Laparoscopic ovarian drilling သည် ဝမ်းဗိုက်တွင် သေးငယ်သောအပေါက်ဖောက်၍ မှန်ပြောင်းအသုံးပြုပြီး လျှပ်စစ်အပူ (Electrocautery) သို့မဟုတ် လေဆာ (Laser) ဖြင့် သားဥအိမ်များတွင် အပေါက်ငယ်လေးများ ဖောက်ခြင်းဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းသည်
- သားဥအိမ်မှ ကျားဟော်မုန်းများ (Androgens) ထုတ်လုပ်မှုကို လျှော့ချပေးသည်
- ဟော်မုန်း ဟန်ချက်မညီခြင်းကို ဖြေရှင်းပေးပြီး သားဥကြွေခြင်းကို ပြန်လည်ရရှိစေသည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါအခြေအနေများ
LOD ကို အဓိကအားဖြင့်
- သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သောရောဂါစု (Polycystic Ovary Syndrome – PCOS) နှင့် ဆက်စပ်၍ သားသမီးမရနိုင်ခြင်းကို ကုသရန်အတွက် ပြုလုပ်သည်
- PCOS ရှိပြီး၊ ကိုယ်အလေးချိန်လျှော့ချခြင်းနှင့် သားဥကြွေစေသော ဆေးဝါးများ (ဥပမာ – clomiphene သို့မဟုတ် letrozole) တို့ဖြင့် သားသမီးရရန် ကြိုးစားခဲ့သော်လည်း သားဥမကြွေနိုင်သော အမျိုးသမီးများအတွက် ရွေးချယ်စရာတစ်ခုဖြစ်သည်
သို့သော် PCOS ရောဂါစုရှိသူအားလုံးတွင် ဤနည်းဖြင့်ကုသရန် မလိုအပ်ပါ။
အကျိုးရလဒ်များ
- မှန်ပြောင်းဖြင့် လျှပ်စစ်အပူ သို့မဟုတ် လေဆာကို အသုံးပြု၍ သားဥအိမ်၌ အပေါက်ငယ်များ ဖောက်ခြင်းပြုလုပ်သူ (၁၀) ယောက်တွင် (၈) ယောက်သည် (၈၀%) သားဥပြန်ကြွေနိုင်သည်
- ဤနည်းဖြင့် သားသမီးမရနိုင်သဖြင့် ကုသမှုခံယူသူများ၏ (၅၀%) နီးပါးသည် တစ်နှစ်အတွင်း ကိုယ်ဝန်ဆောင်နိုင်ကြသည်
- အခြား သားသမီးမရနိုင်ခြင်း ကုသမှုများနှင့် နှိုင်းယှဉ်လျှင် အမြွှာ ကိုယ်ဝန်ဆောင်နိုင်ခြေ နည်းပါးသည်၊ အခြားကုသမှုများတွင် အမြွှာမွေးနိုင်ခြေ (၁၀%) အထိ ရှိနိုင်သည်
- အခြား သားသမီးမရနိုင်ခြင်းအတွက် ကုသမှုများနှင့် နှိုင်းယှဉ်လျှင် သားဥအိမ်အား လွန်ကဲစွာ လှုံ့ဆော်ခံရခြင်းရောဂါစု (Ovarian hyperstimulation syndrome) ဖြစ်နိုင်ခြေနည်းသည်
- အသက်ငယ်ပြီး ပုံမှန်ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI) ရှိသူများသည် မှန်ပြောင်းဖြင့် လျှပ်စစ်အပူ သို့မဟုတ် လေဆာကို အသုံးပြု၍ သားဥအိမ်၌ အပေါက်ငယ်ဖောက်ခြင်း၏ အကျိုးကျေးဇူးများ ပို၍ရနိုင်သည်
ကြိုတင်သိထားရမည့်အချက်များ
- မှန်ပြောင်းဖြင့် သားဥအိမ် အပေါက်ဖောက်ခြင်း (Laparoscopic Ovarian Drilling) သည် နေ့ချင်းပြန်နိုင်သော ခွဲစိတ်ကုသနည်းဖြစ်သည်
