Computed Tomography – CT scan (ကွန်ပျူတာဓာတ်မှန်)

Computed Tomography – CT scan (ကွန်ပျူတာဓာတ်မှန်)

ကွန်ပျူတာဓာတ်မှန် (CT scan) ဆိုသည်မှာ X-ray ဓာတ်ရောင်ခြည်ကို အသုံးပြု၍ ဦး‌ခေါင်းနှင့် ခန္ဓာကိုယ်အတွင်းပိုင်းကို ပုံရိပ်များအဖြစ် ဖော်ပြပေးနိုင်သော ပုံရိပ်ဖော်စစ်ဆေးမှုတစ်ခုဖြစ်သည်။ ကွန်ပျူတာဓာတ်မှန်သည် ဦး‌ခေါင်းနှင့် ခန္ဓာကိုယ်အတွင်းပိုင်းရှိ အစိတ်အပိုင်းများဖြစ်သော အရိုးများ၊ ကြွက်သားများ၊ တစ်ရှူးများ၊ အဆီများ၊ ကိုယ်တွင်းအင်္ဂါများနှင့် သွေးကြောများ၏ အသေးစိတ်ပုံရိပ်များကို ဖော်ပြပေးနိုင်သည်။ ကွန်ပျူတာဓာတ်မှန်ကို ရောဂါရှာဖွေရာတွင် အသုံးပြုနိုင်သကဲ့သို့ ဆေးကုသမှု၏ အကျိုးရလဒ်ကို စောင့်ကြည့်အကဲဖြတ်ရန်လည်း အသုံးပြုနိုင်သည်။

ကွန်ပျူတာဓာတ်မှန်၏ သမိုင်းကြောင်းနှင့် နည်းပညာတိုးတက်ပြောင်းလဲမှုများ

ကွန်ပျူတာဓာတ်မှန်ကို (၁၉၇၀) ပြည့်နှစ်များ အစောပိုင်းတွင် စတင်တီထွင်ခဲ့ကြပြီး လူ၏ဦးနှောက်ပုံရိပ်များကို ပုံဖော်ရာတွင် စတင်အသုံးပြုခဲ့ကြသည်။ (၁၉၇၁) ခုနှစ်တွင် လန်ဒန်မြို့ရှိ ဆေးရုံတစ်ရုံတွင် ပထမဆုံး စတင်အသုံးပြုခဲ့သည်။ ပုံရိပ်များတည်ဆောက်ရာတွင် မရှိမဖြစ်လိုအပ်သော တွက်ချက်မှုစနစ်များကို အသုံးပြု၍ (၁၉၇၉) ခုနှစ်နောက်ပိုင်းမှ စတင်၍ ကွန်ပျူတာဓာတ်မှန် နည်းပညာများ သိသိသာသာ တိုးတက်ပြောင်းလဲလာခဲ့သည်။ ထို့ကြောင့် ယခင်က ဦးခေါင်းတစ်ခုတည်းကိုသာ စစ်ဆေးနိုင်သည့်စက်များမှ ခန္ဓာကိုယ်တစ်ခုလုံးကို အလွှာပေါင်းများစွာ စိတ်ဖြာ၍ အသေးစိတ်ရိုက်ကူးနိုင်သည့် နည်းစနစ်များအထိ တိုးတက်လာခဲ့သည်။ နည်းပညာပြောင်းလဲတိုးတက်မှုများနှင့် လိုအပ်ချက်များအလိုက် ကွန်ပျူတာဓာတ်မှန်စက်များနှင့် နည်းစနစ်အမျိုးမျိုး တီထွင်သုံးစွဲခဲ့ကြသည်။

ကွန်ပျူတာဓာတ်မှန်အမျိုးအစားများ

Multiple slice CT scan (ခန္ဓာဗေဒ အလွှာများစွာကို တစ်ကြိမ်တည်းဖြင့် ပုံရိပ်ဖော်နိုင်သော ကွန်ပျူတာဓာတ်မှန်)
ကွန်ပျူတာဓာတ်မှန်၏ ဓာတ်ရောင်ခြည်လှည့်ပတ်မှု တစ်ကြိမ်အတွင်း ဖမ်းယူနိုင်သော ခန္ဓာဗေဒအလွှာအဆင့်များသည် တဖြည်းဖြည်းချင်း ပိုမိုတိုးတက်ပြောင်းလဲလာခဲ့သည်။ ယခင်က ကွန်ပျူတာဓာတ်မှန်များသည် တစ်ကြိမ်ရိုက်လျှင် တစ်လွှာတည်းသာ (Single slice) ဖမ်းယူနိုင်ခဲ့သည်။ ယခုတွင် တစ်ကြိမ်တည်းနှင့် အလွှာများစွာ ထုတ်လုပ်ပေးနိုင်သောစက်များ (Multi-slice CT Scanner) တီထွင်ခဲ့ကြသည်။ ကွန်ပျူတာဓာတ်မှန် တစ်ခါရိုက်လျှင် အလွှာ (၄) လွှာမှစတင်ပြီး (၈၊ ၁၆၊ ၃၂၊ ၆၄၊ ၁၂၈၊ ၂၅၆) အလွှာများအထိ ခန္ဓာဗေဒအလွှာများစွာကို တစ်ပြိုင်တည်း ပုံရိပ်ဖော်ပေးနိုင်သည်။
စမ်းသပ်စစ်ဆေးမည့်နေရာ၊ သံသယရှိသည့်နေရာအပေါ် မူတည်၍ ကွန်ပျူတာဓာတ်မှန် အလွှာအရေအတွက် မည်မျှလိုအပ်နိုင်သည်ကို ‌ရွေးချယ်အသုံးပြုလေ့ရှိကြသည်။ ယခုနောက်ပိုင်းတွင် အလွှာပေါင်း (၃၂၀) နှင့် (၆၄၀) လွှာအထိ ထုတ်လုပ်ပေးနိုင်သည့် စွမ်းဆောင်ရည်မြင့်မားသော ကွန်ပျူတာဓာတ်မှန်စက်များ ထွက်ပေါ်လာသည်။

