော်လည်း အခြားတစ်ဦးတွင် ပြင်းထန်သောလက္ခဏာများ ဖြစ်စေနိုင်သည်ကို တွေ့ရသည်
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
  1. မျိုးဗီဇမစစ်ဆေးမီ ကြိုတင်ပြင်ဆင်ရန် အချက်များ
    အောင်မြင်သော စစ်ဆေးမှုဖြစ်စေရန် အောက်ပါအချက်များကို ပြင်ဆင်ထားပါ။
    • မိသားစုမျိုးရိုးရာဇဝင် စုဆောင်းခြင်း – မိမိ၏ မိသားစုကျန်းမာရေးရာဇဝင်ကို တတ်နိုင်သမျှ အပြည့်အစုံ စုဆောင်းထားပါ
    • ပညာရှင်နှင့် တိုင်ပင်ခြင်း – မိမိ၏ ကျန်းမာရေးအခြေအနေနှင့် မိသားစုရာဇဝင်ကို သက်ဆိုင်ရာ ဆရာဝန် သို့မဟုတ် မျိုးဗီဇဆိုင်ရာ အကြံပေးပညာရှင် (Genetic Counselor) နှင့် တိုင်ပင်ဆွေးနွေးပါ
    • ပွင့်လင်းစွာ ဆွေးနွေးခြင်း – စစ်ဆေးမှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို ပွင့်ပွင့်လင်းလင်း ပြောကြားပါ
    • နောင်လာမည့် အဆင့်များကို သိရှိခြင်း – ရလဒ်အပေါ်မူတည်၍ ရှေ့ဆက်လုပ်ဆောင်နိုင်သည့် ကုသမှု သို့မဟုတ် ကာကွယ်မှုနည်းလမ်းများကို ကြိုတင်နားလည်ထားပါ
    • မိသားစုနှင့် ညှိနှိုင်းခြင်း – မျိုးရိုးလိုက်တတ်သော ရောဂါများအတွက် စစ်ဆေးမည်ဆိုပါက မိသားစုဝင်များကို ကြိုတင်အသိပေး တိုင်ပင်ပါ
    • ငွေကြေးနှင့် အာမခံ – စစ်ဆေးမှုအတွက် ကျန်းမာရေးအာမခံ ရနိုင်ခြင်း ရှိမရှိ မိမိ၏ အာမခံကုမ္ပဏီနှင့် ကြိုတင်စစ်ဆေးပါ
  2. စစ်ဆေးမှု ပြုလုပ်ပုံအဆင့်ဆင့်
    စစ်ဆေးမည့် အမျိုးအစားပေါ် မူတည်၍ ဓာတ်ခွဲခန်းသို့ ပေးပို့ရန် နမူနာများကို အောက်ပါအတိုင်း ရယူနိုင်သည်။
    • သွေးနမူနာယူခြင်း – အများအားဖြင့် လက်မောင်းရှိ သွေးပြန်ကြောမှ ဖောက်ယူသည်၊ မွေးကင်းစကလေးများတွင်မူ အသက် (၃)ရက် မှ (၇)ရက်အတွင်း ခြေဖနောင့်မှ သွေးဖောက်ယူပြီး သွေးလက်ခံကတ်ပြားပေါ်သို့ သွေးစက် ၄-၅ စက်ခန့် အစက်ချ၍ စစ်ဆေးခြင်းဖြစ်သည်။
    • ပါးစောင်အတွင်းသား တစ်ရှူးယူခြင်း (Cheek swab) – အချို့သော စစ်ဆေးမှုများအတွက် ပါးစောင်အတွင်းသားကို ဂွမ်းတံဖြင့် ပွတ်ဆွဲ၍ နမူနာယူခြင်း
    • ရေမြွှာရည် စစ်ဆေးခြင်း (Amniocentesis) – ကိုယ်ဝန်ဆောင်မိခင်၏ ဝမ်းဗိုက်မှတစ်ဆင့် သားအိမ်အတွင်းသို့ အပ်ချောင်းငယ်ထိုးသွင်းကာ ရေမြွှာရည်ကို စုပ်ယူစစ်ဆေးခြင်းဖြစ်သည်
    • အချင်းတစ်ရှူး စစ်ဆေးခြင်း (CVS) – သန္ဓေသား၏ မျိုးဗီဇကို သိရှိနိုင်ရန် သားအိမ်အချင်းမှ တစ်ရှူးနမူနာကို သားအိမ်ခေါင်းမှတစ်ဆင့် သို့မဟုတ် ဗိုက်ပေါ်မှတစ်ဆင့် အပ်ဖြင့် ရယူစစ်ဆေးခြင်းဖြစ်သည်
သိရှိနိုင်သော အဖြေများ

