Oxygen Therapy (အောက်ဆီဂျင်ကုထုံး)

Oxygen Therapy (အောက်ဆီဂျင်ကုထုံး)

အောက်ဆီဂျင်သည် လေထုထဲတွင် သဘာဝအတိုင်းတည်ရှိသော ဓာတ်ငွေ့တစ်မျိုးဖြစ်ပြီး လူသားတို့၏ အသက်ရှင်သန်မှုအတွက် မရှိမဖြစ် လိုအပ်သည့်အရာဖြစ်သည်။ အောက်ဆီဂျင်ကုထုံးဆိုသည်မှာ ပုံမှန်အသက်ရှူခြင်းဖြင့် ခန္ဓာကိုယ်မှ လိုအပ်သည့် အောက်ဆီဂျင်ကို လုံလောက်အောင် မဖြည့်ဆည်းနိုင်သည့်အခါတွင် နည်းအမျိုးမျိုးဖြင့် အပိုဆောင်းအောက်ဆီဂျင် (Supplementary oxygen) ဖြည့်စွက်ပေးခြင်းဖြစ်သည်။ ရောဂါအခြေအနေတစ်ခုခုကြောင့် သွေးတွင်းအောက်ဆီဂျင်နည်းခြင်း (Hypoxemia) ဖြစ်ပေါ်သည့်အခါ ကိုယ်တွင်းအင်္ဂါများကို ထိခိုက်စေနိုင်ပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်သောကြောင့် အပိုဆောင်းအောက်ဆီဂျင်ပေးသော အောက်ဆီဂျင်ကုထုံးဖြင့် ကုသရန် လိုအပ်နိုင်သည်။ ထိုသို့ကုသရာတွင် အချို့သူများသည် ယာယီမျှသာ လိုအပ်သော်လည်း အချို့သူများတွင်မူ ဘဝတစ်လျှောက်လုံး လိုအပ်နိုင်သည်။ သွေးတွင်းအောက်ဆီဂျင် ပုံမှန်ဖြစ်ပါက ခန္ဓာကိုယ်စွမ်းအင်ပြည့်ဝ၍ ပိုမိုလန်းဆန်းလာပြီး ကောင်းမွန်စွာ အိပ်ပျော်စေနိုင်ကာ အရည်အသွေးပြည့်ဝသော လူနေမှုဘဝကို ရရှိနိုင်မည်ဖြစ်သည်။

သုံးစွဲရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
ပုံမှန်အသက်ရှူခြင်း ဇီဝကမ္မဖြစ်စဥ်

သဘာဝအတိုင်း လေထုထဲတွင် အောက်ဆီဂျင် (၂၀) ရာခိုင်နှုန်းနှင့် နိုက်ထရိုဂျင် (၈၀) ရာခိုင်နှုန်း ပါဝင်သည်။ ပါးစပ် (သို့မဟုတ်) နှာခေါင်းမှ လေကို ရှူရှိုက်လိုက်သည့်အခါ ထိုလေသည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အဆုတ်အတွင်းသို့ ဝင်‌ရောက်ပြီး အဆုတ်လေအိတ်ငယ်များ (Alveoli) တွင် ဓာတ်ငွေ့လဲလှယ်မှု ပြုလုပ်သည်။ အဆုတ်လေအိတ်ငယ်များတွင် အောက်ဆီဂျင်သည် ဆံခြည်မျှင်သွေးကြောငယ်များမှတစ်ဆင့် သွေးအတွင်းရောက်ရှိကာ သွေးနီဥများရှိ ဟီမိုဂလိုဘင်နှင့် ပူးပေါင်းသည်။ အဆိုပါဟီမိုဂလိုဘင်သည် သွေးတွင်းအောက်ဆီဂျင်၏ (၉၈) ရာခိုင်နှုန်းကို သယ်ဆောင်ထားပြီး၊ ကျန် (၂) ရာခိုင်နှုန်းသည် သွေးရည်ကြည်ထဲတွင် ပျော်ဝင်သည်။ အောက်ဆီဂျင်ပြည့်ဝနေသော သွေးများသည် နှလုံးဆီသို့ ပြန်လည်ရောက်ရှိပြီး နှလုံး၏ ဘယ်ဘက်အခန်းငယ်များမှ သွေးကြောမကြီးထဲသို့ ညှစ်ထုတ်ပေးလိုက်သည်။ သွေးကြောမကြီးမှတစ်ဆင့် သွေးလွှတ်ကြောများအတွင်း စီးဆင်းကာ ထိုသွေးလွှတ်ကြောများမှတစ်ဆင့် အောက်ဆီဂျင်ကို ကိုယ်တွင်းအင်္ဂါများ၊ တစ်ရှူးများနှင့် ဆဲလ်များဆီသို့ ပို့‌ဆောင်ပေးသည်။ ဆဲလ်များတွင် ၎င်းအောက်ဆီဂျင်ကို အသုံးပြုပြီး ဂလူးကို့စ်နှင့် ပူးပေါင်းကာ စွမ်းအင်အဖြစ် ထုတ်လုပ်ပေးသည်။

