ဓာတ်မှန် (X ray) ဆိုသည်မှာ ဓာတ်ရောင်ခြည်ကို အသုံးပြု၍ ကိုယ်တွင်းအင်္ဂါများကို ပုံရိပ်ဖော်ခြင်းဖြစ်သည်။ ကိုယ်တွင်းအင်္ဂါများကို ခွဲစိတ်စရာမလို၊ နာကျင်မှုမရှိဘဲ အချိန်တိုအတွင်း လျင်မြန်စွာ ပုံရိပ်ဖော်ရိုက်ကူးနိုင်သည်။ ဓာတ်မှန်များကို ဆေးကုသရေးနယ်ပယ်တွင်သာမက စက်မှုလုပ်ငန်း၊ လုံခြုံရေးနှင့် သုတေသနလုပ်ငန်း စသည့်နယ်ပယ်များတွင်လည်း အသုံးပြုကြသည်။
ဓာတ်မှန်၏ သမိုင်းကြောင်းနှင့် နည်းပညာတိုးတက်ပြောင်းလဲမှုများ
(၁၈၉၅) ခုနှစ်တွင် ဂျာမန်လူမျိုး ရူပဗေဒပညာရှင် Wilhelm Conrad Roentgen သည် ကက်သုတ်ရောင်ခြည်များ (Cathode rays) ဖြင့် စမ်းသပ်မှုပြုလုပ်နေစဥ် X-ray ကို မတော်တဆ ရှာဖွေတွေ့ရှိခဲ့သည်။ ကက်သုတ်ပြွန်ကို အနက်ရောင်ကတ်ထူဖြင့် ဖုံးအုပ်ထားသော်လည်း အခန်းထဲတွင် အစိမ်းရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်ကို တွေ့ရှိခဲ့သည်။ ထိုအလင်းတန်းသည် အခန်းအတွင်းရှိ ပစ္စည်းများကို ဖြတ်သန်းကာ ဖန်သားပြင်တစ်ခုအပေါ်တွင် အရောင်တောက်ပြောင်သည့် အနုမြူအလင်းတန်းအဖြစ် ကျရောက်နေသည်ကို တွေ့ရသည်။
ထို့နောက် ဆက်လက်စမ်းသပ်မှုများ ပြုလုပ်ရာတွင် ထိုအလင်းသည် အရာဝတ္ထုများကို ဖြတ်သန်းသွားပြီး ထိုအရာဝတ္ထုများ၏ အရိပ်ပုံရိပ်များကို ချန်ထားနိုင်ကြောင်း တွေ့ရှိခဲ့သည်။ အဆိုပါ အလင်းတန်း၏ သဘာဝကို ကောင်းစွာမသိရှိသေးသောကြောင့် Röntgen သည် ၎င်းကို unknown ray ဟူ၍သတ်မှတ်ကာ “X-ray” ဟု အမည်ပေးခဲ့သည်။
ဤသိပ္ပံရှာဖွေမှုသည် ဆေးဘက်ဆိုင်ရာပညာရပ်အတွက် တိုးတက်မှုကြီးတစ်ခုဖြစ်လာခဲ့ပြီး ယနေ့တိုင်အထိ ရောဂါရှာဖွေခြင်း၊ ခန္ဓာကိုယ်အတွင်းအခြေအနေများ သုံးသပ်ခြင်းအတွက် မဖြစ်မနေလိုအပ်သော နည်းပညာတစ်ခုအဖြစ် ဆက်လက်အသုံးပြုလျက်ရှိသည်။
ထို့ပြင် X-ray များသည် လူ့ခန္ဓာကိုယ်တစ်ရှူးများကိုပါ ဖြတ်သန်းနိုင်ပြီး အရိုးများနှင့် တစ်ရှူးများကိုပါ မြင်နိုင်ကြောင်း ဆက်လက်တွေ့ရှိခဲ့သည်။ ထိုတွေ့ရှိမှုသတင်းသည် ကမ္ဘာအနှံ့ပျံ့နှံ့သွားခဲ့ပြီး တစ်နှစ်အတွင်း ဥရောပနှင့် အမေရိကန်ပြည်ထောင်စုရှိ ဆရာဝန်များသည် သေနတ်ကျည်ဆန်များ၊ အရိုးကျိုးခြင်းများ၊ ကျောက်ကပ်ကျောက်တည်ခြင်းနှင့် မျိုချမိသည့်အရာဝတ္ထုများကို ရှာဖွေရန် စသည်တို့တွင် X-ray ကို အသုံးပြုလာခဲ့ကြသည်။ ထို့ကြောင့် (၁၉၀၁) ခုနှစ်တွင် Roentgen သည် X-ray ရှာဖွေတွေ့ရှိမှုအတွက် ပထမဆုံး ရူပဗေဒနိုဘယ်ဆုကို ရရှိခဲ့သည်။
