Magnetic Resonance Imaging (MRI) (သံလိုက်ဓာတ်မှန်)

Magnetic Resonance Imaging (MRI) (သံလိုက်ဓာတ်မှန်)

သံလိုက်ဓာတ်မှန် (Magnetic Resonance Imaging or MRI) သည် ခန္ဓာကိုယ်အတွင်းရှိ ကိုယ်တွင်းအင်္ဂါများ၏ ဖွဲ့စည်းပုံများနှင့် ရောဂါအခြေအနေများကို ရှာဖွေရန် သံလိုက်စက်ကွင်းနှင့် ကွန်ပျူတာမှထုတ်လုပ်သော ရေဒီယိုကြိမ်နှုန်းလှိုင်းများ အသုံးပြု၍ ကြည်လင်ပြတ်သားသော ပုံရိပ်များ ပုံဖော်ရိုက်ကူးပေးသည့် ဆေးပညာဆိုင်ရာ စစ်ဆေးမှုတစ်ခုဖြစ်သည်။ ရိုးရိုးဓာတ်မှန်၊ ကွန်ပြူတာဓာတ်မှန်များကဲ့သို့ ဓာတ်ရောင်ခြည်ကိုအသုံးပြုထားခြင်း မရှိသော စစ်ဆေးမှုတစ်ခုဖြစ်သည်။ ကင်ဆာရောဂါအပါအဝင် ရောဂါအခြေအနေများစွာကို ရှာဖွေဖော်ထုတ်ရန်၊ ရောဂါအဆင့်ပြောင်းလဲမှုများနှင့် ကုသမှုများ၏ အကျိုးသက်ရောက်မှုကို စောင့်ကြည့်ရန်အတွက် သံလိုက်ဓာတ်မှန်များကို တွင်ကျယ်စွာ အသုံးပြုလျက်ရှိကြသည်။

သံလိုက်ဓာတ်မှန် (MRI) ၏ သမိုင်းကြောင်း
သံလိုက်ဓာတ်မှန်နည်းပညာသည် (၂၀) ရာစုနှင့် (၂၁) ရာစုတစ်လျှောက်လုံးတွင် သုတေသနပြုခဲ့သော သိပ္ပံပညာရှင်များ၏ ကြိုးပမ်းမှုများကြောင့် များစွာတိုးတက်ဖွံ့ဖြိုးလာခဲ့သည်။ (၁၉၃၀) ပြည့်နှစ်ဝန်းကျင်တွင် ရူပဗေဒပညာရှင် Isidor Isaac Rabi (I.I. Rabi) သည် အဏုမြူ သံလိုက်ပဲ့တင်ကြိမ်နှုန်း (Nuclear Magnetic Resonance – NMR) ဟုခေါ်သော ပုံရိပ်ဖော်နည်းပညာကို ဖော်ထုတ်ခဲ့ပြီး ဆေးဘက်ဆိုင်ရာ သံလိုက်ဓာတ်မှန်အတွက် အခြေခံအုတ်မြစ် ဖြစ်လာခဲ့သည်။ (၁၉၄၀) ပြည့်နှစ်များတွင် ရူပဗေဒပညာရှင်များဖြစ်သော Felix Bloch နှင့် Edward Purcell တို့သည် အစိုင်အခဲနှင့် အရည်များ၏ သံလိုက်ဂုဏ်သတ္တိများကို သီးခြားလေ့လာခဲ့ကြသည်။ ၎င်းတို့၏ သုတေသနပြုချက်များသည် ခန္ဓာကိုယ်အတွင်းရှိ ရေဓာတ်ကို အသုံးပြု၍ သံလိုက်ဓာတ်မှန်ပုံရိပ်များ ရိုက်ယူနိုင်ရန် လမ်းဖွင့်ပေးခဲ့သည်။ (၁၉၅၂) ခုနှစ်တွင် ထိုသုတေသနအတွက် နှစ်ဦးလုံး နိုဘယ်လ်ဆု ရရှိခဲ့သည်။

(၁၉၆၉) ခုနှစ်တွင် Dr. Raymond Damadian သည် ကင်ဆာဆဲလ်များကို ပုံမှန်ဆဲလ်များနှင့် ခွဲခြားနိုင်ရန် NMR ကို အသုံးပြုနိုင်သည်ဟု ယူဆခဲ့ပြီး ကြွက်များ၌ စမ်းသပ်မှုများပြုလုပ်၍ ထိုယူဆချက်ကို အောင်မြင်စွာ သက်သေပြခဲ့သည်။ (၁၉၇၂) ခုနှစ်တွင် Dr. Damadian သည် ပထမဆုံးသော MRI နည်းပညာမူပိုင်ခွင့်ကို တင်ခဲ့သည်။ (၁၉၇၄) ခုနှစ်တွင် မူပိုင်ခွင့်ကို အတည်ပြုပြီးနောက် Dr. Damadian နှင့်အဖွဲ့သည် လူခန္ဓာကိုယ်တစ်ခုလုံးကို စကင်န်ဖတ်နိုင်သည့် ပထမဆုံးသော MRI စက်ကို ဒီဇိုင်းထုတ်၍ တည်ဆောက်ခဲ့သည်။ ထိုစက်ကို “Indomitable” ဟု အမည်ပေးခဲ့ပြီး ယခုအခါ Smithsonian ပြတိုက်တွင် ပြသထားသည်။