- ကုသမှုမစတင်မီ မှန်ပြောင်း ခွဲစိတ်ကုသခြင်းခံယူမည့် အမျိုးသမီး၏ ကျန်းမာရေးကောင်းမွန်ကြောင်း စစ်ဆေးမှုများ ပြုလုပ်ရသည်
- နေ့ချင်းပြန် ခွဲစိတ်ကုသမှု ဖြစ်သောကြောင့် အကယ်၍ သားဆက်ခြားဆေးလုံး သောက်သုံးနေပါကလည်း ဆေးရပ်ရန် မလိုပါ
- ကိုယ်ဝန်ရနိုင်သည့် အခြေအနေ ရှိပါက မှန်ပြောင်းဖြင့် သားဥအိမ်၌ အပေါက်ငယ်များ ဖောက်ခြင်းကို ဆက်မလုပ်တော့ဘဲ ပယ်ဖျက်နိုင်သည်
- မိမိ ရာသီလာမည့်ရက်နှင့် မှန်ပြောင်းဖြင့် ပြုလုပ်မည့်ရက် တိုက်ဆိုင်နေလျှင် မိမိ၏ သားဖွားမီးယပ် အထူးကု ဆရာဝန်ကို တစ်ပတ်ကြိုတင် ပြောပြပါ၊ သားဖွားမီးယပ် အထူးကုဆရာဝန်မှ ဟော်မုန်းဆေးများပေး၍ ရာသီလာမည့်ရက်ကို ရွှေ့ဆိုင်းပေးမည်ဖြစ်သည်
- မှန်ပြောင်းဖြင့် သားဥအိမ်၌ အပေါက်ငယ် ဖောက်ခြင်း မပြုလုပ်မီ၊ အခြားသော သားသမီးရအောင် ပြုလုပ်နည်းများ၊ မေ့ဆေးအသုံးပြုရခြင်းနှင့် ကြုံတွေ့နိုင်သော နောက်ဆက်တွဲ ဆိုးကျိုးများ စသည်တို့ကို သေချာသိထားသင့်သည်
- အလွန်ရှားပါးသော်လည်း လိုအပ်ပါက ဝမ်းဗိုက်တွင် မှန်းထားသည်ထက် ပို၍ ခွဲကြောင်းရာ ချဲ့ရလျှင် နေ့ချင်းပြန် မဟုတ်ဘဲ ဆေးရုံ၌ တစ်ရက် ပိုနေရသည်များလည်း ရှိနိုင်သည်
- မေ့ဆေးပေးရာတွင် လေပြွန်အတွင်းသို့ အသက်ရှူပိုက်ကို ထည့်သွင်းရသဖြင့် လည်ချောင်းနာခြင်း၊ ပျို့ခြင်းများ ခံစားရနိုင်ပြီး၊ ၎င်းအတွက် အနာသက်သာသော ဆေးများ ပေးရသည်
- မှန်ပြောင်းဖြင့် သားဥအိမ်၌ အပေါက်ငယ်များ ဖောက်ခြင်း ပြုလုပ်ပြီး နောက်တစ်နေ့တွင် ရေချိုးနိုင်သည်
- သက်သောင့်သက်သာရှိလျှင် အကာအကွယ်သုံး၍ လိင်ဆက်ဆံခြင်းကို ပြန်လည်ပြုလုပ်နိုင်သည်
- ချုပ်ကြိုးများကို ဖြည်စရာမလိုသော်လည်း မသက်မသာ ခံစားရလျှင် မိသားစုဆရာဝန်နှင့် ပြသပြီး ချုပ်ကြိုးဖြည်နိုင်သည်။
ပြုလုပ်ပုံအဆင့်ဆင့်
- မပြုလုပ်မီ မေ့ဆေးအထူးကုဆရာဝန်နှင့် သားဖွားမီးယပ်အထူးကုဆရာဝန်မှ ပြုလုပ်ပုံ အဆင့်ဆင့်နှင့် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲဆိုးကျိုးများကို ရှင်းပြမည်ဖြစ်ပြီး၊ လူနာမှ သိလိုရာမေးခွန်းများ မေးနိုင်သည်၊ ထို့နောက် ပြုလုပ်ရန်သဘောတူကြောင်း လက်မှတ်ရေးထိုးရသည်
- မေ့ဆေးပေးပြီးနောက် အိပ်ပျော်သွားမည်ဖြစ်ပြီး မှန်ပြောင်းဖြင့် လျှပ်စစ်အပူ သို့မဟုတ် လေဆာကို အသုံးပြု၍ သားဥအိမ်အပေါက်ငယ်များဖောက်ခြင်း စတင်သည်
- သားအိမ်ရွေ့လျားနိုင်ပြီး တင်ပါးဆုံရိုးကွင်းအင်္ဂါများကို ရှင်းလင်းစွာမြင်နိုင်အောင် ယောနိမှတစ်ဆင့် သားအိမ်အတွင်းသို့ ကိရိယာအသေးလေး တစ်ခု ထည့်သည်၊ ထိုသို့ထည့်ထားခြင်းဖြင့် အရောင်ပါသောဆေးရည်ကို သားအိမ်အတွင်းထိုးထည့်ပြီး သားဥပြွန်ပွင့်မပွင့် စစ်ဆေးခြင်းကို တပါတည်းလုပ်ဆောင်နိုင်သည်