(၁၉၇၀) ပြည့်လွန်နှစ်များတွင် X-ray နည်းပညာကိုပင် အသုံးပြု၍ ကွန်ပျူတာဓာတ်မှန် – Computed Tomography (CT scan) ကို တီထွင်ခဲ့သည်။ ယနေ့ခေတ်တွင် ဓာတ်ရောင်ခြည်၏ အန္တရာယ်ကို ပိုမိုသိရှိနားလည်လာသောကြောင့် ဘေးအန္တရာယ်ကင်းရှင်းရေး နည်းလမ်းများကို အသုံးပြု၍ ဆေးပညာ၊ လုံခြုံရေးနှင့် စက်မှုလုပ်ငန်းတို့တွင် X-ray ကို မရှိမဖြစ် အသုံးပြုလျက်ရှိသည်။ ဓာတ်မှန်ရိုက်ကူးခြင်း နည်းစနစ်များကိုလည်း အမျိုးမျိုးတီထွင် အသုံးပြုလာခဲ့သည်။
ရိုးရိုးဓာတ်မှန် (Conventional X-ray)
ရိုးရိုးဓာတ်မှန်ကို Analog X-ray ဟုလည်း ခေါ်ကြပြီး ဓာတ်ပုံဖလင်ရိုက်ကူးယူသည့်စနစ်ကို အသုံးပြု၍ ပုံရိပ်များကို ဖမ်းယူကူးယူသည်။ ဤနည်းစနစ်တွင် X-ray ဓာတ်ရောင်ခြည်အား သက်ဆိုင်ရာ ခန္ဓာကိုယ် အစိတ်အပိုင်းကို ဖြတ်စေပြီး ပုံရိပ်ကို ဓာတ်မှန်ဖလင်ပေါ်တွင် ဖမ်းယူထားသည်။ အဆိုပါပုံရိပ်ကိုမြင်ရရန် အထူးပြုလုပ်ထားသော အမှောင်ခန်း (Darkroom) တွင် ဖလင်ကို ဓာတုပစ္စည်းများဖြင့် ဆေးခြင်း (Chemical processing) နှင့် အခြောက်ခံခြင်း (Drying) စသည်ဖြင့် လုပ်ဆောင်ရသည်။
ဤလုပ်ငန်းစဉ်များကို လူကိုယ်တိုင် သို့မဟုတ် စက်ဖြင့် အဆင့်ဆင့် လုပ်ဆောင်ရပြီး ပုံရိပ်တစ်ခုရရှိရန် အချိန်အနည်းငယ် ကြာမြင့်နိုင်သည်။
ဒီဂျစ်တယ်ဓာတ်မှန် (Digital X-ray)
ဒီဂျစ်တယ်ဓာတ်မှန်စနစ်နှင့် ရိုးရိုးဓာတ်မှန်စနစ်နှစ်ခု၏ အဓိကကွာခြားမှုသည် ပုံရိပ်ရယူနည်းဖြစ်သည်။ ဒီဂျစ်တယ်ဓာတ်မှန်တွင် ဒီဂျစ်တယ်ဖမ်းယူစနစ် (Digital Detector) ကို အသုံးပြု၍ ဓာတ်မှန်ပုံရိပ်ကို ဖမ်းယူသည်။ ဤစနစ်တွင် ဒီဂျစ်တယ် အာရုံခံကိရိယာများပါဝင်ပြီး X-ray ဓာတ်ရောင်ခြည်ပုံရိပ်ကို ဒီဂျစ်တယ်အချက်ပြချက်များအဖြစ်သို့ ပြောင်းလဲပေးသည်။ ထိုသို့ ရယူထားသော အချက်ပြချက်များကို ကွန်ပျူတာသုံး၍ ပုံရိပ်အဖြစ် စက္ကန့်အနည်းငယ်အတွင်း ဖော်ပြသည်။ ဤသို့ဖြင့် ပုံရိပ်များကို ချက်ချင်းမြင်တွေ့နိုင်ပြီး ကွန်ပျူတာပေါ်တွင် ဓာတ်မှန်ကို အလင်းအမှောင်ချိန်ခြင်း၊ အရောင်ညှိခြင်းနှင့် ချုံ့ခြင်းချဲ့ခြင်း စသည်တို့ကို ပြုပြင်နိုင်ခြင်းကြောင့် ရောဂါရှာဖွေမှုတွင် ပိုမိုတိကျမှုရှိစေသည်။
