DIRFloortime (Developmental, Individual-differences, Relationship-based model) ဆိုသည်မှာ ကလေးငယ်များ၏ စိတ်ခံစားမှု၊ လူမှုဆက်ဆံရေး၊ ဆက်သွယ်ပြောဆိုမှုနှင့် တွေးခေါ်မှု စွမ်းရည်များကို ပံ့ပိုးပေးရန် ဒီဇိုင်းထုတ်ထားသည့် ဆက်ဆံရေးအခြေပြု ဖွံ့ဖြိုးမှုဆိုင်ရာ ချဉ်းကပ်မှုတစ်ခု ဖြစ်သည်။ DIRFloortime ဟူသောစကားလုံး (နည်းလမ်း) သည် သီအိုရီအခြေခံ (DIR) နှင့် နည်းစနစ် (Floortime) တို့ကို ပေါင်းစပ်ထားသည်။
- DIR မူဘောင် (သီအိုရီအခြေခံ)
DIR ဆိုသည်မှာ ကလေးတစ်ဦး၏ ဖွံ့ဖြိုးမှုကို ဘက်စုံမှ နားလည်စေရန် အသုံးပြုသည့် အခြေခံထောက်တိုင်ကြီး သုံးခုဖြစ်သည်။- D (Developmental) – ဖွံ့ဖြိုးမှုဆိုင်ရာ
ကလေး၏ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးမှု အဆင့်ဆင့်ကို နားလည်ခြင်း - I (Individual-differences) – တစ်ဦးချင်းစီ၏ ကွဲပြားခြားနားမှုများ
ကလေးတစ်ဦးချင်းစီ၏ အာရုံခံစားမှု (အသံ၊ အထိအတွေ့) တုံ့ပြန်ပုံနှင့် အချက်အလက် လက်ခံပုံ မတူညီမှုကို အသိအမှတ်ပြုခြင်း - R (Relationship-based) – ဆက်ဆံရေးအခြေပြုခြင်း
ကလေးနှင့် မိဘအကြားရှိ နွေးထွေးသော ဆက်ဆံရေးမှတစ်ဆင့် သင်ယူမှုကို ဖော်ဆောင်ခြင်း
- D (Developmental) – ဖွံ့ဖြိုးမှုဆိုင်ရာ
- Floortime နည်းစနစ် (လက်တွေ့လုပ်ဆောင်ချက်)
Floortime ဆိုသည်မှာ အထက်ပါ DIR မူဘောင်ကို လက်တွေ့အကောင်အထည်ဖော်သည့် လုပ်ဆောင်ချက်ဖြစ်သည်။ ၎င်းသည် သီးခြားကျွမ်းကျင်မှုများကို စက်ရုပ်ကဲ့သို့ အလွတ်ကျက်သင်ကြားပေးမည့်အစား ကလေး၏ စိတ်ဝင်စားမှုကို အခြေခံသည့် ကစားနည်းများနှင့် နေ့စဉ်လှုပ်ရှားမှုများကို အသုံးပြုပြီး ဖွံ့ဖြိုးမှုအခြေခံအုတ်မြစ်များကို ခိုင်မာအောင် တည်ဆောက်ပေးရန် ရည်ရွယ်သည်။- ကလေး၏ ကမ္ဘာထဲသို့ လှမ်းဝင်ခြင်း – မိဘသည် ကလေး၏ မြင်ကွင်း (Eye level) နှင့် တစ်တန်းတည်းသို့ ဆင်းပြီး ကြမ်းပြင်ပေါ်တွင် အတူတူထိုင်ကာ အချိန်ပေး ထိတွေ့ဆက်ဆံရသည်
- ကလေး၏ ဦးဆောင်မှုနောက်သို့ လိုက်ပါခြင်း (Following the Lead) – မိဘက ညွှန်ကြားခြင်းမျိုး မလုပ်ဘဲ ကလေးစိတ်ဝင်စားသည့် အရာတွင် အတူတူ လိုက်ပါစီးဝင်သည်
- အပြန်အလှန် ဆက်သွယ်မှုစက်ဝန်းများကို ဖွင့်ခြင်း (Opening Circles of Communication) – ကလေး၏ လှုပ်ရှားမှု သို့မဟုတ် အသံကို တုံ့ပြန်ခြင်းဖြင့် အပြန်အလှန်တုံ့ပြန်မှု စက်ဝန်းများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာအောင် ဖန်တီးပေးသည်
