မွေးဖွားခြင်းဖြစ်စဉ်သည် မိခင်တို့အတွက် သဘာဝတရားတစ်ခုဖြစ်သော်လည်း နာကျင်မှုကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခြင်း၊ စိတ်မသက်မသာဖြစ်ခြင်းတို့ကို ခံစားရသည်။ မျက်မှောက်ခေတ်တွင် ဆေးပညာတိုးတက်လာခြင်းကြောင့် မိခင်များကို မနာကျင်စေဘဲ ကလေးမွေးဖွားနိုင်သော နည်းလမ်းများ အသုံးပြုလာသည်။ ထိုနည်းလမ်းများသည် မိခင်၏ နာကျင်မှုကို သိသာစွာလျော့နည်းစေပြီး မွေးဖွားခြင်းဖြစ်စဉ်ကို ပို၍သက်သောင့်သက်သာဖြစ်စေသည်။ မွေးဖွားစဉ်နာကျင်မှု သက်သာစေရန် နည်းလမ်းများအနက် ခါးဆစ်ရိုးကြားတွင် အပ်ထည့်၍ အနာသက်သာစေသော ဆေးများထိုးပေးခြင်း (Epidural anaesthesia) မှာ အသုံးအများဆုံးနည်းလမ်းဖြစ်သည်။
ခါးဆစ်ရိုးကြား ထိုးဆေးများ၏ အလုပ်လုပ်ပုံ
ခါးဆစ်ရိုးကြားဆေးထိုးခြင်းသည် ခါးရိုးဆစ်များကြားရှိ နေရာလွတ် (Intervertebral Space) ထဲသို့ အပ်ထည့်ကာ ဆေးသွင်းရခြင်းဖြစ်ပြီး ၎င်း၏ ရည်ရွယ်ချက်မှာ အာရုံကြောများကို ပိတ်ဆို့ရန်ဖြစ်သည်။
- အာရုံကြောများ၏ တည်နေရာ (Nerve Location)
- ခါးရိုးမကြီးရှိ ကျောရိုးဆစ်များ၏ အတွင်းဘက်တွင် အာရုံကြောမကြီး (Spinal Cord) ရှိပြီး ထိုအာရုံကြောမကြီးမှ ခန္ဓာကိုယ်အောက်ပိုင်း (ဝမ်းဗိုက်၊ တင်ပါး၊ ခြေထောက်) သို့ နာကျင်မှု အာရုံခံစားမှုများကို သယ်ဆောင်သည့် အာရုံကြောများ (Nerves) ထွက်လာသည်
- ဆေးထိုးရမည့် နေရာများ
- Epidural Space – အာရုံကြောမကြီး၏ အပြင်ဘက်အလွှာနှင့် ကျောရိုးဆစ်များ၏ အတွင်းနံရံကြားတွင် Epidural Space (အမြှေးပါးပြင်ပနေရာ) ဟုခေါ်သော သေးငယ်သည့် နေရာလွတ်တစ်ခု ရှိသည်
- Subarachnoid Space – အာရုံကြောမကြီး၏ အတွင်းဘက်အနီးဆုံးတွင်ရှိပြီး ဦးနှောက်နှင့် ကျောရိုးအတွင်း ဆက်စပ်စီးဆင်းနေသော CSF အရည် (Spinal Fluid) များရှိသည့်နေရာဖြစ်သည်
- ဆေး၏ အာနိသင် (Mechanism of Action)
- ထုံဆေးကို အဆိုပါနေရာများသို့ ထိုးသွင်းလိုက်သောအခါ ထိုဆေးသည် ထိုနေရာရှိ နာကျင်မှု အာရုံခံစားမှုကို သယ်ဆောင်ပို့ဆောင်ပေးသည့် အာရုံကြောများကို တိုက်ရိုက်ထိတွေ့ ပိတ်ဆို့လိုက်သည်
- ရလဒ်
