Radiation Therapy (ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း)

Radiation Therapy (ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း)

ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းကို ဓာတ်ရောင်ခြည်ကုထုံး (Radiotherapy) ဟုလည်း ခေါ်ဆိုပြီး အားပြင်းသည့် ဓာတ်မှန်ရောင်ခြည်တန်းများဖြင့် ကင်ဆာဆဲလ်များကို သေစေသော ကင်ဆာကုသမှု ကုထုံးတစ်ခုဖြစ်သည်။ ဓာတ်ရောင်ခြည်ကြောင့် ကင်ဆာဆဲလ်များ၏ မျိုးဗီဇများ (DNA) ပျက်စီးပြီး ဆက်လက်ပွားများနိုင်စွမ်း မရှိစေခြင်းဖြစ်သည်။ အခြားကုထုံးဖြစ်သော ကင်ဆာဆေးဖြင့်ကုသခြင်း (Chemotherapy) ထက် ပိုကောင်းသောအချက်မှာ ကင်ဆာဆဲလ်များကိုသာ အဓိကထား၍ တိုက်ရိုက်ဖျက်ဆီးနိုင်သောကြောင့် ကင်ဆာ၏ ဘေးနားပတ်လည်ရှိ ကျန်းမာသောပုံမှန်ဆဲလ်များ ထိခိုက်မှုနည်းခြင်းဖြစ်သည်။

ကုသရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းကို ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာကုသမှု အထူးကုဆရာဝန် (Radiation Oncologist) မှ အဓိကဦးဆောင်ကုသသည်။ ဓာတ်ရောင်ခြည်ကုထုံးဖြင့် ကုသသော ကင်ဆာများမှာ_

  • မူလအစဖြစ်သော ကင်ဆာ (Primary Cancer)
    ကင်ဆာစတင်ဖြစ်ပွါးသော ကိုယ်တွင်းအင်္ဂါ၌သာ တည်ရှိပြီး အခြားအင်္ဂါအစိတ်အပိုင်းနေရာများသို့ မပျံ့နှံ့သေးသော ကင်ဆာ (ဥပမာ – အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ)
  • ပျံ့နှံ့သွားသော ကင်ဆာ (Metastatic cancer)
    ခန္ဓာကိုယ်၏ အခြားနေရာများသို့ ပြန့်ပွါးသွားသော ကင်ဆာ (ဥပမာ _ အဆုတ်ကင်ဆာမှ အသည်း၊ အရိုးနှင့် ဦးနှောက်သို့ ပျံ့သွားခြင်း) စသည်တို့ဖြစ်သည်
  • တစ်ခါတစ်ရံ ကင်ဆာပျံ့နှံ့နိုင်ခြေများသော နေရာသို့ ဓာတ်ရောင်ခြည် ကြိုတင်ပေးထားခြင်း (Prophylactic irradiation)
    ဥပမာ _ အချို့အဆုတ်ကင်ဆာလူနာများတွင် ဦးနှောက်သို့ ပျံ့နှံ့နိုင်ခြေများသောကြောင့် ဦးနှောက်ကို ဓာတ်ရောင်ခြည် ကြိုတင်ပေးထားခြင်း ပြုလုပ်နိုင်သည်
  • ထို့အပြင် ဓာတ်ရောင်ခြည်ကုထုံးကို ကင်ဆာမဟုတ်သောအကျိတ်များ (Benign tumors) ၏ လက္ခဏာများကို ကုသရာတွင်လည်း အသုံးပြုသည်
ဓာတ်ရောင်ခြည်ကုထုံးအမျိုးအစားများ

ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းကို ခွဲစိတ်ကုသခြင်း သို့မဟုတ် ကင်ဆာဆေးသွင်းကုသခြင်းစသော အခြားကင်ဆာကုသနည်းများဖြင့် အတူတွဲဖက်၍ သုံးနိုင်သည်။ ကုသမှု ရည်ရွယ်ချက်ပေါ် မူတည်၍ ကုထုံးအမျိုးမျိုးရှိသည်။