- ချက်ပေါက်တွင် ခွဲကြောင်းရာ (၁) စင်တီမီတာအရွယ်ပေးပြီး ဗားရပ်စ်အပ်ချောင်း (Veress Needle) ကို အသုံးပြုပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ပါသောလေကို ဝမ်းဗိုက်အတွင်းသို့ ထည့်သွင်းသည်
- ထို့နောက် (၁) စင်တီမီတာအကျယ်ရှိ ထရိုကာ (Trocher) ကိရိယာဖြင့် မှန်ပြောင်းကိုထည့်ပြီး တင်ပါးဆုံရိုးကွင်းအတွင်းအင်္ဂါများကို ကြည့်သည်
- ဝမ်းဗိုက်အောက်ပိုင်း ဘေးတစ်ဖက်တစ်ချက်တွင် (၅) မီလီမီတာအကျယ် အပေါက်ဖောက်ပြီး မိုနိုပိုလာချိတ် (Monopolar hook) သို့မဟုတ် မိုနိုပိုလာအပ်ချောင်း (Monopolar needle) ကိရိယာ ထည့်၍ သားဥအိမ်၌ အပေါက်ငယ်များ (၄)ပေါက် မှ (၆)ပေါက်ထိဖောက်သည်၊ အပေါက်ငယ်များကို ဖောက်ရာတွင် ချိတ် သို့မဟုတ် အပ်ချောင်းသည် လျှပ်စစ်အပူ သို့မဟုတ် လေဆာဖြင့် သားဥအိမ်ထဲသို့ (၄) မီလီမီတာနက်ပြီး (၄) မီလီမီတာအကျယ် ဖောက်ပေးရသည်၊ ထို့သို့ပြုလုပ်ခြင်းဖြင့် အင်ထရိုဂျင်ဟော်မုန်းထုတ်ပေးသော တစ်ရှူးများ ပျက်စီးသွားသည်
- သားဥအိမ်၌ အပေါက်ငယ်ဖောက်ခြင်းပြီးဆုံးပါက ထိခိုက်မှု ရှိမရှိ စစ်ဆေးပြီး၊ မရှိလျှင် မှန်ပြောင်းကို ပြန်ထုတ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ပါသောလေများ မကျန်အောင် ဝမ်းဗိုက်မှ ပြန်ထုတ်ပေးရသည်
- ဝမ်းဗိုက်ခွဲကြောင်းငယ်များကို ပျော်ဝင်စေသောအာနိသင်ရှိ ချုပ်ကြိုးများဖြင့် ပြန်ပိတ်သည်
- စုစုပေါင်းကြာချိန် မိနစ် (၃၀) ခန့်ဖြစ်ပြီး အိမ်မပြန်မီ တွေ့ရှိချက်များကို သားဖွားမီးယပ်အထူးကုဆရာဝန်မှ ရှင်းပြသည်
- အများအားဖြင့် ကုသမှုခံယူပြီးနောက် ရာသီပြန်မှန်ပြီး သားဥပြန်ကြွေသည်
နောက်ဆက်တွဲဆိုးကျိုးများ
မှန်ပြောင်းဖြင့် ခွဲစိတ်ကုနည်းများသည် အများအားဖြင့် နောက်ဆက်တွဲဆိုးကျိုးများ မရတတ်ပါ။ ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲဆိုးကျိုးများမှာ အောက်ပါအတိုင်းဖြစ်သည်။
- ခွဲကြောင်းရာ ရောဂါပိုးဝင်ခြင်း
- ခွဲကြောင်းရာ သွေးစိမ့်ခြင်း
- ဝမ်းခေါင်းအတွင်း၌ သွေးထွက်ခြင်း
- မမျှော်လင့်ဘဲ ခွဲစိတ်ကိရိယာများဖြင့် သွေးကြောမကြီးကို ထိခိုက်မိခြင်း သို့မဟုတ် ဆီးအိမ်၊ အူလမ်းကြောင်းကဲ့သို့သော ကိုယ်တွင်းအင်္ဂါများ ထိခိုက်မိခြင်း
- မှန်ပြောင်းဖြင့် ကုသနည်းတွင် ဝမ်းခေါင်းကို ကာဗွန်ဒိုင်အောက်ဆိုဒ်လေဖြင့် ဖောင်းထားရသောကြောင့် ပြုလုပ်ပြီးသည့်နောက် နာကျင်နိုင်ခြင်း