- ထိုသို့ ပိတ်ဆို့လိုက်ခြင်းကြောင့် သားအိမ်ညှစ်ခြင်းနှင့် မီးဖွားခြင်းမှ ဖြစ်ပေါ်လာသော နာကျင်မှု အာရုံခံစားချက်များသည် ဦးနှောက်ဆီသို့ မရောက်ရှိနိုင်တော့ဘဲ နာကျင်မှုကို သိသာစွာ သက်သာစေသည်
- သို့သော် လှုပ်ရှားမှုစွမ်းအား (Motor Function) ကိုမူ လုံးဝမပိတ်ဆို့ပါ
ဤနည်းလမ်းသည် - မိခင်၏ သားအိမ်ညှစ်အား (Uterine Contractions) နှင့် သားအိမ်ခေါင်းပွင့်သည့် နှုန်းအပေါ်တွင် အာနိသင် သက်ရောက်မှုမရှိပါ
- သို့သော် မီးဖွားမှုဖြစ်စဉ်တစ်လျှောက် မိခင်သည် နာကျင်မှု သက်သာစွာဖြင့် နိုးနိုးကြားကြား တက်တက်ကြွကြွ ရှိနေနိုင်သည်
သဘာဝအတိုင်း ကလေးမွေးဖွားစဉ် နာကျင်မှုကို သက်သာစေသောနည်းများ
ကလေးမွေးဖွားစဉ် ခံစားရသော နာကျင်မှုကို သက်သာစေရန်အတွက် အသုံးပြုသည့် နည်းလမ်းများတွင် အောက်ပါတို့ ပါဝင်သည်။
- ခါးဆစ်ရိုးကြားဆေးထိုးခြင်း (Epidural Anaesthesia)
ခါးဆစ်ရိုးကြားသို့ သေးငယ်သော ပိုက်ချောင်း (catheter) ကို ထည့်သွင်းပြီး စက်ဖြင့် အလိုအလျောက် ချိန်ညှိကာ အနာသက်သာစေသော ဆေးများ ထိုးထည့်ခြင်းဖြင့် ခန္ဓာကိုယ်၏ ခါးအောက်ပိုင်းမှစသော နာကျင်မှုကို သက်သာစေသည်။ ၎င်းသည် မနာကျင်စေဘဲ ကလေးမွေးဖွားသူများတွင် အသုံးအများဆုံး နည်းလမ်းဖြစ်သည်။ - အခြားနည်းလမ်းများဖြင့် ဆေးပေးကုသခြင်း
- ဘိန်းကို အခြေခံသော ဆေးများ (Opioids)
ဘိန်းကဲ့သို့ အာနိသင်ရှိသော ဆေးဝါးများ (ဥပမာ- pethidine, morphine, codeine, tramadol) စသည်တို့ကို သတ်မှတ်ထားသော အချိန်အဆအတိုင်း ကြွက်သား သို့မဟုတ် သွေးကြောအတွင်း ထိုးပေးခြင်းဖြင့် နာကျင်မှုကို သက်သာစေသည်။ - နာကျင်မှုခံစားရသောနေရာတစ်ဝိုက်ကို ထုံဆေးထိုးခြင်း (Local Anaesthesia)
ထုံဆေးကို မွေးလမ်းကြောင်းချဲ့မည့်နေရာ (Episiotomy area) တွင် နာကျင်မှုသက်သာစေရန် ထိုးပေးခြင်း၊ သို့မဟုတ် ပျူဒန်ဒယ်အာရုံကြော (Pudendal Nerve) အတွင်းသို့ ထုံဆေးထိုးခြင်းဖြင့် နာကျင်မှုကို သက်သာစေသည်။ - ဆေးငွေ့ရှူခြင်း (Entonox/ Gas and Air)