  • အဓိကကုထုံး (Primary therapy)
    ကင်ဆာဖြစ်ခါစအဆင့်သာရှိသေးသော အကျိတ်များကို ဓာတ်ရောင်ခြည်ကုထုံးတစ်မျိုးတည်းဖြင့် အမြစ်ဖြတ်ကုသခြင်းဖြစ်သည် (ဥပမာ _ အဆုတ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ ဆီးကျိတ်ကင်ဆာ)
  • အကြိုကုထုံး (Neoadjuvant therapy)
    ကင်ဆာကို ခွဲစိတ်ကုသခြင်း မပြုလုပ်မီ အကျိတ်ကို ဓာတ်ရောင်ခြည်ပေး၍ ကျုံ့စေပြီး ခွဲစိတ်မှုကို ပိုမိုထိရောက်စေခြင်း ဖြစ်သည် (ဥပမာ _ ရင်သားကင်ဆာ)
  • တွဲဖက်ကုထုံး (Adjuvant therapy)
    အကျိတ်ကို ခွဲစိတ်ကုသပြီးနောက် ကျန်ရှိနေနိုင်သော ကင်ဆာဆဲလ်များကို ဖျက်ဆီးရန်ဖြစ်ပြီး ကင်ဆာဆေးဝါးကုထုံး (Chemotherapy) နှင့်လည်း တွဲဖက်အသုံးပြုနိုင်သည်
  • လက္ခဏာများသက်သာစေသောကုထုံး (Palliative therapy)
    နောက်ဆုံးအဆင့် ကင်ဆာများတွင် ကင်ဆာ၏လက္ခဏာများ သက်သာရန် ထိန်းပေးခြင်းဖြစ်သည်။ (ဥပမာ _ အရိုး၊ ဦးနှောက်သို့ ပျံ့နှံ့သော ကင်ဆာများ)

ထို့ပြင် ကင်ဆာကုသရာတွင် ဓာတ်ရောင်ခြည်ပေးသော နည်းလမ်းပေါ် မူတည်၍လည်း ခွဲခြားနိုင်သည်။

  1. ခန္ဓာကိုယ်ပြင်ပမှ ဓာတ်ရောင်ခြည်ပေး၍ ကုသခြင်း (External Beam Radiation therapy)
    ခန္ဓာကိုယ်အပြင်ဘက်မှနေ၍ ဓာတ်မှန်စက်တစ်ခုမှ ထုတ်လွှတ်သော စွမ်းအင်မြင့် ဓာတ်မှန်ရောင်ခြည်တန်းများဖြင့် ကင်ဆာအကျိတ်ကို ကုသခြင်းဖြစ်သည်၊ ရိုးရိုးဓာတ်မှန်ရိုက်ခြင်းနှင့် ဆင်တူပြီး ဆေးရုံ (သို့မဟုတ်) ဓာတ်ရောင်ခြည် ကုသရေးဌာနများတွင် ပြင်ပလူနာအဖြစ် ကုသမှု ခံယူနိုင်သည်၊ ကင်ဆာအမျိုးအစားအများစု ကုသရာတွင် အသုံးပြုသည်၊ (ဥပမာ _ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ)
  2. ခန္ဓာကိုယ်အတွင်း ဓာတ်ရောင်ခြည်ထည့်၍ ကုသခြင်း (Brachytherapy/ Systemic Radiation)
    Brachytherapy ဆိုသည်မှာ ဓာတ်ရောင်ခြည်ထုတ်လွှတ်ပေးသော ရင်းမြစ် (Source) (သို့မဟုတ်) ပစ္စည်း (Implant) ကို ခန္ဓာကိုယ်အတွင်းရှိ အကျိတ်ထဲသို့ သို့မဟုတ် အကျိတ်အနီးတွင် ထည့်ထားခြင်းဖြစ်သည် (ဥပမာ _ သားအိမ်ခေါင်းကင်ဆာ၊ ဆီးကျိတ်ကင်ဆာတို့ကို ကုသရာတွင် သုံးသည်)၊ ကင်ဆာအမျိုးအစားပေါ် မူတည်၍ ဓာတ်ရောင်ခြည်ရင်းမြစ်ကို အမြဲထည့်ထားခြင်း ရှိသကဲ့သို့ တစ်ခါတစ်ရံ အချိန်ကြာကြာ ထည့်ထားပြီးမှ ပြန်လည်ထုတ်ယူခြင်းလည်းရှိသည်၊ ကိုယ်ခန္ဓာအတွင်း ဓာတ်ရောင်ခြည်ထည့်၍ ကုသမှုခံယူသူများသည် ဓာတ်ရောင်ခြည်ဘေးကင်းရေး လမ်းညွှန်ချက်များကို လိုက်နာရန် လိုအပ်သည်
  3. Systemic Radiation – အချို့ကင်ဆာအမျိုးအစားများတွင် ဓာတ်ရောင်ခြည်ပါဝင်သော ဆေးဝါးနှင့် ဆေးရည်များကို ပါးစပ်မှသောက်ခြင်း သို့မဟုတ် သွေးကြောထဲသို့ သွင်းခြင်းအားဖြင့် ခန္ဓာကိုယ်အနှံ့ ရောက်စေသောနည်းဖြင့် ကုသသည် (ဥပမာ _ သိုင်းရွိုက်ဂလင်းကင်ဆာ)
ဓာတ်ရောင်ခြည်ကုသမှုပေးရန် ဆုံးဖြတ်ခြင်း