High-resolution CT (ပုံရိပ်ကြည်လင်ပြတ်သားမှု အလွန်မြင့်မားသော အရည်အသွေးမြင့် ကွန်ပျူတာဓာတ်မှန်)
ဤအမျိုးအစားသည် အလွန်ပါးလွှာသော (၀.၁ လက်မထက် သေးငယ်သော) ပုံရိပ်လွှာများ ထုတ်လုပ်ပေါင်းစပ်၍ အနုစိတ်ပုံရိပ်ကို ဖန်တီးပေးနိုင်သည်။ အသေးစိပ်ရှာဖွေစစ်ဆေးရန်လိုသည့် အခြေအနေများ (ဥပမာအချို့သော အဆုတ်ရောဂါများ) အတွက် အလွန်အသုံးဝင်သည်။

Helical or spiral CT (စပရိန်ပုံ သို့မဟုတ် ခရုပတ်ပုံစံ လှည့်ပတ်ရိုက်ကူးသော ကွန်ပျူတာဓာတ်မှန်)
ပုံမှန်သမားရိုးကျ ကွန်ပျူတာဓာတ်မှန်အမျိုးအစား (Conventional CT) တွင် ဓာတ်ရောင်ခြည်ထုတ်လွှတ်သည့်နေရာ (X-ray tube) သည် လူနာကို စက်ဝိုင်းပုံ တစ်ပတ်ပတ်ပြီးချိန်တွင် လူနာခုတင်သည် အနည်းငယ်‌ရွေ့လျား၍ နောက်တစ်ကြိမ်ဆက်ရိုက်သည်။ ရလဒ်မှာ အပြားအချပ်လိုက် ဖြတ်ပိုင်းပုံရိပ် (Slice) ကို ရရှိသည်။
Helical CT တွင်မူ X-ray tube သည် ခရုပတ်ပုံ (သို့မဟုတ်) စပရိန်ပုံ အခွေလိုက်အနေအထားဖြင့် လူနာကို လည်ပတ်‌ရွေ့လျားသည်။ တဆက်တည်းတွင် လူနာကုတင် (Patient table) သည်လည်းလိုက်၍ ‌‌ရွေ့လျားသည်။ ဤနည်းဖြင့် စမ်းသပ်သည့် အစိတ်အပိုင်းကို အချပ်လိုက် (slice) မဟုတ်ဘဲ အကြားအလပ်မရှိသော တဆက်တစပ်တည်း ထုထည်ဖြတ်ပိုင်းပုံ (Spiral shaped continuous data) ကို ထုတ်လုပ်ပေးသည်။ ရလဒ်အနေဖြင့် တစ်ချပ်ချင်းဖြတ်ပိုင်းရာတွင် လွတ်ထွက်သွားနိုင်သော သေးငယ်သည့်အရာများ (ဥပမာကင်ဆာအကျိတ်ငယ်များ) ကို Helical CT တွင် ပို၍ဖမ်းယူတွေ့ရှိနိုင်သည်။
အားသာချက်များအနေဖြင့်_

  • ပိုမိုလျင်မြန်စွာရိုက်ကူးနိုင်ခြင်း
  • လူနာလှုပ်ရှားမှုကြောင့်ဖြစ်သည့် အနှောက်အယှက်များ လျော့နည်းခြင်း
  • သုံးဖက်မြင်ပုံရိပ်ဖန်တီးခြင်း (3D reconstruction) တို့ပိုမိုလွယ်ကူစွာ ဆောင်ရွက်လာနိုင်သည်။

ရရှိလာသောပုံရိပ်များ၏ ကြည်လင်ပြတ်သားမှုနှင့် အရောင်ခွဲခြားမှု ပိုမိုကောင်းမွန်သည်။