Nitrous oxide နှင့် Oxygen တို့ သတ်မှတ်အချိုးကျ ရောစပ်ထားသော အငွေ့တစ်မျိုးကို ရှူခြင်းဖြင့် နာကျင်မှုကို ချက်ခြင်းသက်သာစေသည်။ ထို့ကြောင့် အချိန်ပြည့် ရှူရန် မလိုအပ်ဘဲ သားအိမ်ညှစ်အားဖြစ်ပေါ်ချိန်မှသာ ရှူရန်လိုအပ်သည်။
- ဘိန်းကို အခြေခံသော ဆေးများ (Opioids)
- အခြားသောနည်းလမ်းများ (Alternative Methods)
- ရေချိုးကန်အတွင်းကြက်သီးနွေးရေတွင် ကလေးမွေးဖွားခြင်း (labouring in warm water)
- အိပ်မွေ့ချနည်းဖြင့် အနာသက်သာစေခြင်း (hypnosis)
- အပ်စိုက်ခြင်း (acupuncture)
- အသက်ရှူလေ့ကျင့်ခန်းများ (focused breathing) ဖြင့် အနာသက်သာစေခြင်း
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ခါးဆစ်ရိုးတွင် ပိုက်ချောင်းထည့်၍ အနာသက်သာစေသော ဆေးများ ထိုးပေးခြင်းကို မွေးဖွားစဉ်နာကျင်မှုသက်သာစေသော အကောင်းဆုံးနည်းလမ်းအဖြစ် အသိအမှတ်ပြုထားသည်။ ၎င်းနည်းလမ်းကို ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ၁၀ ရာခိုင်နှုန်းမှ ၆၄ ရာခိုင်နှုန်းအထိ တွင်ကျယ်စွာအသုံးပြုနေပြီဖြစ်သည်။ အောက်ပါ ရည်ရွယ်ချက်များ သို့မဟုတ် အခြေအနေများတွင် မနာကျင်စေဘဲ မွေးဖွားခြင်း (Painless Labour) ကို ပြုလုပ်လေ့ရှိသည်။
- နာကျင်မှုဒဏ်မှ ကင်းဝေးစေရန်
- ကလေးကို သဘာဝအတိုင်း မွေးဖွားလိုသော်လည်း နာကျင်မှုဒဏ်ကို ကြာရှည်စွာ မခံစားလိုသူများ သို့မဟုတ် နာကျင်မှုကို ကြောက်ရွံ့သောသူများ
- မွေးဖွားစဉ် နာကျင်မှုကြောင့် ဖြစ်ပေါ်လာသော စိတ်လှုပ်ရှားခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းကို လျှော့ချရန် လိုအပ်သူများ
- မိခင်ကျန်းမာရေးကို အထောက်အကူပြုရန်
- မွေးဖွားစဉ် နာကျင်ခြင်းကြောင့် မိခင်တွင် လက်ရှိဖြစ်ပေါ်နေသော ကျန်းမာရေးအခြေအနေများ (ဥပမာ _ ကိုယ်ဝန်ဆိပ်တက်ခြင်း၊ အတက်ရောဂါရှိခြင်း၊ နှလုံးရောဂါရှိခြင်း စသည်) ပို၍ ဆိုးလာနိုင်ခြင်းကို လျှော့ချရန်အတွက် အထောက်အကူဖြစ်စေရန်
- မွေးဖွားမှု အထောက်အကူပြုရန်
- ကလေးမွေးဖွားခြင်း အဆင့် (၂) တွင် ကလေးကို ညှစ်ထုတ်ရန် အသုံးပြုမည့် သားအိမ်ညှစ်အားအတွက် မိခင်၏ အားအင်ကို ချွေတာနိုင်စေရန်
- မွေးဖွားချိန်တွင် မိခင်၏အားအင် ကုန်ခမ်းပြီး ကလေးကို ညှစ်မထုတ်နိုင်ခြင်းကြောင့် ခွဲစိတ်မွေးဖွားရနိုင်ခြေ (C-section) ကို လျှော့ချနိုင်ရန်