ဒီဂျစ်တယ်ဓာတ်မှန်၏ အားသာချက်များမှာ_
- ပိုမိုကောင်းမွန်သည့် ပုံရိပ်အရည်အသွေး ရရှိခြင်း
- စမ်းသပ်မှု လုပ်ဆောင်ချိန် မြန်ဆန်ခြင်း
- ဒီဂျစ်တယ်ဖိုင်အဖြစ် သိမ်းဆည်းနိုင်သောကြောင့် သိမ်းဆည်းရလွယ်ကူခြင်း
- မလိုအပ်သည့် ဓာတ်ရောင်ခြည်ပမာဏကို လျှော့ချနိုင်ခြင်း စသည်တို့ဖြစ်သည်။
ဓာတ်မှန်လုပ်ဆောင်ချက်
ကိုယ်တွင်းအင်္ဂါများ၏ သိပ်သည်းဆအပေါ်မူတည်၍ အဖြူ၊ အမည်းပုံရိပ်များအဖြစ် ဓာတ်မှန်တွင် မြင်တွေ့နိုင်သည်။ ဥပမာ_သိပ်သည်းဆများသည့် အရိုးများကို အဖြူရောင်ပုံရိပ်အဖြစ်မြင်ရပြီး အဆုတ်အတွင်းရှိ လေများကို အမည်းရောင်၊ အဆီနှင့် ကြွက်သားများကို မီးခိုးရောင်ဖျော့ဖျော့ပုံရိပ်အဖြစ် မြင်ရသည်။
ဓာတ်မှန်အမျိုးအစားများ
ခန္ဓာကိုယ်အတွင်းရှိ မတူညီသော ကိုယ်တွင်းအင်္ဂါများကို သိရှိရန် ရိုက်ယူရသော ဓာတ်မှန်အမျိုးအစား များစွာရှိသည်။
- ရင်ဘတ်ဓာတ်မှန် (Chest X-ray)
ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူကျပ်ခြင်း သို့မဟုတ် ချောင်းဆိုးကြာရှည်ခြင်းစသည့် လက္ခဏာများ၏ ပင်မအကြောင်းရင်းများ (ဥပမာ တီဘီရောဂါ၊ အဆုတ်ရောင်ရောဂါ၊ နှလုံးရောဂါ)၊ ရင်ဘတ်ထိခိုက်ဒဏ်ရာရခြင်းများတွင် ရှာဖွေစစ်ဆေးလိုပါက ရင်ဘတ်ဓာတ်မှန်ရိုက်နိုင်သည်။ - ဝမ်းဗိုက်ဓာတ်မှန် (Abdominal X-ray)
အူလမ်းကြောင်း ပေါက်ခြင်းနှင့် ပိတ်ခြင်းများကို အကဲဖြတ်နိုင်ရန်၊ ကျောက်ကပ်နှင့် ဆီးအိမ် ကျောက်တည်ခြင်းများကို ရောဂါရှာဖွေရန် ဝမ်းဗိုက်ဓာတ်မှန် အသုံးပြုသည်။ - အရိုးဓာတ်မှန် (Bone X-ray)
အရိုးဓာတ်မှန်ကို အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်းနှင့် အဆစ်များရောင်ရမ်းခြင်း လက္ခဏာများကို သံသယရှိပါက အသုံးပြုနိုင်သည်။ အချို့သော အရိုးကင်ဆာ (သို့မဟုတ်) အရိုးပိုးဝင်ခြင်းများကို ရှာဖွေနိုင်သည်။ - သွားဓာတ်မှန် (Dental X-ray)
သွားဆရာဝန်မှ သွားနှင့် သွားဖုံးရှိ ပြဿနာများကို ရှာဖွေစစ်ဆေးရန် သွားဓာတ်မှန်ကို အသုံးပြုသည်။ - ဦးခေါင်းဓာတ်မှန် (Skull X-ray)