Multidetector-row helical CT scanner အမျိုးအစားသည် နှလုံးသွေးကြောများအတွင်း ကယ်လ်ဆီယမ်စုပုံမှုများနှင့် သက်ဆိုင်သည့် အချက်အလက်များကို သိရှိနိုင်သည်။
Computed tomographic angiography (CTA) (သွေးကြောပုံရိပ်ဖော် ကွန်ပျူတာဓာတ်မှန်) သည်သွေးကြောများ (ဥပမာ _ ဦးနှောက်၊ နှလုံးစသည်တို့၏ သွေးကြောများ) ၏ ဓာတ်မှန်ပုံရိပ်များကို ဖော်ပြပေးနိုင်သောအမျိုးအစားဖြစ်သည်။
အားနည်းချက်မှာ သမားရိုးကျကွန်ပျူတာဓာတ်မှန်များထက် ဓာတ်ရောင်ခြည်သင့်မှုပမာဏ ပိုများနိုင်သည်။

Ultrafast CT (အလွန်လျင်မြန်သည့် ကွန်ပျူတာဓာတ်မှန်)
ဤ CT အမျိုးအစားသည် ပုံရိပ်များကို အလွန်လျင်မြန်စွာ ထုတ်လုပ်ပေးနိုင်ပြီး နှလုံး၏အခန်းများနှင့် အဆို့ရှင်များကဲ့သို့သော ရွေ့လျားနေသည့် ခန္ဓာကိုယ် အစိတ်အပိုင်းများ၏ ပုံရိပ်ကို ဖန်တီးပေးနိုင်သည်။

Dual Energy CT (DECT) X-ray energy နှစ်မျိုးကို အသုံးပြု၍ ပုံဖော်ရိုက်ကူးသော ကွန်ပျူတာဓာတ်မှန်
DECT သည် ပုံမှန် CT scan များထက် ပိုမိုအဆင့်မြင့်သော ဓာတ်မှန်ရိုက်နည်းပညာတစ်မျိုးဖြစ်သည်။ တစ်ချိန်တည်းတွင် မတူညီသော X-ray စွမ်းအင် – ၂ မျိုး (ဥပမာ- 80kVp နှင့် 140kVp) ကို အသုံးပြု၍ ခန္ဓာကိုယ်အတွင်းရှိ တစ်ရှုူးများ၊ ဒြပ်စင်များ၏ ဂုဏ်သတ္တိများကို ပိုမိုတိကျစွာ ခွဲခြားသိရှိနိုင်သည်။
DECT သည် contrast ‌agent အသုံးမပြုဘဲ သွေးကြောများကို ပိုမိုရှင်းလင်းစွာ မြင်နိုင်ခြင်း၊ ကယ်လ်ဆီယမ်ကျောက်နှင့် ယူရိတ်ကျောက် အမျိုးအစားများကို ခွဲခြားနိုင်ခြင်း၊ ကင်ဆာအကျိတ်များ၏ ဖွဲ့စည်းပုံနှင့်သွေးလှည့်ပတ်မှုကို ပိုမိုတိကျစွာ အကဲဖြတ်နိုင်ခြင်း၊ အရိုးထဲရှိ အဆီနှင့်အရည်များကို ခွဲခြားသိရှိနိုင်သည်။

Combined positron emission tomography and CT (PET/CT)
ဤအမျိုးအစားသည် ကွန်ပျူတာဓာတ်မှန်၏ အသေးစိတ် ခန္ဓာဗေဒဆိုင်ရာ အချက်အလက်များ ဖော်ပြနိုင်စွမ်းနှင့် PET စကန်၏ ဆဲလ်လုပ်ငန်းဆောင်တာနှင့် ဇီဝဖြစ်စဉ်များ ဖော်ပြနိုင်စွမ်းတို့ကို ပေါင်းစပ်ထားသော အမျိုးအစားဖြစ်သည်။ ထို့ကြောင့် ရောဂါအချို့ (အထူးသဖြင့် ကင်ဆာရောဂါများ) ကို စစ်ဆေးခြင်းနှင့် ကုသရာတွင် ပိုမိုတိကျစေသည်။ PET/CT ကို အတက်ရောဂါ၊ အယ်လ်ဇိုင်းမားရောဂါနှင့် နှလုံးသွေးကြောရောဂါကဲ့သို့သော အခြေအနေများကိုလည်း အကဲဖြတ်ရန် အသုံးပြုနိုင်သည်။

ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

ကွန်ပျူတာဓာတ်မှန်ရိုက်ကူးခြင်းကို ရောဂါများ ရှာဖွေတွေ့ရှိရန်နှင့် ခန္ဓာကိုယ်တွင်း ထိခိုက်ဒဏ်ရာများကို ရှာဖွေသိရှိနိုင်ရန် အဓိကအားဖြင့် အသုံးပြုကြသည်။ ကွန်ပျူတာဓာတ်မှန်သည် ဦးနှောက်အာရုံကြောဆိုင်ရာ ရုတ်တရက် အရေးပေါ်အခြေအနေများတွင် သံလိုက်ဓာတ်မှန် (MRI Scan) ထက် ပို၍ ဦးစားပေးအသုံးပြုသည့် ပုံရိပ်ဖော်စစ်ဆေးခြင်းတစ်မျိုးဖြစ်သည်။ ဥပမာအားဖြင့် ဦးနှောက်အာရုံကြောဆိုင်ရာ ရုတ်တရက် အရေးပေါ်အခြေအနေများ (ဥပမာ _ လေဖြတ်ခြင်း) တွင် ဦးနှောက်အတွင်းရှိပြဿနာများ (ဥပမာ _ ဦးနှောက်သွေးကြောပေါက်ခြင်း ရှိမရှိ) ကို ချက်ချင်းသိရှိနိုင်ရန် ကွန်ပျူတာဓာတ်မှန်သည် ပိုမိုလွယ်ကူလျင်မြန်သော စစ်ဆေးမှုဖြစ်သည်။ အဆုတ်သွေးကြောပိတ်၍ အရေးပေါ်ကုသရန် လိုမလိုကို အဆုတ်သွေးကြော ကွန်ပျူတာဓါတ်မှန် (CTPA) ရိုက်ပြီး ‌ရောဂါရှာဖွေနိုင်သည်။ ထို့အပြင် ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်းကို အောက်ဖော်ပြပါ အခြေအနေများတွင်လည်း ပြုလုပ်နိုင်သည်။

  • အရိုးနှင့်ဆိုင်သော ရောဂါများကို ရှာဖွေခြင်း (ဥပမာ _ အရိုးကျိုးခြင်း၊ အရိုးကင်ဆာရောဂါ)
  • ခန္ဓာကိုယ်တွင်း ‌ရောဂါပိုးဝင်ခြင်း၊ ကင်ဆာအကျိတ်များ (သို့မဟုတ်) သွေးခဲများကို ရှာဖွေခြင်း
  • ထိခိုက်ဒဏ်ရာရလျှင် ခန္ဓာကိုယ်တွင်း ဖြစ်ပေါ်နိုင်သော ဒဏ်ရာများနှင့် သွေးယိုစိမ့်မှုများကို ရှာဖွေခြင်း
  • အရည် (သို့မဟုတ်) အသားစနမူနာယူရာတွင် အသုံးပြုခြင်း (CT guided biopsy)
  • နှလုံးသွေးကြောအပါအဝင် သွေးကြောများကို စစ်ဆေးရန် အသုံးပြုနိုင်ခြင်း (CT angiogram)
  • ခွဲစိတ်ကုသမှုတွင် ခွဲစိတ်နေစဥ် ပိုမိုတိကျသော ပုံရိပ်များကို ကြည့်ရှု၍ ခွဲစိတ်နိုင်ရန် အသုံးပြုခြင်း
  • အချို့သောရောဂါ (ဥပမာ _ ကင်ဆာရောဂါ) ကုသမှုများတွင် ကုထုံးများ၏ ထိရောက်မှုကို စောင့်ကြည့်အကဲဖြတ်ရန် အသုံးပြုခြင်း

ကွန်ပျူတာဓာတ်မှန် ရိုက်ရာတွင် ပုံရိပ်များ ပိုမိုသိသာထင်ရှားစွာ မြင်နိုင်စေရန် သွေးကြောထဲသို့ ဆေးရည် (contrast agent) ထိုးသွင်း၍ ရိုက်နိုင်သကဲ့သို့ အ‌ချို့သောအခြေအ‌နေများတွင် ဆေးရည်အသုံးမပြုဘဲလည်း ရိုက်ကူးနိုင်သည်။ ဆေးရည် (contrast agent) များတွင် ဘေရီယမ် (Barium) နှင့် အိုင်အိုဒင်း (Iodine) တို့ပါဝင်သည်။
ဘေရီယမ်ကို အစာအိမ်နှင့် အူလမ်းကြောင်းစနစ် (GI tract) စစ်ဆေးမှုများတွင် အသုံးပြုကြသည်။ အိုင်အိုဒင်းပါဝင်သော contrast ဆေးရည်ကို သွေးကြောထဲသို့ ထိုးသွင်း၍ သွေးကြောဖွဲ့စည်းပုံများနှင့် ကိုယ်တွင်းအင်္ဂါများကို ပိုမိုကောင်းစွာမြင်နိုင်အောင် ပြုလုပ်သည်။ စစ်ဆေးမှုအမျိုးအစားပေါ်မူတည်၍ အူလမ်းကြောင်းကို သေချာမြင်နိုင်စေရန် ရေတစ်လီတာကို တစ်နာရီကြိုတင်သောက်သုံးခြင်း (သို့မဟုတ်) ဆေးနှင့်ရေ ရောဖျော်ထားသော အရည် (သို့မဟုတ်) ဆေးနှင့် Gas ပါသည့်အချိုရည်ရောဖျော်ထားသည့် ဖျော်ရည်များ ကြိုတင်သောက်သုံးရန် လိုအပ်နိုင်သည်။ ဤဖျော်ရည်များကို ကျွမ်းကျင်သူများမှ သတ်မှတ်ပေးသည့်အချိန်အတိုင်း သောက်သုံးရမည်ဖြစ်သည်။ အချို့စစ်ဆေးမှုများတွင် စအိုမှတစ်ဆင့် ဆေးရည်ထည့်သွင်းခြင်းဖြင့် ရောဂါရှာဖွေမှုများ ပြုလုပ်ရနိုင်သည်။ အမျိုးသမီးဆိုင်ရာရောဂါများ ရှာဖွေ‌ရာတွင် လိုအပ်ပါက အမျိုးသမီးအင်္ဂါအတွင်းသို့ ပစ္စည်း (tampon) ထည့်သွင်း၍ ပုံရိပ်ဖော်ခြင်း ပြုလုပ်ရနိုင်သည်။ သွေးပြန်ကြောထဲသို့ ဆေးထိုး၍ ရိုက်ကူးခြင်းဖြင့် ပုံရိပ်ကြည်လင်ပြတ်သားမှုကို ပိုမိုရရှိစေပြီး ပို၍တိကျသေချာစွာ ရောဂါရှာဖွေတွေ့ရှိနိုင်သည်။