(၁၉၈၀) နှစ်ဦးပိုင်းများတွင် သံလိုက်ဓာတ်မှန်ဖြင့် လူ၏ပုံရိပ်များကို ပထမဆုံး ရိုက်ကူးနိုင်ခဲ့ပြီး ထိုမှတစ်ဆင့် သံလိုက်ဓာတ်မှန်နည်းပညာများ အဆင့်ဆင့်တိုးတက်လာခဲ့သည်။

သံလိုက်ဓာတ်မှန်အလုပ်လုပ်ပုံ
သံလိုက်ဓာတ်မှန်စက်အများစုမှာ ကြီးမားပြီး ပြွန်ပုံသဏ္ဌာန်ရှိ စက်ကြီးများဖြစ်သည်။ ဘေးအပိတ်သဏ္ဌာန်စက် (Closed bore) နှင့် ဘေးအပွင့်သဏ္ဌာန်စက် (Open bore) ဟူ၍ နှစ်မျိုးရှိသည်။ သံလိုက်ဓာတ်မှန်စက်တွင် လူ့ခန္ဓာကိုယ်အတွင်းရှိ ပရိုတွန် (သို့မဟုတ်) ဟိုက်ဒရိုဂျင်အက်တမ်များကို ချိန်ညှိရန် အားကောင်းသော ယာယီသံလိုက်စက်ကွင်းထုတ်နိုင်သည့် အစွမ်းထက်သံလိုက်များ ပါဝင်သည်။ ထိုသံလိုက်များမှ ယာယီသံလိုက်စက်ကွင်းတစ်ခု ဖန်တီးရန်အတွက် စက်တွင်ပါဝင်သော လိမ်ထားသည့်ဝါယာကြိုးများမှတစ်ဆင့် လျှပ်စစ်စီးကြောင်းဖြတ်သန်းခြင်းဖြင့် အလုပ်လုပ်သည်။ MRI စက်ရှိ transmitter (သို့မဟုတ်) receiver သည် ရေဒီယိုလှိုင်းများကို ပေးပို့လက်ခံသည်။ ထိုသံလိုက်စက်ကွင်း၊ ရေဒီယိုလှိုင်းများနှင့် ပရိုတွန်များ ပေါင်းစပ်ချိန်ညှိရာမှ ခန္ဓာကိုယ်အား ကန့်လန်ဖြတ်ထားသည့်သဏ္ဌာန် ပုံရိပ်များ ဖြစ်ပေါ်ရရှိလာသည်။ နောက်ဆုံး ကွန်ပျူတာတွင် ရိုက်ကူးသည့်အစိတ်အပိုင်းများ၏ သံလိုက်ဓာတ်မှန်ပုံရိပ်များကို ကြည့်ရှုနိုင်သည်။ သံလိုက်ဓာတ်မှန်သည် မတူညီသော ရှုထောင့်များမှ ကြည့်ရှုနိုင်သည့် 3D ပုံရိပ်များကိုလည်း ထုတ်လုပ်ပေးနိုင်သည်။ သံလိုက်ဓာတ်မှန် ရိုက်ကူးသည့်လူနာသည် ထိုပုံရိပ်များ ကြည်လင်ပြတ်သားစွာ ရရှိစေရန် စက်အတွင်း လဲလျောင်းရိုက်ကူးနေစဥ်အတွင်း ငြိမ်သက်စွာနေရန် အရေးကြီးသည်။

ကွန်ပျူတာဓာတ်မှန် (CT) နှင့် တူညီချက်
သံလိုက်ဓာတ်မှန်တွင်လည်း ကွန်ပျူတာဓာတ်မှန်ကဲ့သို့ ပုံရိပ်များကြည်လင်ပြတ်သားစေရန် ဆေးရည် (Contrast agent) ကို လက်မောင်းရှိ သွေးပြန်ကြောထဲသို့ ထိုး၍ ရိုက်ကူးရန် လိုအပ်နိုင်သည်။ Gadolinium သတ္တုပါဝင်သောဆေးရည်ကို အများဆုံး အသုံးပြုပြီး ပရိုတွန်များကို ပိုမိုမြန်ဆန်စွာ ချိန်ညှိပေးခြင်းဖြင့် ပုံရိပ်များကို ပိုမိုထင်ရှားတောက်ပစေသည်။ ဆေးများသည် အများအားဖြင့် ဘေးကင်းသော ဆေးဝါးများဖြစ်သည်။ အပျော့စားမှ အနည်းငယ်ပြင်းထန်သော ဓာတ်မတည့်ခြင်းနှင့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်တတ်သော်လည်း ပြင်းထန်သော ဓာတ်မတည့်တုံ့ပြန်မှုများ အလွန်ရှားပါးသည်။ ဆေးရည်ထိုးခြင်းဖြင့်

  • အကျိတ်များ (Tumors)
  • ရောင်ရမ်းခြင်း (Inflammation)
  • ပိုးဝင်ခြင်း (Infection)
  • သွေးကြောများ (Blood vessels) စသည်တို့ကို ပိုမိုထင်ရှားစွာ မြင်တွေ့စေနိုင်သည်။