DIRFloortime သည် ကလေးငယ်အား သီးခြားကျွမ်းကျင်မှုများ (Isolated skills) လေ့ကျင့်ပေးခြင်းထက် ပိုမိုနက်ရှိုင်းသည်။ ၎င်းသည် မိဘနှင့်ကလေးအကြား ပျော်ရွှင်စရာကောင်းသော အပြန်အလှန် တုံ့ပြန်မှုများမှတစ်ဆင့် ကလေး၏ အတွင်းစိတ်ကို ဖော်ပြနိုင်ရန်နှင့် ပတ်ဝန်းကျင်နှင့် နက်ရှိုင်းစွာ ချိတ်ဆက်နိုင်ရန် ပံ့ပိုးပေးသည့် နည်းလမ်းဖြစ်ပါသည်။ ဖွံ့ဖြိုးမှု၏ အခြေခံ “အုတ်မြစ်များ” ဖြစ်သော စိတ်ခံစားမှုဆိုင်ရာ ချိတ်ဆက်မှု၊ ဆက်သွယ်ပြောဆိုမှုနှင့် တွေးခေါ်မြော်မြင်မှုတို့ကို ခိုင်မာအောင် တည်ဆောက်ပေးခြင်းဖြင့် ကလေး၏ စွမ်းဆောင်ရည်များကို ရေရှည်တိုးတက်စေမည်ဖြစ်သည်။
DIRFloortime ကို အသုံးပြုလေ့ရှိသော ရောဂါများနှင့်အခြေအနေများ
အောက်ပါအခြေအနေရှိသည့် ကလေးငယ်များအတွက် ဤနည်းလမ်းကို အများဆုံး အသုံးပြုကြသည်။
- အော်တစ်ဇင် (Autism Spectrum Disorder – ASD)
- ဖွံ့ဖြိုးမှု အလုံးစုံနှောင့်နှေးခြင်း (Global Developmental Delay)
- စကားပြောစွမ်းရည်နှင့် ဘာသာစကား နှောင့်နှေးခြင်း
- ဆက်သွယ်ပြောဆိုခြင်းနှင့် လူမှုဆက်ဆံရေးဆိုင်ရာ အခက်အခဲရှိခြင်း
- အာရုံများကို ခံစားသိရှိရာတွင် ကွဲပြားခြားနားမှုများ (Sensory Processing Issues)
- အာရုံစူးစိုက်မှု အားနည်းခြင်းနှင့် ဂနာမငြိမ်ဖြစ်ခြင်း (ADHD)
- စိတ်ခံစားမှုနှင့် အပြုအမူဆိုင်ရာ အခက်အခဲများ
- ပုံမှန်အတိုင်း ဖွံ့ဖြိုးနေသော်လည်း စိတ်ခံစားမှု သို့မဟုတ် လူမှုဆက်ဆံရေးပိုင်းတွင် ရင့်ကျက်မှု လိုအပ်နေသော ကလေးငယ်များတွင် လုပ်ဆောင်ပေးနိုင်သည်။
အကျိုးကျေးဇူးများ
DIRFloortime လေ့ကျင့်ခြင်းမှတဆင့် အောက်ပါအကျိုးကျေးဇူးများ ရရှိနိုင်သည်။
- စိတ်ခံစားမှုကို ထိန်းညှိနိုင်စွမ်း တိုးတက်လာခြင်း – တည်ငြိမ်ခြင်း၊ အာရုံစိုက်ခြင်းနှင့် သင်ယူမှုတွင် နိုးကြားစွာ ပါဝင်လာခြင်း
- လူမှုဆက်ဆံရေးဆိုင်ရာ ကျွမ်းကျင်မှုများ ဖွံ့ဖြိုးလာခြင်း – မျက်လုံးချင်းဆုံလာခြင်း၊ မျှဝေခြင်းနှင့် အပြန်အလှန်တုံ့ပြန်ခြင်း
- ဆက်သွယ်ပြောဆိုမှု မြင့်မားလာခြင်း – ကိုယ်အမူအရာ၊ အသံ၊ စကားလုံးနှင့် အဓိပ္ပာယ်ရှိသော စကားပြောဆိုမှုများ ပြုလုပ်လာနိုင်ခြင်း