ဓာတ်ရောင်ခြည် ကင်ဆာအထူးကုဆရာဝန်မှ ကုသမှုပေးရန် ဆုံးဖြတ်ရာတွင် အောက်ပါအချက်များကို မူတည်၍ ဆုံးဖြတ်သည်။

  • ကင်ဆာ၏ အမျိုးအစား
  • ကင်ဆာပျံ့နှံ့မှု သို့မဟုတ် ကင်ဆာ၏အဆင့် သတ်မှတ်ချက်
  • လူနာ၏ ယေဘုယျ ကျန်းမာရေးအခြေအနေ
  • ယခင်က ခံယူခဲ့ဖူးသော ကင်ဆာကုသမှုများ
  • လူနာ၏ ဦးစားပေးရွေးချယ်မှု စသဖြင့်ဖြစ်သည်။
ဓာတ်ရောင်ခြည်ကုသမှု မပေးသင့်သော အခြေအနေများ

ဓာတ်ရောင်ခြည်ကုသမှုသည် ထိရောက်သောကုသမှု ဖြစ်သော်လည်း အောက်ပါအခြေအနေများတွင် ဓာတ်ရောင်ခြည်ပေးရန် မသင့်တော်ကြောင်း လူနာများအား ရှင်းပြရန်လိုသည်။

  • ကိုယ်ဝန်ရှိခြင်း
  • သွေးကြောရောင်ရမ်းနိုင်ခြေများသော ‌ရောဂါရှိခြင်း
  • အဆုတ်ရောဂါအခံရှိခြင်း
  • ယခင်ကဓာတ်ရောင်ခြည်ကုသမှု ခံယူထားသော ကိုယ်ခန္ဓာအစိတ်အပိုင်း
  • ဓာတ်ရောင်ခြည်ပေးမည့်နေရာတွင် နှလုံးစက်တပ်ထားခြင်း (Pacemaker)
  • ကင်ဆာအကျိတ် အရွယ်အစား အလွန်ကြီးခြင်း
  • နာတာရှည် အူရောင်ရမ်းခြင်း ရောဂါအခံရှိခြင်း စသည်တို့ဖြစ်သည်။
ရရှိနိုင်သောအကျိုးကျေးဇူးများ

ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းသည် ကင်ဆာကုသရာတွင် ထိရောက်ပြီး ယုံကြည်စိတ်ချရသည့် ကုသမှုတစ်ခုဖြစ်သည်။ ထိုကုသခြင်းဖြင့်

  • ခန္ဓာကိုယ်မှ ကင်ဆာကို လုံးဝပျောက်ကင်းစေနိုင်ခြင်း
  • ကင်ဆာနောက်တစ်ကြိမ် ထပ်မဖြစ်လာအောင် တားဆီးပေးနိုင်ခြင်း
  • ခံစားနေရသော ကင်ဆာဝေဒနာများကို လျှော့ချပေး၍ လူနာကို နေသာထိုင်သာရှိစေရန် ကူညီပေးခြင်း
  • ခွဲစိတ်ကုသခြင်းနှင့် ကင်ဆာဆေးသွင်းကုသခြင်းကဲ့သို့ အခြားကုသမှုများကို ပိုမိုထိရောက်စေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ပေးနိုင်သည်။
ကြိုတင်သိရှိထားရမည့်အချက်များ
ဓာတ်မှန်ရောင်ခြည်ကုသမှုအတွက် ပြင်ဆင်မှုများ

ကုထုံးမစတင်မီ ‌ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာကုသမှု အထူးကုဆရာဝန် ဦးဆောင်သောအဖွဲ့ မှ လူနာအား မည်သည့်နည်းလမ်းဖြင့် ဓာတ်ရောင်ခြည်ပေးမည်၊ ဓာတ်ရောင်ခြည်ပြင်းအား မည်မျှပေးမည် စသည့်အချက်များကို ဆုံးဖြတ်မည်ဖြစ်သည်။ ထို့နောက် လူနာနှင့်တွေ့ဆုံပြီး ကုသမှုအသေးစိတ်များကို ရှင်းလင်းပြောပြခြင်း၊ ကုသမှုအစီအစဥ်များ ပြင်ဆင်ပေးခြင်း၊ လူနာ၏ ကုသမှုတုံ့ပြန်မှုကို ပြန်လည်ဆန်းစစ်ရန် အစီအစဥ်ချခြင်း စသည်တို့ကို ဆောင်ရွက်ပေးသည်။
ကုသမှုအဖွဲ့တွင် ပါဝင်သော ကင်ဆာကုသမှုဆိုင်ရာ ရူပဗေဒပညာရှင်များ (Medical Physicists) သည် ကုသမှု တိကျမှန်ကန်၍ ဘေးကင်းစေရန် ဓာတ်ရောင်ခြည်ပမာဏဆိုင်ရာ အသေးစိတ်တွက်ချက်မှုများနှင့် ရူပဗေဒဆိုင်ရာ တွက်ချက်မှုများအတွက် အောက်ပါအဆင့်တို့ကို ဆောင်ရွက်သည်။

  • အထူးကုဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ပေးရမည့် စုစုပေါင်းပမာဏ (Total dose)၊ အကြိမ်အရေအတွက် (Fractions)၊ ပစ်မှတ်ထားသောနေရာ (Target area) နှင့် အန္တရာယ်ရှိနိုင်သော ခန္ဓာကိုယ်အစိတ်အပိုင်းများ (Organs at risk) ကို သတ်မှတ်ခြင်း
  • ကုသမှုမစခင် ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ပုံဖော်ရန် ကွန်ပျူတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန်များဖြင့် စစ်ဆေးခြင်း
  • အကျိတ်နှင့် ပုံမှန်တစ်ရှူးများကို ဓာတ်မှန်ပုံများတွင် မျဉ်းများဖြင့် မှတ်သားခြင်း
  • ကုသမှုတွင် ပေးမည့် ဓာတ်ရောင်ခြည်စွမ်းအင် (Beam energy) နှင့် ထောင့်အနေအထားများ (Angles) ကိုရွေးချယ်ခြင်း၊ ဆေးပမာဏပျံ့နှံ့ပုံ (Dose distribution) ကိုတွက်ချက်ခြင်း၊ Monitor Units (MUs) အဖြစ်သို့ ပြောင်းလဲခြင်းနှင့် တစ်သျှူးသိပ်သည်းဆ (Tissue density) အတွက် ပြုပြင်တွက်ချက်ခြင်း စသည့် အသေးစိတ်အစီအစဥ်များ ရေးဆွဲခြင်း
  • ပထမဆုံးအကြိမ် ကုသမှုမစတင်မီ ဆေးပမာဏကို ပြန်စစ်ဆေးခြင်း၊ ပုံတူစက် (Phantom) ဖြင့် တိုင်းတာစစ်ဆေးခြင်းနှင့် ကုသမှုအစီအစဉ်ကို အတည်ပြုခြင်းဖြင့် ကုသမှုအရည်အသွေး စစ်ဆေးခြင်း စသည်တို့ဖြစ်သည်။
ကုသမှုခံယူမည့် လူနာကြိုတင်ပြင်ဆင်ရမည့်အချက်များ
  1. ကြိုတင်လေ့ကျင့်ခြင်း (Radiation Simulation)
    • ပြင်ပဓာတ်ရောင်ခြည်ကုထုံးတွင် ဓာတ်မှန်ရောင်ခြည်တန်းများသည် ကင်ဆာအကျိတ်နေရာသို့ တိတိကျကျရောက်မှသာ အကျိတ်ကို ထိရောက်စွာဖျက်ဆီးနိုင်သလို ပတ်ဝန်းကျင်ရှိ ပုံမှန်ဆဲလ်များကို ထိခိုက်မှုနည်းစေမည်ဖြစ်သည်၊ ထိုသို့ တိကျစွာ ရောက်နိုင်ရန်အတွက် လူနာ၏ ခန္ဓာကိုယ်ပုံစံအနေအထားကို ပြင်ဆင်ရန် လိုအပ်သောကြောင့် ကြိုတင်ညှိသောအဆင့်ဖြစ်သည်
    • ဓာတ်ရောင်ခြည်ပေးနေစဥ် ငြိမ်သက်စွာ လှဲနေရမည်ဖြစ်ပြီး သက်သောင့်သက်သာ အနေအထားဖြစ်ရန်လည်း အရေးကြီးသည်
    • ဓာတ်ရောင်ခြည်စက်၏ ခုတင်ပေါ်တွင် လူနာကို လှဲစေခြင်း၊ ခန္ဓာကိုယ်ကို ငြိမ်ငြိမ်ထိန်းထားနိုင်ရန် ခေါင်းအုံးများဖြင့် ထိန်းထားခြင်း၊ တစ်ခါတစ်ရံ မြဲမြံစွာ ထိန်းနိုင်ရန် ကိုယ်ခန္ဓာပုံစံခွက် (Body mold) အတွင်း၌ လှဲခြင်း (သို့မဟုတ်) မျက်နှာဖုံးများကို တပ်ဆင်ခြင်းစသည့် အကြိုလေ့ကျင့်မှုများ ပြုလုပ်သည်
