Dental Crowns (သွားအစွပ် တပ်ခြင်း)

Dental Crowns (သွားအစွပ် တပ်ခြင်း)

သွားအစွပ် တပ်ခြင်းဆိုသည်မှာ ပျက်စီးနေသော၊ ကျိုးပဲ့နေသော သို့မဟုတ် ယိုင်နဲ့နေသော သွားများကို အဆင်ပြေကောင်းမွန်စွာ အသုံးပြုနိုင်စေရန် အံဝင်ခွင်ကျဖြစ်သော သွားပုံသဏ္ဌာန်အဖုံးဖြင့် အပေါ်မှအုပ်ပေးခြင်းဖြစ်သည်။ သွားစိုက်ထားသည့် အစားထိုးသွား (Dental implants) များနှင့် အကြောထုတ်ကုသထားသောသွားများ (Root canal-treated teeth) ကို ဖုံးအုပ်ရန်အတွက်လည်း သွားအစွပ်များကို အသုံးပြုကြသည်။ အံဝင်ခွင်ကျ တပ်ဆင်နိုင်ရန် သွားပေါ် ရှိ ကြွေလွှာအနည်းငယ်ကို ဖယ်ရှားပစ်ရန် လိုအပ်သည်။ သွားအစွပ်များကို သတ္တု၊ ကော်စေးနှင့် ကြွေထည်စသည့် ပစ္စည်းမျိုးစုံဖြင့် ပြုလုပ်ပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ပါက (၅) နှစ် မှ (၁၅) နှစ်အထိ ကြာရှည်ခံသည်။

Dental crowns image 1
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့် အခြေအနေများ

အောက်ပါအခြေအနေများတွင် သွားအစွပ် တပ်ခြင်း လိုအပ်နိုင်သည်။

  • ယိုင်နဲ့နေသော သွားကို သန်မာစေရန်
  • အက်ကွဲနေသော သွားကို ကာကွယ်ရန်နှင့် အထောက်အကူပေးရန်
  • ပွန်းပဲ့နေသော သို့မဟုတ် ကျိုးပဲ့နေသော သွားကို ကာကွယ်ရန်
  • အတန်းလိုက် သွားစိုက်ထားသောနေရာ (Dental bridge) ကို နေရာတကျ ထိန်းထားရန်
  • ဆိုးဆိုးဝါးဝါး အရောင်စွန်းထင်းနေသော သို့မဟုတ် အရောင်ပြောင်းနေသော သွားကို ဖုံးအုပ်ရန်
  • အကြောထုတ်ကုသမှုပြုလုပ်ထားသောသွား (Root canal-treated tooth) ကို ဖုံးအုပ်ရန်
  • သွားစိုက်ကုသမှုလုပ်ထားသော အစားထိုးသွား (Dental implant) ကို ဖုံးအုပ်ရန်
အမျိုးအစားများ

သားအစွပ် အမျိုးအစားများစွာရှိသည်။ မိမိအတွက် သင့်လျော်သော အမျိုးအစားကို ကြိုက်နှစ်သက်သော ပုံစံ၊ လက်ရှိ ခံတွင်းကျန်းမာရေးအခြေအနေနှင့် သွားအနေအထားများပေါ်တွင် မူတည်၍ ရွေးချယ်နိုင်သည်။