- တွေးခေါ်နိုင်စွမ်းနှင့် ပြဿနာဖြေရှင်းနိုင်စွမ်းများ အားကောင်းလာခြင်း – အခြေအနေသစ်များကို ပိုမိုရှုပ်ထွေးသော နည်းလမ်းများဖြင့် တုံ့ပြန်စဉ်းစားလာနိုင်ခြင်း
- ခိုင်မာသော ဆက်ဆံရေး တည်ဆောက်နိုင်ခြင်း – မိဘများနှင့် ပြုစုစောင့်ရှောက်သူများအကြား လုံခြုံသော ဆက်သွယ်မှု ရရှိခြင်း
- မိမိကိုယ်ကိုယ် ယုံကြည်မှု တိုးတက်ခြင်း – လွတ်လပ်စွာ လုပ်ဆောင်နိုင်စွမ်း မြင့်မားလာပြီး အပြုအမူဆိုင်ရာ စိန်ခေါ်မှုများကို လျှော့ချပေးနိုင်ခြင်း
သင်ကြားမှုမစတင်မီ ကြိုတင်သိရှိထားရမည့်အချက်များ
- ဤနည်းလမ်းသည် ချက်ချင်းလက်ငင်း ရလဒ်ထွက်ပေါ်သည့် နည်းလမ်းမဟုတ်ဘဲ ရေရှည်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်ဖြစ်သည်
- တိုးတက်မှုသည် ပုံမှန်လေ့ကျင့်မှုနှင့် အစဉ်တစိုက် လုပ်ဆောင်မှုအပေါ်တွင် မူတည်သည်
- မိဘများနှင့် ကလေးအားပြုစုစောင့်ရှောက်သူများသည် ကုထုံးပညာရှင်ကိုသာ အားကိုး၍ ကလေးကို အပ်နှံထားရုံဖြင့်၍မရဘဲ အဓိကအခန်းကဏ္ဍမှ ပါဝင်ရမည်
- ကလေးတစ်ဦးချင်းစီ၏ အစီအစဉ်သည် သီးခြားစီ ကွဲပြားခြားနားပြီး ကလေးကိုသာ အဓိကဗဟိုပြုသည်
- အလွတ်ကျက်သင်ကြားခြင်းထက် ဖွံ့ဖြိုးမှုဆိုင်ရာ ကြီးထွားမှုကိုသာ အာရုံစိုက်ပြီး ကလေး၏ စိတ်ဝင်စားမှုအပေါ် အခြေခံသည်
- အခြားကျွမ်းကျင်ပညာရှင်များ၏ တွဲဖက်လေ့ကျင့်လမ်းညွှန်မှုသည် ကုထုံးကို ပိုမိုထိရောက်စေသည်
လေ့ကျင့်ပြုလုပ်ပေးပုံအဆင့်ဆင့်
- အဆင့် ၁ – လေ့လာစောင့်ကြည့်ခြင်းနှင့် ပြင်ဆင်ခြင်း
ကလေး၏ စိတ်ဝင်စားမှု၊ စိတ်ခံစားမှု၊ အာရုံခံစားမှုပုံစံနှင့် ဖွံ့ဖြိုးမှုအဆင့်ကို ဦးစွာစစ်ဆေးအကဲဖြတ်ရမည်။ အာရုံစူးစိုက်မှု အပြည့်ပေးနိုင်ရန် ဖုန်း၊ တီဗီ၊ Tablet စသည့် အီလက်ထရောနစ်ပစ္စည်းများကို ပိတ်ထားရမည်။ - အဆင့် ၂ – ကလေး၏ ဦးဆောင်မှုနောက်သို့ လိုက်ပါခြင်း
ကလေး၏ ကစားပုံ သို့မဟုတ် လှုပ်ရှားမှုများကို မိဘမှ ညွှန်ကြားခြင်းမျိုး မလုပ်ဘဲ လေးလေးစားစား ဝင်ရောက်ပါဝင်ရမည် (ဥပမာ _ ကလေးက ကြမ်းပြင်ပေါ်တွင် လှဲနေပါက မိဘကလည်း ဘေးတွင် လိုက်၍ လှဲပေးရမည်၊ ကလေးက ကားဘီးကို လှည့်နေပါက မိဘကလည်း အခြားကားတစ်စီးကိုယူ၍ ဘီးလိုက်လှည့်ပေးရမည်)။ - အဆင့် ၃ – ပါဝင်ပတ်သက်မှုနှင့် အပြန်အလှန် ဆက်သွယ်မှုစက်ဝန်းများကို တည်ဆောက်ခြင်း