    • ထို့နောက် ဓာတ်ရောင်ခြည်ကျရောက်စေမည့် ခန္ဓာကိုယ်နေရာကို Marker မှင်ဖြင့် ဖြစ်စေ၊ တက်တူးအသေးစားများဖြင့် ဖြစ်စေ အမှတ်အသား ပြုလုပ်ပေးသည်
  2. ကွန်ပျူတာဓာတ်မှန်များရိုက်ခြင်း
    • ကွန်ပျူတာဓာတ်မှန် (CT scan) (သို့မဟုတ်) သံလိုက်ဓာတ်မှန် (MRI) များရိုက်၍ ကင်ဆာအကျိတ်၏ အသေးစိတ်ကို သိရှိနိုင်ရန်၊ ဓာတ်ရောင်ခြည်ကုထုံးနှင့် ပမာဏကို ဆုံးဖြတ်ရန် ပြုလုပ်သောအဆင့် ဖြစ်သည်။
ကုသပုံအဆင့်ဆင့်
  1. ခန္ဓာကိုယ်ပြင်ပမှ ဓာတ်ရောင်ခြည်ပေး၍ ကုသခြင်း (External Beam Radiation Therapy)
    • ကုသမှု ခံယူမည့်နေ့တွင် လူနာသည် ကြိုတင်လေ့ကျင့်ထားသော ပုံစံအနေအထားဖြင့် ဓာတ်မှန်စက်ပေါ် ရှိ ခုတင်ပေါ်တွင် လှဲလျောင်းရမည်ဖြစ်သည်
    • ထို့နောက် ဓာတ်မှန်စက်သည် လူနာ၏ ဘေးပတ်လည်မှနေ၍ ဓာတ်ရောင်ခြည်များကို ထုတ်ပေးပြီး ကင်ဆာအကျိတ်ဆီသို့ ရောက်စေသည်
    • ကုသမှုခံယူနေစဥ် လူနာသည် စက်သံ အနည်းငယ် ကြားနေရသည်မှလွဲ၍ မည်သည့်နာကျင်မှုကိုမျှ ခံစားရမည် မဟုတ်ပါ၊ သာမန် ဓာတ်မှန်ရိုက်နေသကဲ့သို့ပင် ခံစားရမည်ဖြစ်သည်
    • ကုသမှုတစ်ကြိမ်သည် (၁၀)မိနစ် မှ နာရီဝက်ခန့်သာ ကြာမြင့်မည်ဖြစ်သည်
    • ပြင်ပလူနာအဖြစ် ကုသမှုခံယူနိုင်ပြီး ကုသမှုအပြီးတွင် ခေတ္တစောင့်ကြည့်ပြီးနောက် အိမ်သို့ ချက်ချင်းပြန်နိုင်သည်
    • ပြင်ပမှ စက်ဖြင့် ကုသခြင်းဖြစ်သောကြောင့် အခြားသူများကို ဓာတ်ရောင်ခြည်သင့်စေခြင်း အန္တရာယ်မရှိသဖြင့် လူနာသည် မိမိ၏ နေ့စဥ် လုပ်ငန်းဆောင်တာများကို ပုံမှန်ဆောင်ရွက်နိုင်သည်
    • ထို့နောက် ချိန်းဆိုထားသည့် ကုသမှုအစီအစဥ်အတိုင်း ဆက်လက်လုပ်ဆောင်ရန်ဖြစ်သည်
    • ကုသမှုအစအဆုံးသည် တစ်ပတ် (၅) ရက်ခန့်စီဖြင့် ရက်သတ္တပတ် အနည်းငယ် ကြာမြင့်မည်ဖြစ်သည်၊ ကုသမှုတစ်ကြိမ်စီ ကြားတွင် ရက်အနည်းငယ် အနားပေးခြင်းဖြင့် ပုံမှန်ဆဲလ်များကို ပြန်လည် ကောင်းမွန်စေရန် အချိန်ပေးသည်
    • ကုထုံးပြီးဆုံးပြီးနောက် ကင်ဆာအထူးကုမှ လူနာ၏ အနေအထား၊ အကျိတ်၏ အရွယ်အစားကျုံ့သွားမှု စသည့်အချက်များပေါ် မူတည်၍ လူနာကို ဆက်လက်ညွှန်ကြားမည်ဖြစ်သည်
    • ကိုယ်ခန္ဓာပြင်ပမှ ဓာတ်ရောင်ခြည်ပေးခြင်း နည်းလမ်းအမျိုးမျိုးမှာ အောက်ပါအတိုင်းဖြစ်သည်
      • Three-dimensional conformal radiation therapy (3D-CRT)