ကွန်ပျူတာဓာတ်မှန် (CT) နှင့် ကွာခြားချက်
သံလိုက်ဓာတ်မှန်နှင့် ကွန်ပျူတာဓာတ်မှန် (CT) တို့၏ ကွာခြားချက်မှာ သံလိုက်ဓာတ်မှန်တွင် အန္တရာယ်ရှိသော၊ ဓာတ်ရောင်ခြည်သင့်စေသော ဓာတ်ရောင်ခြည် (X-ray) ကို အသုံးမပြုထားခြင်းဖြစ်သည်။ သံလိုက်ဓာတ်မှန်သည် ခန္ဓာကိုယ်၏ အရိုးမဟုတ်သော အစိတ်အပိုင်းများ သို့မဟုတ် ပျော့ပျောင်းသော တစ်ရှူးများကို ရုပ်ပုံဖော်ရာတွင် အထူးသင့်တော်သည်။ ဦးနှောက်၊ ကျောရိုးနှင့် အာရုံကြောများအပြင် ကြွက်သားများ၊ အရွတ်များ၊ ထူထဲသောအရိုးများနှင့် ကာရံထားသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများ (ဥပမာ နောက်စေ့ရိုးအတွင်းပိုင်းရှိ ဦးနှောက်အစိတ်အပိုင်းများ၊ ကျောရိုးအတွင်းရှိ အာရုံကြောမကြီး) စသည်တို့ကို သာမှန်ဓာတ်မှန် (X-ray) နှင့် ကွန်ပျူတာဓာတ်မှန် (CT) တို့ထက် ပိုမိုရှင်းလင်းစွာ မြင်တွေ့နိုင်သည်။
သို့ရာတွင် ခန္ဓာကိုယ်အတွင်းရှိ သတ္တုဖြင့်ပြုလုပ်ထားသော စက်ကိရိယာ (သို့မဟုတ်) ပစ္စည်းများရှိနေပါက MRI ရိုက်ကူးရန် မဖြစ်နိုင်ပါ။ ထို့ကြောင့် ထိုအခြေအနေများတွင် ကွန်ပျူတာဓာတ်မှန်ကိုသာ ရွေးချယ်ရိုက်ကူးရသည်။

သံလိုက်ဓာတ်မှန် ရိုက်ကူးရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

များစွာသောရောဂါအခြေအနေများ ရှာဖွေဖော်ထုတ်ရန်နှင့် ကုသမှုများကို စောင့်ကြည့်ရန် သံလိုက်ဓာတ်မှန် (MRI) ကို အသုံးပြုသည်။ ကိုယ်တွင်းအင်္ဂါအများစုအတွက် ရိုက်ကူးနိုင်သော သံလိုက်ဓာတ်မှန်အမျိုးအစား များစွာရှိသည်။

