Rhinoplasty (နှာခေါင်းခွဲစိတ်ပြုပြင်ခြင်း)

Rhinoplasty (နှာခေါင်းခွဲစိတ်ပြုပြင်ခြင်း)

နှာခေါင်းခွဲစိတ်ပြုပြင်ခြင်း (Rhinoplasty) သည် Nose job ဟုအများသိကြသော အလှအပရေးရာဆိုင်ရာ နှာခေါင်းခွဲစိတ်မှုတစ်မျိုးဖြစ်သည်။ နှာခေါင်း၏ ပုံသဏ္ဌာန်နှင့် အရွယ်အစားကို ပြောင်းလဲပေးနိုင်သည့်အပြင် အသက်ရှူရခက်ခဲစေသော အခြေအနေများရှိပါက သက်သာစေရန်လည်း ခွဲစိတ်လေ့ရှိကြသည်။ ဤခွဲစိတ်မှုကို အလှအပရေးရာဆိုင်ရာ ခွဲစိတ်ဆရာဝန်များ (Plastic surgeon) သို့မဟုတ် မျက်နှာနှင့် မေးရိုး ခွဲစိတ်အထူးကုဆရာဝန်များ (Maxillo-facial surgeon) မှ ပြုလုပ်ကြပြီး အဓိက ခွဲစိတ်ရသော ရည်ရွယ်ချက်နှစ်မျိုးရှိသည်။

  • အလှအပရေးရာအတွက် နှာခေါင်းခွဲစိတ်ပြုပြင်ခြင်း (Cosmetic Rhinoplasty)
    နှာခေါင်းနှင့် မျက်နှာ၏ အသွင်အပြင်ကို ပိုမိုလှပစေရန်အတွက် ပြုလုပ်သည်။
  • ကျန်းမာရေးလိုအပ်ချက်အရ နှာခေါင်းခွဲစိတ်ပြုပြင်ခြင်း (Functional Rhinoplasty)
    အသက်ရှူရ လွယ်ကူစေရန်နှင့် နှာခေါင်း၏ လုပ်ဆောင်ချက်များကို ကောင်းမွန်စေရန်အတွက် ပြုလုပ်သည်။
နှာခေါင်းခွဲစိတ်ပြုပြင်ရန် လိုအပ်သောအခြေအနေများ

နှာခေါင်းတွင် အပေါ်ဘက်အပိုင်းသည် အရိုး (Bone) ဖြစ်၍ အောက်ဘက်အပိုင်းသည် အရိုးနု (Cartilage) ဖြစ်သည်။ နှာခေါင်းခွဲစိတ်ပြုပြင်ရာတွင် နှာခေါင်းအရိုး၊ အရိုးနုအပြင် အပေါ်ယံအရေပြားကိုပါ ပြုပြင်ပြောင်းလဲနိုင်သည်။ အောက်ပါအခြေအနေများတွင် နှာခေါင်းခွဲစိတ်ခြင်းကို ပြုလုပ်နိုင်သည်။