အဆုတ်နှင့် နှလုံးလုပ်ငန်းများကောင်းစွာမလုပ်ဆောင်နိုင်ပါက ကိုယ်တွင်းအင်္ဂါများနှင့် ဆဲလ်များထံသို့ ‌အောက်ဆီဂျင် လုံလောက်အောင် မရရှိတော့သဖြင့် ကိုယ်တွင်းအင်္ဂါများ ပုံမှန်အလုပ်လုပ်ရန် ခက်ခဲလာသည်။ ထိုအခါ သွေးတွင်းအောက်ဆီဂျင်နည်းခြင်း ဖြစ်ပေါ်လာပြီး အချိန်ကြာလာသည်နှင့်အမျှ ကိုယ်တွင်းအင်္ဂါများ ပျက်စီးခြင်းနှင့် အသက်အန္တရာယ်ရှိသော အခြေအနေများ ဖြစ်ပေါ်လာနိုင်သည်။

အောက်ဆီဂျင်ကုထုံး လိုအပ်နိုင်သည့် အခြေအနေများမှာ ‌အောက်ပါအတိုင်းဖြစ်သည်။

  1. ယာယီအောက်ဆီဂျင်ကုထုံး (Temporary oxygen therapy)
    သွေးတွင်း ‌အောက်ဆီဂျင် ရုတ်တရက် လျော့နည်းသွားသော အခြေအနေများတွင် ကိုယ်တွင်းအင်္ဂါထိခိုက်မှုများ လျော့နည်းစေရန် ကာလတို အောက်ဆီဂျင်ပေး၍ ကုသခြင်းဖြစ်သည်။ ဥပမာအားဖြင့် ရှော့ခ်ရခြင်း၊ နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ ရုတ်တရက် ပန်းနာရင်ကျပ်ရောဂါကြွခြင်း (Acute exacerbation of asthma)၊ အဆုတ်သွေးကြော သွေးခဲပိတ်ခြင်း (Pulmonary embolism)၊ ပြင်းထန်သော ထိခိုက်ဒဏ်ရာရခြင်း၊ နှလုံးအမောဖောက်ခြင်း (Heart attack)၊ ခွဲစိတ်ကုသမှုခံယူပြီးချိန်၊ ကာဘွန်မိုနောက်ဆိုဒ် အဆိပ်သင့်ခြင်း (Carbon monoxide poisoning) အစရှိသော အခြေအနေများတွင် သွေးတွင်းအောက်ဆီဂျင် မြင့်တက်လာစေရန် အပိုဆောင်းအောက်ဆီဂျင် ယာယီပေး၍ ကုသရန် လိုအပ်သည်။ သွေးတွင်း‌အောက်ဆီဂျင် ကျဆင်းစေသော အခြေခံအကြောင်းရင်းများကို ကုသမှုခံယူပြီးနောက် သွေးတွင်းအောက်ဆီဂျင် ပြန်လည်မြင့်တက်ကောင်းမွန်လာမည်ဖြစ်သည်။
  2. ကာလရှည် အောက်ဆီဂျင်ကုထုံး (long term oxygen therapy)
    အောက်ဖော်ပြပါ နာတာရှည်ရောဂါများကြောင့် သွေးတွင်းအောက်ဆီဂျင်နည်းခြင်းကို သက်သာစေပြီး နောက်ဆက်တွဲ ပြဿနာများ လျော့နည်းစေရန် ကာလရှည်အောက်ဆီဂျင်ကုထုံးဖြင့် ကုသရန် လိုအပ်သည်။ ကာလရှည် အောက်ဆီဂျင်ကုထုံးတွင် အောက်ဆီဂျင်ကို တစ်ရက်လျှင် အနည်းဆုံး (၁၅) နာရီ မှ (၂၄) နာရီအထိ အပိုဆောင်းအောက်ဆီဂျင်ပေး၍ ကုသခြင်းဖြစ်သည်။
    • နာတာရှည် လေပြွန်ကျဥ်း အဆုတ်ပွရောဂါ (Chronic Obstructive Pulmonary Disease – COPD)
    • နာတာရှည် နှလုံးလုပ်ငန်း ထိခိုက်ပျက်စီးခြင်း (Chronic Heart failure)
    • ပြင်းထန်သော အဆုတ်သွေးလွှတ်ကြော ဖိအားများခြင်း (Severe pulmonary hypertension)
    • အိပ်ပျော်နေစဥ် အသက်ရှူလမ်းကြောင်းပိတ်ဆို့ အသက်ရှူရပ်ခြင်း (Obstructive Sleep Apnea)
    • အဆုတ် အမာရွတ်တက်ခြင်း (Pulmonary fibrosis)
    • အာရုံကြောနှင့် ကြွက်သားဆိုင်ရာရောဂါများကြောင့် အသက်ရှူလုပ်ငန်း ထိခိုက်ပျက်စီးခြင်း (respiratory failure due to neuromuscular disease)
    • အဆုတ်ကင်ဆာနှင့် အခြားသော ကင်ဆာရောဂါများ (Lung cancer or other cancers)
အောက်ဆီဂျင်ပမာဏ