သံလိုက်ဓာတ်မှန်အမျိုးအစားများ
  1. ဦးနှောက်နှင့် ကျောရိုးဆိုင်ရာ သံလိုက်ဓာတ်မှန်များ (MRI brain and spinal cord)
    • ဦးနှောက်သွေးကြောဖောင်းခြင်း (Brain aneurysms)
    • ဦးနှောက်အကျိတ်များနှင့် ကျောရိုးအာရုံကြောမတစ်လျှောက်ရှိအကျိတ်များ (Brain and spinal cord tumours)
    • ထိခိုက်ဒဏ်ရာကြောင့် ဦးနှောက်နှင့် ကျောရိုးအာရုံကြောမကြီးထိခိုက်ဒဏ်ရာရမှုများ (Brain and spinal cord injury)
    • အာရုံကြောများ ရောင်ရမ်းခြင်း (Pinched nerve)
    • လေဖြတ်ခြင်း (Stroke)
    • ဦးနှောက်၏ white matter ဟုခေါ်သော ဦးနှောက်အတွင်းသားဆိုင်ရာ ရောဂါများ
    • အာရုံကြောမျှင်များကို ဖုံးအုပ်ထားသော အဆီလွှာ ပျက်စီးသောရောဂါ (Multiple sclerosis and other demyelinating diseases)
    • ကျောရိုးဆစ် ပုံမမှန်သောအခြေအနေများ စသည်တို့အတွက် ရိုက်ကူးသည်။
  2. နှလုံးဆိုင်ရာ သံလိုက်ဓာတ်မှန်များ (Cardiac MRI)
    • နှလုံးအခန်းများ၏ ဖွဲ့စည်းပုံ၊ နှလုံးအဆို့ရှင်များ၏ လုပ်ဆောင်ချက်များ၊ အဓိကနှလုံးသွေးကြောများ၏ အရွယ်အစားနှင့် သွေးစီးဆင်းမှုအနေအထားများ
    • နှလုံးအတွင်းရှိ အကျိတ်များ၊ ပိုးဝင်၍ ရောင်ရမ်းသောအခြေအနေများ
    • နှလုံးသွေးကြောကျဥ်းရောဂါ (Coronary artery disease) နှင့် ရုတ်တရက်နှလုံးအမောဖောက်ခြင်း (Heart attack) ဖြစ်ပွါးပြီး နောက်ဆက်တွဲဖြစ်သော နှလုံးကြွက်သားများ ပျက်စီးခြင်း (Scarring) စသည့်အခြေအနေများ
    • မွေးရာပါနှလုံးရောဂါရှိသော ကလေးများနှင့် လူကြီးများတွင် နှလုံးနှင့် သွေးကြောများ၏ ဖွဲ့စည်းပုံနှင့် လုပ်ဆောင်ချက်များကို စစ်ဆေးရန် ရိုက်ကူးသည်။
  3. ကိုယ်တွင်းအင်္ဂါဆိုင်ရာ သံလိုက်ဓာတ်မှန်များ (MRI of other internal organs)
    • ရင်ခေါင်း၊ ဝမ်းဗိုက် (သို့မဟုတ်) တင်ပါးဆုံကွင်းအတွင်းရှိ အကျိတ်များ
    • အသည်းခြောက်ရောဂါအပြင် သည်းခြေပြွန်နှင့် ပန်ကရိယတွင် ဖြစ်သော ရောဂါများ (Magnetic Resonance Cholangiopancreatography or MRCP ရိုက်နိုင်သည်)
    • ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းဆိုင်ရာရောဂါများ (Magnetic Resonance Urography or MRU ရိုက်ကူးနိုင်သည်)
    • မျိုးပွားအင်္ဂါဆိုင်ရာရောဂါများ (အမျိုးသမီးများတွင် သားအိမ်နှင့် သားဥအိမ်များ၊ အမျိုးသားများတွင် ဆီးကျိတ်ဂလင်းများဆိုင်ရာ ရောဂါများ)
    • နာတာရှည် အူရောင်ရမ်းနာရောဂါများ (Inflammatory bowel disease)
    • ပြန်ရည်ကျိတ်ဂလင်းဆိုင်ရာရောဂါများ
    • သွေးကြောများ ပုံမမှန်ခြင်း (Malformations) နှင့် သွေးကြောများ ရောင်ရမ်းခြင်း (Vasculitis) တို့အတွက် ရိုက်ကူးသည်။
  4. အရိုးအဆစ်ဆိုင်ရာ သံလိုက်ဓာတ်မှန်များ (MRI bone and joints)
    • အရိုးပိုးဝင်ရောင်ရမ်းခြင်း (Osteomyelitis)
    • အရိုးအကျိတ်များ (Bone tumors)
    • ခါးရိုးဆစ်အရိုးနုပြား ပုံမမှန်မှုများ (Disc abnormalies)
    • ထိခိုက်ဒဏ်ရာများကြောင့် ဖြစ်ပေါ်လာသော အဆစ်ရောဂါများ စသည်တို့ကို ရှာဖွေရန် ရိုက်ကူးသည်။
  5. ရင်သား သံလိုက်ဓာတ်မှန် (MRI breast)
    ရင်သားကင်ဆာရှာဖွေရန် ရင်သားဓာတ်မှန်ရိုက်ခြင်း (Mammography) နှင့်အတူတွဲ၍ ရိုက်နိုင်သည်။ အထူးသဖြင့် ရင်သားတစ်ရှူး ထူသောသူများ သို့မဟုတ် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ မြင့်မားသူများတွင် ရိုက်နိုင်သည်။
    အထက်ဖော်ပြပါအမျိုးအစားများအပြင် အထူးသံလိုက်ဓာတ်မှန်အမျိုးအစားအချို့လည်း ရှိသည်။ ၎င်းတို့မှာ _
    • MRA (Magnetic Resonance Angiography) – သွေးလွှတ်ကြောပြဿနာများအတွက် ရိုက်ကူးသည်
    • MRV (Magnetic Resonance Venography) – သွေးပြန်ကြောပြဿနာများအတွက် ရိုက်ကူးသည်
    • Functional MRI (fMRI)
      ဦးနှောက်ခွဲစိတ်မှုများမပြုလုပ်မီ ရိုက်ကူးလေ့ရှိသည်။ fMRI သည် ဦးနှောက်၏ မည်သည့်အစိတ်အပိုင်းတွင် သွေးစီးဆင်းမှုများ၍ အောက်ဆီဂျင်သုံးစွဲမှုများသည်ကို ရှာဖွေနိုင်သည်။ တနည်းအားဖြင့် လုပ်ဆောင်ချက်အများဆုံး၊ လှုပ်ရှားမှုအများဆုံး ဦးနှောက်အစိတ်အပိုင်းနေရာကို ရှာဖွေခြင်းဖြစ်သည်။ ထိုသို့သိရှိခြင်းဖြင့် ဦးနှောက်ခွဲစိတ်မှုတွင် ထိုအစိတ်အပိုင်းနေရာကို အတတ်နိုင်ဆုံးချန်ထားရန် ရွေးချယ်ဆုံးဖြတ်နိုင်မည်ဖြစ်သည်။
သံလိုက်ဓာတ်မှန် မရိုက်သင့်သော အခြေအနေများ

