သန္ဓေသားအများစုသည် မိခင်၏သားအိမ်တွင်း၌ အနေအထားအမျိုးမျိုးဖြင့် ကြီးထွားလာကြသော်လည်း ကိုယ်ဝန်လရင့်လာသည်နှင့်အမျှ မွေးလမ်းကြောင်းသို့ ဦးခေါင်းပိုင်းဖြင့် ဦးတိုက်သည့် ပုံမှန်အနေအထား (Cephalic presentation) ဖြင့်ပြောင်းလဲကာ သဘာဝအတိုင်း မွေးဖွားနိုင်ရန် ပြင်ဆင်လာကြသည်။ သို့ရာတွင် (၃) ရာခိုင်နှုန်းသော သန္ဓေသားများမှာမူ သားအိမ်အတွင်း ထိုင်နေသည့်အလား တင်ပါးဆုံဖြင့် မွေးလမ်းကြောင်းကို ဦးတိုက်လာကြသည်။ တစ်ခါတစ်ရံ သန္ဓေသားကန့်လန့်ဖြစ်နေသော ကိုယ်ဝန်များကိုလည်း ရှားပါးစွာတွေ့ရှိရသည်။ ထိုအနေအထားများသည် ပုံမှန်ကိုယ်ဝန်များနှင့် နှိုင်းယှဉ်လျှင် သဘာဝအတိုင်း မွေးဖွားရန် ခက်ခဲပြီး အန္တရာယ်များသည်။ ထို့အတွက်ကြောင့် ကိုယ်ဝန်သက် (၃၆) ပတ်ရောက်ချိန်ထိ တင်ပါးဆုံပိုင်းဖြင့် ဆက်လက်ဦးတိုက်နေပါက သို့မဟုတ် ကန့်လန့်ဖြစ်နေပါက သန္ဓေသားကို ဦးခေါင်းပိုင်းဖြင့် ဦးတိုက်သည့် ပုံမှန်အနေအထားဖြစ်အောင် လှည့်ပေးနိုင်ပြီး ထိုသို့ပြုလုပ်ခြင်းကို External Cephalic Version (ECV) ဟု ခေါ်သည်။
သန္ဓေသားအနေအထားမှန်အောင် လှည့်ပေးရန် လိုအပ်သောအခြေအနေများ
- သန္ဓေသားတင်ပါးဆုံပိုင်းဖြင့် ဦးတိုက်ထားသောကိုယ်ဝန် (Breech presentation)
- သန္ဓေသားကန့်လန့်ဖြစ်နေသောကိုယ်ဝန် (Transverse lie)
အဆိုပါကိုယ်ဝန်ဆောင် အမျိုးသမီးများအနေဖြင့် သဘာဝအတိုင်းမွေးဖွားရန် ဆန္ဒရှိလျှင် ကျွမ်းကျင်သူ သားဖွားမီးယပ်အထူးကုဆရာဝန်မှ ကိုယ်ဝန်ဆောင်မိခင်၏ ကျန်းမာရေးရာဇဝင်ဆန်းစစ်ခြင်း၊ ကိုယ်ဝန်အားစမ်းသပ်စစ်ဆေးခြင်း၊ အာထရာဆောင်း ရိုက်ခြင်းများပြုလုပ်ပြီး သန္ဓေသားအား ဦးခေါင်းပိုင်းဖြင့် ဦးတိုက်သည့်အနေအထားဖြစ်အောင် လှည့်ပေးရန် သင့်တော်မှု ရှိမရှိ ဆုံးဖြတ်ပေးသည်။
သန္ဓေသားအနေအထားမှန်အောင် လှည့်ပေးရန် မပြုလုပ်သင့်သည့် အခြေအနေများ
သန္ဓေသားအနေအထားလှည့်ပေးခြင်းကို အောက်ပါအခြေအနေများရှိပါက ပြုလုပ်ရန်မသင့်ပါ။
- အမြွှာကိုယ်ဝန်ဖြစ်ခြင်း
- သန္ဓေသား၏နှလုံးခုန်နှုန်း မြန်လွန်းခြင်း သို့မဟုတ် နှေးလွန်းခြင်း