အောက်ဆီဂျင်ကုထုံးဖြင့် ကုသမှု လိုမလိုကို ဆုံးဖြတ်နိုင်ရန် သွေးတွင်းအောက်ဆီဂျင် ပမာဏကို သိရှိရန် လိုအပ်သည်။ သွေးတွင်းအောက်ဆီဂျင်ပမာဏကို တိုင်းတာနိုင်သော နည်းလမ်းများမှာ _

သွေးလွှတ်ကြောအတွင်းရှိ ‌အောက်ဆီဂျင်ကို သွေးဖောက်စစ်ဆေးခြင်း (Arterial Blood Gas test)
သွေးလွှတ်ကြောမှ သွေးနမူနာယူ၍ သွေးတွင်း အောက်ဆီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏ (ဖိအား) ကို တိုင်းတာစစ်ဆေးခြင်းဖြစ်သောကြောင့် တိကျသောအဖြေကို ရရှိသည်။ သွေးလွှတ်ကြောအတွင်းရှိ ပုံမှန်အောက်ဆီဂျင်ပမာဏ (ဖိအား) သည် (၇၅ – ၁၀၀) မီလီမီတာ မာကျူရီ (mmHg) အတွင်းရှိသည်။ အောက်ဆီဂျင်ပမာဏ (ဖိအား) ၆၀ မီလီမီတာ မာကျူရီ အောက်ကျဆင်းပါက ‌အောက်ဆီဂျင်ကုထုံးဖြင့် ကုသရန် လိုအပ်သည်။ အောက်ဆီဂျင်ပမာဏ (ဖိအား) များလွန်းလျှင်လည်း အဆုတ်အတွင်းရှိ ဆဲလ်များ ထိခိုက်ပျက်စီးစေနိုင်သည့်အတွက် ‌အောက်ဆီဂျင်ပမာဏ (ဖိအား) ကို (၁၁၀) မီလီမီတာမာကျူရီ အထက်တွင် မထားသင့်ပါ။

လက်မှတစ်ဆင့် သွေးတွင်းအောက်ဆီဂျင် တိုင်းတာစက် (Pulse oximeter)
လက်ချောင်း၊ ခြေချောင်းများတွင် တပ်ဆင်၍ အလွယ်တကူတိုင်းတာနိုင်သော စက်ကရိယာဖြစ်သည်။ သွေးဖောက်စရာမလိုသည့်အတွက် နာကျင်မှုမရှိဘဲ နေအိမ်၌ပင် အလွယ်တကူ စစ်ဆေးသိရှိနိုင်သည်။ စက်ထဲရှိ အာရုံခံကရိယာများမှ အလင်းတန်းများကို အရေပြားမှတစ်ဆင့် ပို့လွှတ်၍ ဆံချည်မျှင်သွေးကြောများအတွင်းရှိ အောက်ဆီဂျင်ပမာဏကို တိုင်းတာပေးသည်။ ဤစက်သည် အလင်းထုတ်လွှတ်သည့်ကရိယာ (Light emitting probe) နှင့် အလင်းအာရုံခံကရိယာ (Photo detector) တို့ကို အသုံးပြု၍ ဆံချည်မျှင် သွေးကြောအတွင်းရှိ ဟီမိုဂလိုဘင်၏ အလင်းစုပ်ယူမှုကို တိုင်းတာသည်။ အောက်ဆီဂျင်ပြည့်ဝသော ဟီမိုဂလိုဘင် (Oxygenated haemoglobin) နှင့် အောက်ဆီဂျင်မပါရှိသော ဟီမိုဂလိုဘင်တို့၏ အလင်းစုပ်ယူနိုင်စွမ်း ကွာခြားချက်အပေါ် မူတည်၍ သွေးတွင်းအောက်ဆီဂျင် ရာခိုင်နှုန်းကို သွယ်ဝိုက်တိုင်းတာခြင်းဖြစ်သည်။