သံလိုက်ဓာတ်မှန်သည် အများအားဖြင့် အန္တရာယ်မရှိသော စစ်ဆေးမှုဖြစ်သော်လည်း ရိုက်ကူးရန်မသင့်သော အခြေအနေအချို့ ရှိသည်။ သံလိုက်စက်ကွင်းကို အခြေခံသော နည်းပညာဖြစ်သောကြောင့် ခန္ဓာကိုယ်အတွင်း သတ္တုပစ္စည်းထည့်သွင်းထားသူများအနေဖြင့် သံလိုက်ဓာတ်မှန်ရိုက်ရန် ကန့်သတ်ချက်များရှိနိုင်သည်။ သံလိုက်ဓာတ်မှန်စက်မှ ထုတ်လွှတ်သော ပြင်းထန်သော သံလိုက်စက်ကွင်းသည် ခန္ဓာကိုယ်အတွင်း ထည့်သွင်းထားသော ဆေးဘက်ဆိုင်ရာ သတ္တုကိရိယာများ၏ လုပ်ဆောင်ချက်များကို ချွတ်ယွင်းစေနိုင်သည်။ ထို့ပြင် ထိုသတ္တုကိရိယာများကြောင့် ဓာတ်မှန်ပုံရိပ်များကိုလည်း ထိခိုက်နိုင်သည်။

အောက်ပါ ပစ္စည်းကိရိယာများထည့်သွင်းထားပါက သံလိုက်ဓာတ်မှန် ရိုက်ကူးရာတွင် သတိထားရမည်ဖြစ်ပြီး သက်ဆိုင်ရာဆရာဝန်များနှင့် အသေးစိတ်တိုင်ပင်သင့်သည်။

  • သတ္တုဖြင့် ပြုလုပ်ထားသော အရိုးအဆစ်အစားထိုးပစ္စည်းများ (Metallic joint prostheses)
  • အတွင်းနားအစားထိုးကိရိယာအချို့ (Cochlear implants)
  • ဦးနှောက်သွေးကြောဖောင်းခြင်းကို ကုသရာတွင် အသုံးပြုသည့် ကလစ်များ (Clips)
  • သွေးကြောများအတွင်း ထည့်သွင်းထားသော သတ္တုကွိုင်များ (Metal coils)
  • အလိုအလျောက်နှလုံးခုန်စက်များ (Pacemaker)
  • နှလုံးအတွင်းထည့်သွင်းထားသော နှလုံးရှော့ခ်ရိုက်သည့်ကိရိယာများ (Cardiac defibrillator)
  • အစားထိုးထားသော နှလုံးအဆို့ရှင်များ (Artificial heart valves)
  • ခန္ဓာကိုယ်တွင်းတပ်ဆင်ထားသော အနာသက်သာဆေး၊ အင်ဆူလင်စသော ဆေးဝါးထုတ်ပေးသည့် စက်ကိရိယာများ (Implanted medication infusion pumps)
  • အာရုံကြောလှုံ့ဆော်သည့်ကိရိယာများ (Implanted nerve stimulators)
  • ခွဲစိတ်မှုခံယူခြင်းကြောင့် ထည့်သွင်းထား‌သော သတ္တုချောင်းများ၊ သတ္တုပြားများ၊ ဝက်အူများ၊ သတ္တုကလစ်များ၊ ဝက်အူများ
  • ခန္ဓာကိုယ်အတွင်းရောက်ရှိနေသော ကျည်ဆန်၊ ဗုံးအစအန စသည့် သတ္တုအပိုင်းအစများ ရှိနေလျှင် သံလိုက်ဓာတ်မှန်ရိုက်ကူးရာတွင် သတိထားသင့်သည်။
ကြိုတင်သိရှိထားရမည့်အချက်များ

သံလိုက်ဓာတ်မှန်သည် ယေဘုယျအားဖြင့် သင့်လျော်သော ဘေးကင်းရေး လမ်းညွှန်ချက်များကို လိုက်နာပါက အန္တရာယ်အလွန်နည်းပါးသည်။ ပုံရိပ်များ ကြည်လင်ပြတ်သားစေရန် တစ်ခါတစ်ရံ Contrast agent ဆေးကို လက်မောင်းရှိ သွေးပြန်ကြောထဲသို့ ထိုး၍ ရိုက်ကူးရန် လိုအပ်ကြောင်း သိရှိသင့်သည်။ ဆေးကြောင့် ဓာတ်မတည့်မှု ဖြစ်နိုင်ခြေ ရှိသော်လည်း များသောအားဖြင့် မပြင်းထန်ဘဲ ဆေးဝါးများဖြင့် ပြန်လည်သက်သာနိုင်သည်။

သံလိုက်ဓာတ်မှန်ရိုက်ကူးခံရမည့် လူသည် မိမိ၏ခန္ဓာကိုယ်တွင် အထက်ပါ သတ္တုစက်ကိရိယာများ ရှိနေပါက ရက်ချိန်းယူမည့်အချိန်တွင် သက်ဆိုင်ရာဆရာဝန်အား ပြောပြထားရန် လိုအပ်သည်။ စက်ကိရိယာအတွက် အထူးညွှန်ကြားချက်များနှင့် သံလိုက်ဓာတ်မှန်အစား အခြားဓာတ်မှန်အမျိုးအစား ပြောင်းလဲရိုက်ကူးရန် လိုအပ်နိုင်သောကြောင့်ဖြစ်သည်။
ဆေးဝါးထုတ်ပေးသည့် စက်ကိရိယာများနှင့် ဆီးချိုတိုင်းစက်များ (ဥပမာ – Continuous glucose monitor, Insulin pumps, Medication patches) ကို သံလိုက်ဓာတ်မှန် ရိုက်ကူးမည့်နေ့တွင် ခေတ္တဖြုတ်ထားရန်လိုသည်။ ထို့ပြင် လူနာသည်