ဦးခေါင်းထိခိုက်ဒဏ်ရာရမှုကြောင့် ဦးခေါင်းခွံရိုးကျိုးခြင်းနှင့် ဦးခေါင်းခွံရိုး စောစီးစွာဆက်ခြင်း (Craniosynostosis) စသည်တို့ကို ရှာဖွေစစ်ဆေးရန် ဦးခေါင်းဓာတ်မှန်ကို အသုံးပြုသည်။ - ကျောရိုးဓာတ်မှန် (Spine X-ray)
ကျောရိုးပြဿနာများ (ဥပမာ _ ကျောရိုးကွေးခြင်း၊ စောင်းခြင်း)၊ ကျောရိုးထိခိုက် ဒဏ်ရာများ၊ ကျောရိုးအရိုးနုပြား ကျွံထွက်ခြင်းနှင့် အခြားကျောရိုးရောဂါများ (ဥပမာ_ ကျောရိုးတီဘီ) ကို ရှာဖွေရာတွင် ကျောရိုးဓာတ်မှန်ကို သုံးသည်။
အထက်ပါအမျိုးအစားများအပြင် X ray ရောင်ခြည်ကို အသုံးပြု၍ ကွန်ပျူတာမှတစ်ဆင့် ပုံရိပ်ကို အသေးစိတ်ပုံဖော်သည့် စစ်ဆေးမှုများလည်းရှိသည်။ ၎င်းတို့တွင်
- အရိုးသိပ်သည်းဆ စစ်ဆေးမှုဓာတ်မှန် (Dexa scan)
- ကွန်ပျူတာဓာတ်မှန် (CT scan)
- ရင်သားဓာတ်မှန် (Mammogram)
- အချိန်နှင့်တစ်ပြေးညီ ဓာတ်မှန်ပုံရိပ်များကို ဖော်ပြနိုင်သည့် ဓာတ်မှန်နည်းပညာ (Fluoroscopy) စသည်တို့ ပါဝင်သည်။
ဆေးဓာတ်မှန် (Special X-ray)
ခန္ဓာကိုယ်ရှိ အချို့သော အစိတ်အပိုင်းများ (ဥပမာ _ အစာအိမ်နှင့် အူလမ်းကြောင်း၊ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းများ) ကို ပိုမိုလွယ်ကူစွာ ကြည့်ရှုစစ်ဆေးရန် လိုအပ်ပါက ဆေးဓာတ်မှန်ကို အသုံးပြုကြသည်။ အသုံးပြုသော ဆေး (Contrast agent) သည် အရည်ပုံစံ၊ အမှုန့်ပုံစံနှင့် အခဲပုံစံ အနေဖြင့်တွေ့ရှိရပြီး ဓာတ်မှန်မရိုက်ခင် ကြိုတင်၍ ဆရာဝန်ညွှန်ကြားချက်ဖြင့် ပါးစပ်မှ သောက်ထားရန် သို့မဟုတ် သွေးကြောထဲမှ ထိုးထားရန် သို့မဟုတ် စအိုမှ သွင်းထားရန် လိုအပ်သည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
အထက်ပါဓာတ်မှန်အမျိုးအစားအရ သိရှိနိုင်သောရောဂါအခြေအနေများတွင် ဓာတ်မှန်ရိုက်လေ့ရှိသည်။ ဥပမာ _
- အရိုးကျိုးခြင်း ရှိမရှိ စစ်ဆေးရန်
- သွားဖုံးပြည်တည်နာနှင့် သွားပိုးစားခြင်း ကဲ့သို့သော သွားပြဿနာများကို စစ်ဆေးရန်
- အဆုတ်ရောင်ခြင်း၊ အဆုတ်အမြှေးပါး အတွင်းရေဝင်ခြင်း၊ တီဘီရောဂါ စစ်ဆေးခြင်းနှင့် အဆုတ်အမြှေးပါးအတွင်း လေခိုခြင်း စသည့် အဆုတ်အတွင်းရှိ အခြေအနေများကို စစ်ဆေးရန်
