Chemotherapy (ကင်ဆာဆေးသွင်းကုသခြင်း)

Chemotherapy (ကင်ဆာဆေးသွင်းကုသခြင်း)

ကင်ဆာဆေးသွင်းကုသခြင်းဆိုသည်မှာ ခန္ဓာကိုယ်အတွင်း၌ အလျင်အမြန် ကြီးထွားနေသော ကင်ဆာဆဲလ်များကို ဖျက်ဆီးရန်အတွက် ဆေးဝါးများအသုံးပြု၍ ကုသခြင်းဖြစ်သည်။ ကင်ဆာအမျိုးအစားများစွာကို ကုသရန် ကင်ဆာဆေးသွင်းကုသမှုတွင် အသုံးပြုသော ဆေးဝါးများကို တစ်မျိုးတည်း သို့မဟုတ် ပေါင်းစပ်၍ အသုံးပြုသည်။ ဆေးသွင်းကုသခြင်းသည် ကင်ဆာကို ကုသရာတွင် ထိရောက်သော နည်းလမ်းဖြစ်သော်လည်း၊ ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မပြင်းထန်သော ဘေးထွက်ဆိုးကျိုးများရှိသကဲ့သို့ အချို့တွင် ပြင်းထန်သည့် နောက်ဆက်တွဲပြဿနာများကို ဖြစ်စေနိုင်သည်။

ကုသရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

ကင်ဆာဆေးသွင်းကုသခြင်းကို ကင်ဆာအထူးကုဆရာဝန် (Medical oncologist) မှ အဓိက ဦးဆောင်ကုသသည်။ ကင်ဆာဆေးသွင်းကုသမှုဖြင့် ကုသနိုင်သော ကင်ဆာအမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • မူလအစဖြစ်သော ကင်ဆာ (Primary cancer)
    ကင်ဆာစတင်ဖြစ်ပွါးသော ကိုယ်တွင်းအင်္ဂါ၌သာ တည်ရှိပြီး အခြားနေရာများသို့ မပျံ့နှံ့သေးသော ကင်ဆာ (ဥပမာ _ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ)
  • ပျံ့နှံ့သွားသော ကင်ဆာ (Metastatic cancer)
    ခန္ဓာကိုယ်၏ အခြားနေရာများသို့ ပြန့်ပွါးသွားပြီဖြစ်သော ကင်ဆာ (ဥပမာ _ အဆုတ်ကင်ဆာမှ အသည်း၊ အရိုးနှင့် ဦးနှောက်သို့ ပျံ့သွားသော ကင်ဆာ)
  • တစ်ခါတစ်ရံ ကင်ဆာမဟုတ်သော အချို့ရောဂါများကုသရာတွင်လည်း အသုံးပြုကြသည်
    ဥပမာအားဖြင့် _ သွေးရောဂါများတွင် သွေးတွင်းခြင်ဆီအစားမထိုးခင် ပြင်ဆင်သောအဆင့်တွင် သုံးစွဲကြသည်သာမက ကိုယ်ခံအားတုံ့ပြန်မှုများသောရောဂါ (Autoimmune disease) များကုသရာတွင်လည်း ဆေးပမာဏ အနည်းငယ်ကို အသုံးပြုကြသည်။
ကင်ဆာဆေးသွင်းကုသနည်း ကုထုံးအမျိုးမျိုး

ကင်ဆာဆေးသွင်းကုသခြင်းကို အခြား ကင်ဆာကုထုံးနည်းများဖြစ်သည့် ခွဲစိတ်ကုသခြင်း (သို့မဟုတ်) ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်းတို့ဖြင့် အတူတွဲဖက်၍ သုံးနိုင်သည်။ ကုသမှုရည်ရွယ်ချက်ပေါ် မူတည်၍ ကင်ဆာဆေးသွင်းခြင်း ကုထုံးအမျိုးမျိုးမှာ_

  • တွဲဖက်ကုထုံး (Adjuvant therapy)
    အကျိတ်ကိုခွဲစိတ်ပြီးနောက် (သို့မဟုတ်) ဓာတ်ရောင်ခြည်ကုထုံးဖြင့် ကုသပြီးနောက် ကျန်ရှိနေနိုင်သော ကင်ဆာဆဲလ်များကို ဖျက်ဆီးရန် ကင်ဆာဆေးများသွင်းခြင်း (ဥပမာ _ အစာအိမ်ကင်ဆာ၊ ရင်သားကင်ဆာ)
  • အမြစ်ပြတ်ကုထုံး (Curative therapy)
    ကင်ဆာဆေးသွင်းခြင်း တစ်မျိုးတည်းဖြင့် ကင်ဆာဆဲလ်များကို ကိုယ်ခန္ဓာမှ လုံးဝပျောက်ကင်းအောင် ကုသခြင်း
  • အကြိုကုထုံး (Neoadjuvant therapy)
    ကင်ဆာရောဂါအတွက် ခွဲစိတ်မှု (သို့မဟုတ်) ဓာတ်ရောင်ခြည်ကုထုံးမပေးခင် ကင်ဆာဆေးကို ဦးစွာသွင်းခြင်းဖြင့် အကျိတ်အရွယ်အစားကို ကျုံ့စေခြင်း
  • လက္ခဏာများသက်သာစေသောကုထုံး (Palliative therapy)
    နောက်ဆုံးအဆင့် ကင်ဆာများတွင် လက္ခဏာများ သက်သာအောင် ဆေးဝါးများဖြင့် ထိန်းပေးခြင်းစသည်တို့ ဖြစ်သည်။