- အမှတ်တရကောင်းများ ကျန်ရှိစေရန်
- မွေးဖွားမှုဖြစ်စဉ်ကို ဘဝတစ်လျောက်လုံး ကောင်းမွန်ပျော်ရွှင်သော အမှတ်တရအဖြစ် ချန်ထားနိုင်စေရန်
ကြိုတင်သိရှိထားရမည့်အချက်များ
- မနာကျင်စေဘဲ ရိုးရိုးမွေးဖွားလိုသော ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်း၏ခင်ပွန်းတို့အား ကိုယ်ဝန်သက် (၃၄) ပတ်ဝန်းကျင်ခန့်တွင် မနာကျင်စေဘဲ ရိုးရိုးမွေးဖွားခြင်းနှင့် ပတ်သက်၍ သိသင့်သော အချက်အလက်များကို ရှင်းပြထားရန်လိုအပ်သည်
- ၎င်းအချက်အလက်များတွင် ခါးဆစ်ရိုးတွင် ပိုက်ချောင်းထည့်၍ အနာသက်သာစေသော ဆေးများ ထိုးပေးခြင်း အပါအဝင် အခြားသော နာကျင်မှုကို လျော့နည်းစေနိုင်သော နည်းလမ်းများ၊ ခါးဆစ်ရိုးတွင် ပိုက်ချောင်းထည့်၍ အနာသက်သာစေသောဆေးများ ထိုးပေးခြင်းကို သုံးနေစဉ် ကြုံတွေ့ရနိုင်ခြေရှိသော အခြေအနေများပါဝင်သည်
ခါးဆစ်ရိုးတွင် ပိုက်ချောင်းထည့်ခြင်း ပြုလုပ်ပုံအဆင့်ဆင့်
မနာကျင်ဘဲ ကလေးမွေးဖွားရန် ခါးဆစ်ရိုးတွင် ပိုက်ချောင်းထည့်ခြင်းမပြုလုပ်မီ ကိုယ်ဝန်ဆောင် မိခင်နှင့် ခင်ပွန်းတို့ကို လိုအပ်သည်များ သေချာစွာရှင်းပြပြီး သဘောတူညီချက် ရယူထားရန် လိုအပ်သည်။
- သားအိမ်ညှစ်အားစတင်ကောင်းမွန်လာချိန်၊ သားအိမ်ညှစ်အား (၁၀) မိနစ်တွင် (၃) ကြိမ်ခန့် ဖြစ်ပေါ်လာသောအချိန်တွင် မေ့ဆေးအထူးကုဆရာဝန်မှ ခါးဆစ်ရိုးတွင်ပိုက်ချောင်းထည့်ရန် စတင်၍ပြင်ဆင်သည်
- ကိုယ်ဝန်ဆောင်မိခင်ကို လဲလျောင်း၍ ဘေးတစောင်းအနေအထားဖြင့် ကွေးပြီးဖြစ်စေ၊ ခန္ဓာကိုယ်ထိုင်လျက် ရှေ့သို့ ကိုင်းညွှတ်ပြီးဖြစ်စေ ထိုးနိုင်သည်
- ခါးဆစ်ရိုးတွင် ပိုက်ချောင်းထည့်မည့်နေရာကို ဦးစွာပိုးသတ်ပေးပြီး ထုံဆေးကို အနည်းငယ် လိမ်းပေးရမည်
- သားအိမ်ညှစ်အား ခေတ္တ အားပျော့သွားချိန်တွင် ခါးဆစ်ရိုးတွင် ပိုက်ချောင်းထည့်ရန် အသုံးပြုသည့်အပ် (Epidural needle) ကို ခါးဆစ်ရိုးအတွင်းရှိ အာရုံကြောအပေါ်ယံအလွှာ (Epidural space) အတွင်းသို့ ဦးစွာထိုးထည့်ပြီးနောက် ထိုအပ်အတွင်းမှ ပိုက်ချောင်းပျော့ကို ထည့်သွင်းပြီး အပ်ကို ဖယ်ထုတ်ရသည်၊ ခါးဆစ်ရိုးတွင်ထည့်ထားသော ပိုက်ချောင်းကို ဆေးပမာဏ အလိုအလျောက် ချိန်ညှိအသုံးပြုနိုင်သောစက် (Syringe pump) နှင့် ချိတ်ဆက်ပြီး မွေးဖွားစဉ်တစ်လျောက်လုံး နာကျင်မှုအတိုင်းအတာပေါ်မူတည်၍ ဆေးများကို လိုအပ်သလို သွင်းပေးနိုင်သည်၊ ထိုသို့အသုံးပြုရာတွင် (Patient controlled anaesthesia) ကိုယ်ဝန်ဆောင်မိခင်ကိုယ်တိုင် မိမိ၏ နာကျင်မှုကို ချိန်ဆ၍လည်း ဆေးကို အသုံးပြုနိုင်သည်၊ ဆေးအလွန်အကျွံအသုံးပြုခြင်း မဖြစ်စေရန်လည်း ချိန်ညှိထားနိုင်သည်၊ ဆေးချိန်ညှိရာတွင် နာကျင်မှုသက်သာခြင်းနှင့် သားအိမ်ညှစ်အားကိုသိရှိပြီး ကလေးကိုညှစ်ထုတ်နိုင်ခြင်းအကြား ချိန်ညှိပေးရမည် ဖြစ်သည်
- အနာသက်သာစေရန်အသုံးပြုသောဆေးများသည် အာရုံကြောများကို ပိတ်ဆို့ထုံကျဥ်စေခြင်းဖြင့် နာကျင်မှုကို သိသာစွာလျော့နည်းစေခြင်းဖြစ်သော်လည်း ကိုယ်ဝန်ဆောင်မိခင်သည် သားအိမ်ညှစ်အားဖြစ်ပေါ်ခြင်းကို ခံစားသိရှိနိုင်သည်
- အသုံးပြုသည့်ပမာဏကို မူတည်၍ လှုပ်ရှားသွားလာခြင်း ပြုနိုင်မည်မဟုတ်ပါ၊ ဆီးအိမ်တင်းခြင်းမှ ကာကွယ်ရန် ဆီးပိုက်ထည့်ထားရန်လိုအပ်သည်
- ဆေးထိုးပြီးနောက်တွင် မိခင်၏ သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်း၊ သားအိမ်ညှစ်နှုန်း၊ သားအိမ်ပွင့်နှုန်း၊ သန္ဓေသား၏ နှလုံးခုန်နှုန်းစသည်တို့ကို ဆက်လက်၍ စောင့်ကြည့်ရန် လိုအပ်သည်။
မနာကျင်ဘဲကလေးမွေးဖွားခြင်း၏ ကောင်းကျိုးများ
- နာကျင်မှုကို သိသာစွာသက်သာစေပြီး ကလေးညှစ်ထုတ်ရန် အာရုံစိုက်နိုင်ခြင်း
- စိတ်လှုပ်ရှားမှု၊ စိတ်ဖိစီးမှုများ လျော့နည်းခြင်း
- မေ့ဆေးနှင့်မတူဘဲ နိုးကြားစွာရှိနေခြင်း၊ မွေးဖွားမှုဖြစ်စဉ်တွင် ကိုယ်တိုင်ပါဝင်နိုင်ခြင်း
- သွေးပေါင်ချိန် ထိန်းညှိပေးနိုင်ခြင်း
- ကိုယ်ဝန်ဆောင်မိခင် စိတ်ဖိစီးမှု နည်းသောကြောင့် ကလေးလည်း စိတ်ဖိစီးမှုနည်းခြင်း၊
- ကလေး၏ နှလုံးခုန်နှုန်းအပေါ် ကောင်းသောသက်ရောက်မှုရှိခြင်း
- မွေးလမ်းကြောင်းချဲ့ခြင်း၊ လေစုပ်ခြင်း၊ ညှပ်ဆွဲခြင်းတို့ဖြင့် ကူညီမွေးဖွားရန် လိုအပ်လာပါကလည်း အနာသက်သာသောဆေးထပ်မံ အသုံးပြုရန် မလိုခြင်း