- ရေမြွှာရည် နည်းလွန်းခြင်း သို့မဟုတ် များလွန်းခြင်း
- အချင်းသည် သားအိမ်အောက်ပိုင်း၍တည်ရှိနေခြင်း သို့မဟုတ် မွေးလမ်းကြောင်းအဝကို ပိတ်ကာထားခြင်း
- မွေးလမ်းကြောင်းမှ သွေးဆင်းခဲ့ဖူးခြင်း
- ရေမြွှာရည်ပေါက်ထားဖူးခြင်း
- သားအိမ်အနေအထားပုံသဏ္ဌာန်မမှန်ခြင်း
- ကိုယ်ဝန်ဆောင်မိခင်တွင် သွေးတိုးရောဂါရှိခြင်း၊ ဆီးချိုရောဂါရှိခြင်း
- အခြားကျန်းမာရေး အကြောင်းပြချက်များကြောင့် ခွဲစိတ်မွေးဖွားရန် လိုအပ်ခြင်း
သန္ဓေသားအနေအထားမှန်အောင်လှည့်ပေးရန် လှည့်ပေးခြင်းနှင့် ပတ်သက်၍ ကြိုတင်သိထားရမည့်အချက်များ
- ကိုယ်ဝန်သက် (၃၇) ပတ်သည် ဦးခေါင်းပိုင်းဖြင့် ဦးတိုက်သည့်အနေအထားဖြစ်အောင် လှည့်ပေးရန် အကောင်းဆုံးအချိန်ဖြစ်သည်၊ ထို့ထက်စောပြီးလှည့်ပါက တင်ပါးဆုံပိုင်းသို့ ပြန်လည်လှည့်သွားနိုင်ပြီး ထို့ထက်နောက်ကျပါက ကလေးထွားလာသည့်အတွက် လှည့်ရာတွင် ပိုမိုခက်ခဲနိုင်သည်
- သန္ဓေသားအား စောင့်ကြပ်ကြည့်ရှု စမ်းသပ်စစ်ဆေးရန် စက်ကိရိယာများ ပြည့်စုံပြီး လိုအပ်ပါက အရေးပေါ်ခွဲစိတ်မွေးဖွားရန် အမြန်ဆုံးစီစဉ်ပေးနိုင်သည့် ဆေးရုံ၌သာ ပြုလုပ်ရမည်
- ဦးခေါင်းပိုင်းဖြင့် ဦးတိုက်သည့်အနေအထားဖြစ်အောင် လှည့်ပေးရန် ကျွမ်းကျင်စွာ လေ့ကျင့်သင်ကြားထားသော သားဖွားမီးယပ်အထူးကုဆရာဝန်နှင့်သာ ပြုလုပ်ရမည်
- အောင်မြင်နိုင်ခြေ (၅၀) ရာခိုင်နှုန်းရှိပြီး အခြေအနေများစွာအပေါ်မူတည်သည်
- အကယ်၍ မိခင်သည် သွေးအုပ်စုအမျိုးအစားတစ်မျိုးဖြစ်သော Rh အနှုတ်သွေး ဖြစ်လျှင် သန္ဓေသား၏ သွေးနီဥများ မပျက်စီးစေရေးအတွက် Rh Immunoglobulin ထိုးရန် ဆရာဝန်မှ အကြံပြုလိမ့်မည်။
ပြုလုပ်ပုံအဆင့်ဆင့်
- သားဖွားမီးယပ် အထူးကုဆရာဝန်မှ ကိုယ်ဝန်သက် (၃၇) ပတ်ပြည့်လျှင် သန္ဓေသားအနေအထားအမှန် ဦးခေါင်းပိုင်းသို့ ဦးတိုက်သည့်အနေအထားဖြစ်အောင် လှည့်ပေးခြင်းနှင့် ပတ်သက်၍ သေချာစွာရှင်းပြအသိပေးပြီး လုပ်ဆောင်လိုခြင်း ပြုမပြု သဘောဆန္ဒတောင်းခံမည်၊ သဘောတူညီမှု ရပြီးပါက ဦးခေါင်းပိုင်းဖြင့် ဦးတိုက်သည့်အနေအထားဖြစ်အောင် လှည့်ပေးရန် စီစဉ်ဆောင်ရွက်မည်၊ ဆေးရုံတက်ရန် မလိုပါ