  • မွေးရာပါ နှာခေါင်းဖွဲ့စည်းတည်ဆောက်ပုံ ချို့ယွင်းချက်ရှိသူများ (Birth defect)
  • နှာခေါင်းအတွင်းပိုင်းတွင် ကွေ့ကောက်နေသော အရိုးနု (Deviated septum) ကြောင့် နှာခေါင်းလမ်းကြောင်းပိတ်ဆို့နေသူများ
  • နှာခေါင်းရိုးကျိုးခြင်း (Broken nose) ကဲ့သို့ မျက်နှာထိခိုက်ဒဏ်ရာရှိသူများ
  • ကင်ဆာကုသမှုများ၊ ပြင်းထန်သော ထိခိုက်ဒဏ်ရာများ သို့မဟုတ် မီးလောင်ဒဏ်ရာများကြောင့် ပျက်စီးသွားသော နှာခေါင်း၏ လုပ်ဆောင်ချက်များကို ပြန်လည်ရရှိလိုသူများ
  • နှာခေါင်းအရွယ်အစား သေးငယ်လိုသူများ သို့မဟုတ် ကြီးလိုသူများ
  • မျက်နှာအသွင်အပြင်ကို ပိုမိုကောင်းမွန်စေလိုသူများ စသည်တို့ဖြစ်သည်။
နှာခေါင်းခွဲစိတ်ပြုပြင်ခြင်း မပြုလုပ်သင့်သောအခြေအနေများ
  1. စိတ်ကျန်းမာရေးဆိုင်ရာရောဂါရှိသူများ (ဥပမာ – စိတ်ကျရောဂါများ၊ စိတ်ဖောက်ပြန်ရောဂါများ)
  2. အိပ်ပျော်နေစဥ် အသက်ရှူလမ်းကြောင်းပိတ်ဆို့၍ အသက်ရှူရပ်သောရောဂါ (Obstructive sleep aponea) ရှိသူများ
  3. သွေးမတိတ်သောရောဂါရှိသူများ (Bleeding and coagulation disorders)
  4. လွန်ခဲ့သော တစ်နှစ်အတွင်း နှာခေါင်းခွဲစိတ်ပြုပြင်ထားသူများ
  5. အသက် (၁၅) နှစ်အောက် မိန်းကလေးများနှင့် (၁၇) နှစ်အောက် ‌ယောကျ်ားလေးများ (နှာခေါင်းရိုးသည် လုံးဝအပြည့်အစုံ ဖွံ့ဖြိုးပြီးအခြေအနေနှင့် နှာခေါင်း၏ ပုံပန်းသွင်ပြင်၌ သိသာထင်ရှားသောပြောင်းလဲမှု မရှိနိုင်တော့သည့် အသက်အရွယ်၌သာ နှာခေါင်းခွဲစိတ်ပြုပြင်သင့်သည်)

နှာခေါင်းခွဲစိတ်ပြုပြင်ခြင်း၏ အကျိုးကျေးဇူးများ

  • ကြီး၍ ပွယောင်းနေသော၊ အပေါ်သို့လှန်နေသော၊ ချိတ်ကဲ့သို့ကောက်နေသော သို့မဟုတ် တွဲကျနေသော နှာခေါင်းပုံစံကို ပြုပြင်ပေးခြင်း
  • နှာခေါင်းအတွင်းပိုင်းကွေ့ကောက်နေသော အရိုးနု (deviated septum) ကို ပြုပြင်ပေးခြင်း
  • ပိတ်ဆို့နေသော နှာခေါင်းလမ်းကြောင်းများကို ဖွင့်ပေးခြင်း
  • နှာခေါင်းပေါက်များ ကျယ်လွန်းခြင်း၊ ကျဥ်းလွန်းခြင်း သို့မဟုတ် အပေါ်သို့လှန်နေခြင်းတို့ကို ပြုပြင်ပေးခြင်း
  • နှာတံပေါ်ရှိ သိသာထင်ရှားသော အဖုအထစ်များ သို့မဟုတ် ချိုင့်ခွက်များကို ဖယ်ရှားပေးခြင်း
  • မျက်နှာနှင့် လိုက်ဖက်ညီစေရန် နှာခေါင်းကို သေးငယ်အောင် သို့မဟုတ် ကြီးအောင်ပြုလုပ်ပေးခြင်း
ကြိုတင်သိရှိထားရမည့်အချက်များ