မျက်နှာအမူအရာ၊ ကိုယ်အမူအရာနှင့် အသံများကို အသုံးပြု၍ ပျော်ရွှင်စရာကောင်းသော အပြန်အလှန် တုံ့ပြန်မှုများကို ဖန်တီးရမည်။ စကားလုံးများထက် မျက်နှာအမူအရာ (ပြုံးခြင်း၊ အံ့သြခြင်း) နှင့် လက်ဟန်ခြေဟန်များကို ပိုမိုအသုံးပြုသင့်သည်။ ကလေးက အသံတစ်ခု ပြုလုပ်ပါက ထိုအသံကိုပင် မိဘက လိုက်လုပ်ပြခြင်းဖြင့် အသိအမှတ်ပြုပေးရမည်။ - အဆင့် ၄ – အပြန်အလှန် ဆက်သွယ်မှုစက်ဝန်းများကို ဆက်လက်ဖန်တီးခြင်း
ကလေး၏ လှုပ်ရှားမှုကို တုံ့ပြန်ခြင်းဖြင့် အပြန်အလှန် ဆက်သွယ်ပြောဆိုမှု စက်ဝန်းများ အကြိမ်ရေများလာအောင် အားပေးရမည်။ မိဘက တုံ့ပြန်ပြီးနောက် ကလေးက ပြန်လည် တုံ့ပြန်လာသည်အထိ စိတ်ရှည်စွာ စောင့်ဆိုင်းပေးရမည်။ ဤသည်မှာ ကလေး၏ လှုပ်ရှားမှုအပေါ် မိဘကတုံ့ပြန်ပြီး၊ ကလေးကလည်း မိဘ၏တုံ့ပြန်မှုကို တစ်ဖန်ပြန်၍တုံ့ပြန်သည့် အပြန်အလှန်ဖြစ်စဉ်ဖြစ်သည်။ - အဆင့် ၅ – စိန်ခေါ်မှုအနည်းငယ်ဖြင့် ဖွံ့ဖြိုးမှုကို အားပေးခြင်း
တွေးခေါ်မှုနှင့် ပြဿနာဖြေရှင်းမှုကို အားပေးရန် စိန်ခေါ်မှုအသစ် အနည်းငယ်ကို သဘာဝကျကျ ဖန်တီးပေးရမည်။ ဥပမာ _ ကလေးက ကားမောင်းနေပါက မိဘ၏လက်ဖြင့် လမ်းကို ခေတ္တပိတ်ထားခြင်း (အတားအဆီးပြုလုပ်ခြင်း) သို့မဟုတ် ကလေးအနှစ်သက်ဆုံးအရုပ်ကို ဖွင့်ရခက်သည့် ဘူးထဲတွင် ထည့်ထားခြင်းဖြင့် ကလေးက မိဘကို အကူအညီတောင်းလာအောင် ဖန်တီးပေးရမည်။ - အဆင့် ၆ – နေ့စဉ်ဘဝတွင် ပေါင်းစပ်လေ့ကျင့်ခြင်း
အချိန်ကြာမြင့်စွာ တစ်ကြိမ်တည်း လုပ်ဆောင်ခြင်းထက် တစ်နေ့လျှင် ၂၀မိနစ် မှ ၃၀မိနစ်ခန့် နေ့စဉ်ပုံမှန်လုပ်ဆောင်ခြင်းက ပိုမိုထိရောက်သည်။ သီးသန့်ကစားချိန်အပြင် အဝတ်အစားလဲချိန်၊ ထမင်းစားချိန်များတွင်လည်း သင့်လျော်သော ဆက်သွယ်မှုစက်ဝန်းများ ဖန်တီးနိုင်သည်။
ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲစိန်ခေါ်မှုများ
DIRFloortime သည် ဘေးကင်းသော်လည်း အောက်ပါအခြေအနေအချို့ ရှိနိုင်သည်။
- စိန်ခေါ်မှုများကို ရင်ဆိုင်ရချိန်တွင် ကလေးသည် ခေတ္တခဏ စိတ်ပျက်အားလျော့ခြင်း သို့မဟုတ် စိတ်လှုပ်ရှားမှုများ ပြသခြင်း
- အစပိုင်းတွင် ပြုစုစောင့်ရှောက်သူများအနေဖြင့် မည်သို့ပြန်လည် တုံ့ပြန်ရမည်ကို မသေချာခြင်း
- ပုံမှန်မလေ့ကျင့်ပါက တိုးတက်မှု နှေးကွေးနေခြင်း
- နေ့စဉ်အချိန်ပေးရသဖြင့် ပြုစုစောင့်ရှောက်သူများတွင် စိတ်ပင်ပန်းနွမ်းနယ်မှု ခံစားရခြင်း