ဆေးရည်သွင်း၍ ကွန်ပျူတာဓာတ်မှန် (CT scan with contrast) ရိုက်ရန် လိုအပ်သည့် အခြေအနေများ
  • ဝမ်းဗိုက်အတွင်း ကိုယ်တွင်းအင်္ဂါအခြေအနေကို အသေးစိတ်သိရှိလိုခြင်း
  • ကင်ဆာအကျိတ်များ ရှာဖွေခြင်းနှင့် ကင်ဆာအဆင့် သတ်မှတ်ရန် စစ်ဆေးခြင်း
  • ဦးနှောက်ရောင်ခြင်း၊ ဦးနှောက်အမြှေးရောင်ခြင်း၊ ဦးနှောက်ပြည်တည်ခြင်း
  • ဦးနှောက်နှင့် ခန္ဓာကိုယ်တွင်းရှိ သွေးကြောများကို အသေးစိတ်သိရှိလိုခြင်း
  • အဆုတ်သွေးကြော သွေးခဲပိတ်ခြင်းတို့ ဖြစ်ကြသည်။
ဆေးရည်သွင်းရန် မလိုအပ်ဘဲ ကွန်ပျူတာဓာတ်မှန် (CT scan without contrast) ရိုက်နိုင်သည့်အခြေအနေများ
  • ထိခိုက်ဒဏ်ရာများကို စစ်ဆေးခြင်း (ဥပမာ _ ဦးခေါင်း၊ ကျောရိုးနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများရှိ ဒဏ်ရာများ)
  • ကျောက်ကပ် ကျောက်တည်ခြင်းကို စစ်ဆေးခြင်း
  • အရိုးကျိုးခြင်းများကို ဖော်ထုတ်ခြင်း
  • လေဖြတ်ရောဂါလက္ခဏာ ခံစားနေရသော လူနာများအား အရေးပေါ်အခြေအနေတွင် အမြန်ဆုံးရောဂါရှာဖွေကုသနိုင်ရန် ကနဦးစစ်‌ဆေးမှု ပြုလုပ်ခြင်းတို့ ဖြစ်ကြသည်။
ကြိုတင်သိရှိထားရမည့်အချက်များ

ကွန်ပျူတာဓာတ်မှန်မရိုက်ခင် မိမိတွင် အောက်ပါအခြေအနေများရှိပါက ဆရာဝန်ကို ကြိုတင်အသိပေးရန်နှင့် ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာရန် လိုအပ်သည်။

  • ကိုယ်ဝန်ဆောင်နေခြင်း (သို့မဟုတ်) ကိုယ်ဝန်ရှိနိုင်ခြေရှိခြင်း
  • ကလေးနို့တိုက်နေခြင်း
  • သောက်သုံးနေသော ဆေးဝါးများ

Contrast agent ဆေးရည်သွင်းရိုက်ရန်လိုသော လူနာများအတွက် _

  • ပန်းနာရင်ကျပ်ရောဂါ
  • ကျောက်ကပ် (သို့မဟုတ်) သိုင်းရွိုက်ပြဿနာများ
  • ဆီးချိုရောဂါ
  • ဓာတ်မတည့်မှုများ (အထူးသဖြင့် ယခင်က ကွန်ပျူတာဓာတ်မှန်ရိုက်ရာတွင် ဆေးရည် Contrast agent နှင့် ဓာတ်မတည့်ခြင်း ဖြစ်ပေါ်ခဲ့ဖူးလျှင်) ရှိပါက ကြိုတင်အသိပေးရန်လိုအပ်သည်။

ထို့ပြင်ကွန်ပျူတာဓာတ်မှန် ရိုက်မည့်သူများသည် အောက်ပါအချက်များကို ကြိုတင်သိရှိပြင်ဆင်ထားရန် လိုအပ်သည်။ ကွန်ပျူတာဓာတ်မှန် ရိုက်မည့်နေ့တွင်