      • Intensity modulated radiation therapy (IMRT)
      • Stereotactic radiosurgery (SRS) and stereotactic body radiation therapy (SBRT)
      • Image guided radiation therapy (IGRT)
      • MRI-guided radiation therapy (MRI-guided adaptive radiation therapy)
      • Intraoperative radiation therapy (IORT)
  2. ခန္ဓာကိုယ်အတွင်း ဓာတ်ရောင်ခြည်ထည့်၍ ကုသခြင်း (Brachytherapy/ Systemic radiation)
    • ကင်ဆာအကျိတ်နေရာ (သို့မဟုတ်) အကျိတ်အနီးတွင် ဓာတ်ရောင်ခြည်ထုတ်လွှတ်သောရင်းမြစ် (Source) (သို့မဟုတ်) ပစ္စည်း (Implant) ကို ထည့်ရန်နေရာအား ကွန်ပျူတာဓာတ်မှန် (CT scan) (သို့မဟုတ်) အာထရာဆောင်း (USG) စက်များဖြင့် ကြည့်၍ ကြိုတင်သတ်မှတ်သည်
    • ကုသမှု ခံယူမည့်နေ့တွင် သတ်မှတ်ထားသော ဆေးရုံ၊ ဆေးခန်းများ၌ ထိုဓာတ်ရောင်ခြည် ထုတ်လွှတ်ပစ္စည်းကို လူနာ၏ ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းပေးမည် (သို့မဟုတ်) ဓာတ်ရောင်ခြည်ပါဝင်သော ဆေးရည်ကို သွေးကြောအတွင်းသို့ သွင်းပေးမည်ဖြစ်သည်၊
    • ကိုယ်တွင်းသို့ ထည့်ရာတွင် များသောအားဖြင့် ပိုက်ပျော့ (Catheter) (သို့မဟုတ်) လမ်းကြောင်းညွှန်ကိရိယာ (Applicator) များကို အသုံးပြု၍ ထည့်ပေးသည်
    • ပစ္စည်းထည့်သော ကိုယ်ခန္ဓာ၏ နေရာပေါ် မူတည်၍ မနာအောင် ထုံဆေးအသုံးပြုနိုင်သည်
    • ဓာတ်ရောင်ခြည်လွှတ်ပစ္စည်း ထည့်ပြီးနောက် နေရာမှန်မမှန်ကို ဓာတ်မှန်ရိုက်၍ ပြန်လည်စစ်ဆေးပြီး ပြဿနာမရှိပါက အိမ်သို့ ပြန်နိုင်သည်
    • ကိုယ်တွင်း ဓာတ်ရောင်ခြည်ကုသမှု ခံယူသူများသည် ၎င်းတို့မှ ထွက်သော ချွေး၊ သွေးနှင့် တံတွေးစသည့် ကိုယ်ခန္ဓာအရည်များတွင် ဓာတ်ရောင်ခြည်ကြွပစ္စည်း အနည်းငယ်ပါနိုင်ပြီး အခြားသူများကို ဓာတ်ရောင်ခြည်သင့်နိုင်ခြေရှိသောကြောင့် ဆရာဝန်များ ညွှန်ကြားသည့် ဓာတ်ရောင်ခြည်ဘေးကင်းမှု လမ်းညွှန်ချက်များကို အတိအကျ လိုက်နာရန် လိုအပ်သည်
    • ကင်ဆာအမျိုးအစားနှင့် ကုထုံးပေါ် မူတည်၍ ဓာတ်‌ရောင်ခြည်ပစ္စည်း (Implant) ကို ပြန်ထုတ်ရန် လိုမလို ဆရာဝန်မှ ညွှန်ကြားမည်ဖြစ်သည်
    • ထို့နောက် ရက်ချိန်းအတိုင်း ကင်ဆာအထူးကုဆရာဝန်မှ ကုသမှုရလဒ်နှင့် လူနာ၏ အခြေအနေကို ပြန်လည်စစ်ဆေးမည်ဖြစ်သည်
နောက်ဆက်တွဲဆိုးကျိုးများ