အသုံးများသော ကင်ဆာဆေးအမျိုးအစားများတွင် အောက်ပါဆေးများ ပါဝင်သည်။

  • Alkylating agents – e.g., Busulfan, Chlorambucil, Cisplatin, Cyclophosphomide
  • Nitrosoureas – e.g., Carmustine
  • Antimetabolites – e.g., 5-fluorouracil (5-FU), 6-mercaptopurine (6-MP), Cytarabine, Fludarabine, Gemcitabine, Hydroxyurea, Methotrexate
  • Anthracyclines – e.g., Daunorubicin, Doxorubicin
  • Topoisomerase inhibitors – e.g., Etoposide, Mitoxantrone
  • Mitotic inhibitors – e.g., Docetaxel, Paclitaxel, Vincristine, Vinblastine
  • Corticosteroids – e.g., Methylprednisolone, Dexamethasone
  • Others – e.g., All-trans-retinoic acid, Arsenic trioxide, Asparaginase, Mitotane
ကင်ဆာဆေးကုသမှုပေးရန် ဆုံးဖြတ်ခြင်း

ကင်ဆာအထူးကုဆရာဝန်မှ ကင်ဆာဆေးသွင်းကုသမှုပေးရန် ဆုံးဖြတ်ရာတွင် အောက်ပါအချက်များကို မူတည်၍ ဆုံးဖြတ်သည်။

  • ကင်ဆာ၏ အမျိုးအစား
  • ကင်ဆာပျံ့နှံ့မှု သို့မဟုတ် ကင်ဆာ၏အဆင့် သတ်မှတ်ချက်
  • လူနာ၏ ယေဘုယျ ကျန်းမာရေးအခြေအနေ
  • ယခင်က ခံယူခဲ့ဖူးသော ကင်ဆာဆေးကုသမှုများ
  • လူနာ၏ ဦးစားပေးရွေးချယ်မှု စသဖြင့်ဖြစ်သည်။
ကင်ဆာဆေးမပေးသင့်သော အခြေအနေများ

ကင်ဆာဆေးသွင်းကုသမှုသည် ထိရောက်သောကုသမှု ဖြစ်သော်လည်း ကင်ဆာရောဂါတိုင်းနှင့် မသင့်တော်ပါ။ အောက်ပါအခြေအနေရှိသော လူနာများတွင် ကင်ဆာဆေးသွင်းကုသမှုကို ရွှေ့ဆိုင်းခြင်း သို့မဟုတ် လုံးဝအသုံးမပြုရန် ဆုံးဖြတ်ခြင်းများ ပြုလုပ်နိုင်သည်။

  • ကိုယ်ဝန်ရှိခြင်း
  • သွေးတွင်းဆဲလ်များ အရေအတွက်နည်းခြင်း
  • လက်ရှိရောဂါပိုးဝင်နေခြင်း
  • ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါနှင့် အသည်းရောဂါအခံရှိခြင်း
  • ဒဏ်ရာရရှိခြင်း သို့မဟုတ် လတ်တလော ခွဲစိတ်ထားခြင်း (အနာကျက် နှေးစေသောကြောင့် ဖြစ်သည်)
  • လူနာသည် ကင်ဆာဆေးဒဏ်ကို ခံနိုင်ရည် မရှိနိုင်တော့ခြင်း စသည့်အခြေအနေများဖြစ်သည်။
ရရှိနိုင်သော အကျိုးကျေးဇူးများ

ကင်ဆာဆေးသွင်းကုသခြင်းသည် ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများ ရှိသော်လည်း ကင်ဆာကုသရာတွင် ဆယ်စုနှစ်ပေါင်းများစွာ အသုံးပြုနေသော ထိရောက်ပြီး ယုံကြည်စိတ်ချရသည့် ကုသမှုတစ်ခုဖြစ်သည်။ ကင်ဆာဆေးသွင်းခြင်းဖြင့်