- ခန္ဓာကိုယ်ထဲတွင် ပြင်ပအရာဝတ္ထုများ မျိုချမိခြင်း (သို့မဟုတ်) ရှူမိခြင်း လက္ခဏာများ ရှိမရှိ ရှာဖွေစစ်ဆေးရန်
- အူလမ်းကြောင်းပိတ်ခြင်း သို့မဟုတ် အူပေါက်ခြင်းကြောင့် ဝမ်းခေါင်းအတွင်း လေရှိခြင်း ရှိမရှိ စစ်ဆေးရန်
- အဆစ်လွဲခြင်း သို့မဟုတ် အဆစ်များ ရောင်ရမ်းခြင်း ရှိမရှိ ကြည့်ရှုရန်
- ကျောရိုးကွေးခြင်း၊ စောင်းခြင်း၊ ကျောရိုးထိခိုက်ဒဏ်ရာများ၊ ကျောရိုးအရိုးနုပြား ကျွံထွက်ခြင်းနှင့် အခြားကျောရိုးရောဂါများ စစ်ဆေးရန်
- နှာခေါင်းပိုက်၊ လေပြွန်ပိုက် စသည်တို့ ထည့်သွင်းထားသောနေရာ မှန်မမှန် စစ်ဆေးရန် စသည်တို့ဖြစ်သည်။
ကြိုတင်သိရှိထားရမည့်အချက်များ
ရိုက်မည့်ဓာတ်မှန်အမျိုးအစားပေါ်တွင် မူတည်၍ ဆရာဝန်မှကြိုတင်သိရှိထားရမည့်အချက်များကို ညွှန်ကြားမည်ဖြစ်သည်။
ရိုးရိုးဓာတ်မှန်ရိုက်ခြင်းအတွက် ယေဘုဘျအားဖြင့် ကြိုတင်သိရမည့် အချက်များမှာ _
- ကိုယ်ဝန်ဆောင်မိခင် သို့မဟုတ် မိမိတွင်ကိုယ်ဝန်ရှိသည်ဟု ထင်ပါက ဓာတ်မှန်ရိုက်ရန်အတွက် ဆရာဝန်နှင့် ကြိုတင်တိုင်ပင်ရန် လိုအပ်သည်၊ ဓာတ်မှန်ရိုက်ခြင်းကြောင့် သန္ဓေသားကို ဓာတ်ရောင်ခြည်ဒဏ်ထိ နိုင်သောကြောင့် ဖြစ်သည်၊ ဆရာဝန်မှ ဓာတ်မှန်ရိုက်ခြင်း၏ မိခင်နှင့် သန္ဓေသားတွင် ဖြစ်ပေါ် မည့် အကျိုးအပြစ်ကို ချိန်ဆ၍ ဓာတ်မှန်ရိုက်ရန် သင့်မသင့် ညွှန်ကြားပေးမည်ဖြစ်သည်
- ခရင်မ် (သို့မဟုတ်) လိုးရှင်း လိမ်းထားခြင်း၊ ရေမွှေးဆွတ်ထားခြင်း စသည်တို့သည် ဓာတ်မှန်ပေါ်တွင် အရိပ်များထင်နိုင်သောကြောင့် ဓာတ်မှန်ရိုက်သည့်အခါ ရှောင်ကြဥ်ရန် လိုအပ်သည်
- လက်ဝတ်ရတနာ၊ ဆံညှပ်နှင့် နားကြားကိရိယာ ကဲ့သို့သော သတ္တုပစ္စည်းများ ဝတ်ဆင်ထားပါက ဓာတ်မှန်မရိုက်ခင် ချွတ်ထားရန် လိုသည်။ ထိုသတ္တုများသည် ဓာတ်မှန်အဖြေကို အနှောင့်အယှက် ဖြစ်စေနိုင်သောကြောင့် ဖြစ်သည်။
- ရင်ဘတ်ဓာတ်မှန် မရိုက်မီ ဆေးရုံဝတ်စုံ လဲလှယ်ဝတ်ဆင်ရန်လိုသည်
- ဆရာဝန်အား မိမိ၏ ကျန်းမာရေးရာဇဝင်၊ သောက်လက်စ ဆေးဝါးများနှင့် ဓာတ်မတည့်မှုများ ရှိပါက ကြိုတင်ပြောပြရန် လိုအပ်သည်