  • သတ္တုဖြင့်ပြုလုပ်သော သွားစွပ်များ (Metal crowns)
    သွားအစွပ်ပြုလုပ်သူ ပညာရှင်များသည် ရွှေ၊ ပလက်တီနမ်၊ နီကယ်နှင့် ခရိုမီယမ် စသော သတ္တုအမျိုးမျိုးကို အသုံးပြု၍ သွားအစွပ်များကို ပြုလုပ်ကြသည်။ သတ္တုသွားစွပ်များသည် ကျိုးပဲ့ခြင်း၊ ကွဲထွက်ခြင်း နည်းပါးပြီး တစ်ခါစွပ်ပြီးလျှင် သက်တမ်းအလွန်ကြာရှည်ခံသည်။ ထို့ပြင် သွားစွပ်တပ်ရန် ကြွေလွှာအနည်းငယ်ကိုသာ ဖယ်ရှားရန်လိုအပ်သည်။ ၎င်းတို့သည် အစာကိုက်ဖြတ်ခြင်းနှင့် အစာဝါးခြင်း၏ ဖိအားကိုလည်း ခံနိုင်ရည်ရှိသည်။ ထိုအစွပ်အမျိုးအစား၏ အဓိကအားနည်းချက်မှာ သတ္တုအရောင်ဖြစ်နေခြင်းဖြစ်သည်။ ထို့ကြောင့် သတ္တုသွားစွပ်များကို အလွယ်တကူမမြင်ရသော နောက်သွား (molars) များအတွက်စွပ်ရန် အဓိက ရွေးချယ်ကြသည်။
  • ကြွေထည် သတ္တုအရော သွားစွပ်များ (Porcelain-fused-to-metal (PFM) crowns)
    သတ္တုအောက်ခံကို အပေါ်မှ ကြွေထည်အုပ်ထားပြီး မိမိသွားအရောင်နှင့် ကိုက်ညီအောင် ပြုလုပ်နိုင်သည်။ ထိုအမျိုးအစားများသည် ခံနိုင်ရည်အား ကောင်းသော်လည်း အားနည်းချက်အနည်းငယ်ရှိသည်။ ဥပမာအားဖြင့် အပေါ်ယံကြွေထည်အလွှာသည် အချိန်ကြာလာသည်နှင့်အမျှ ကွဲထွက်နိုင်ပြီး အောက်ခံသတ္တုကို ပေါ်လာစေနိုင်သည်။ ထို့အပြင် ပါးစပ်ပိတ်လိုက်သောအခါ သွားစွပ်ကို ထိမိသော ဆန့်ကျင်ဘက်သွားများပေါ်ရှိ ကြွေလွှာကို တဖြည်းဖြည်း ပွန်းပဲ့စေနိုင်သည်။ ထိုအစွပ်များသည် သတ္တုသွားစွပ်များနီးပါး ကြာရှည်ခံပြီး အရှေ့သွားနှင့် နောက်သွားနှစ်မျိုးလုံးအတွက် သုံးနိုင်သည်။
  • ကြွေထည်အလွှာများကို ဖိအားဖြင့် ပြုလုပ်ထားသော သွားစွပ်များ (Pressed ceramic crowns)
    ထိုအမျိုးအစားတွင် အတွင်းခံမာကျောသော အူတိုင် (core) ရှိပြီး အူတိုင်သည် သတ္တုအစား ရွှံ့စေးဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ဤအတွင်းခံအူတိုင်ကို ပြုလုပ်ရန် ရွှံ့စေးကို မီးဖို၌ အလွန်မြင့်မားသောအပူချိန်ဖြင့် အရည်ပျော်စေပြီး ပုံသွင်းဖိနှိပ်သည်။ ထို့နောက် ကြွေထည်အလွှာများစွာကို ထပ်ထည့်သည်။ ကြွေထည်အလွှာများနှင့် ပြုလုပ်သောကြောင့် သဘာဝသွားကြွေလွှာနှင့် အနီးစပ်ဆုံး တူညီစေသည်။ အားနည်းချက်အနေဖြင့် ကြွေထည်အလွှာများသည် အချိန်ကြာလာသည်နှင့်အမျှ ကွဲထွက်နိုင်သည်။ သွားဆရာဝန်များသည် ထိုအမျိုးအစားများကို အရှေ့သွားနှင့် နောက်သွားများတွင် အသုံးပြုကြသည်။
  • ရွှံ့စေးသီးသန့် သို့မဟုတ် ကြွေသီးသန့်ဖြင့် ပြုလုပ်သောသွားစွပ်များ (All-ceramic or porcelain crowns)
    အခြားအမျိုးအစားများထက် ပို၍ သဘာဝသွားကြွေလွှာနှင့် ဆင်တူသည်။ သတ္တုနှင့် ဓာတ်မတည့်ပါက ထိုအမျိုးအစားကို ရွေးချယ်နိုင်သည်။ Zirconium dioxide နှင့် ပြုလုပ်သော အစွပ်များသည် အခြားအမျိုးအစားများထက် အလွန်ခံနိုင်ရည်ရှိပြီး ပိုမိုပြင်းထန်သောအားများကို ခံနိုင်ရုံသာမက တခြားသွားများ၏ ကြွေလွှာပွန်းပဲ့ခြင်းကိုလည်း လျှော့ချပေးသည်။
  • နေ့ချင်းပြီး သွားအစွပ်စွပ်ခြင်းများ (Same-day dental crowns)
    CAD/CAM (Computer-aided design and manufacturing) နည်းပညာကို အသုံးပြုခြင်းဖြစ်သည်။ သွားများ၏ ဒစ်ဂျစ်တယ်ဓာတ်ပုံများကို အသုံးပြု၍ စိတ်ကြိုက်သွားစွပ်တစ်ခုကို ဒီဇိုင်းထုတ်ပေးသည်။ ဒီဇိုင်းထုတ်ပြီးသည်နှင့် ကြိတ်စက်သို့ပို့ပြီး ထိုကြိတ်စက်သည် ကြွေထည်တုံးတစ်ခုမှ သွားစွပ်ကို ဖန်တီးပေးမည်။ သို့သော် ထိုသို့ပြုလုပ်သော သွားစွပ်များသည် လူတိုင်းနှင့် သင့်လျော်ခြင်း ရှိမရှိ သွားဆရာဝန်ကို မေးမြန်းရန် လိုသည်။
  • ကော်စေးဖြင့် ပြုလုပ်သော သွားစွပ်များ (All-resin crowns)
    အခြားအမျိုးအစားများထက် စျေးပိုသက်သာသော်လည်း ကြွပ်ဆတ်ပြီး ကျိုးလွယ်သည်။ ယာယီသွားစွပ်များ (Temporary crowns) ပြုလုပ်ရန် မကြာခဏ အသုံးပြုကြသည်။ ၎င်းတို့သည် ပျမ်းမျှအားဖြင့် သုံးနှစ်မှ ငါးနှစ်အထိ ခံသည်။
ကုသပုံအဆင့်ဆင့်