  • ခန္ဓာကိုယ်မှ ကင်ဆာကို လုံးဝပျောက်ကင်းစေနိုင်ခြင်း
  • ရောဂါလက္ခဏာများကို လျှော့ချပေးခြင်းဖြင့် ဘဝအရည်အသွေး ပိုမိုကောင်းမွန်လာစေရန် ကူညီပေးခြင်း
  • ခွဲစိတ်ကုသခြင်း သို့မဟုတ် ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း ကဲ့သို့သော အခြားကုသမှုများကို ပိုမိုထိရောက်စေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ပေးနိုင်သည်။
ကြိုတင်သိရှိထားရမည့်အချက်များ

ကင်ဆာဆေးသွင်းကုသမှုအတွက် ပြင်ဆင်ခြင်း
ကုသမှုအတွက် ပြင်ဆင်ခြင်းသည် အသုံးပြုမည့် ကင်ဆာဆေး အမျိုးအစားနှင့် ဆေးကို မည်သို့ ပေးမည်ဆိုသော အချက်များပေါ် မူတည်သည်။ ယေဘုယျအားဖြင့် အောက်ပါ လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ၊ တိကျသောညွှန်ကြားရှင်းလင်းချက်များ ပေးခြင်းတို့ကို ပြုလုပ်မည်ဖြစ်သည်။