ဤသို့တိုင်းတာရာတွင် အောက်ဆီဂျင် (၉၅) ရာခိုင်နှုန်းနှင့်အထက်ရှိပါက သွေးတွင်းအောက်ဆီဂျင် ပြည့်ဝနေသည်ကို ဖော်ပြသည်။ အောက်ဆီဂျင် (၉၂) ရာခိုင်နှုန်းအောက်ဖြစ်ပါက လိုအပ်သည့် စစ်ဆေးမှုများ ထပ်မံပြုလုပ်၍ ကုသမှုခံယူရန် လိုအပ်သည်။ အောက်ဆီဂျင်ပမာဏ (၉၀) ရာခိုင်နှုန်းအောက်ရောက်ပါက အန္တရာယ်ရှိသောအခြေအနေဖြစ်ပြီး အောက်ဆီဂျင်ပေး၍ အမြန်ကုသရန် လိုအပ်သည်။ အောက်ဆီဂျင် (၈၅) ရာခိုင်နှုန်းအောက် ကျဆင်းပါက အရေးပေါ်အခြေအနေဖြစ်ပြီး ဆေးရုံအရေးပေါ်ဌာနသို့ ချက်ချင်းသွားရောက် ကုသမှုခံယူရန် လိုအပ်သည်။

ထိုစက်များသည် အရေပြားမှတစ်ဆင့် အလင်းရောင်ထိုးဖောက်၍ တိုင်းတာခြင်းဖြစ်သောကြောင့် အသားရောင်ရင့်သူများ၊ လက်သည်းနီဆိုးထားသူများ၊ သွေးလှည့်လည်စီးဆင်းမှု အားနည်းသော အခြေအနေများ (ဥပမာ _ ရှော့ခ်ရခြင်း)၊ မြင့်မားသော တောင်ပေါ်ဒေသတွင် နေထိုင်သူများတို့တွင် တိုင်းတာမှုများကို အနှောင့်အယှက် ဖြစ်စေနိုင်သည်။

သွေးတွင်း အောက်ဆီဂျင်ပမာဏ လျော့နည်းခြင်း၏ လက္ခဏာများ
  • အသက်ရှူမဝခြင်း
  • အရေပြား၊ နှုတ်ခမ်းနှင့် လက်သည်းများ ပြာခြင်း
  • အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း
  • အလွန်ခေါင်းကိုက်ခြင်း
  • ရင်တုန်ခြင်း၊ နှလုံခုန်မြန်ခြင်း
  • ချောင်းဆိုးခြင်း
  • တရွှီရွှီမြည်ခြင်း
  • ကယောင်ကတမ်းဖြစ်ခြင်းတို့ ဖြစ်ကြသည်။
အောက်ဆီဂျင်အမျိုးအစားများ