- မေ့ဆေးကြောင့်ဖြစ်ပေါ်နိုင်သောနောက်ဆက်တွဲပြဿနာများ
- ပြုလုပ်ပြီးနောက် ဝမ်းခေါင်းတွင်း အမျှင်တွယ်ဆက်မှုများဖြစ်ပေါ်နိုင်ခြင်း (သားဥအိမ်နှင့် သားဥပြွန်ကြား အမျှင်တွယ်ဆက်ခြင်းဖြစ်ပေါ်လျှင် သားသမီးရရန် ခက်ခဲစေနိုင်သည်)
- သားဥအိမ် လွန်ကဲစွာ လှုံ့ဆော်ခံရသော ရောဂါစု (Ovarian hyperstimulation syndrome) ဖြစ်နိုင်ခြင်း
- လိုအပ်သည်ထက်ပို၍ သားဥအိမ်ကို လေဆာဖြင့် အပေါက်ငယ်များပြုလုပ်မိသည့်အခါ သားဥအိမ် ထိခိုက်ပျက်စီးတတ်ပြီး သားဥအိမ်သည် ဟော်မုန်းများမထုတ်နိုင်တော့ဘဲ စောစီးစွာမီးယပ် သွေးဆုံးနိုင်သည်
လိုက်နာဆောင်ရွက်ရမည့်အချက်များ
- မှန်ပြောင်းဖြင့် လျှပ်စစ်အပူ သို့မဟုတ် လေဆာကို အသုံးပြု၍ သားဥအိမ်၌ အပေါက်ငယ်များ ဖောက်ခြင်းပြုလုပ်ပြီးနောက် အထက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများဖြစ်ပေါ် ခံစားရလျှင် မိမိ၏ သားဖွားမီးယပ် အထူးကုဆရာဝန်ကို ချက်ချင်းဆက်သွယ်ရမည်
- နာလန်ထကာလသည် တစ်ဦးနှင့်တစ်ဦး မတူညီနိုင်ပါ၊ ပြုလုပ်ပြီး (၅) ရက်ကြာပြီးနောက် ပုံမှန် လှုပ်ရှားသွားလာခြင်း၊ အပေါ့စားလေ့ကျင့်ခန်းများ ပြန်လည်ပြုလုပ်နိုင်သည်
- တစ်ပတ် သို့မဟုတ် နှစ်ပတ်ကြာလျှင် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်နိုင်သည်
- သားဥအိမ်၌ အပေါက်ငယ်ဖောက်ခြင်း ပြုလုပ်သည့် တစ်လအတွင်း အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကို ရှောင်ကြဥ်ပါ
References:
- The Rotherham NHS Foundation Trust. (n.d.). Laparoscopic ovarian drilling: Patient information. Retrieved November 10, 2025, from https://www.therotherhamft.nhs.uk/patients-and-visitors/patient-information/laparoscopic-ovarian-drilling
- The American Society for Reproductive Medicine. (n.d.). Ovarian drilling for infertility. Retrieved November 10, 2025, from https://www.reproductivefacts.org/news-and-publications/fact-sheets-and-infographics/ovarian-drilling-for-infertility/
- Mitra, S., Nayak, P. K., & Agrawal, S. (2015). Laparoscopic ovarian drilling: An alternative but not the ultimate in the management of polycystic ovary syndrome. Journal of Natural Science, Biology and Medicine, 6(1), 40–48. https://doi.org/10.4103/0976-9668.149076
Published: 2 December 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.