  1. ဆေးသွင်းကုသခြင်းမပြုလုပ်မီ လိုအပ်သော ဆေးသွင်းပိုက်ငယ် ခွဲစိတ်ထည့်သွင်းခြင်း
    • ကင်ဆာဆေးအများစုသည် သွေးကြောမှတစ်ဆင့် သွင်းရခြင်း၊ မကြာခဏသွင်းရန် လိုအပ်ခြင်းနှင့် အချိန်ကြာမြင့်စွာ သွင်းရခြင်းတို့ကြောင့် လက်မောင်း၊ လက်ဖျံရှိ သွေးကြောများ ထိခိုက်မှု သက်သာစေရန် လည်ပင်းနှင့် ရင်ဘတ်အနီးရှိ သွေးကြောအကြီးတစ်ခုထဲသို့ ဆေးသွင်းပိုက်ငယ် (Catheter) တစ်ခု ထည့်ထားရန်လိုသည်၊ ထိုပိုက်မှတစ်ဆင့် ကင်ဆာဆေးများသွင်းခြင်း၊ အခြားဆေးဝါးများနှင့် ဆေးရည်များသွင်းခြင်း၊ သွေးစစ်ရန် သွေးနမူနာများ ထုတ်ယူခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်
    • အချို့လူနာများတွင် သွေးကြောထဲရှိ ပိုက်ငယ်ကို အရေပြားနှင့် တွဲ၍ထိန်းထားရန်အတွက် (Port) ဟုခေါ်သော ကိရိယာသေးတစ်ခုကို ရင်ဘတ်အရေပြားအောက်၌ အသေးစားခွဲစိတ်မှုပြုလုပ်ကာ မြှုပ်ထားသည်၊ ကင်ဆာဆေးများကို ထိုကိရိယာ (Portacath) မှတစ်ဆင့် ဆေးထိုးအပ်ဖြင့် ထိုးခြင်း၊ ဆေးရည်သွင်းခြင်း၊ သို့မဟုတ် ဆေးကို ပမာဏနှင့် အချိန်အတိအကျသတ်မှတ်ပြီး စက်ဖြင့် သွင်းခြင်း (Chemo pumps) စသည်ဖြင့် သွေးကြောထဲ ရောက်စေသည်
  2. ကင်ဆာဆေးကုသမှု ခံယူရန် သင့်တော်မှု ရှိမရှိ စစ်ဆေးခြင်း
    • ကိုယ်ခန္ဓာ စစ်ဆေးခြင်းအပါအဝင် သွေးဆဲလ်များကို စစ်ဆေးခြင်း (complete blood count)၊ ကျောက်ကပ်နှင့် အသည်းလုပ်ငန်းဆောင်တာများကို စစ်ဆေးခြင်း၊ နှလုံးစစ်ဆေးခြင်းများ ပြုလုပ်၍ ကင်ဆာဆေးသွင်းရန် သင့်တော်မှု ရှိမရှိ ဆုံးဖြတ်သည်။ အကယ်၍ အဖြေမကောင်းပါက ဆရာဝန်မှ ကုသမှုကို ရွှေ့ဆိုင်းခြင်း၊ သို့မဟုတ် ပိုမိုဘေးကင်းသော အခြားကင်ဆာဆေးများနှင့် ဆေးပမာဏကို ချိန်ညှိပေးခြင်းများ ပြုလုပ်မည်ဖြစ်သည်။
  3. သွားဆရာဝန်နှင့် ပြသခြင်း
    • ကင်ဆာဆေးသွင်းကုသမှု မခံယူခင် သွားကျန်းမာရေးအတွက် စစ်ဆေးရန် လိုအပ်သည်။ ကင်ဆာဆေးများသည် ကိုယ်ခန္ဓာ၏ ရောဂါတိုက်ဖျက်နိုင်စွမ်းကို ကျဆင်းစေသောကြောင့် ပိုးဝင်နိုင်ခြေများကို ကြိုတင်ရှာဖွေကုသခြင်းသည် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်ခြင်းကို လျှော့ချနိုင်သည်။
  4. ကာကွယ်ဆေးများ ကြိုတင်ထိုးနှံခြင်း
    • ကင်ဆာဆေးသွင်းကုသမှု ခံယူချိန်တွင် ကိုယ်ခံအားကျ၍ ‌ပြင်ပမှရောဂါပိုးများ အလွယ်တကူဝင်နိုင်သောကြောင့် ကာကွယ်ဆေးများကို ကင်ဆာဆေးများ မသွင်းခင် အနည်းဆုံး (၂) ပတ် ကြိုတင်ထိုးနှံထားရန်လိုသည်၊ ထိုးနှံရန် လိုအပ်သော ကာကွယ်ဆေးများမှာ ရာသီတုပ်ကွေး ကာကွယ်ဆေး (Influenza vaccine)၊ ကိုဗစ် ကာကွယ်ဆေး၊ ဆုံဆို့ ကြက်ညှာ မေးခိုင်ကာကွယ်ဆေး၊ အဆုတ်ရောင်ကာကွယ်ဆေး (Pneumococcal vaccine) များဖြစ်သည်။
  5. မိမိ၏ ကုသမှုအကြောင်းနှင့် ဘေးထွက်ဆိုးကျိုးများကို သိရှိထားခြင်း
    • ကင်ဆာအထူးကုဆရာဝန်အား မိမိခံယူရမည့် ကင်ဆာဆေးကုသမှုအကြောင်း (ဆေးအမျိုးအစားများ၊ အကျိုးကျေးဇူးများသာမက ဘေးထွက်ဆိုးကျိုးများ) ကို သေချာမေးမြန်း၍ သင့်တော်သော ပြင်ဆင်မှုများကို ဆောင်ရွက်ပါ၊ ဥပမာအားဖြင့် ဆေးသွင်းပြီးနောက် သားသမီးမရနိုင်တော့ဟု ဆိုပါက အနာဂတ်တွင် အသုံးပြုရန် သုက်ပိုး (သို့မဟုတ်) မမျိုးဥများကို ကြိုတင်ထိန်းသိမ်းထားခြင်း၊ ဆံပင်ကျွတ်နိုင်သည်ကို သိရှိပါက ဦးခေါင်းအုပ်ရန် ဦးထုပ်များ၊ မိမိဆံပင်အရောင်နှင့် ကိုက်ညီသော ဆံပင်တုများ ကြိုတင်စီစဥ်ခြင်း၊ အရေပြား ပြောင်းလဲမှုများအတွက် သင့်တော်သော အရေပြားထိန်းသိမ်းမှု ပစ္စည်းများ ဝယ်ယူခြင်း စသည့်ပြင်ဆင်ခြင်းများ ပြုလုပ်နိုင်သည်။
  6. အိမ်မှုကိစ္စများနှင့် လုပ်ငန်းခွင်အတွက် ကြိုတင်စီစဉ်ခြင်း
    • ကင်ဆာဆေးသွင်းကုသခြင်းကို အများအားဖြင့် ပြင်ပဆေးခန်းများတွင် ပြုလုပ်လေ့ရှိသည်။ ထို့ကြောင့် လူနာများအနေဖြင့် ကင်ဆာဆေးသွင်းပြီးနောက် အိမ်သို့ပြန်နိုင်ပြီး ပုံမှန်လုပ်ဆောင်နေကျအလုပ်များကို လုပ်ဆောင်နိုင်သည်။ သို့ရာတွင် ကင်ဆာဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများရှိသောကြောင့် ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း အိမ်တွင်အနားယူရန် လိုအပ်နိုင်သည်။ ထို့ကြောင့် ကင်ဆာဆေးသွင်းပြီးနောက် အလုပ်မှခွင့်ယူရန်နှင့် အိမ်မှုကိစ္စများအတွက် ကြိုတင်စီမံထားသင့်သည်။
  7. ငွေကြေးအတွက် စီမံခန့်ခွဲခြင်း
    • ကင်ဆာဆေးကုသမှုအတွက် လိုအပ်သော အာမခံကုမ္ပဏီများကို ဆက်သွယ်ခြင်း၊ လူနာအတွက် အကူအညီပေး‌သော ဝန်ဆောင်မှုအစီအစဥ်များကို စုံစမ်းထားခြင်းများဖြင့် စိတ်ပူပန်မှုကို လျော့စေပြီး ကင်ဆာဆေးကုသမှုအပေါ်တွင် ပို၍အာရုံစိုက်နိုင်မည်ဖြစ်သည်။
  8. ပထမဆုံး ကုသမှုအတွက် ပြင်ဆင်ခြင်း
    • ပထမဆုံး ကင်ဆာဆေးသွင်းကုသမှုအတွက် ပြင်ဆင်ရန် ဆရာဝန် (သို့မဟုတ်) သူနာပြုများအား မေးမြန်းပါ။ ပထမဆုံးအကြိမ် ဆေးသွင်းမည့်နေ့တွင် အိပ်ရေးဝဝအိပ်ပြီး ကောင်းစွာ အနားယူလာခြင်း၊ ဆေးသွင်းရာတွင် ပျို့အန်ခြင်းများ ရှိနိုင်သောကြောင့် အစာအနည်းငယ် ကြိုတင်စားလာခြင်း စသည်တို့ လုပ်ဆောင်နိုင်သည်၊ ထို့ပြင် ဆေးသွင်းပြီးချိန်တွင် အိပ်ငိုက်ခြင်း၊ နုံးခြင်းများခံစားရနိုင်သောကြောင့် အဖော်ခေါ်လာရန်လိုသည်။
ကုသပုံအဆင့်ဆင့်