အောက်ဆီဂျင်ကုထုံးအတွက် အောက်ပါအမျိုးအစား အမျိုးမျိုးကို အသုံးပြုနိုင်သည်။

  1. အောက်ဆီဂျင်ဓာတ်ငွေ့ (Oxygen gas)
    ကြီးမားသော သတ္တုဆလင်ဒါဘူးကြီးထဲတွင် အောက်ဆီဂျင် (၁၀၀) ရာခိုင်နှုန်း အောက်ဆီဂျင်ဓာတ်ငွေ့ကို ဖိအားဖြင့် သိုလှောင်ထားသည်။ ထိုဆလင်ဒါဘူးကြီးတွင် အောက်ဆီဂျင်စီးဆင်းမှုကို ထိန်းချုပ်နိုင်ရန် Regulator တစ်ခုတပ်ဆင်ထားသည်။ အသက်ရှူသွင်းသည့်အချိန်တွင်သာ အောက်ဆီဂျင်ပေး၍ အသက်ရှူထုတ်သည့်အခါ အောက်ဆီဂျင်စီးဆင်းမှု ရပ်တန့်စေရန် လုပ်ဆောင်ပေးခြင်းဖြင့် ‌အောက်ဆီဂျင်ကို ပိုမိုချွေတာနိုင်သည်။ သယ်ရလွယ်ကူသော ‌အောက်ဆီဂျင်ဘူးထဲတွင် ထည့်သွင်းထားနိုင်သည်။ ဆလင်ဒါဘူးထဲရှိ အောက်ဆီဂျင်ပမာဏကို သိရှိနိုင်ရန် ဘူးပေါ်ရှိ မီတာ (gauge) တွင် ကြည့်ရှုနိုင်သည်။ ဆလင်ဒါဘူးအတွင်း အောက်ဆီဂျင်ကုန်သွားသည့်အခါ အောက်ဆီဂျင် ပြန်လည်ဖြည့်တင်းပေးရန် လိုအပ်သည်။ ထို့ကြောင့် အောက်ဆီဂျင်ပမာဏကို အမြဲပုံမှန်စစ်ဆေး၍ အောက်ဆီဂျင်ဘူးအပိုများ အဆင်သင့်ဆောင်ထားရန် လိုအပ်သည်။
  2. အောက်ဆီဂျင်အရည် (Liquid oxygen)
    အောက်ဆီဂျင်အရည်ကို အပူအအေးဒဏ်ခံနိုင်သောဘူး (Thermos-like container) ထဲတွင် အလွန်အေးသောအရည်အဖြစ် သိုလှောင်ထားသည်။ အသက်ရှူသွင်းလိုက်သောအခါ အရည်မှ ဓာတ်ငွေ့အဖြစ်သို့ ပြောင်းလဲသွားသည်။ အရည်ဖြစ်သောကြောင့် ပိုမိုသိပ်သည်းစွာ သိုလှောင်ထားနိုင်ပြီး အရွယ်အစားသေးငယ်သောဘူးတွင် ပမာဏများများ သိုလှောင်ထားနိုင်သည်။ အရွယ်အစား သေးငယ်၍ သယ်ဆောင်ရ လွယ်ကူသောကြောင့် မကြာခဏ အပြင်ထွက်သူများ၊ လှုပ်ရှားမှုများသူများအတွက် သင့်တော်သည်။ သို့သော် အချိန်မီအသုံးမပြုပါက ရေငွေ့ပျံသွားနိုင်သည်။ အောက်ဆီဂျင် အရည်ကုန်ခမ်းသွားသည့်အခါ ပြန်လည်ဖြည့်တင်း၍ အသုံးပြုနိုင်သည်။
  3. လျှပ်စစ် (သို့မဟုတ်) ဘက်ထရီသုံး အောက်ဆီဂျင်ပေးစက် (Oxygen concentrators)
    ဤအောက်ဆီဂျင်စက်သည် လျှပ်စစ် (သို့မဟုတ်) ဘက်ထရီကို အသုံးပြု၍ အခန်းအတွင်းရှိ လေကိုစုပ်ယူသည်။ ထိုလေထဲမှ နိုက်ထရိုဂျင်ကို ဖယ်ရှားပေးကာ အောက်ဆီဂျင်ကို သီးခြားဖယ်ထုတ်၊ ဖိသိပ်ထုတ်လုပ်သည်။ ဤကဲ့သို့ သန့်စင်ပြီးသော အောက်ဆီဂျင်ကို ရှူရှိုက်ရခြင်းဖြစ်သည်။
    ထိုစက်ကို အသုံးပြုမည်ဆိုပါက လျှပ်စစ် (သို့မဟုတ်) ဘက်ထရီရှိနေသရွေ့ အောက်ဆီဂျင်ကုန်သွားမည်ကို စိုးရိမ်ရန်မလိုပါ။ စက်အမျိုးအစားနှင့် အရွယ်အစားအမျိုးမျိုး ထုတ်လုပ်ထားသည့်အတွက် ခရီးသွားလာရာတွင်လည်း အလွယ်တကူ သယ်ဆောင်သွားနိုင်ပြီး လေယာဥ်ပေါ်တွင်ပါ အသုံးပြုနိုင်သည်။
  4. ဖိအားမြင့်အောက်ဆီဂျင်ကုထုံး (Hyperbaric oxygen therapy)
    ဖိအားမြင့်အောက်ဆီဂျင်ကုထုံးသည် အခြားသော အောက်ဆီဂျင်ကုထုံးများနှင့် မတူညီဘဲ ဖိအားမြှင့်တင်ထားသည့်အခန်းတွင် (၁၀၀) ရာခိုင်နှုန်းအောက်ဆီဂျင် ရှူရှိုက်ခြင်းဖြစ်သည်။ ထိုကဲ့သို့ ဖိအားမြှင့်တင်ထားသည့်အခန်းတွင် လေဖိအားသည် ပုံမှန်ထက် (၃) ဆ မှ (၄) ဆအထိ မြှင့်တင်ထားခြင်းကြောင့် ခန္ဓာကိုယ်တစ်ရှူးများသို့ ပို့‌ဆောင်ပေးသည့် အောက်ဆီဂျင်ပမာဏကို ပိုမိုရရှိစေနိုင်သည်။ ထို‌အောက်ဆီဂျင်အမျိုးအစားကို ပြင်းထန်သော ရောဂါပိုးဝင်ခြင်း၊ ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ခြင်းတို့တွင် အသုံးပြုနိုင်သည်။ သွေးတွင်းအောက်ဆီဂျင် အလွန်မြင့်တက်ခြင်း မဖြစ်ပေါ်စေရန် အထူးသတိထား၍ အသုံးပြုသင့်သည်။