  • ကျောက်ကပ် (သို့မဟုတ်) အသည်းရောဂါအခံရှိပါက
  • မိနစ် (၃၀) မှ (၆၀) အထိ ပက်လက်လှန်မအိပ်နိုင်ပါက
  • အလုံပိတ်နေရာ သို့မဟုတ် ကျဉ်းမြောင်းသော နေရာများကို ကြောက်ခြင်း (Claustrophobia) ရှိပါက
  • ကိုယ်ဝန်ရှိနေပါက
  • မိခင်နို့တိုက်သူဖြစ်ပါက ဆရာဝန်အား ကြိုတင်သတိပေးပြောပြထားသင့်သည်။ ကိုယ်ဝန် ပထမသုံးလပတ်အတွင်း ရှိနေသူ သို့မဟုတ် မိခင်နို့တိုက်နေသူဖြစ်ပါက သံလိုက်ဓာတ်မှန်သည် ယေဘုယျအားဖြင့် အန္တရာယ်ကင်းသည်ဟု လေ့လာတွေ့ရှိချက်များအရ သိရှိရသော်လည်း မဖြစ်မနေ အမှန်တကယ်လိုအပ်မှသာ ရိုက်သင့်သည်ဟု ညွှန်ကြားထားသည်။
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်

သံလိုက်ဓာတ်မှန် မရိုက်မီ
သံလိုက်ဓာတ်မှန်ရိုက်မည့်နေ့တွင် ပုံမှန်အတိုင်းအစာစားနိုင်ပြီး သောက်လက်စဆေးများလည်း သောက်နိုင်သည်။ သို့သော် Contrast ဆေးရည်ထိုးရန် လိုအပ်ပါက အနည်းဆုံး (၄) နာရီခြား၍ အစာစားထားရန်လိုပြီး မရိုက်ကူးမီအထိ ရေ သို့မဟုတ် အရည်ကြည်အနည်းငယ် သောက်နိုင်သည်။ သံလိုက်ဓာတ်မှန်လုပ်ငန်းစဥ်ကို ဓာတ်မှန်ကျွမ်းကျင်သူမှ ရှင်းပြ၍ ရိုက်ပေးမည်ဖြစ်သည်။ မရိုက်ကူးမီ ခန္ဓာကိုယ်တွင်းတပ်ဆင်ထားသော ကိရိယာများ ရှိမရှိ မေးမြန်းသော မေးခွန်းလွှာကို ဖြေဆိုရမည်ဖြစ်ပြီး Contrast ဆေးထိုးရန်လိုအပ်ပါက ထိုးမည်ဖြစ်ကြောင်း သဘောတူညီချက်ပေး၍ လက်မှတ်ထိုးရမည်။
ထို့နောက် သံလိုက်ဓာတ်မှန်ရိုက်ကူးရန် သတ်မှတ်ထားသောဝတ်စုံကို ပြောင်းလဲဝတ်ဆင်ရပြီး သံလိုက်ပုံရိပ်ဖော်ခြင်းကို ထိခိုက်နိုင်သည့် အရာများကို ဖယ်ရှားရမည်။ ဥပမာ_

  • လက်ဝတ်ရတနာများ
  • ဆံပင်ညှပ်များ
  • မျက်မှန်များ
  • နာရီများ
  • ဆံပင်တုများ
  • သွားတုများ
  • နားကြားကိရိယာများ
  • အတွင်းခံများ
  • သတ္တုအမှုန်အမွှားများပါဝင်သော အလှကုန်များစသည်တို့ဖြစ်သည်။