- ကလေးလှည့်သောအခါ သားအိမ်ကြွက်သားများ ပျော့ပြောင်းနေစေရန်အတွက် ကြိုတင်၍ ဆေးထိုးခြင်း (သို့မဟုတ်) ဆေးသောက်ခြင်းများ ပြုလုပ်ရန် ညွှန်ကြားမည်
- ဦးခေါင်းပိုင်းဖြင့် ဦးတိုက်သည့်အနေအထားဖြစ်အောင် မလှည့်ပေးမီနှင့် လှည့်နေစဉ်အတွင်းတွင် ကလေးနှလုံးခုန်နှုန်းပုံစံကို စီတီဂျီစက်ဖြင့်စစ်ဆေးခြင်း၊ အာထရာဆောင်း ရိုက်၍ ကလေးအနေအထား၊ အချင်းနှင့် ရေမြွှာရည် အခြေအနေများအား စစ်ဆေးခြင်းတို့ကို လိုအပ်သလို ဆောင်ရွက်မည်ဖြစ်သည်
- သန္ဓေသားကျန်းမာလျှင် ကျွမ်းကျင်သူ သားဖွားမီးယပ်အထူးကုဆရာဝန်မှ မိခင်ဝမ်းဗိုက်ပေါ်ရှိ သန္ဓေသား ဦးခေါင်းနေရာနှင့် တင်ပါးဆုံ နေရာတို့ပေါ်တွင် လက်တင်ပြီး ဦးခေါင်းပိုင်းကို ဖိအားပေး၍ သန္ဓေသားကို လည်စေပြီး ဦးခေါင်းပိုင်းဖြင့် ဦးတိုက်သည့် အနေအထားသို့ လှည့်သွားစေရန် မိနစ်အနည်းငယ် ဖိအားပေးမည်ဖြစ်သည်
- လက်ဖြင့် ထိန်းဖိထားသောကြောင့် အနည်းငယ်မျှ မသက်မသာခံစားရနိုင်သော်လည်း ကိုယ်ဝန်ဆောင်မိခင်အနေဖြင့် နာကျင်လာပါက ဦးခေါင်းပိုင်းဖြင့် ဦးတိုက်သည့် အနေအထားဖြစ်အောင် လှည့်ပေးရန် ဆောင်ရွက်မှုကို ခေတ္တခဏဆိုင်းငံ့ထားနိုင်သည်
- ဦးခေါင်းပိုင်းဖြင့် ဦးတိုက်သည့်အနေအထားဖြစ်အောင် လှည့်ပေးခြင်းကို အောင်မြင်အောင် လုပ်ဆောင်ပြီးပါက ကလေးနှလုံးခုန်နှုန်းပုံစံကို စီတီဂျီစက်ဖြင့် ပြန်လည်စစ်ဆေးခြင်း၊ အာထရာဆောင်းဖြင့် ပြန်လည်စစ်ဆေးခြင်းတို့ ဆောင်ရွက်၍ ခေတ္တအနားယူပြီးလျှင် မိမိအိမ်သို့ ပြန်နိုင်သည်
- အိမ်ပြန်ရောက်ပြီးနောက် ရေဆင်းခြင်း၊ သွေးဆင်းခြင်း၊ ဗိုက်နာလာခြင်း၊ ကလေးအလှုပ်နည်းခြင်းတို့ ဖြစ်ပေါ်လာပါက ချက်ချင်း ပြန်လည်ပြသရန် အထူးလိုအပ်သည်
- အောင်မြင်မှု မရှိပါက ရက်အနည်းငယ်ခြား၍ ဒုတိယအကြိမ် ထပ်မံကြိုးပမ်းနိုင်သည်
- ထိုသို့လှည့်လည်ခြင်းကို ကလေးမွေးဖွားရန် စတင်ဗိုက်နာလာသည့် အစောဆုံးအချိန်ထိ ကြိုးစားခွင့်ရှိသည်
- ထပ်မံဆောင်ရွက်လိုခြင်း မရှိပါက မွေးဖွားရန် နည်းလမ်းကို သားဖွားမီးယပ်ဆရာဝန်ဖြင့် တိုင်ပင်ဆွေးနွေးနိုင်သည်။