သွားအစွပ်တပ်ဆင်ခြင်းသည် ပုံမှန်အားဖြင့် ချိန်းဆိုမှု နှစ်ကြိမ် လိုအပ်သည်။

ပထမအကြိမ်
  • သွားကို ပြုပြင်ခြင်း
    အဓိကရည်ရွယ်ချက်မှာ သွားစွပ်အသစ်အတွက် ခိုင်မာသော အခြေခံအုတ်မြစ်တစ်ခု ဖန်တီးရန်ဖြစ်သည်။ သွား၏ သဘာဝကြွေလွှာအချို့ကို ဖယ်ရှားရန် လိုအပ်မည်ဖြစ်သည်၊ သွားစွပ်အသစ်အတွက် နေရာဖန်တီးပေးပြီး တပ်ပြီးသည်နှင့် နေရာတကျ ရှိနေစေရန် ဖြစ်သည်။
  • သွားပုံစံယူခြင်း (Dental impression)
    ထို့နောက် သွားဘက်ဆိုင်ရာဆရာဝန်မှ သွားများ၏ ပုံစံများကို ယူမည်။ ပုံစံခွက် (သို့မဟုတ်) ဒစ်ဂျစ်တယ်ပုံများအဖြစ် သွားဓာတ်ခွဲခန်းသို့ ပို့ပေးပြီး ထိုနေရာတွင် သွားစွပ်ကို ပြုလုပ်ပေးသည်။
  • ယာယီသွားစွပ် တပ်ဆင်ခြင်း (Temporary crown placement)
    သွားစွပ်အသစ်ကို ပြုလုပ်ရန် ပုံမှန်အားဖြင့် နှစ်ပတ်မှ သုံးပတ်အထိ ကြာမြင့်ပြီး တစ်ခါတစ်ရံ ပိုကြာတတ်သည်။ ထိုသို့ စောင့်ဆိုင်းနေစဉ် သွားဘက်ဆိုင်ရာဆရာဝန်သည် ကော်စေး (သို့မဟုတ်) acrylic ဖြင့် ပြုလုပ်ထားသော ယာယီသွားစွပ်ကို တပ်ဆင်ပေးမည်။
ဒုတိယအကြိမ်