ကင်ဆာဆေးများကို နည်းလမ်းအမျိုးမျိုးဖြင့် ပေးနိုင်သည်။

  • အကြောဆေးသွင်းခြင်း (Chemotherapy infusions)
    ကင်ဆာဆေးကို အများအားဖြင့် သွေးကြောထဲသို့ (သွေးပြန်ကြောမှတစ်ဆင့်) ထိုးသွင်းပေးသည်၊ လက်မောင်းရှိ သွေးပြန်ကြော သို့မဟုတ် ရင်ဘတ်ရှိ သွေးပြန်ကြောထဲသို့ ထည့်သွင်းထားသော ကိရိယာမှတဆင့် သွင်းခြင်းဖြစ်သည်
  • ဆေးပြားအနေဖြင့် ပေးခြင်း (Chemotherapy pills)
    ကင်ဆာဆေးအချို့ (ဥပမာ – Etoposide, Cyclophosphamide, Methotrexate) ကို ဆေးပြား သို့မဟုတ် ဆေးတောင့်ပုံစံဖြင့် သောက်ခြင်းဖြစ်သည်
  • ဆေးထိုးခြင်း (Chemotherapy shots)
    အချို့ကင်ဆာဆေး (ဥပမာ – Asparaginase) များကို ပုံမှန်အသားဆေးထိုးသကဲ့သို့ ကြွက်သား (သို့မဟုတ်) အ‌ရေပြားအောက်သို့ ဆေးထိုးအပ်ဖြင့် ထိုးခြင်းဖြစ်သည်
  • လိမ်းဆေးအနေဖြင့် ပေးခြင်း (Chemotherapy creams)
    အချို့အရေပြားကင်ဆာ အမျိုးအစားများကို ကုသရန် ကင်ဆာဆေးပါဝင်သော ခရင်မ်များ (သို့မဟုတ်) ဂျယ်လ်များ (ဥပမာ – 5-fluorouracil cream) ကို အရေပြားပေါ်တွင် လိမ်းခြင်းဖြစ်သည်
  • ခန္ဓာကိုယ်၏ တစ်နေရာတည်းအတွက် ပေးသောဆေးများ (Chemotherapy drugs used to treat one area of the body)
    ကင်ဆာဆေးများကို ခန္ဓာကိုယ်၏ တစ်နေရာတည်းသို့ တိုက်ရိုက်ပေးနိုင်သည်။ ဥပမာ_
    • ဝမ်းခေါင်းအမြှေးထဲသို့ တိုက်ရိုက်ဆေးသွင်းခြင်း (Intraperitoneal chemotherapy) (e.g., HIPEC – hyperthermic intraperitoneal chemotherapy)
    • အဆုတ်ဘေးအမြှေးတွင်းသို့ တိုက်ရိုက်ဆေးသွင်းခြင်း (Intrapleural chemotherapy)
    • ကျောရိုးမှတစ်ဆင့် စီအက်စ်အပ်ဖ်အရည်တွင်းသို့ တိုက်ရိုက်ဆေးသွင်းခြင်း (Intrathecal chemotherapy)
    • ဆီးပြွန်မှတစ်ဆင့် ဆီးအိမ်ထဲသို့တိုက်ရိုက်ဆေးသွင်းခြင်း (Intravesical chemotherapy) တို့ဖြစ်သည်
  • ကင်ဆာအကျိတ်နေရာကို တိုက်ရိုက်ပေးခြင်း (Chemotherapy given directly to the cancer)
    ကင်ဆာဆေးကို ကင်ဆာအကျိတ်ပေါ် တိုက်ရိုက် သို့မဟုတ် ခွဲစိတ်ပြီးနောက် ကင်ဆာရှိခဲ့သည့် နေရာသို့ ပေးခြင်းဖြစ်သည်။ ဥပမာ_ကင်ဆာဆေးပါဝင်သော ပါးလွှာသောအချပ်ပြားများ (Wafers) ကို ခွဲစိတ်နေစဥ် ကင်ဆာအကျိတ်ပေါ်တွင် သို့မဟုတ် ခွဲစိတ်ပြီးနေရာတွင် ကပ်ထားသည်။ ထိုအချပ်ပြားများမှ တဖြည်းဖြည်း ကင်ဆာဆေးများကို ထုတ်လွှတ်သည်။ ထို့ပြင် ကင်ဆာဆေးများကို အကျိတ်နှင့် တိုက်ရိုက်ဆက်သွယ်နေသော သွေးပြန်ကြော (သို့မဟုတ်) သွေးလွှတ်ကြောထဲသို့လည်း ထိုးသွင်းနိုင်သည်။
ကင်ဆာဆေးကုသမှု အချိန်ကာလ