- ဆေးရည်သွင်း၍ ရိုက်သောဓာတ်မှန်ဖြစ်ပါက အချို့သောဆေးဝါးများကို ခေတ္တရပ်ထားရန်၊ ကျောက်ကပ်လုပ်ဆောင်ချက် (Creatinine) စစ်ဆေးရန်နှင့် မရိုက်ခင် နာရီအနည်းငယ် ကြိုတင်၍ အစာဖြတ်ထားရန် လိုအပ်သည်
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
ဓာတ်မှန်မရိုက်ခင်
ရိုးရိုးဓာတ်မှန်ရိုက်ရန်အတွက် ပုံမှန်အားဖြင့် အထူးတလည် ပြင်ဆင်ရန်မလိုအပ်ပါ။ ရိုက်ကူးရမည့် အချိန်မတိုင်ခင် ပုံမှန်အတိုင်း စားသောက်နိုင်ပြီး သောက်လက်စဆေးဝါးများကိုလည်း ဆက်လက်သောက်သုံးနိုင်သည်။ အိုင်အိုဒင်း ပါဝင်သော (contrast agent) အသုံးပြုသည့် ဆေးဓာတ်မှန် ရိုက်ပါက အကြောထဲမှတစ်ဆင့် ဆေးသွင်း၍ရိုက်လျှင် လက်တွင်ပူနွေးခြင်းကို ခံစားရနိုင်ပြီး၊ ပါးစပ်မှသောက်၍ရိုက်လျှင် သတ္တုအရသာကို ခံစားရနိုင်သည်။ သို့သော် ထိုသို့ဖြစ်ခြင်းသည် မိနစ်ပိုင်းအတွင်း ပျောက်ကင်းနိုင်သော်လည်း ဆေးရည်ထိုးပြီးနောက် သို့မဟုတ် သောက်ပြီးနောက်တွင် ဓာတ်မတည့်မှု လက္ခဏာများ (ဥပမာ အသက်ရှူကျပ်ခြင်း၊ ချွေးစေးပြန်ခြင်း၊ ရင်တုန်ခြင်း) ဖြစ်ပေါ်ပါက သက်ဆိုင်ရာဆရာဝန်သို့ ချက်ချင်းအကြောင်းကြားရန် လိုအပ်သည်။
ဓာတ်မှန်ရိုက်နေစဥ်
ဓာတ်မှန်ရိုက်ရာတွင် လိုအပ်သော လုပ်ဆောင်မှုများနှင့် ပြင်ဆင်မှုများကို ဓာတ်မှန်ကျွမ်းကျင်သူမှ လူနာအား ရှင်းပြပေးမည်ဖြစ်သည်။ ရိုက်ကူးရမည့် ကိုယ်ခန္ဓာအစိတ်အပိုင်းပေါ် မူတည်၍ လူနာသည် ဓာတ်မှန်စက်ရှေ့တွင် မတ်တပ်ရပ်ရန်၊ လူနာခုတင်ပေါ်တွင် ထိုင်ရန် သို့မဟုတ် လှဲအိပ်ရန် လိုအပ်နိုင်သည်။ ဓာတ်မှန်ရိုက်ကူးမှုအတွက် အရေးကြီးဆုံးမှာ မှန်ကန်သော ကိုယ်အနေအထား ရှိရန်ဖြစ်သည်။ ထိုအနေအထားကို ဓာတ်မှန်ကျွမ်းကျင်သူမှ လမ်းညွှန်ကာ လူနာအား တိတိကျကျ နေရာချထားပြီး ဓာတ်မှန်ရိုက်ကူးမည်။ ဓာတ်မှန်စက်သည် မီးလုံးအကြီးပါသော ပြွန်ပုံသဏ္ဌာန်ရှိပြီး ဓာတ်မှန်ကျွမ်းကျင်သူမှ စက်ကိုထိန်းကိုင်၍ ရိုက်လိုသည့် ကိုယ်ခန္ဓာအစိတ်အပိုင်းရှိရာသို့ သတ်မှတ်ချက်အတိုင်း ချိန်ရွယ်မည်။ ထို့နောက် ထိန်းချုပ်ခန်းမှနေ၍ ဓာတ်မှန်စက်ကို ထိန်းချုပ်ပြီး ပုံရိပ်ကို ရိုက်ယူသည်။ ဓာတ်မှန်ရိုက်ရန်ကြာသောအချိန်သည် စက္ကန့်ပိုင်းမျှသာဖြစ်သည်။ ပုံရိပ်ပြတ်သားစွာမြင်ရစေရန် အဆိုပါရိုက်နေစဥ်အချိန်တွင် ရိုက်လိုသည့်အစိတ်အပိုင်းသည် လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေရမည်ဖြစ်သည်။ ဥပမာ ရင်ဘတ်ဓာတ်မှန်ရိုက်ကူးပါက အသက်ရှူသွင်းပြီး ခေတ္တအောင့်ထားရန် လိုအပ်သည်။ လိုအပ်ပါက မတူညီသော ရှုထောင့်မျိုးစုံမှနေ၍ ရိုက်နိုင်သည်။ ဆေးဓာတ်မှန်ရိုက်ကူးချိန်သည် ရိုးရိုးဓာတ်မှန်ရိုက်သောအချိန်ထက် အနည်းငယ်ပို၍ ကြာနိုင်ပြီး၊ ဓာတ်မှန်အချက်ရေအများအပြား ရိုက်ရသည်များလည်းရှိသည်။
ဓာတ်မှန်ရိုက်ပြီးနောက်
ရိုးရိုးဓာတ်မှန်ရိုက်ပြီးနောက် နောက်ဆက်တွဲဆိုးကျိုးခံစားရသည်မှာ မရှိသလောက်ရှားသောကြောင့် ခဏအကြာတွင် အိမ်ပြန်နိုင်ပြီး ပုံမှန်လုပ်ဆောင်မှုများကို ချက်ချင်းပြန်လုပ်နိုင်သည်။ ဆေးရည်သွင်း၍ ရိုက်သောဆေးဓာတ်မှန်ဖြစ်ပါက ဓာတ်မတည့်လက္ခဏာများကို မိနစ် (၃၀) ခန့် စောင့်ကြည့်၍ စိတ်ချရပါက အိမ်ပြန်နိုင်သည်။ ဆေးဓာတ်မှန်ရိုက်ပြီးပါက ရေများများသောက်ပေးရန်လည်း လိုသည်။ ဥပမာအားဖြင့် ဆေးရည်သည် ဘေရီယမ် (Barium) ကို အသုံးပြုပါက ရက်အနည်းငယ်ကြာသည်အထိ ဖြူဖျော့ဖျော့ဝမ်းအရောင် သွားနိုင်သည်။
သိရှိနိုင်သောအဖြေများ
ဓာတ်မှန်အထူးကုဆရာဝန်များမှ ပုံရိပ်များကို သေချာစွာဖတ်ရှုစစ်ဆေးပြီး ရှာဖွေတွေ့ရှိချက်များကို အဖြေလွှာ (report) ပြန်လည်ထုတ်ပေးမည်ဖြစ်သည်။ လူနာ၏ရောဂါအခြေအနေပေါ် မူတည်ပြီး လိုအပ်ပါက အရေးပေါ်အခြေအနေများတွင် ချက်ချင်းအဖြေသိရှိနိုင်သည်။ ပုံမှန်အားဖြင့် အဖြေကို (၂၄) နာရီအတွင်း သိရှိနိုင်သည်။ ဓာတ်မှန်အထူးကုဆရာဝန်၏ ထင်မြင်ယူဆချက်အဖြေလွှာကို ရရှိပြီးနောက် သက်ဆိုင်ရာဆရာဝန်များနှင့် ရက်ချိန်းယူ၍ ဆွေးနွေးပြီး လိုအပ်သည့် ကုသမှုများ၊ စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်ရန် လိုအပ်သည်။ ယခုခေတ်တွင် ဆရာဝန်များသည် အီလက်ထရောနစ် ကျန်းမာရေးမှတ်တမ်း (Electronic Health Record – EHR) များမှတစ်ဆင့်လည်း ချက်ချင်းကြည့်ရှုနိုင်လာပြီဖြစ်သည်။ ဓာတ်မှန်အထူးကုဆရာဝန်များသည်လည်း အေအိုင် (AI) နည်းပညာ၏အထောက်အပံ့ကိုယူ၍ အဖြေလွှာကို ဖတ်ရှုနိုင်လာသည်။
နောက်ဆက်တွဲဆိုးကျိုးများ