နှာခေါင်းခွဲစိတ်ရန် လိုအပ်သူ သို့မဟုတ် နှာခေါင်းခွဲစိတ်လိုသူတစ်ဦးသည်

  • အရွယ်ရောက်ပြီးသူဖြစ်ရမည် (နှာခေါင်းပုံစံ ပြောင်းလဲမှု မရှိစေရန်ဖြစ်သည်)
  • ခန္ဓာကိုယ်ကျန်းမာရေးနှင့် စိတ်ကျန်းမာရေး ကောင်းမွန်သောအခြေအနေရှိရမည်
  • ဆေးလိပ်မသောက်သူဖြစ်ရမည်၊ သောက်လက်စဖြစ်ပါက ဆေးလိပ်ဖြတ်ရန်လိုသည်
  • နှာခေါင်းခွဲစိတ်ပြုပြင်ခြင်း၏ အကျိုး၊ အပြစ်များနှင့် ကန့်သတ်ချက်များကို ကောင်းစွာနားလည်လက်ခံသူ ဖြစ်ရမည်
  • အခြားသူတစ်ဦး၏ တိုက်တွန်းလှုံ့‌ဆော်မှုကြောင့်မဟုတ်ဘဲ မိမိကိုယ်ပိုင်ဆန္ဒအရ၊ ဆုံးဖြတ်ချက်ချ၍ ခွဲစိတ်လိုသူဖြစ်ရမည်။
ခွဲစိတ်နည်းအမျိုးအစားများ

အဓိကအားဖြင့် နှာခေါင်းခွဲစိတ်ပြုပြင်နည်း နှစ်မျိုးရှိသည်။

  • နှာခေါင်းအရေပြားကိုဖွင့်၍ ခွဲစိတ်နည်း (Open Rhinoplasty)
    နှာခေါင်းကို အကြီးစားခွဲစိတ်ပြုပြင်ရန်အတွက် အသုံးပြုသည်။ နှာခေါင်းပေါက်နှစ်ခုကြားရှိ အရေပြားကို ခွဲကြောင်းပေး၍ ဖြတ်တောက်ကာ ထိုမှတစ်ဆင့် အရိုးနှင့် အရိုးနုတို့ကို ခွဲစိတ်၍ ပြုပြင်ခြင်းဖြစ်သည်။ ဤနည်းလမ်းသည် နှာခေါင်း၏ အတွင်းပိုင်းဖွဲ့စည်းပုံကို ရှင်းလင်းစွာ မြင်နိုင်စေသော်လည်း အမာရွတ် (Scar) ကျန်နိုင်သောခွဲစိတ်မှုဖြစ်သည်။
  • နှာခေါင်းအရေပြားကိုမဖွင့်ဘဲ ခွဲစိတ်နည်း (Closed Rhinoplasty)
    နှာခေါင်းကို အသေးစားခွဲစိတ်ပြုပြင်ရန်အတွက် အသုံးပြုသည်။ နှာခေါင်းပေါက်အတွင်းရှိ အ‌ရေပြား၌သာ ခွဲကြောင်းပေး၍ ထိုမှတစ်ဆင့် အရိုးနှင့် အရိုးနုများကို ဆက်လက် ခွဲစိတ်ခြင်းဖြစ်သောကြောင့် အမာရွတ်မကျန်စေသော ခွဲစိတ်မှုမျိုးဖြစ်သည်။