၎င်းတို့သည် ဆိုးရွားသော ဘေးထွက်ဆိုးကျိုးများ မဟုတ်ဘဲ လမ်းညွှန်မှုနှင့် အတွေ့အကြုံများ ရရှိလာပါက သက်သာသွားလေ့ရှိသည်။
မိဘများအတွက် အကြံပြုချက်
- အချိန်ပုံမှန်ပေးပါ – တစ်ကြိမ်လျှင် ၂၀ မိနစ်ခန့်ဖြင့် တစ်နေ့လျှင် အနည်းဆုံး (၂)ကြိမ် မှ (၃)ကြိမ်အထိ အချိန်ပေးရန် ကြိုးစားရမည်၊ အချိန်ကြာမြင့်စွာ တစ်ကြိမ်တည်း လုပ်ဆောင်ခြင်းထက် အချိန်တိုသော်လည်း နေ့စဉ် ပုံမှန်လေ့ကျင့်ပေးခြင်းက ပိုမိုထိရောက်သည်
- စိတ်ပါလက်ပါ ပါဝင်ပါ – ကလေးက မိဘနှင့် ကစားရသည်မှာ ပျော်စရာကောင်းသည်ဟု ခံစားရစေရန် မိမိဘက်မှလည်း စိတ်လှုပ်ရှားမှုကို ပြသပြီး စိတ်ပါလက်ပါ ကစားပေးရမည်၊ ပျော်ရွှင်မှုကို ဦးစားပေးခြင်းက ကလေး၏ သင်ယူလိုစိတ်ကို ပိုမိုတိုးတက်လာစေသည်
- ချိတ်ဆက်မှုကို ဦးစားပေးပါ – ကလေးက အရုပ်ကို မှားယွင်းစွာ ကိုင်တွယ်နေပါစေ၊ ထိုအဆင့်တွင် အမှားကို ပြင်ဆင်ပေးခြင်း သို့မဟုတ် အပြုအမူများကို အတင်းအကျပ် ခိုင်းစေခြင်းမျိုး ရှောင်ကြဉ်ရမည်၊ အမှားပြင်ခြင်း (Correction) ထက် ကလေးနှင့် မိဘအကြား ချိတ်ဆက်မှု (Connection) ရရှိရန်သာ အရင်အာရုံစိုက်ရမည်
- စိတ်ရှည်စွာ စောင့်ဆိုင်းပါ – မိဘဘက်မှ တုံ့ပြန်ပြီးနောက် ကလေးက ပြန်လည်တုံ့ပြန်လာစေရန်အတွက် လုံလောက်သောအချိန်ကို စိတ်ရှည်စွာ စောင့်ဆိုင်းပေးရမည်
- အာရုံပျံ့လွင့်မှုများကို ဖယ်ရှားပါ – ကစားနေစဉ်အတွင်း ဖုန်း၊ တီဗီ သို့မဟုတ် အာရုံပျံ့လွင့်စေမည့် အခြားပစ္စည်းများကို ဖယ်ရှားထားခြင်းဖြင့် ကလေးနှင့်မိဘအကြား အာရုံစူးစိုက်မှု အပြည့်အဝ ရရှိစေမည်
- သေးငယ်သော တိုးတက်မှုများကို ဂုဏ်ပြုပါ – ကလေး၏ သေးငယ်သော ဖွံ့ဖြိုးမှုအပြောင်းအလဲလေးများကိုပင် အသိအမှတ်ပြု ဂုဏ်ပြုပေးရမည်၊ ဤသို့လုပ်ဆောင်ချက်သည် ကလေး၏ မိမိကိုယ်ကိုယ် ယုံကြည်မှုကို တိုးတက်စေသည်
- နေ့စဉ်ဘဝထဲတွင် ပေါင်းစပ်ပါ – Floortime ကို သီးသန့်ကစားချိန်၌သာမက ထမင်းစားခြင်း၊ ရေချိုးခြင်း၊ အဝတ်အစားလဲခြင်းစသည့် နေ့စဉ်လူနေမှုဘဝ လုပ်ငန်းဆောင်တာများထဲတွင်ပါ ထည့်သွင်းလုပ်ဆောင်ရမည်။
အချုပ်အားဖြင့် DIRFloortime သည် နွေးထွေးသော အပြန်အလှန်ထိတွေ့ဆက်ဆံမှု (Meaningful Interactions) နှင့် ကစားခြင်းမှတစ်ဆင့် ကလေးငယ်များ ဖွံ့ဖြိုးလာစေရန် ကူညီပေးသည်။ ကလေး၏ တစ်ဦးချင်းကွဲပြားမှုများကို တန်ဖိုးထားပြီး မိဘများကိုယ်တိုင် ပါဝင်လုပ်ဆောင်ခြင်းနှင့် အစဉ်တစိုက် ကြိုးစားအားထုတ်ခြင်းတို့သည် ရေရှည်အောင်မြင်မှုအတွက် အဓိကသော့ချက်ဖြစ်သည်။