ယေဘုယျအားဖြင့် ရိုးရိုးဓာတ်မှန်ရိုက်ခြင်းသည် ဘေးကင်းပြီး အန္တရာယ်နည်းပါးသည်။ သို့သော် ဆေး ဓာတ်မှန်ရိုက်ပါက Contrast agent နှင့် ဓာတ်မတည့်မှုဖြစ်နိုင်သော အန္တရာယ်ရှိနိုင်သည်။ ဓာတ်မတည့်လက္ခဏာများတွင် ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်းနှင့် ခေါင်းကိုက်ခြင်းစသည်တို့ ဖြစ်နိုင်သည်။ ထို့ပြင် ပန်းနာရင်ကျပ်ရောဂါရှိသူများနှင့် ဓာတ်မတည့်မှုရှိသူများတွင် ပို၍ဖြစ်နိုင်ခြေများသည်။
ဓာတ်မှန်ရိုက်ခြင်းကြောင့် ဓာတ်ရောင်ခြည်ဒဏ် ခံရနိုင်ခြေရှိသော်လည်း ပတ်ဝန်းကျင်မှ သဘာဝအတိုင်းထွက်သော ဓာတ်ရောင်ခြည်ပမာဏနှင့် နှိုင်းယှဥ်ပါက အလွန်နည်းပါးသည်။ ထို့ကြောင့် အကျိုးကျေးဇူးနှင့် အန္တရာယ်ကို ချိန်ဆ၍ ဆရာဝန်နှင့် ကြိုတင်တိုင်ပင်ရန်လိုသည်။
ကိုယ်ဝန်ဆောင်မိခင်အတွက် ဓာတ်မှန်မှလာသော ဓာတ်ရောင်ခြည်သည် မိခင်အတွက် အန္တရာယ်နည်းသော်လည်း သန္ဓေသားအတွက် အန္တရာယ်ရှိနိုင်သည်။ ထို့ကြောင့် လိုအပ်ပါက ဆရာဝန်နှင့်တိုင်ပင်၍ အခြားသောပုံရိပ်ဖော်နည်းများ [ဥပမာ _ အာထရာဆောင်း (USG)၊ သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း] စသည်တို့ကို အသုံးပြုနိုင်သည်။
References:
- Columbia Surgery. (2015). History of medicine: Dr. Roentgen’s accidental X-rays. Retrieved August 1, 2025, from https://columbiasurgery.org/news/2015/09/17/history-medicine-dr-roentgen-s-accidental-x-rays
- Cleveland Clinic. (n.d.). X-ray. Retrieved August 1, 2025, from https://my.clevelandclinic.org/health/diagnostics/21818-x-ray
- Mayo Clinic. (n.d.). Expert answers: X-ray during pregnancy. Retrieved August 1, 2025, from https://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/expert-answers/x-ray-during-pregnancy/faq-20058264
- Mayo Clinic. (n.d.). X-ray. Retrieved August 1, 2025, from https://www.mayoclinic.org/tests-procedures/x-ray/about/pac-20395303
- NHS (UK). (n.d.). X-ray. NHS. Retrieved August 1, 2025, from https://www.nhs.uk/tests-and-treatments/x-ray/
Published: 13 August 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.