မျိုးဗီဇစစ်ဆေးမှု ရလဒ်ထွက်ပေါ်လာပါက အောက်ပါအတိုင်း (၃) မျိုး ခွဲခြားသိရှိနိုင်သည်။

  1. မျိုးဗီဇပြောင်းလဲမှုရှိကြောင်း တွေ့ရှိသည့် ရလဒ် (Positive Results)
    • အဓိပ္ပာယ်
      • ရောဂါဖြစ်စေနိုင်သော မျိုးဗီဇပြောင်းလဲမှုကို ရှာဖွေတွေ့ရှိခြင်းဖြစ်သည်
      • ၎င်းသည် ရောဂါရှိနေခြင်း သို့မဟုတ် အနာဂတ်တွင် ရောဂါဖြစ်နိုင်ခြေ များနေခြင်းကို ဆိုလိုသည်
    • သတိပြုရန်
      • Positive Result ထွက်ရှိတိုင်း ထိုရောဂါ သေချာပေါက်ဖြစ်မည်ဟု (၁၀၀) ရာခိုင်နှုန်း မဆိုလိုနိုင်ပါ
    • အကျိုးကျေးဇူး
      • အခြားမိသားစုဝင်များ စစ်ဆေးရန် လိုအပ်ခြင်း ရှိမရှိ သိရှိနိုင်သကဲ့သို့ ကိုယ်ဝန်ယူရန်အတွက်လည်း ကြိုတင်တိုင်ပင် ဆွေးနွေးနိုင်ရန် အထောက်အကူပြုသည်
  2. မျိုးဗီဇပြောင်းလဲမှု မတွေ့ရှိသော ပုံမှန်ရလဒ် (Negative Results)
    • အဓိပ္ပာယ်
      • စစ်ဆေးသော မျိုးဗီဇအတွင်း ပြောင်းလဲမှု (Mutation) မတွေ့ရှိခြင်းဖြစ်သည်
      • စစ်ဆေးသည့် မျိုးဗီဇတွင် ပုံမှန်မဟုတ်သော အခြေအနေ မရှိကြောင်း ပြသသည်
  3. သတိပြုရန်
    • ဤအဖြေသည် ရောဂါမရှိပါဟု (၁၀၀) ရာခိုင်နှုန်း အာမမခံနိုင်ပါ
      အချို့ကင်ဆာဝေဒနာရှင်များသည် မျိုးဗီဇပြောင်းလဲမှု မတွေ့ရှိဘဲ ရောဂါဖြစ်ပွါးတတ်သကဲ့သို့ လက်ရှိနည်းပညာဖြင့် မဖော်ထုတ်နိုင်သေးသော ပြောင်းလဲမှုများလည်း ရှိနေနိုင်သည်။
  4. တိကျမှုမရှိသော သို့မဟုတ် ဆုံးဖြတ်ချက်မချနိုင်သော ရလဒ် (Inconclusive or Uncertain Results)
    • အဓိပ္ပာယ်
      • မျိုးဗီဇပြောင်းလဲမှုတစ်ခုကို တွေ့ရှိသော်လည်း ၎င်းသည် ရောဂါဖြစ်စေနိုင်သော “အန္တရာယ်ရှိသည့် အခြေအနေ” သို့မဟုတ် လူတစ်ဦးချင်းစီအလိုက် ကွဲပြားတတ်သည့် “သဘာဝအလျောက် ဖြစ်နေကျ အခြေအနေ” ဆိုသည်ကို တိတိကျကျ ဆုံးဖြတ်မရခြင်းဖြစ်သည်
    • Variant of Uncertain Significance – VUS ဟုလည်းခေါ်သည်