အထက်တွင်ဖော်ပြခဲ့သောနည်းလမ်းများတွင် ဖိအားမြင့်‌အောက်ဆီဂျင်ကုထုံးမှလွဲ၍ ကျန်ကုထုံးများအားလုံးသည် နေအိမ်တွင် အသုံးပြုနိုင်သော အောက်ဆီဂျင်ကုထုံးများ (Home Oxygen Therapy) ဖြစ်သည်။ အောက်ဆီဂျင်ကုထုံးကို နေအိမ်တွင် အသုံးပြုရမည်ဆိုပါက ဆရာဝန်ညွှန်ကြားသည့် အောက်ဆီဂျင်ပမာဏ (တစ်မိနစ်တွင် လိုအပ်သောပမာဏ – Flow rate) နှင့် ရှူရန်လိုအပ်သည့် ကြာချိန်တို့ကို တိတိကျကျ လိုက်နာရန် လိုအပ်သည်။ အောက်ဆီဂျင်လိုအပ်သည့် အကြောင်းရင်းပေါ်မူတည်၍ အောက်ဆီဂျင်ကို တစ်နေ့လုံး အသုံးပြုရန် လိုအပ်သူများရှိသကဲ့သို့ တချို့မှာမူ လှုပ်ရှားမှုပြုလုပ်စဥ် (ဥပမာ _ လေ့ကျင့်ခန်းပြုလုပ်ချိန်) သို့မဟုတ် အိပ်စက်ချိန်တွင်သာ အသုံးပြုရန် လိုအပ်သူများလည်း ရှိကြသည်။ အောက်ဆီဂျင်ကို ဆေးတစ်မျိုးကဲ့သို့သဘောထားပြီး ဆရာဝန် ညွှန်ကြားထားသည့်အတိုင်း တိကျစွာ လိုက်နာလုပ်ဆောင်ရန် အလွန်အရေးကြီးသည်။ ဘေးထွက်ဆိုးကျိုးများကို ခံစားရပါက ဆရာဝန်နှင့် အမြန်ဆုံး ပြန်လည်ပြသတိုင်ပင်ရန် လိုအပ်သည်။

အောက်ဆီဂျင်ပေးနည်းများ

ရောဂါအခြေအနေများနှင့် ‌အောက်ဆီဂျင်လိုအပ်ချက်ပေါ် မူတည်၍ အောက်ပါနည်းလမ်းများဖြင့် ‌အောက်ဆီဂျင်ပေးနိုင်သည်။

  • နှာခေါင်းပိုက် (nasal cannula)
    အောက်ဆီဂျင်ကို နှာခေါင်းပေါက်ထဲသို့ ပို့ဆောင်ပေးသည့် သေးငယ်သော ပလတ်စတစ် ပိုက်ငယ်ဖြစ်သည်။ အောက်ဆီဂျင်ရှူနေစဉ် စားသောက်ရန်နှင့် စကားပြောရန် အဆင်ပြေပြီး သက်သောင့်သက်သာရှိသဖြင့် အများဆုံးအသုံးပြုသော နည်းလမ်းဖြစ်သည်။ အောက်ဆီဂျင်ပမာဏ အနည်းငယ်သာ လိုအပ်သောသူများအတွက် သင့်တော်သည်။
  • မျက်နှာဖုံး (Face mask)
    ပါးစပ်နှင့် နှာခေါင်းကို အုပ်ထားသည့် ပလပ်စတစ်မျက်နှာဖုံးနှင့်လည်း အောက်ဆီဂျင်ပေးနိုင်သည်။ အောက်ဆီဂျင်ပမာဏ ပို၍များများလိုအပ်သူများ (ဥပမာ _ အသက်ရှူလမ်းကြောင်း ပြဿနာပြင်းထန်သူများ) တွင် အသုံးပြုနိုင်သည်။ အသက်ရှူထုတ်သည့်လေ ပြန်မဝင်နိုင်စေရန် ဒီဇိုင်းပြုလုပ်ထားသည့် မျက်နှာဖုံး (non-rebreather mask) များလည်းရှိသည်။
  • လေပြွန်ကို အပေါက်ဖောက်၍ ထည့်သော ပြွန်ချောင်း (Tracheostomy Tube)
    ခွဲစိတ်၍ လေပြွန်ကို အပေါက်ဖောက်ပြီး တိုက်ရိုက်ထည့်သော ပြွန်ချောင်းမှတစ်ဆင့် အောက်ဆီဂျင်ပေးခြင်းဖြစ်သည်။ နာတာရှည် အသက်ရှူပြဿနာရှိသူများတွင် အသုံးပြုလေ့ရှိသည်။