  • သက်သောင့်သက်သာရှိသော အဝတ်အစားများကိုသာ ဝတ်ဆင်လာရန်
  • ကွန်ပျူတာဓာတ်မှန်ရိုက်မည့် ဆေးရုံသို့‌ရောက်ရှိပါက ဓာတ်မှန်ရိုက်ရန် သီးသန့်ဆေးရုံဝတ်စုံ လဲဝတ်ရန်
  • သတ္တုပစ္စည်းများ (ဥပမာ _ လက်ဝတ်ရတနာများ၊ ခါးပတ်၊ ဆံညှပ်) တို့ကို ဖယ်ရှားထားရန် လိုအပ်သည်။

Contrast agent ဆေးရည်ကို အသုံးမပြုဘဲ ကွန်ပျူတာဓာတ်မှန် (CT scan without contrast) ရိုက်မည်ဆိုပါက အစားအသောက်နှင့် ဆေးဝါးများကို ဖြတ်တောက်ရန်မလိုဘဲ ပုံမှန်အတိုင်း စားသောက်နိုင်သည်။ ဆေးရည် (Contrast agent) ကို အသုံးပြုရန် လိုအပ်ပါက ကွန်ပျူတာဓာတ်မှန်မရိုက်မီ (၄) နာရီအတွင်း အစာမစားရန်နှင့် ရေနှင့် အခြားကြည်လင်သောအရည်များကိုသာ သောက်ရန်လိုအပ်သည်။ ဆီးချိုရောဂါရှိသူဖြစ်ပါက ကွန်ပျူတာဓာတ်မှန်မရိုက်ခင် (၄) နာရီအတွင်း အစာအနည်းငယ်သာ စားသင့်သည်။ သွေးကြောထဲသို့ ဆေးသွင်း၍ စစ်ဆေးမှု မပြုလုပ်မီ (၂) ပတ်အတွင်း ကျောက်ကပ်လုပ်ဆောင်နိုင်စွမ်း (serum creatinine) ကို စစ်ဆေးရန် လိုအပ်သည်။ ကျောက်ကပ်ပြဿနာများ၊ ယခင်က ဆေးရည်နှင့် ဓာတ်မတည့်မှုများ ဖြစ်ပေါ်ခဲ့ဖူးလျှင် ဆေးရည်အသုံးမပြုဘဲ ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (သို့မဟုတ်) အခြားသော စစ်ဆေးနည်များဖြင့်သာ စစ်ဆေးနိုင်သည်။

စမ်းသပ်စစ်ဆေးပုံ အဆင့်ဆင့်

ကွန်ပျူတာဓာတ်မှန် မရိုက်ခင်
ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်းကို ပြင်ပလူနာအနေဖြင့် ပြုလုပ်နိုင်သည်။ ကွန်ပျူတာဓာတ်မှန်ရိုက်ရန် ပြင်ဆင်ချိန်နှင့် ရိုက်ကူးကြာမြင့်ချိန် စုစုပေါင်း မိနစ် (၃၀) ခန့်သာ ကြာနိုင်သည်။ အချို့သူများတွင် ပုံရိပ်များ ပိုမိုကြည်လင်ပြတ်သားစေရန် Contrast agent ဆေးရည်သွင်း၍ ရိုက်မည်ဆိုပါက ကွန်ပျူတာဓာတ်မှန်ရိုက်နေစဥ်အတွင်း သွေးကြောထဲသို့ ဆေးသွင်းကိရိယာဖြင့် Contrast agent ဆေးရည်သွင်းပေးရန် လိုအပ်သည်။ ထို Contrast agent ဆေးရည်သည် ထိုးသွင်းရာတွင် အရေပြားနီရဲပြီး ပူလာခြင်း၊ ပါးစပ်ထဲတွင် သတ္တုအရသာကဲ့သို့ ခံစားရခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ချင်စိတ်ဖြစ်ခြင်း အစရှိသော လက္ခဏာများကို ခံစားရနိုင်သည်။ သို့သော် ထိုခံစားမှုများသည် ခဏမျှသာခံစားရပြီး လျှင်မြန်စွာ သက်သာသွားလေ့ရှိသည်။ အသက်ရှူကျပ်ခြင်း၊ ချွေးစေးပြန်ခြင်း၊ ရင်တုန်ခြင်းများဖြစ်ပေါ်ပါက ဓာတ်မတည့်တုံ့ပြန်ခြင်းဖြစ်နိုင်သဖြင့် ချက်ချင်းအသိပေးရန် အရေးကြီးသည်။