အရေးကြီးသောအချက်မှာ မည်သည့်အဖြေထွက်သည်ဖြစ်စေ မိမိ၏ သက်ဆိုင်ရာ မိသားစုဆရာဝန် သို့မဟုတ် မျိုးဗီဇဆိုင်ရာ အကြံပေးပညာရှင် (Genetic Counselor) နှင့် ထပ်မံတွေ့ဆုံ၍ မျိုးဗီဇဆိုင်ရာ တိုင်ပင်ဆွေးနွေးခြင်း (Genetic Counseling) ကို မဖြစ်မနေ ဆက်လက်လုပ်ဆောင်ရမည်ဖြစ်သည်။

နောက်ဆက်တွဲသက်ရောက်မှုများနှင့် ဘေးထွက်ဆိုးကျိုးများ

မျိုးဗီဇစစ်ဆေးခြင်းသည် ကျန်းမာရေးအတွက် အကျိုးရှိသော်လည်း အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။

  • ရုပ်ပိုင်းဆိုင်ရာ (Physical)
    • သွေးဖောက်ခြင်း သို့မဟုတ် ပါးစပ်အတွင်းသား နမူနာယူခြင်း (Cheek Swab) တို့သည် ဘေးထွက်ဆိုးကျိုး မရှိသလောက် နည်းပါးသည်
    • သို့သော် မိခင်ဝမ်းဗိုက်အတွင်းမှ ရေမြွှာရည်ကို စစ်ဆေးခြင်း (Amniocentesis) သည် ကိုယ်ဝန်ပျက်ကျနိုင်ခြေ အနည်းငယ်ရှိသည်
  • စိတ်ပိုင်းဆိုင်ရာ (Psychological)
    • မမျှော်လင့်ထားသော ရလဒ်များကြောင့် ကြောက်ရွံ့ခြင်း၊ စိုးရိမ်သောကရောက်ခြင်း သို့မဟုတ် စိတ်ဓာတ်ကျခြင်းများ ခံစားရနိုင်သည်
  • လူမှုရေးဆိုင်ရာ (Social)
    • စစ်ဆေးမှုရလဒ်ကြောင့် မိသားစုအတွင်း အခြေအနေတင်းမာမှုများ ဖြစ်လာနိုင်သကဲ့သို့ မိသားစုဝင်များအကြား သတင်းအချက်အလက် ဝေမျှရန် ခက်ခဲခြင်းများ ရှိနိုင်သည်
  • ငွေကြေးနှင့် အာမခံဆိုင်ရာ (Financial & Insurance)
    • မျိုးဗီဇစစ်ဆေးမှုများသည် ကုန်ကျစရိတ် မြင့်မားသည်
    • ထို့ပြင် စစ်ဆေးချက်ရလဒ်ပေါ်မူတည်၍ အသက်အာမခံ သို့မဟုတ် ရေရှည်စောင့်ရှောက်မှု အာမခံများ ရယူရာတွင် အခက်အခဲရှိနိုင်သည့် အချက်များကိုလည်း ကြိုတင်သိရှိထားသင့်သည်

References:

  1. Centers for Disease Control and Prevention. (n.d.). Genetic testing. Retrieved January 24, 2026, from https://www.cdc.gov/genomics-and-health/counseling-testing/genetic-testing.html
  2. Cleveland Clinic. (n.d.). DNA test & genetic testing. Retrieved January 24, 2026, from https://my.clevelandclinic.org/health/diagnostics/23065-dna-test–genetic-testing
  3. MedlinePlus. (n.d.). Genetic testing. Retrieved January 24, 2026, from https://medlineplus.gov/genetics/understanding/testing/genetictesting/
  4. Mayo Clinic. (n.d.). Genetic testing: About. Retrieved January 24, 2026, from https://www.mayoclinic.org/tests-procedures/genetic-testing/about/pac-20384827
  5. NHS. (n.d.). Genetic and genomic testing. Retrieved January 24, 2026, from https://www.nhs.uk/tests-and-treatments/genetic-and-genomic-testing/

Published: 21 February 2026

Share

21 February 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.