အထက်ပါနည်းလမ်းများအပြင်၊ ရောဂါအခြေအနေအရ အောက်ဆီဂျင်ပမာဏကို အနည်းအများ (Low-flow system, High-flow system) ချိန်ညှိပေးခြင်း၊ အသက်ရှူအားကူစက် (BiPAP/CPAP) သို့မဟုတ် အသက်ရှူစက် (Mechanical Ventilator) များဖြင့် ဖိအားပေးရှူရှိုက်စေခြင်း (Positive Pressure Ventilation) နှင့် ခန္ဓာကိုယ်ပြင်ပမှ အောက်ဆီဂျင်သန့်သန့်ကို သွေးကြောထဲသို့ စက်အကူအညီဖြင့် ပေးခြင်း (Extracorporeal Membrane Oxygenation – ECMO) စသည့် နည်းလမ်းများဖြင့်လည်း ကုသနိုင်သည်။

ရရှိနိုင်သောအကျိုးကျေးဇူးများ

အောက်ဆီဂျင်ကုထုံးသည် သွေးတွင်းအောက်ဆီဂျင်နည်းစေသော နောက်ခံရောဂါများကို ပျောက်ကင်းအောင် မကုသနိုင်ပါ။ သို့သော် ကိုယ်တွင်းအင်္ဂါများ ကောင်းမွန်စွာ အလုပ်လုပ်နိုင်စေရန် ခန္ဓာကိုယ်မှ လိုအပ်သည့် အောက်ဆီဂျင်ကို ရရှိအောင် ကူညီပေးနိုင်သည်။ ထို့ကြောင့် အောက်ဆီဂျင်ကုထုံး ကုသမှုခံယူခြင်းအားဖြင့် အောက်ဖော်ပြပါ အကျိုးကျေးဇူးများကို ရရှိနိုင်သည်။

  • ကိုယ်လက်လှုပ်ရှားမှုပြုလုပ်စဥ် အသက်ရှူမဝခြင်းကို သက်သာစေခြင်း
  • စွမ်းအင်ပိုမိုရရှိလာပြီး ကိုယ်လက်လှုပ်ရှားမှု ပိုမိုလုပ်ဆောင်နိုင်ခြင်း
  • ပိုမိုကောင်းမွန်စွာ အိပ်စက်နိုင်ခြင်း
ဘေးထွက်ဆိုးကျိုးများ

အောက်ဆီဂျင်ကုထုံးကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း စနစ်တကျအသုံးပြုပါက ယေဘုယျအားဖြင့် စိတ်ချရသော်လည်း၊ အချိန်ကြာမြင့်စွာ သို့မဟုတ် နည်းလမ်းမှားယွင်းစွာ အသုံးပြုပါက အောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်နိုင်သည်။

အဖြစ်များသော ဘေးထွက်ဆိုးကျိုးများ

  • နှာခေါင်း၊ ပါးစပ်နှင့် လည်ချောင်း ခြောက်ခြင်း
  • အရေပြားယားယံခြင်း
  • နှာခေါင်းသွေးလျှံခြင်း
  • ခေါင်းကိုက်ခြင်း

ပြင်းထန်သော၊ အဖြစ်နည်းသည့် ဘေးထွက်ဆိုးကျိုးများ

  • အောက်ဆီဂျင် အဆိပ်သင့်ခြင်း (အောက်ဆီဂျင်ကို အချိန်ကြာမြင့်စွာ ပမာဏများများ ပေးမိပါက ဖြစ်တတ်သည်)
  • ကာဗွန်ဒိုင်အောက်ဆိုဒ် စုပုံခြင်း (အထူးသဖြင့် နာတာရှည်လေပြွန်ကျဉ်းရောဂါ (COPD) ရှိသူများတွင် သတိထားရန် အရေးကြီးသည်)
  • မီးဘေးအန္တရာယ် (အောက်ဆီဂျင်သည် မီးကို အလွန်မြန်စွာ လောင်ကျွမ်းစေနိုင်သောကြောင့် မီးနှင့် ဝေးရာတွင် သိမ်းဆည်းအသုံးပြုရန်အရေးကြီးသည်)
  • မျက်စိပြဿနာများ (အထူးသဖြင့် မွေးကင်းစကလေးငယ်များတွင် အောက်ဆီဂျင်ကို အလွန်အကျွံပေးမိပါက မျက်စိအမြင်လွှာပျက်စီးခြင်း (Retinopathy of Prematurity) ဖြစ်နိုင်ခြေရှိသည်)
သတိပြုရမည့်အချက်များ
အောက်ဆီဂျင်ကုထုံးအသုံးပြုလျှင် လိုက်နာရန်လိုအပ်သည့် ဘေးကင်းရေးအချက်များ