ဓာတ်ရောင်ခြည်ကုထုံးကို တစ်ကြိမ်တည်း ပမာဏများများ မပေးဘဲ အကြိမ်များစွာ ခွဲ၍ပေးသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ကုသမှုတစ်ကြိမ်စီ ကြားတွင် ပုံမှန်ဆဲလ်များ ပြန်လည်ကောင်းမွန်လာစေပြီး ဘေးထွက်ဆိုးကျိုးများကို လျှော့ချပေးသည်။ ခံစားရသော ဘေးထွက်ဆိုးကျိုးများနှင့် ပြင်းထန်မှုတို့သည် အောက်ပါအချက်များပေါ် မူတည်သည်။

  • လူနာ၏ ယေဘုယျကျန်းမာရေးအခြေအနေ
  • ဓာတ်ရောင်ခြည်ကုထုံး အမျိုးအစားနှင့် ပမာဏ
  • ကုသမှုခံယူနေသည့် ခန္ဓာကိုယ်အစိတ်အပိုင်း
  • လက်ရှိခံယူနေသော အခြားကင်ဆာကုထုံးများ

ကုသမှုခံယူသူအချို့တွင် ဘေးထွက်ဆိုးကျိုး အနည်းငယ်သာ ခံစားရပြီး အချို့တွင် ပိုဆိုးနိုင်သည်။ တွေ့ရများသော ဘေးထွက်ဆိုးကျိုးများမှာ အောက်ပါတို့ပါဝင်သည်။

  • ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း
  • ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်ရစ်ဗိုက်နာခြင်း၊ ပါးစပ်တွင် အနာများပေါက်ခြင်း၊ မျိုချစဉ် နာကျင်ခြင်း၊ အစာစားချင်စိတ် နည်းပါးခြင်း
  • အရေပြားယားယံခြင်း၊ နေလောင်သကဲ့သို့ နီရဲခြောက်သွေ့ခြင်း
  • ဦးရေပြားခြောက်သွေ့ယားယံခြင်း၊ ဆံပင်ကျွတ်ခြင်း
  • ချောင်းဆိုးခြင်း၊ အသက်ရှူမဝခြင်း
  • လည်ချောင်းပူခြင်း၊ ရင်ပူခြင်းကဲ့သို့ ခံစားရခြင်း
  • ဆီးသွားစဉ် နာကျင်ခြင်း သို့မဟုတ် ဆီးပူဆီးအောင့်ခြင်း၊ ဆီးမကြာခဏ သွားချင်စိတ်ဖြစ်ခြင်း
  • ရုတ်တရက် အလွန်ဝမ်းသွားချင်စိတ် ဖြစ်ခြင်း
  • ပြန်ရည်ကြောများ ရောင်ရမ်းခြင်း (Lymphoedema)
  • ကလေးမရနိုင်ခြင်း (Infertility) စသည်တို့ဖြစ်သည်။

အချို့ဘေးထွက်ဆိုးကျိုးများသည် ကုသမှုခံယူနေစဉ် သို့မဟုတ် ကုသမှုခံယူပြီးပြီးချင်း ဖြစ်ပေါ်တတ်ပြီး ကုသမှုပြီးဆုံးပြီးနောက် ပျောက်ကင်းသွားလေ့ရှိသည်။ ရှားပါးသော်လည်း အချို့ဆိုးကျိုးများသည် ကုသပြီး လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာအကြာမှ ဖြစ်ပေါ်တတ်သည်။ ဓာတ်ရောင်ခြည်ကုထုံးသည် ကင်ဆာအမျိုးအစားများစွာကို ထိရောက်စွာ ကုသပေးနိုင်သော်လည်း နောင်တစ်ချိန်တွင် ကင်ဆာအမျိုးအစား အသစ်တစ်ခု ထပ်မံဖြစ်ပွါးနိုင်ခြေ အနည်းငယ်ရှိသည်။

လိုက်နာဆောင်ရွက်ရမည့်အချက်များ

အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် ဓာတ်ရောင်ခြည်ကုသမှု ခံယူနေစဥ် မိမိကျန်းမာရေးကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်သကဲ့သို့ ဘေးထွက်ဆိုးကျိုးများကိုလည်း သက်သာစေနိုင်သည်။