- နာကျင်မှုမရှိဘဲ မိမိ၏ရင်သွေးကို ပျော်ရွှင်စွာ တွေ့ရခြင်း
ခါးဆစ်ရိုးတွင် ပိုက်ချောင်းထည့်၍ အနာသက်သာစေသော ဆေးများ ထိုးပေးခြင်း မပြုလုပ်သင့်သည့် အခြေအနေများ
- သွေးခဲခြင်းဆိုင်ရာ ရောဂါရှိသူများ
- အာရုံကြောဆိုင်ရာ ရောဂါရှိသူများ
- အသုံးပြုသော အနာသက်သာဆေးနှင့် ဓာတ်မတည့်သောသူများ
- ဆေးထိုးမည့်နေရာတွင် ပိုးဝင်ခြင်းရှိနေသူများ
- ဆီးချိုမထိန်းနိုင်သောသူများ
- ယခင်က ခါးဆစ်ရိုးခွဲစိတ်မှု ပြုလုပ်ဖူးသူများ
ခါးဆစ်ရိုးတွင် ပိုက်ချောင်းထည့်၍ အနာသက်သာစေသောဆေးများ ထိုးပေးခြင်း အသုံးပြုနေစဉ် ကြုံတွေ့ရနိုင်သော အခြေအနေများ
- သွေးပေါင်ချိန်ကျခြင်းကြောင့် ဖြစ်လာသော ခေါင်းမူးခြင်း၊ ပျို့ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ သန္ဓေသားထံသို့ အောက်ဆီဂျင်ပို့ဆောင်မှု နည်းနိုင်ခြင်း
- ခေါင်းကိုက်ခြင်း (ယာယီခေါင်းကိုက်ခြင်းဖြစ်ပြီး တွေ့ရနည်းသော်လည်း ပြင်းထန်ခြင်း)
- ခါးဆစ်ရိုးအတွင်း ဆေးပိုက်ထည့်သောနေရာတွင် နာကျင်ခြင်း၊ မသက်မသာဖြစ်ခြင်း (ရက်သတ္တပတ်အနည်းငယ်အတွင်းတွင် သက်သာသည်)
- ခါးဆစ်ရိုးအတွင်း ဆေးပိုက်ထည့်သောနေရာတစ်ဝိုက် ပိုးဝင်နိုင်ခြင်း၊ ဓာတ်မတည့်ခြင်း (တွေ့ရခဲသော အခြေအနေဖြစ်သည်)
- မွေးဖွားစဉ်တွင် ခန္ဓာကိုယ်အောက်ပိုင်းကို ကန့်သတ်ထားသကဲ့သို့ဖြစ်ခြင်းကြောင့် ခန္ဓာကိုယ် အောက်ပိုင်းတွင် ယာယီ ထုံကျဉ်ခြင်း၊ အားနည်းခြင်း
- ဆီးအိမ်ပြည့်တင်းခြင်းကို ကောင်းစွာ မသိရှိတော့ခြင်း၊ ဆီးသွားရခက်ခဲနိုင်ခြင်း
- ကလေးနှလုံးခုန်နှုန်း ပြောင်းလဲမှုရှိနိုင်ခြင်းကြောင့် မွေးဖွားစဉ်တစ်လျောက်လုံး နီးကပ်စွာ စောင့်ကြည့်ရန် လိုအပ်ခြင်း
- အချို့သောအခြေအနေများတွင် မွေးဖွားမှုဖြစ်စဉ် ပုံမှန်ထက် ပို၍နှေးစေနိုင်ခြင်း၊ ထိုအခြေအနေတွင် လိုအပ်ပါက သားအိမ်ညှစ်အားကောင်းစေသောဆေးများကို ပေးရနိုင်ခြင်း
- မွေးဖွားခြင်းအဆင့် (၂) တွင် ထိရောက်သော သားအိမ်ညှစ်အား မရှိခြင်းကြောင့် ကိရိယာအကူအညီဖြင့် မွေးဖွားရခြင်း [ဥပမာ _ လေစုပ်၍မွေးဖွားရခြင်း (vacuum delivery)၊ ညှပ်ဆွဲ၍မွေးဖွားရခြင်း (forceps delivery)]
နောက်ဆက်တွဲဆိုးကျိုးများ