အောက်ဆီဂျင်ကုထုံး ခံယူသူများအနေဖြင့် အောက်ဆီဂျင်ဘူးများကို အသုံးပြုခြင်း၊ သိမ်းဆည်းခြင်း ပြုလုပ်သည့်အခါ ဘေးအန္တရာယ်ကင်းစေရန် အထူးဂရုပြုရမည်။ အောက်ဆီဂျင်သည် မီးကို ပိုမိုလျှင်မြန်ပြင်းထန်စွာ လောင်ကျွမ်းစေနိုင်ပြီး ပေါက်ကွဲမှု ဖြစ်ပေါ်စေနိုင်သောကြောင့် အောက်ဖော်ပြပါအချက်များကို လိုက်နာရန် လိုအပ်သည်။

  1. မီးနှင့်ပတ်သတ်၍ သတိပြုရမည့်အချက်များ
    • အောက်ဆီဂျင်ဘူးအနီးတွင် ဆေးလိပ်လုံးဝမသောက်ရပါ
    • မီးတောက်၊ ဖယောင်းတိုင်၊ မီးဖို၊ ဓာတ်ငွေ့မီးဖိုများနှင့် ဝေးသောနေရာတွင် ထားပါ။
    • မီးသတ်ဆေးဘူး (Fire extinguisher) ကို အနီးတွင် အမြဲထားပါ
  2. အောက်ဆီဂျင်ဘူး သိုလှောင်ထားရှိလျှင် လိုက်နာရမည့်အချက်များ
    • အောက်ဆီဂျင်ဘူးများ မတော်တဆ လိမ့်ကျခြင်း သို့မဟုတ် အက်ကွဲခြင်းမှ ကာကွယ်ရန် အရာဝတ္ထုတစ်ခုခုနှင့် ထောင်ပြီး ခိုင်မြဲအောင် ချည်နှောင်ထားပါ
    • အပူပေးစက် သို့မဟုတ် လျှပ်စစ်ပစ္စည်းများနှင့် ဝေးဝေးထားပါ (အနည်းဆုံး ၈ ပေအကွာတွင် ထားရန်)
    • လေဝင်လေထွက်ကောင်းသော အခန်းတွင် ထားပါ
    • အောက်ဆီဂျင်ဘူးအနီးတွင် မီးလောင်လွယ်သော ပစ္စည်းများ (Aerosol ဖျန်းဆေးများ၊ သန့်ရှင်းရေးပစ္စည်းများ၊ ရေနံထွက်ပစ္စည်းများ) ကို လုံးဝအသုံးမပြုရပါ
  3. အဝတ်အစားနှင့် အိပ်ရာခင်းဆိုင်ရာ သတိပြုရမည့်အချက်များ
    • ချည်သား အဝတ်အစားနှင့် ချည်သားအိပ်ရာခင်းများကိုသာ အသုံးပြုပါ (သိုးမွေး သို့မဟုတ် နိုင်လွန်ကဲ့သို့သော အရာများဖြင့် ထုတ်လုပ်ထားသော အဝတ်၊ အသုံးအဆောင်ပစ္စည်းများသည် လျှပ်စစ်ဓာတ်နှင့် မီးပွားများကို ဖြစ်စေနိုင်သောကြောင့် ဖြစ်သည်)

References:

  1. Cleveland Clinic. (2022, June 6). Oxygen therapy. Cleveland Clinic. Retrieved August 18, 2025, from https://my.clevelandclinic.org/health/treatments/23194-oxygen-therapy
  2. Healthline. (2016, December 16). Oxygen therapy. Healthline. Retrieved August 18, 2025, from https://www.healthline.com/health/oxygen-therapy
  3. Medical News Today. (n.d.). Oxygen therapy: What you should know. Medical News Today. Retrieved August 18, 2025, from https://www.medicalnewstoday.com/articles/oxygen-therapy
  4. NCBI Bookshelf. (n.d.). Oxygen therapy. In [Chapter Title]. NCBI. Retrieved August 18, 2025, from https://www.ncbi.nlm.nih.gov/books/NBK551617/
  5. Britannica. (n.d.). Oxygen therapy. In Encyclopaedia Britannica. Retrieved August 18, 2025, from https://www.britannica.com/science/oxygen-therapy

Published: 9 September 2025

Share

9 September 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.