ကွန်ပျူတာဓာတ်မှန် ရိုက်နေစဥ်

  • လူနာသည် ကုတင် (Patient table) ပေါ် တွင် ပက်လက်လှဲနေရမည်
  • ထိုကုတင်သည် ဒိုးနပ်စက်ဝိုင်းပုံ အပေါက်ရှိသော စက်အတွင်းသို့ ဖြေးညင်းစွာ ဝင်သွားလိမ့်မည်
  • ကွန်ပျူတာဓာတ်မှန်ရိုက်ပေးမည့် ကျွမ်းကျင်ပညာရှင်သည် လူနာခန်းနှင့်ကပ်လျှက်တွင် ရှိသော သီးသန့်စက်ထိန်းချုပ်ခန်းတွင်ရှိပြီး မှန်ပြတင်းပေါက်မှတစ်ဆင့် လူနာကို အဆက်မပြတ်တွေ့မြင်နိုင်မည်
  • စကားပြောစက်များ တပ်ဆင်ထားသည့်အတွက် လူနာကို ထိုစကားပြောစက်မှတစ်ဆင့် ညွှန်ကြားချက်များကို ပြောဆိုနိုင်မည်
  • ကွန်ပျူတာဓာတ်မှန် ရိုက်နေစဥ် အခက်အခဲတစ်စုံတစ်ခု ဖြစ်ပေါ်ခဲ့လျှင် ကျွမ်းကျင်ပညာရှင်ကို ဆက်သွယ်နိုင်ရန် အရေးပေါ် အချက်ပြခလုတ်ကို နှိပ်၍ အချက်ပေးနိုင်မည်
  • ကျွမ်းကျင်ပညာရှင်မှ အချိန်ပြည့်စောင့်ကြည့်နေပြီး အသံပေး၍ အဆက်အသွယ်ပြုလုပ်နေလိမ့်မည်
  • စက်စတင်လည်ပတ်ပြီး အချိန်အနည်းငယ်အတွင်း ဓာတ်ရောင်ခြည်များ ခန္ဓာကိုယ်ထဲသို့ ဖြတ်သန်းသွားလိမ့်မည်
  • ခန္ဓာကိုယ်တစ်ရှူးများကို ဖြတ်သန်းသွားသော ဓာတ်ရောင်ခြည်ကို စုပ်ယူပြီး စက်မှတစ်ဆင့် ကွန်ပျူတာသို့ ပို့ပေးမည်
  • ကွန်ပျူတာတွင် ပုံရိပ်များအဖြစ်သို့ ပြောင်းလဲပြီး ဓာတ်မှန်အထူးကုဆရာဝန်များမှ ထိုပုံရိပ်များ၏ အဖြေကို ဖော်ထုတ်ပေးလိမ့်မည်
  • ပုံရိပ်မှန်ကန်စေရန် ကွန်ပျူတာဓာတ်မှန်ရိုက်နေစဥ် အလွန်အမင်း လှုပ်ရှားမှု မပြုလုပ်ဘဲ ငြိမ်သက်နေရမည်
  • တစ်ခါတစ်ရံတွင် အသက်ရှူသွင်း၊ ရှူထုတ်ပြုလုပ်ပြီး (၁၅) စက္ကန့် မှ (၂၀) စက္ကန့်ခန့် အသက်အောင့်ထားပေးရန် ညွှန်ကြားခံရနိုင်သည်
  • စစ်ဆေးမှုပြီးလျှင် ကုတင်သည် စက်မှ အလိုအလျောက်ပြန်ထွက်လာမည်။

ကွန်ပျူတာဓာတ်မှန် ရိုက်ပြီးနောက်
Contrast ‌agent မသွင်းဘဲ ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်းဖြစ်ပါက ရိုက်ပြီးပြီးချင်း အိမ်သို့ပြန်၍ အနားယူနိုင်သည်။ ဆေးရည်သွင်း၍ ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်းဖြစ်ပါက ဓာတ်မှန်ရိုက်ပြီးနောက် အနည်းဆုံးမိနစ် (၃၀) ခန့် ဓာတ်မတည့်တုံ့ပြန်မှုများကို စောင့်ကြည့်ရန် လိုအပ်သည်။ အိမ်သို့ပြန်ပြီးနောက် အသက်ရှူကျပ်ခြင်း၊ ချွေးစေးပြန်ခြင်း၊ ရင်တုန်ခြင်းများ၊ Contrast agent ဆေးရည်သွင်းသောနေရာတွင် ပို၍နာကျင်ခြင်း၊ နီရဲခြင်း၊ ရောင်ရမ်းခြင်းများရှိပါက ဓာတ်မတည့်တုံ့ပြန်ခြင်း (သို့မဟုတ်) ရောဂါပိုးဝင်ခြင်း ဖြစ်နိုင်သောကြောင့် ဆရာဝန်ထံသို့ အကြောင်းကြားရန် လိုအပ်သည်။