Epidural Anaesthesia ကို အသုံးပြုခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်နိုင်ခြေရှိသော်လည်း အများစုမှာ မပြင်းထန်ပါ။ သို့သော် ဖြစ်ခဲသော်လည်း ပြင်းထန်သော ဆိုးကျိုးများလည်း ရှိနိုင်သည်။ ဤဆိုးကျိုးများ ဖြစ်ပွားနိုင်သည့် ရာခိုင်နှုန်းကို ပညာရှင်အဆင့် လေ့လာမှုများအရ ပူးတွဲဖော်ပြထားသည်။
အဖြစ်များပြီး မပြင်းထန်သော ဆိုးကျိုးများ
- ဆေးအာနိသင် အပြည့်အဝ မရရှိခြင်း
- ပေးထားသော ဆေးပမာဏဖြင့် နာကျင်မှုကို အပြည့်အဝ မသက်သာစေသောကြောင့် နောက်ထပ် ဆေးအပိုထပ်ဆောင်းပေးရခြင်း သို့မဟုတ် အခြားသော အနာသက်သာစေသည့် နည်းလမ်းများကို ပြောင်းလဲ အသုံးပြုရနိုင်ခြင်း (၈ ဦးတွင် ၁ ဦးခန့် ဖြစ်နိုင်သည်)
- ထုံဆေး လုံးဝ အလုပ်မလုပ်ခြင်း
- ခွဲစိတ်မွေးဖွားရန် လိုအပ်လာသောအခါ Epidural ဆေး ကောင်းစွာ အလုပ်မလုပ်ခြင်းကြောင့် ခါးရိုးထုံဆေး (Spinal) သို့မဟုတ် မေ့ဆေး (General Anaesthesia) ထပ်မံ၍ ပေးရခြင်း (၂၀ ဦးတွင် ၁ ဦးခန့် ဖြစ်နိုင်သည်)
- သွေးပေါင်ချိန် ကျခြင်း
- သွေးပေါင်ချိန် သိသာစွာ ကျဆင်းခြင်း (၅၀ ဦးတွင် ၁ ဦးခန့် ဖြစ်နိုင်သည်)
- ပြင်းထန်စွာ ခေါင်းကိုက်ခြင်း
- ထုံဆေးထိုးသွင်းပြီးနောက် ပြင်းထန်သော ခေါင်းကိုက်ခြင်း (Post-dural Puncture Headache) (၁၀၀ ဦးတွင် ၁ ဦးခန့် ဖြစ်နိုင်သည်)
- ခေတ္တ အာရုံကြောပျက်စီးခြင်း
- အချိန်ကာလခဏတာ အာရုံကြောပျက်စီးခြင်းကြောင့် ခြေထောက် ထုံကျဥ်ခြင်း သို့မဟုတ် အားနည်းခြင်း (၁,၀၀၀ ဦးတွင် ၁ ဦးခန့် ဖြစ်နိုင်သည်)
ဖြစ်ခဲသော်လည်း ပြင်းထန်သော ဆိုးကျိုးများ
ဤပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများသည် အလွန်ဖြစ်ခဲသည်။ သို့သော် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များသည် ၎င်းတို့ကို ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပွားလာပါက ကုသရန်လည်း အသင့်ပြင်ဆင်ထားလေ့ရှိသည်။
- ရာသက်ပန် အာရုံကြောပျက်စီးခြင်း
- ရာသက်ပန် အာရုံကြောပျက်စီးမှု ဖြစ်ပေါ်ခြင်း (၁၃,၀၀၀ ဦးတွင် ၁ ဦးခန့် ဖြစ်နိုင်သည်)
- ပိုးဝင်ခြင်း