ပြုလုပ်သည့် ရည်ရွယ်ချက်ပေါ်မူတည်၍ နှာခေါင်းခွဲစိတ်နည်းအမျိုးအစားများလည်းရှိသည်။

  • အလှအပရေးရာအတွက် နှာခေါင်းခွဲစိတ်ပြုပြင်ခြင်း (Cosmetic Rhinoplasty)
    နှာခေါင်းပုံသဏ္ဌာန်နှင့် မျက်နှာအသွင်အပြင်ကို ကြည့်ကောင်းစေရန် ပြုလုပ်ခြင်းဖြစ်သည်။
  • ကျန်းမာရေးလိုအပ်ချက်အရ နှာခေါင်းခွဲစိတ်ပြုပြင်ခြင်း (Functional Rhinoplasty)
    မွေးရာပါ နှာခေါင်းချို့ယွင်းချက်ရှိသူများ၊ ကင်ဆာကုသမှုများကြောင့် သို့မဟုတ် ထိခိုက်ဒဏ်ရာများကြောင့် ပျက်စီးသွားသော နှာခေါင်း၏ ပုံသဏ္ဌာန်နှင့် လုပ်ဆောင်ချက်များကို ပြန်လည်ကောင်းမွန်စေရန် ပြုလုပ်ခြင်းဖြစ်သည်။ ပြန်လည်တည်ဆောက်ရေးအတွက် ရည်ရွယ်သော ခွဲစိတ်ပြုပြင်မှုဖြစ်သောကြောင့် Reconstructive surgery ဟုလည်းခေါ်သည်။
  • ခွဲစိတ်ရန်မလိုသော နှာခေါင်းပြုပြင်နည်း (Non-surgical Rhinoplasty)
    နှာခေါင်းထိပ် လျော့တွဲကျနေခြင်းနှင့် နှာတံပေါ်ရှိ ချိုင့်ခွက်များ၊ အဖုများနှင့် မညီညာမှုများကို အရေပြားတွင်ထိုးသောပစ္စည်း (Dermal fillers) များကို အသုံးပြု၍ ပြုပြင်ခြင်းဖြစ်သည်။
  • ဒုတိယအကြိမ် နှာခေါင်းခွဲစိတ်ပြုပြင်ခြင်း (Secondary Rhinoplasty)
    ပထမအကြိမ် ခွဲစိတ်မှုအပြီးတွင် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲပြဿနာများကို ကုသရန်အတွက် ပြုလုပ်ခြင်းဖြစ်သည်။
ကုသပုံအဆင့်ဆင့်

ခွဲစိတ်မှုမတိုင်မီ

  • ပထမဦးစွာ မိမိအား ခွဲစိတ်ပေးမည့် ခွဲစိတ်ဆရာဝန်နှင့် တွေ့ဆုံ၍ မိမိအလိုရှိသော နှာခေါင်းပုံစံအနေအထားအတွက် နမူနာဓာတ်ပုံများကို ပြသ၍ တိုင်ပင်ဆွေးနွေးရမည်ဖြစ်သည်
  • ဆရာဝန်မှ နဂိုရှိသော ရောဂါရာဇဝင်များနှင့် လက်ရှိသောက်လက်စဆေးဝါးများအကြောင်း မေးမြန်းခြင်း၊ နှာခေါင်းကို အသေးစိတ် စစ်ဆေးပေးခြင်းအပြင် ကိုယ်ခန္ဓာအား စမ်းသပ်စစ်ဆေးခြင်းတို့ကို ပြုလုပ်မည်ဖြစ်သည်
  • ထို့နောက် ဆရာဝန်မှ ခွဲစိတ်မှုဆိုင်ရာ နည်းလမ်းများ၊ မေ့ဆေးထုံဆေး လိုအပ်မှုနှင့် ခွဲစိတ်ရန်ကြာမြင့်ချိန် စသည်တို့ကို လူနာအား အသေးစိတ်ရှင်းပြမည်ဖြစ်ပြီး လူနာဘက်မှလည်း စိတ်ပူပန်စရာများနှင့် သိလိုသည့် မေးခွန်းများကို ပြန်လည်မေးမြန်းနိုင်သည်
  • လူနာမှ ခွဲစိတ်ရန်သဘောတူညီချက်လက်မှတ်ထိုးပြီးနောက်တွင် ခွဲစိတ်မည့်ရက်ချိန်းကို ဆရာဝန်မှ သတ်မှတ်ပေးလိုက်မည်ဖြစ်သည်
  • ခွဲစိတ်ရက်မတိုင်မီ အကိုက်အခဲပျောက်ဆေးများ (Aspirin, Ibuprofen စသည်တို့) ကို နှစ်ပတ်မတိုင်မီမှစ၍ ခွဲစိတ်ပြီး နှစ်ပတ်ကြာသည်အထိ ရပ်ထားရန်လိုသည်