ကင်ဆာဆေးဖြင့် မည်မျှကြာအောင် ကုသရမည်ကို ကုသသော ဆေးဝါး၊ ကင်ဆာအမျိုးအစားနှင့် ကုသမှုတစ်ခါစီပြီးနောက် ခန္ဓာကိုယ်၏ အခြေအနေ သက်သာကောင်းမွန်ခြင်း စသည့်အချက်များပေါ် မူတည်၍ ကင်ဆာအထူးကုဆရာဝန်မှ ဆုံးဖြတ်သည်။ ကင်ဆာဆေးတစ်ကြိမ်သွင်းလျှင် နာရီအနည်းငယ်သာ ကြာမြင့်နိုင်သလို အချို့ဆေးများသည် ရက်အနည်းငယ်ကြာ ဆက်တိုက်သွင်းရသော အမျိုးအစားများလည်းရှိသည်။ ကင်ဆာဆေးကုသမှု အကြိမ်အရေအတွက်ကို နေ့စဥ်၊ အပတ်စဥ်၊ လစဥ် ဆက်တိုက်ပေးခြင်းများ ရှိသလို ဆေးပေးခြင်းနှင့် အနားပေးခြင်းကို လအနည်းငယ်အလိုက် တစ်လှည့်စီ ပြုလုပ်ခြင်းများလည်းရှိသည်။ ကုသမှုပြီးဆုံးပါက ကင်ဆာအထူးကုဆရာဝန်မှ လူနာအား ရက်ချိန်းအတိုင်း ပြန်ခေါ်၍ လူနာ၏ အခြေအနေနှင့် ကုသမှုအပေါ် တုံ့ပြန်မှုတို့ကို စစ်ဆေးပြီး လိုအပ်သလို ညွှန်ကြားမည်ဖြစ်သည်။

ကင်ဆာဆေးကုသမှု ခံယူနိုင်သော နေရာများ

ကင်ဆာဆေးသွင်းကုသမှုများကို လူနာနှင့်ရောဂါ အခြေအနေအလိုက် အောက်ပါနေရာများတွင် ခံယူနိုင်သည်။

  • ကင်ဆာဆေးသွင်း ပြင်ပလူနာဌာန (Outpatient chemotherapy unit)
  • ကင်ဆာအထူးကုဆေးခန်း (Doctor’s office)
  • ဆေးရုံ (Hospital)
  • မိမိနေအိမ် (ဥပမာ _ ဆေးသောက်ရန်သာလိုသော ကင်ဆာဆေးများအတွက်)
နောက်ဆက်တွဲဆိုးကျိုးများ

ကင်ဆာကု​ဆေးဝါးများသည် ကင်ဆာဆဲလ်များအပါအဝင် လျင်မြန်စွာ ကြီးထွားသောဆဲလ်အားလုံးကို ပစ်မှတ်ထား တိုက်ခိုက်သည်။ ထို့ကြောင့် ကင်ဆာဆဲလ်များကို ဖျက်ဆီးသည့်အပြင် ခန္ဓာကိုယ်ရှိ အခြားပုံမှန်ဆဲလ်များကိုပါ ထိခိုက်ပျက်စီးစေနိုင်ပြီး ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သည်။ သွေးဆဲလ်များ၊ အရေပြား၊ ဆံပင်မွေးညှင်းပေါက်များနှင့် အစာခြေလမ်းကြောင်းရှိ ဆဲလ်များသည် လျင်မြန်စွာ ကြီးထွားပွားများသော ဆဲလ်များဖြစ်သောကြောင့် ကင်ဆာဆေးသွင်းကုသမှု၏ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများသည် ဤနေရာများတွင် ဖြစ်ပွားခြင်းဖြစ်သည်။ ၎င်းတို့မှာ_