သန္ဓေသားအနေအထားမှန်အောင် လှည့်ပေးပြီးနောက် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု
ဦးခေါင်းပိုင်းဖြင့် ဦးတိုက်သည့်အနေအထားသို့ အောင်မြင်စွာ လှည့်ပြီးပါက ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုကို ပုံမှန်အတိုင်း ဆက်လက်ခံယူပြီး သဘာဝနည်းလမ်းဖြင့် မွေးဖွားရန် စောင့်ဆိုင်းနိုင်သည်။
နောက်ဆက်တွဲဆိုးကျိုးများ
ဦးခေါင်းပိုင်းသို့ ဦးတိုက်သည့်အနေအထားဖြစ်အောင် လှည့်ပေးခြင်းသည် စိတ်ချရသော လုပ်ဆောင်မှု ဖြစ်သော်လည်း
- ရေမြွှာရည်ပေါက်ခြင်း
- အချင်းကွာနိုင်ခြင်း၊ သွေးဆင်းနိုင်ခြင်း
- သားအိမ်ညှစ်လာ၍ အနည်းငယ် အချိန်စောမွေးနိုင်ခြင်း
- သန္ဓေသားကလေးနှလုံးခုန်နှုန်း မူမမှန်ဖြစ်ခြင်းများ ရှိခဲ့လျှင် အရေးပေါ် ခွဲစိတ်မွေးဖွားရနိုင်သည်။ ထို့သို့ဖြစ်နိုင်ခြေကို အယောက် (၂၀၀) လှည့်လျှင် (၁) ယောက် ကြုံတွေ့နိုင်သည်။
အခြားသိထားသင့်သည့်အချက်
ဦးခေါင်းပိုင်းဖြင့် ဦးတိုက်သည့်အနေအထားဖြစ်အောင် လှည့်ပေးရန် မကြိုးစားဘဲ တင်ပါးဆုံဖြင့်ဦးတိုက်သော ကိုယ်ဝန်များ၊ ကန့်လန့်ဖြစ်နေသောကိုယ်ဝန်များအား သဘာဝနည်းလမ်းဖြင့် မွေးဖွားပါက ကလေး ပုံမှန်ထက်ပို၍ အန္တရာယ်ကြုံတွေ့ရနိုင်ခြေရှိကြောင်း ကြိုတင်သိရှိထားသင့်သည်။
References:
- Cleveland Clinic. (n.d.). External cephalic version (ECV): Procedure & risks. Retrieved August 14, 2025, from https://my.clevelandclinic.org/health/treatments/22979-ecv
- Mayo Clinic. (n.d.). Fetal presentation before birth. Retrieved August 14, 2025, from https://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/in-depth/fetal-positions/art-20546850
- Royal College of Obstetricians and Gynaecologists. (n.d.). Breech baby at the end of pregnancy [Patient information leaflet]. Retrieved August 14, 2025, from https://www.rcog.org.uk/media/g0fp1mq2/breech-baby-patient-information-leaflet.pdf
Published: 25 August 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.