ခွဲစိတ်သည့်နေ့
နှာခေါင်းခွဲစိတ်ပြုပြင်မှုသည် အများအားဖြင့် ပြင်ပလူနာအနေဖြင့် လာရောက်ကုသမှု ခံယူနိုင်သော လုပ်ငန်းစဉ်ဖြစ်သည်။ ခွဲစိတ်ခန်းရှိသော ဆေးရုံ၊ ဆေးခန်းများတွင် ပြုလုပ်နိုင်ပြီး လူနာအနေဖြင့် အဖော်တစ်ဦး ခေါ်ဆောင်လာရန် အရေးကြီးသည်။ မေ့ဆေး သို့မဟုတ် ထုံဆေး အသုံးပြုမည်ဖြစ်သောကြောင့် ဆရာဝန်ညွှန်ကြားသည့်အတိုင်း အစာကြိုတင်ဖြတ်လာရန်လိုသည်။

ခွဲစိတ်နေစဉ်အတွင်း ဆရာဝန်သည် အောက်ပါအဆင့်များကို လုပ်ဆောင်မည်ဖြစ်သည်။

  • နှာခေါင်းပေါက်နေရာမှ ခွဲကြောင်းရာ စတင်ပေးမည်ဖြစ်သည်၊ Open Rhinoplasty တွင် နှာခေါင်းပေါက်နှစ်ခုကြားအရေပြားကို ဖြတ်တောက်မည်ဖြစ်ပြီး Closed Rhinoplasty တွင် နှာခေါင်းပေါက်အတွင်းရှိ အရေပြားကိုသာ ခွဲစိတ်မည်ဖြစ်သည်
  • နှာခေါင်းအရိုးနှင့် အရိုးနုများကို ဖုံးအုပ်ထားသည့် အရေပြားကို တောက်လျှောက် ခွာထုတ်မည်
  • အရိုးနှင့် အရိုးနုများကို အနည်းငယ်ဖယ်ရှားခြင်း၊ ထပ်ပေါင်းထည့်ခြင်း သို့မဟုတ် အစီအစဥ်တကျ ပြန်လည်စီပေးခြင်းဖြင့် နှာခေါင်းပုံစံသစ်ကို ဖန်တီးမည်၊ စောင်းနေ၊ ကောက်နေသော နေရာများကိုလည်း ပြုပြင်မည်
  • ထို့နောက် ခွဲစိတ်ထားသည့် အရိုးနှင့် အရိုးနုများအပေါ်မှ အရေပြားကို ပြန်လည်ဖုံးအုပ်မည်
  • အရေပြားကို အလွန်သေးငယ်သော ချုပ်ရိုးများဖြင့် ပြန်ချုပ်ပေးမည်