  • သွေးအားနည်းခြင်း
  • သွေးထွက်ခြင်း၊ အညိုအမဲစွဲလွယ်ခြင်း
  • ဆံပင်ကျွတ်ခြင်း
  • ဝမ်းချုပ်ခြင်း
  • ဝမ်းလျှောခြင်း
  • ပျို့အန်ခြင်း
  • အစာစားချင်စိတ် မရှိခြင်း
  • ပါးစပ်နာခြင်း
  • မောပန်းနွမ်းနယ်ခြင်း
  • ဖျားခြင်း၊ ရောဂါပိုးဝင်လွယ်ခြင်း စသည်တို့ဖြစ်သည်။

အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုး အများစုသည် ဆေးစတင်ပေးချိန်တွင် ခံစားရလေ့ရှိပြီး ဆေးရပ်လိုက်လျှင် ပြန်လည်သက်သာသွားလေ့ရှိသည်။ ဆေးအမျိုးအစားပေါ် မူတည်၍ ကွာခြားသောကြောင့် ဘေးထွက်ဆိုးကျိုးများ အကြောင်းကို မိမိဆရာဝန်နှင့် ကြိုတင်ဆွေးနွေးထားသင့်သည်။

သို့ရာတွင် ကင်ဆာဆေးသွင်းကုသမှု၏ အချို့ဆိုးကျိုးများသည် ကုသမှုပြီးဆုံးပြီးနောက် လအနည်းငယ် သို့မဟုတ် နှစ်အနည်းငယ်ကြာပြီးမှ ပေါ်လာနိုင်သည်။ ၎င်းဘေးထွက်ဆိုးကျိုးအချို့မှာ_

  • မှတ်ဥာဏ်နှင့် ဆက်စပ်တွေးခေါ်မှု အားနည်းလာခြင်း (Chemo brain)
  • မီးယပ်သွေးစော၍ ဆုံးခြင်း (Early menopause)
  • ကင်ဆာကုသမှုကြောင့်ဖြစ်သော နှလုံးရောဂါများ (Cardiotoxicity)
  • အာရုံကြောများ ပျက်စီးခြင်း (Peripheral neuropathy)
  • အဆုတ်တစ်ရှူးများ ပျက်စီးခြင်း
  • ကျောက်ကပ်ပြဿနာများ
  • မြုံခြင်း (ကလေးမရနိုင်ခြင်း)
  • ဒုတိယကင်ဆာဖြစ်နိုင်ခြေ စသည်တို့ဖြစ်သည်။
လိုက်နာဆောင်ရွက်ရမည့်အချက်များ

အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် ကင်ဆာဆေးဖြင့် ကုသနေချိန်တွင် မိမိကျန်းမာရေးကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်သကဲ့သို့ ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများကိုလည်း အနည်းငယ် သက်သာစေနိုင်သည်။