သိရှိနိုင်သောအဖြေများ

ဓာတ်မှန်အထူးကုဆရာဝန်များမှ ပုံရိပ်များကို သေချာစွာဖတ်ရှုစစ်ဆေးပြီး ရှာဖွေတွေ့ရှိချက်များကို အဖြေလွှာ (report) ပြန်လည်ထုတ်ပေးမည်ဖြစ်သည်။ လူနာ၏ရောဂါအခြေအနေပေါ် မူတည်ပြီး လိုအပ်ပါက အ‌‌ရေးပေါ်အခြေအနေများတွင် ချက်ချင်းအဖြေသိရှိနိုင်သည်။ ပုံမှန်အားဖြင့် အဖြေကို (၂၄)နာရီ မှ (၄၈)နာရီအတွင်း သိရှိနိုင်သည်။ ဓာတ်မှန်အထူးကုဆရာဝန်၏ ထင်မြင်ယူဆချက်အဖြေလွှာကို ရရှိပြီးနောက် သက်ဆိုင်ရာဆရာဝန်များနှင့် ပြန်လည်ဆွေးနွေးပြီး လိုအပ်သည့် ကုသမှုများ၊ စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်နိုင်သည်။ ယခုခေတ်တွင် ဆရာဝန်များသည် ကွန်ပျူတာဓာတ်မှန်ကို အီလက်ထရောနစ် ကျန်းမာရေးမှတ်တမ်း (Electronic Health Record – EHR) များမှတစ်ဆင့်လည်း ချက်ချင်းကြည့်ရှုနိုင်လာပြီဖြစ်သည်။ ဓာတ်မှန်အထူးကုဆရာဝန်များသည်လည်း အေအိုင် (AI) နည်းပညာ၏အထောက်အပံ့ကိုယူ၍ အဖြေလွှာကို ဖတ်ရှုနိုင်လာသည်။

နောက်ဆက်တွဲဆိုးကျိုးများ

ပုံမှန်အားဖြင့် ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်းကြောင့် ကြီးမားသော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်လေ့မရှိပါ။ သို့သော် အချို့သူများတွင် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲဆိုးကျိုးအနည်းငယ်မှာ_

  • Contrast agent ဆေးရည်များနှင့် ဓာတ်မတည့်မှုများ ဖြစ်ပေါ်ခြင်း
    ယားယံခြင်း၊ အဖုအပိန့်ထွက်ခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး ပြင်းထန်ပါက အသက်ရှူကျပ်ခြင်းအထိ ဖြစ်ပေါ်နိုင်သည်
    • ခန္ဓာကိုယ်ထဲမှ Contrast agent ဆေးရည်များသည် တစ်ရက်၊ နှစ်ရက်အတွင်း ဆီး၊ ဝမ်းများမှတစ်ဆင့် သဘာဝအလျှောက် ဖယ်ရှားသန့်စင်သွားသည်
    • ထို Contrast agent ဆေးရည်များ ခန္ဓာကိုယ်ထဲမှ မြန်မြန်ထွက်သွားပြီး ကျောက်ကပ်အပေါ် ဝန်မပိစေရန် ရေများများသောက်ပေးရန် လိုအပ်သည်
    • မက်ဖော်မင်ဆေး သောက်သုံးနေသူဖြစ်ပါက ဆေးထိုးပြီးနောက် (၄၈) နာရီကြာ မက်ဖော်မင်ဆေးကို ရပ်ထားရန် လိုအပ်နိုင်သည်
  • ဓာတ်ရောင်ခြည်နှင့် ထိတွေ့မှုရှိခြင်း
    • ကွန်ပျူတာဓာတ်မှန်တွင် ဓာတ်ရောင်ခြည်ပမာဏ အတိုင်းအတာတစ်ခုထိ ပါဝင်သော်လည်း တစ်ခါတစ်ရံရိုက်ပါက အန္တရာယ်မရှိသလောက် နည်းပါးသည်။ သို့သော် အကြိမ်‌ရေများစွာ မကြာခဏ ဓာတ်ရောင်ခြည်နှင့် ထိတွေ့မှုရှိပါက ကင်ဆာဖြစ်နိုင်ခြေ (အထူးသဖြင့် ကလေးငယ်များတွင်) အနည်းငယ်မြင့်တက်လာနိုင်သည်

References:

  1. Mayo Clinic. (n.d.). CT scan. Retrieved June 27, 2025, from https://www.mayoclinic.org/tests-procedures/ct-scan/about/pac-20393675
  2. Cleveland Clinic. (n.d.). CT (computed tomography) scan. Retrieved June 27, 2025, from https://my.clevelandclinic.org/health/diagnostics/4808-ct-computed-tomography-scan
  3. NHS. (n.d.). CT scan. Retrieved June 27, 2025, from https://www.nhs.uk/tests-and-treatments/ct-scan/
  4. Johns Hopkins Medicine. (n.d.). Computed tomography (CT) scan. Retrieved June 27, 2025, from https://www.hopkinsmedicine.org/health/treatment-tests-and-therapies/computed-tomography-ct-scan
  5. Healthline. (n.d.). CT scan. Retrieved June 27, 2025, from https://www.healthline.com/health/ct-scan
  6. Journal of Nuclear Medicine Technology. (2007). Helical CT scan technology. Retrieved June 27, 2025, from https://tech.snmjournals.org/content/35/3/115.full
  7. Radiopaedia. (n.d.). Helical CT image acquisition. Retrieved June 27, 2025, from https://radiopaedia.org/articles/helical-ct-image-acquisition-1

Published: 8 August 2025

Share

8 August 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.