နှာခေါင်းခွဲစိတ်မှုသည် ယေဘုယျအားဖြင့် (၁ – ၃) နာရီခန့် ကြာမြင့်နိုင်သည်။

ခွဲစိတ်မှုအပြီးတွင်

  • နှာခေါင်းအပြင်ဘက်မှ နှာခေါင်းထိန်း (Splint) ကို နှစ်ပတ်ခန့်အထိ တပ်ဆင်ထားရမည်၊ ၎င်းသည် ရောင်ရမ်းမှုကို လျှော့ချပေးပြီး နှာခေါင်း၏ ပုံသဏ္ဌာန်အသစ်ကို ထိန်းသိမ်းပေးသည်
  • နှာခေါင်းအတွင်း၌လည်း ပိုးသတ်ထားသော ဂွမ်းလိပ် (Gauze) ကို (၂၄) နာရီခန့် ထည့်ထားပေးရန်လိုသည်
  • ခွဲစိတ်မှုအပြီးတွင် နာကျင်မှု သို့မဟုတ် မသက်မသာဖြစ်မှုများ ခံစားရနိုင်သည်၊ ထိုလက္ခဏာများသည် ရက်အနည်းငယ်မှ တစ်ပတ်အတွင်း သက်သာသွားနိုင်သောကြောင့် ပါရာစီတမောကဲ့သို့ အနာသက်သာဆေးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးနိုင်သည်
  • ခွဲစိတ်ပြီးနောက် နှာခေါင်းနှင့် မျက်လုံးတစ်ဝိုက်အပါအဝင် မျက်နှာ၌ ရောင်ရမ်းခြင်းနှင့် အညိုအမည်းစွဲခြင်း (Swelling and bruising) များဖြစ်ပေါ်နိုင်ပြီး ပျောက်ကင်းရန် ရက်သတ္တပတ်ပေါင်းများစွာအထိ ကြာနိုင်သည်၊ အချို့သူများသည် ခွဲစိတ်ပြီးနောက် တစ်နှစ်အထိ မျက်နှာတွင် ရောင်ရမ်းမှုအနည်းငယ် ကျန်ရှိနေနိုင်သည်
  • နှာခေါင်း၏ ဘယ်ညာနှစ်ဖက် အနာကျက်မညီခြင်း (Asymmetrical healing)
  • ခွဲစိတ်ပြီး ပထမပတ်အတွင်း နှာခေါင်း၏တစ်ဖက်တည်းတွင် ရောင်ရမ်းခြင်းများ ကျန်ရှိနေခြင်းကို ဆိုလိုသည်။ ခွဲစိတ်ပြီးနောက် ဖြစ်ပေါ်လေ့ရှိသော နောက်ဆက်တွဲအခြေအနေဖြစ်ပြီး မကြာမီ ပုံမှန်အတိုင်း ပြန်လည်သက်သာကောင်းမွန်လာနိုင်သည်။
နောက်ဆက်တွဲဆိုးကျိုးများ
  • နှာခေါင်းအလယ်ရှိ အရိုးနုတွင် အပေါက်ဖြစ်ပေါ်ခြင်း (Nasal septum perforation)
  • ဒဏ်ရာပိုးဝင်ခြင်း
  • နှာခေါင်းသွေးယိုခြင်း
  • အနာကျက်နှေးခြင်း
  • အရေပြားအရောင်ပြောင်းလဲခြင်း
  • အလိုရှိသောပုံစံ မရရှိခြင်း
  • အနံ့ခံအာရုံ အနည်းငယ်ပြောင်းလဲခြင်း
  • အမာရွတ် ကျန်ရှိခြင်း
  • နောက်ထပ်ခွဲစိတ်မှု ပြုလုပ်ရန် လိုအပ်ခြင်းစသည့် နောက်ဆက်တွဲဆိုးကျိုးများ တွေ့ရတတ်သည်။
လိုက်နာဆောင်ရွက်ရမည့် အချက်များ

နှာခေါင်းခွဲစိတ်ပြုပြင်မှုသည် အပြည့်အဝ ပြန်လည်ကောင်းမွန်ရန် ခွဲစိတ်ပြီး တစ်နှစ်အထိ အချိန်ယူရနိုင်သည်။ (၄ – ၆) ပတ်အတွင်း ရောင်ရမ်းမှုများ ကျန်ရှိနေနိုင်ပြီး၊ သုံးလခန့်အကြာတွင်မှ ရောင်ရမ်းမှု၏ (၉၀%) ခန့် လျော့ကျသွားမည်ဖြစ်သည်။ နှာခေါင်း အပြည့်အဝပုံကျပြီး ရောင်ရမ်းမှု လုံးဝပျောက်ကွယ်သွားမှသာ ခွဲစိတ်မှု၏ အပြီးသတ်ရလဒ်ကို မြင်တွေ့နိုင်မည်ဖြစ်သည်။ အများအားဖြင့် ခွဲစိတ်ပြီး တစ်ပတ်မှ နှစ်ပတ်အတွင်း လုပ်ငန်းခွင် သို့မဟုတ် ကျောင်းသို့ ပြန်သွားနိုင်သည်။ သို့သော် ပြင်းထန်သောအားကစားများ၊ လှုပ်ရှားမှုများကို ရှောင်ကြဥ်သင့်သည်။ ခွဲစိတ်ပြီး (၄ – ၆) ပတ်အတွင်း ပေါ့ပါးသော လေ့ကျင့်ခန်းများကို ပြုလုပ်နိုင်သည်။