  1. မိမိဆရာဝန်နှင့် ပုံမှန်ဆက်သွယ်ခြင်း၊ ချိန်းဆိုမှုများကို လိုက်နာခြင်း
  2. ကိုယ်ခန္ဓာကျန်းမာရေးကို ဂရုစိုက်ခြင်း
    • ခန္ဓာကိုယ် အာဟာရအတွက် လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝသည့် အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ပရိုတင်းဓာတ်နှင့် ကာဗိုဟိုက်ဒရိတ်တို့ကို မျှတစွာ စားသုံးပါ
    • ရေဓာတ်ပြည့်ဝစေရန် ရေ၊ သစ်သီးဖျော်ရည် စသည်တို့ကို လုံလောက်စွာ သောက်သုံးပါ
    • ကိုယ်ခံအားတက်စေရန်နှင့် စိတ်ဖိစီးမှု လျှော့ချရန် သင့်တင့်လျောက်ပတ်သော ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန် လုပ်ဆောင်ပါ
    • ကင်ဆာဆေးသွင်းခြင်းသည် ခန္ဓာကိုယ်ကို ပင်ပန်းနွမ်းနယ်စေသဖြင့် ဆေးသွင်းပြီးလျှင် လုံလောက်စွာ အနားယူပါ
  3. ဘေးထွက်ဆိုးကျိုးများကို ထိန်းချုပ်ခြင်း
    • ပျို့အန်ခြင်းအတွက် ဆေးဝါးများ လိုအပ်လျှင် သောက်ပါ၊ အစာကို နည်းနည်းစီ မကြာခဏ စားပါ
    • ဆံပင်ကျွတ်ခြင်းအတွက် ဆံပင်တိုညှပ်ခြင်း၊ ခေါင်းစည်းပဝါ စည်းခြင်း သို့မဟုတ် ဆံပင်အတု အသုံးပြုခြင်းတို့ ပြုလုပ်ပါ
    • အရေပြားနှင့် ပါးစပ်ပြဿနာများအတွက် အရေပြားကို နူးညံ့သော ဆပ်ပြာများဖြင့် သန့်စင်ပြီး အစိုဓာတ်ထိန်းခရင်မ် လိမ်းခြင်း၊ ပါးစပ်နာကျင်ခြင်းအတွက် ခံတွင်းသန့်စင် ဆေးရည်ဖြင့် ပလုတ်ကျင်းခြင်းတို့ကို ဆောင်ရွက်ပါ
    • ဆေးကုသနေစဥ် ကိုယ်ခံအားနည်းသောကြောင့် ရောဂါပိုးများမဝင်အောင် ကာကွယ်ရန်အတွက် လက်ကို မကြာခဏ ဆေးကြောပါ၊ ဖျားနာနေသူများနှင့် နီးကပ်စွာ မနေပါနှင့်၊ အစားအစာများကို သန့်ရှင်းစွာ ချက်ပြုတ်စားသောက်ပါ၊ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ အဖုအပိမ့် ထွက်ခြင်းစသည့် ကူးစက်ရောဂါ လက္ခဏာများ ပေါ်လာပါက ဆရာဝန်နှင့် ချက်ချင်းတိုင်ပင်ပါ
  4. စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဂရုစိုက်ခြင်း
    • ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်း သို့မဟုတ် နှစ်သက်သည့် ဝါသနာများကို လုပ်ဆောင်ခြင်းဖြင့် စိတ်ဖိစီးမှုကို လျှော့ချပါ၊ မိသားစုဝင်များ၊ သူငယ်ချင်းများ သို့မဟုတ် တိုင်ပင်ဖက်များနှင့် စကားပြောဆိုခြင်းဖြင့် စိတ်ခံစားမှုများကို မျှဝေပါ၊ ကင်ဆာဝေဒနာရှင်များအတွက် ပံ့ပိုးကူညီသည့် အဖွဲ့အစည်းများတွင် ပါဝင်ပါ
  5. နေထိုင်မှုပုံစံကို ဂရုစိုက်ခြင်း
    • ဆေးလိပ်နှင့် အရက်တို့သည် ဆေးကုသမှုကို ထိခိုက်စေပြီး ဘေးထွက်ဆိုးကျိုးများကို ပိုဆိုးစေနိုင်သောကြောင့် လုံးဝရှောင်ကြဥ်ပါ
    • သောက်သုံးနေသော အခြားဆေးဝါးများ (ဆေးဖက်ဝင်အပင်များ၊ ဗီတာမင်ဖြည့်စွက်စာများ အပါအဝင်) သည် ကင်ဆာဆေးနှင့် ဓာတ်ပြုနိုင်သောကြောင့် ဆရာဝန်ကို အသိပေးပြီးမှ သောက်ပါ

References:

  1. Mayo Clinic. (n.d.). Chemotherapy. Retrieved July 15, 2025, from https://www.mayoclinic.org/tests-procedures/chemotherapy/about/pac-20385033
  2. Cleveland Clinic. (n.d.). Chemotherapy. Retrieved July 15, 2025, from https://my.clevelandclinic.org/health/treatments/16859-chemotherapy
  3. American Cancer Society. (n.d.). Types of chemotherapy drugs. Retrieved July 15, 2025, from https://www.cancer.org/cancer/managing-cancer/treatment-types/chemotherapy/types-of-chemo-drugs.html
  4. Healthline. (n.d.). Things not to do while on chemotherapy. Retrieved July 15, 2025, from https://www.healthline.com/health/cancer/things-not-to-do-while-on-chemotherapy
  5. MD Anderson Cancer Center. (n.d.). Vaccinations for cancer patients: What to know. Retrieved July 15, 2025, from https://www.mdanderson.org/cancerwise/vaccinations-for-cancer-patients–what-to-know
  6. NHS. (n.d.). Chemotherapy. Retrieved July 15, 2025, from https://www.nhs.uk/tests-and-treatments/chemotherapy/
  7. Verywell Health. (n.d.). When is chemotherapy not recommended? Retrieved July 15, 2025, from https://www.verywellhealth.com/when-is-chemotherapy-not-recommended-5199567

Published: 8 August 2025

Share

8 August 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.