  1. မိမိဆရာဝန်နှင့် ပုံမှန်ဆက်သွယ်ခြင်း၊ ရက်ချိန်းမှန်မှန်ပြခြင်း၊ ဓာတ်ရောင်ခြည် ဘေးကင်းရေး လမ်းညွှန်ချက်များကို သေချာစွာ လိုက်နာခြင်း
  2. ကိုယ်ခန္ဓာကျန်းမာရေးကို ဂရုစိုက်ခြင်း
    • ခန္ဓာကိုယ် အာဟာရအတွက် လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝသည့် အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ပရိုတင်းဓာတ်နှင့် ကာဗိုဟိုက်ဒရိတ်တို့ကို မျှတစွာ စားသုံးပါ
    • ရေဓာတ်ပြည့်ဝစေရန် ရေ၊ သစ်သီးဖျော်ရည် စသည်တို့ကို လုံလောက်စွာ သောက်သုံးပါ
    • ကိုယ်ခံအားတက်စေရန်နှင့် စိတ်ဖိစီးမှု လျှော့ချရန် သင့်တင့်သော ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန် လုပ်ဆောင်ပါ၊ ထို့ပြင် ပြည့်ဝစွာ အနားယူပါ
  3. ဘေးထွက်ဆိုးကျိုးများကို ထိန်းချုပ်ခြင်း
    • ပျို့အန်ခြင်းအတွက် ဆေးဝါးများ လိုအပ်လျှင် သောက်ပါ၊ အစာကို နည်းနည်းစီ မကြာခဏ စားပါ
    • ဆံပင်ကျွတ်ခြင်းအတွက် ဆံပင်တိုညှပ်ခြင်း၊ ခေါင်းစည်းပဝါ စည်းခြင်း သို့မဟုတ် ဆံပင်အတု အသုံးပြုခြင်းတို့ ပြုလုပ်ပါ
    • အရေပြားနှင့် ပါးစပ်ပြဿနာများအတွက် အရေပြားကို နူးညံ့သော ဆပ်ပြာများဖြင့် သန့်စင်ပြီး အစိုဓာတ်ထိန်းခရင်မ်လိမ်းခြင်း၊ နေရောင်ထဲ သွားပါက နေရောင်ကာခရင်မ်များ လိမ်းခြင်း၊ ပါးစပ်အနာများအတွက် ဆေးရည်ဖြင့် ပလုတ်ကျင်းခြင်းတို့ကို ဆောင်ရွက်ပါ
  4. စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဂရုစိုက်ခြင်း
    • ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်း သို့မဟုတ် နှစ်သက်သည့် ဝါသနာများကို လုပ်ဆောင်ခြင်းဖြင့် စိတ်ဖိစီးမှုကို လျှော့ချပါ၊ မိသားစုဝင်များ၊ သူငယ်ချင်းများ (သို့မဟုတ်) တိုင်ပင်ဖက်များနှင့် စကားပြောဆိုခြင်းဖြင့် စိတ်ခံစားမှုများကို မျှဝေပါ၊ ကင်ဆာဝေဒနာရှင်များအတွက် ပံ့ပိုးကူညီသည့် အဖွဲ့အစည်းများတွင် ပါဝင်ပါ
  5. နေထိုင်မှုပုံစံကို ဂရုစိုက်ခြင်း
    • ဆေးလိပ်နှင့် အရက်တို့သည် ဆေးကုသမှုကို ထိခိုက်စေပြီး ဘေးထွက်ဆိုးကျိုးများကို ပိုဆိုးစေနိုင်သောကြောင့် လုံးဝရှောင်ကြဥ်ပါ

References:

  1. American Cancer Society. (n.d.). Radiation therapy. Retrieved July 21, 2025, from https://www.cancer.org/cancer/managing-cancer/treatment-types/radiation.html
  2. American Cancer Society. (n.d.). Effects of radiation therapy on different parts of the body. Retrieved July 21, 2025, from https://www.cancer.org/cancer/managing-cancer/treatment-types/radiation/effects-on-different-parts-of-body.html
  3. American Cancer Society. (n.d.). Safety of radiation therapy. Retrieved July 21, 2025, from https://www.cancer.org/cancer/managing-cancer/treatment-types/radiation/safety.html
  4. Cleveland Clinic. (n.d.). Radiation therapy. Retrieved July 21, 2025, from https://my.clevelandclinic.org/health/treatments/17637-radiation-therapy
  5. Healthdirect. (n.d.). Radiotherapy. Retrieved July 21, 2025, from https://www.healthdirect.gov.au/radiotherapy
  6. Mayo Clinic. (n.d.). Radiation therapy. Retrieved July 21, 2025, from https://www.mayoclinic.org/tests-procedures/radiation-therapy/about/pac-20385162
  7. WebMD. (n.d.). Radiation therapy for cancer. Retrieved July 21, 2025, from https://www.webmd.com/cancer/radiation-therapy-cancer

Published: 20 August 2025

Share

20 August 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.