References:
- Greenspan, S. I. (2003). The clinical interview of the child (3rd ed.). American Psychiatric Publishing.
- Greenspan, S. I., & Wieder, S. (1998). The child with special needs: Encouraging intellectual and emotional growth. Addison-Wesley.
- Greenspan, S. I., & Wieder, S. (2006). Engaging autism: Using the floortime approach to help children relate, communicate, and think. Da Capo Press.
- Interdisciplinary Council on Development and Learning. (n.d.). DIRFloortime® (The DIR® Model). Retrieved January 28, 2026, from https://www.icdl.com/dir
- Casenhiser, D. M., Shanker, S. G., & Stieben, J. (2013). Learning through interaction in children with autism: Preliminary data from a social-communication-based intervention. Autism, 17(2), 220–241. https://self-reg.ca/wp-content/uploads/2020/10/Casenhiser_2011_Learning_Through_Interaction.pdf
- Pajareya, K., & Nopmaneejumruslers, K. (2011). A pilot randomized controlled trial of DIR/Floortime™ parent training intervention for children with autism in a limited resource setting. Autism, 15(3), 263–277. https://pubmed.ncbi.nlm.nih.gov/21690083/
- Binns, A. V., & Cardy, J. E. (2019). Developmental relationship-based interventions for children with autism: A systematic review. Journal of Autism and Developmental Disorders, 49(4), 1537–1552. https://journals.sagepub.com/doi/full/10.1177/02711214241303695
- Wieder, S., & Greenspan, S. I. (2005). Can developmental-relationship based educational programming help children with autism spectrum disorders? Learning, Care and Health, 3(1), 3–10. https://journals.sagepub.com/doi/full/10.1177/02711214241303695
Published: 21 February 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.