သံလိုက်ဓာတ်မှန်ရိုက်ကူးစဥ်

  • သံလိုက်ဓာတ်မှန်စက်သည် လူနာ၏ ဦးခေါင်းဘက်နှင့် ခြေထောက်ဘက် အစွန်းနှစ်ဖက်စလုံးတွင် ပွင့်နေပြီး ရှည်လျားကျဉ်းမြောင်းသော ပြွန်ကြီးဖြစ်သည်
  • လူနာသည် စက်တွင် ပါဝင်သော ရှေ့နောက် ရွေ့လျားနိုင်သောကုတင် (patient table) ပေါ်တွင် လှဲအိပ်ရမည်ဖြစ်ပြီး ထိုကုတင်သည် ပြွန်တစ်လျှောက် အတွင်းသို့လျှောဝင်သွားမည်
  • ဓာတ်မှန်ကျွမ်းကျင်သူသည် ပြင်ပရှိ စက်ပိုင်းဆိုင်ရာထိန်းချုပ်ခန်းမှတစ်ဆင့် လူနာအား စောင့်ကြည့်ပေး၍ စကားပြောစက်များဖြင့် အပြန်အလှန် ဆက်သွယ်စကားပြောမည်ဖြစ်သည်
  • ဓာတ်မှန်ရိုက်နေစဥ်အတွင်း လူနာမှ ချက်ချင်းအသိပေးဆက်သွယ်နိုင်ရန် အရေးပေါ် အချက်ပြခလုတ်ကို နှိပ်နိုင်ကြောင်း ရှင်းလင်းပြောပြထားမည်ဖြစ်သည်
  • လူနာသည် ကျဉ်းမြောင်းသော နေရာများကို ကြောက်ရွံ့သူဖြစ်ပါက စိုးရိမ်စိတ်လျှော့ချရန် လူနာကို စိတ်ငြိမ်ဆေးဝါးများ (သို့မဟုတ်) မေ့ဆေးယာယီပေးနိုင်သည်၊ ကလေးလူနာများအတွက်လည်း မေ့ဆေးအသုံးပြုရန် လိုအပ်နိုင်သည်
  • ပုံရိပ်များ ရိုက်ကူးနေစဥ်အတွင်း နာကျင်မှုလုံးဝမရှိသော်လည်း စက်အတွင်းမှ မြည်သံများ၊ ခေါက်သံများ၊ ကလစ်သံများနှင့် အခြားဆူညံသံများကို ကြားရတတ်သည်၊ နားကြပ်များတပ်ဆင်စေခြင်း သို့မဟုတ် သီချင်းနားထောင်စေခြင်းဖြင့် ဆူညံသံများကို ကာကွယ်နိုင်သည်
  • အကောင်းဆုံး ပုံရိပ်များရရှိစေရန် စစ်ဆေးမှုအတွင်း လူနာသည်ငြိမ်သက်စွာနေရန် အလွန်အရေးကြီးသည်၊ ရိုက်ကူးနေစဥ် မူးဝေခြင်း၊ စိတ်မသက်မသာဖြစ်ခြင်းစသည်တို့ ခံစားရပါက အရေးပေါ် အချက်ပြခလုတ်ကို နှိပ်၍ ပြင်ပမှ တာဝန်ရှိသူထံ ဆက်သွယ်အချက်ပေးနိုင်သည်
  • Contrast agent ဆေးထိုးရန် လိုအပ်သည့် ရိုက်ကူးမှုများတွင် ဆရာဝန်မှ သွေးကြောထဲသို့ ဆေးထိုးပေးမည်ဖြစ်သည်၊ ဆေးထိုးချိန်တွင် နာကျင်မှုအနည်းငယ် ခံစားရခြင်း၊ အညိုအမည်းစွဲခြင်းနှင့် ပါးစပ်ထဲတွင် သတ္တုအရသာ ခါးသက်သက်ကို ခံစားမိခြင်းတို့ ဖြစ်စေနိုင်သော်လည်း ယာယီသာဖြစ်ပြီး ပြန်လည်သက်သာသွားနိုင်သည်
  • MRI စစ်ဆေးမှုသည် စစ်ဆေးသောနေရာပေါ် မူတည်ပြီး (၁၅)မိနစ် မှ တစ်နာရီကျော်အထိ ကြာမြင့်နိုင်သည်

သံလိုက်ဓာတ်မှန်ရိုက်ကူးပြီးနောက်
မေ့ဆေးပေးရန် လိုအပ်သော လူနာများတွင် မေ့ဆေးအာနိသင်ပြယ်သည်အထိ စောင့်ကြပ်ကြည့်ရှုသင့်သည်။ Contrast ဆေးရည် ထိုးထားပါကလည်း ဆေး၏ ဘေးထွက်ဆိုးကျိုးများ ရှိမရှိ မိနစ် (၃၀) ခန့် ခေတ္တစောင့်ကြည့်ရမည်။ အားလုံးပုံမှန်ဖြစ်ပါက အိမ်ပြန်၍ နေ့စဥ်လုပ်ငန်းဆောင်တာများကို ပြန်လည်စတင်လုပ်ကိုင်နိုင်သည်။ သို့ရာတွင် အိပ်ဆေး၊ မေ့ဆေးပေး၍ သံလိုက်ဓာတ်မှန်ရိုက်ကူးထားသော လူနာများအနေဖြင့် ကားမောင်းခြင်း၊ စက်ပစ္စည်းများဖြင့် အလုပ်လုပ်ခြင်း၊ အရက်သောက်ခြင်းတို့ကို အနည်းဆုံး (၂၄) နာရီခန့် ရှောင်ကြဥ်သင့်သည်။