အနာကျက်မြန်စေရန်နှင့် နောက်ဆက်တွဲပြဿနာများလျော့နည်းစေရန်
  • ပါးနှစ်ဖက်တွင် ရေခဲအိတ်များ ကပ်ပေးပါ၊ နှာခေါင်းပေါ်သို့ တိုက်ရိုက်မကပ်ရ
  • မျက်နှာကို ထိခိုက်ဒဏ်ရာမရစေရန် သတိပြုဆင်ခြင်ပါ
  • မျက်မှန် သို့မဟုတ် နေကာမျက်မှန်တပ်ဆင်သည့်အခါ နှာတံပေါ်သို့ ဖိအားမများစေရန် သတိထားပါ
  • ညအိပ်သည့်အခါ ဦးခေါင်းကို မြှင့်၍အိပ်ပါ
  • နေရောင်ခြည်နှင့် ထိတွေ့မှုကို လျှော့ချပါ
  • နှာခေါင်းပိတ်၍ လေမှုတ်ထုတ်ခြင်းများမပြုလုပ်ရပါ
  • အလေးအပင်မခြင်းများ မပြုလုပ်ရပါ

References:

  1. Mayo Clinic. (n.d.). Rhinoplasty. Retrieved August 27, 2025, from https://www.mayoclinic.org/tests-procedures/rhinoplasty/about/pac-20384532
  2. Cleveland Clinic. (n.d.). Rhinoplasty (nose job). Retrieved August 27, 2025, from https://my.clevelandclinic.org/health/treatments/11011-rhinoplasty
  3. NHS. (n.d.). Nose reshaping (rhinoplasty). Retrieved August 27, 2025, from https://www.nhs.uk/tests-and-treatments/cosmetic-procedures/cosmetic-surgery/nose-reshaping-rhinoplasty/
  4. MedlinePlus. (n.d.). Rhinoplasty. Retrieved August 27, 2025, from https://medlineplus.gov/ency/article/002983.htm
  5. Hohman, M. H., Fichman, M., & Piedra Buena, I. T. (2024). Rhinoplasty. In StatPearls [Internet]. Treasure Island (FL): StatPearls Publishing; 2025 Jan-. Retrieved August 27, 2025, from https://www.ncbi.nlm.nih.gov/books/NBK558970/

Published: 23 September 2025

Share

23 September 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

More articles
Laparoscopic ovarian drilling (သားဥအိမ်၌ မှန်ပြောင်းမှတစ်ဆင့် အပေါက်ငယ်များဖောက်ခြင်း)
Dec 2, 2025
Tests and Procedures

Laparoscopic ovarian drilling (သားဥအိမ်၌ မှန်ပြောင်းမှတစ်ဆင့် အပေါက်ငယ်များဖောက်ခြင်း)

သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သော ရောဂါစု (PCOS) ရှိနေပြီး၊ သားဥကြွေစေသော...

Painless labour (မနာကျင်စေဘဲ ကလေးမွေးဖွားခြင်း)
Dec 2, 2025
Tests and Procedures

Painless labour (မနာကျင်စေဘဲ ကလေးမွေးဖွားခြင်း)

ခါးဆစ်ရိုးကြားထုံဆေးထိုးပေးခြင်း (Epidural Anaesthesia) သည်...

Removal of Haemorrhoids (Haemorrhoidectomy) (လိပ်ခေါင်းခွဲစိတ်ဖြတ်ထုတ်ခြင်း)
Dec 1, 2025
Tests and Procedures

Removal of Haemorrhoids (Haemorrhoidectomy) (လိပ်ခေါင်းခွဲစိတ်ဖြတ်ထုတ်ခြင်း)

လိပ်ခေါင်းရောဂါရှိသူအများစုသည် ခွဲစိတ်ကုသမှု ပြုလုပ်ရန် မလိုအပ်ဘဲ...