- ပိုက်ထည့်သော နေရာတွင် ပြည်တည်ခြင်း (Abscess) (၅၀,၀၀၀ ဦးတွင် ၁ ဦးခန့် ဖြစ်နိုင်သည်)
- ဦးနှောက်အမြှေးပါး ရောင်ရမ်းခြင်း (Meningitis) (၁၀၀,၀၀၀ ဦးတွင် ၁ ဦးခန့် ဖြစ်နိုင်သည်)
- သွေးခဲခြင်း
- ပိုက်ထည့်သော နေရာအတွင်းတွင် သွေးခဲခြင်း (Hematoma) (၁၇၀,၀၀၀ ဦးတွင် ၁ ဦးခန့် ဖြစ်နိုင်သည်)
- ခန္ဓာကိုယ်အောက်ပိုင်း သေခြင်း (Paralysis) (၂၅၀,၀၀၀ ဦးတွင် ၁ ဦးခန့် ဖြစ်နိုင်သည်)
လိုက်နာဆောင်ရွက်ရမည့်အချက်များ
- မနာကျင်ဘဲကလေးမွေးဖွားခြင်း မပြုလုပ်မီ သက်ဆိုင်ရာဆရာဝန်နှင့် သေချာစွာ ဆွေးနွေးတိုင်ပင်ရန် လိုအပ်သည်
- မနာကျင်ဘဲရိုးရိုးမွေးဖွားခြင်း၏ ကောင်းကျိုးများ၊ ဖြစ်ပေါ်လာနိုင်သော လက္ခဏာများ၊ နောက်ဆက်တွဲဆိုးကျိုးများကို သေချာစွာသိရှိထားရမည်
- အရေးပေါ်အခြေအနေများ ဖြစ်ပေါ်လာပါက ကုသရန်၊ ကျော်လွှားနိုင်ရန်များကို ကြိုတင် စီစဉ်ထားရမည်
- မွေးဖွားပြီးနောက် နာကျင်နေခြင်း၊ ခါးနာခြင်း စသည့်တို့ကို နာတာရှည်ခံစားရသည်များရှိပါက သက်ဆိုင်ရာ ဆရာဝန်နှင့် ပြန်လည်ပြသရန်လိုအပ်ကြောင်းကို ညွှန်ကြားထားရမည်။
References:
- Mayo Clinic. (n.d.). Stages of labor: What to expect during birth. Retrieved November 8, 2025, from https://www.mayoclinic.org/healthy-lifestyle/labor-and-delivery/in-depth/stages-of-labor/art-20046545
- Motherland Hospital. (n.d.). Pros & cons of painless delivery. Retrieved November 8, 2025, from https://motherlandhospital.com/pros-cons-painless-delivery/
- Halliday, L., Nelson, S. M., & Kearns, R. J. (2022). Epidural analgesia in labor: A narrative review. International Journal of Gynaecology & Obstetrics, 159(2), 356–364. https://doi.org/10.1002/ijgo.14175
- Apollo Cradle. (n.d.). Painless delivery: All you need to know. Retrieved November 8, 2025, from https://www.apollocradle.com/blog/pregnancy/painless-delivery-all-you-need-to-know
Published: 2 December 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.