သိရှိနိုင်သောအဖြေများ

ဓာတ်မှန်အထူးကုဆရာဝန်များမှ ပုံရိပ်များကို သေချာစွာဖတ်ရှုစစ်ဆေးပြီး ရှာဖွေတွေ့ရှိချက်များကို အဖြေလွှာ (report) ပြန်လည်ထုတ်ပေးမည်ဖြစ်သည်။ လူနာ၏ရောဂါအခြေအနေပေါ်မူတည်ပြီး လိုအပ်ပါက အ‌‌ရေးပေါ်အခြေအနေများတွင် ချက်ချင်းအဖြေသိရှိနိုင်သည်။ ပုံမှန်အားဖြင့် အဖြေကို (၂၄) နာရီအတွင်း သိရှိနိုင်သည်။ ဓာတ်မှန်အထူးကုဆရာဝန်၏ ထင်မြင်ယူဆချက်အဖြေလွှာကို ရရှိပြီးနောက် သက်ဆိုင်ရာဆရာဝန်များနှင့် ရက်ချိန်းယူ၍ ဆွေးနွေးပြီး လိုအပ်သည့် ကုသမှုများ၊ စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်ရန် လိုအပ်သည်။ ယခုခေတ်တွင် ဆရာဝန်များသည် အီလက်ထရောနစ် ကျန်းမာရေးမှတ်တမ်း (Electronic Health Record – EHR) များမှတစ်ဆင့်လည်း ချက်ချင်းကြည့်ရှုနိုင်လာပြီဖြစ်သည်။ ဓာတ်မှန်အထူးကုဆရာဝန်များသည်လည်း အေအိုင် (AI) နည်းပညာ၏အထောက်အပံ့ကိုယူ၍ အဖြေလွှာကို ဖတ်ရှုနိုင်လာသည်။

သံလိုက်ဓာတ်မှန်အဖြေ အစီရင်ခံစာတွင်လည်း ရောဂါအခြေအနေနှင့် နေရာပေါ်အခြေခံ၍ ပုံရိပ်အဖြေအမျိုးအစားများ ကွဲပြားခြားနားသည်။

  1. T1-weighted images
  2. T2-weighted images
  3. Fluid Attenuated Inversion Recovery (Flair)
  4. Diffusion weighted imaging (DWI) စသည်ဖြင့် အမျိုးအစားများစွာရှိသည်။
နောက်ဆက်တွဲဆိုးကျိုးများ

သံလိုက်ဓာတ်မှန်ရိုက်ခြင်းကြောင့် ယေဘုယျအားဖြင့် နောက်ဆက်တွဲဆိုးကျိုးများ မရှိပါ။ ဓာတ်ရောင်ခြည်အသုံးပြုမှုမရှိသဖြင့် ဓာတ်ရောင်ခြည်သင့်နိုင်သော အန္တရာယ်လည်းမရှိပါ။ ရှားပါးသော်လည်း တွေ့ရလေ့ရှိသော နောက်ဆက်တွဲဆိုးကျိုးအနည်းငယ်မှာ Contrast agent နှင့်ဓာတ်မတည့်မှုများကြောင့် ဖြစ်သည်။ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ယားယံခြင်းတို့အပြင် အဖုအပိန့်ထွက်ခြင်းမှ ပြင်းထန်ပါက အသက်ရှူကျပ်ခြင်းအထိ ဖြစ်ပေါ်နိုင်သည်။ အရေးပေါ်ဆေးကုသမှုများ အချိန်မီရရှိပါက ပြန်လည်သက်သာသွားနိုင်သည်။ ခန္ဓာကိုယ်အတွင်းမှ Contrast ‌agent သည် တစ်ရက်၊ နှစ်ရက်အတွင်း ဆီး၊ ဝမ်းများမှတစ်ဆင့် သဘာဝအလျောက် ပြန်လည်ဖယ်ရှားခံရသောကြောင့် သံလိုက်ဓာတ်မှန်ရိုက်ပြီး‌နောက် (၂၄ – ၄၈) နာရီအတွင်း ရေများများသောက်ပေးရန် လိုအပ်သည်။

References:

  1. American College of Obstetricians and Gynecologists. (2017, October). Guidelines for diagnostic imaging during pregnancy and lactation (Committee Opinion No. [number if available]). Retrieved June 24, 2025, from https://www.acog.org/clinical/clinical-guidance/committee-opinion/articles/2017/10/guidelines-for-diagnostic-imaging-during-pregnancy-and-lactation
  2. Case Western Reserve University. (n.d.). Neuroradiology: Magnetic resonance imaging (MRI) of the brain. Retrieved June 24, 2025, from https://case.edu/med/neurology/NR/MRI%20Basics.htm
  3. Cleveland Clinic. (n.d.). Magnetic resonance imaging (MRI). Retrieved June 24, 2025, from https://my.clevelandclinic.org/health/diagnostics/4876-magnetic-resonance-imaging-mri
  4. Ezra. (n.d.). History of MRIs: The evolution of this life-saving technology. Retrieved June 24, 2025, from https://ezra.com/blog/history-of-mri-scans
  5. Mayo Clinic. (n.d.). MRI. Retrieved June 24, 2025, from https://www.mayoclinic.org/tests-procedures/mri/about/pac-20384768
  6. MedlinePlus. (n.d.). Magnetic resonance imaging (MRI) scan. Retrieved June 24, 2025, from https://medlineplus.gov/ency/article/003335.htm
  7. National Institute of Biomedical Imaging and Bioengineering. (n.d.). Magnetic resonance imaging (MRI). Retrieved June 24, 2025, from https://www.nibib.nih.gov/science-education/science-topics/magnetic-resonance-imaging-mri
  8. NHS (UK). (n.d.). MRI scan. NHS. Retrieved June 24, 2025, from https://www.nhs.uk/tests-and-treatments/mri-scan/

Published: 13 August 2025

Share

13 August 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.