ဓာတ်ခွဲခန်းမှ သွားစွပ်အသစ် အဆင်သင့်ဖြစ်ပါက သွားဆရာဝန်ဆီသို့ ပြန်ပို့ပေးမည်။ ဒုတိယအကြိမ် လာရောက်သည့်အခါ သွားဘက်ဆိုင်ရာဆရာဝန်သည်

  • ယာယီသွားစွပ်ကို ဖယ်ရှားမည်
  • သွားစွပ်အသစ်၏ ပုံသဏ္ဌာန်၊ အရောင်နှင့် အံဝင်ခွင်ကျဖြစ်မှုကို စစ်ဆေးမည်
  • သွားကပ်ကော် (Dental cement) ကဲ့သို့ ခိုင်ခံ့သော ပစ္စည်းကို အသုံးပြု၍ သွားစွပ်အသစ်ကို သွားနှင့် ကပ်ပေးမည်ဖြစ်သည်။
ရရှိနိုင်သော အကျိုးကျေးဇူးများ

သွားအစွပ် တပ်ခြင်း၏ အကောင်းဆုံးအချက်မှာ သဘာဝသွား၏ သက်တမ်းကို ရှည်ကြာစေနိုင်ခြင်းဖြစ်သည်။ အထူးသဖြင့်

  • ပွန်းပဲ့နေသော၊ ကျိုးပဲ့နေသော သို့မဟုတ် ပျက်စီးနေသော သွားများကို ကာကွယ်ပေးသည်
  • သွားများကို ပွန်းပဲ့ခြင်း (ပွတ်တိုက်မှုနှင့် ပျက်စီးမှု) မှ ကာကွယ်ပေးနိုင်သည်
  • အစာဝါးစားနိုင်စွမ်းကို တိုးတက်စေသည်
  • မျက်နှာ အသွင်အပြင်ကို မြှင့်တင်ပေးသည်
  • ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ပါက (၅) နှစ်မှ (၁၅) နှစ်အထိခံသည်
အားနည်းချက်များနှင့် နောက်ဆက်တွဲဆိုးကျိုးများ
  • အားနည်းချက်အနေဖြင့် သဘာဝသွားကြွေလွှာအချို့ကို ဖယ်ရှားရန် လိုအပ်သည်
  • အထူးသဖြင့် တပ်ဆင်ပြီး ပထမဆုံး ရက်သတ္တပတ်အနည်းငယ်အတွင်း သွားနှင့်ခံတွင်း ထိခိုက်လွယ်နိုင်သည်
  • အချိန်ကြာလာသည်နှင့်အမျှ ကျိုးပဲ့ခြင်း သို့မဟုတ် ကွဲထွက်ခြင်း ဖြစ်နိုင်သည်
  • ကောင်းစွာ မတပ်ဆင်ပါက ဘက်တီးရီးယားပိုးများ ဝင်နိုင်ပြီး သွားစွပ်ပျက်စီးနိုင်သည်
  • အချို့လူများတွင် ရှားရှားပါးပါး ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သည်
  • ကုန်ကျစရိတ် များနိုင်သည်
လိုက်နာဆောင်ရွက်ရမည့်အချက်များ
  • လူအများစုသည် သွားစွပ်တပ်ဆင်ပြီးနောက် အလုပ်၊ ကျောင်းနှင့် အခြားပုံမှန်လှုပ်ရှားမှုများကို ချက်ချင်း ပြန်လည်လုပ်ဆောင်နိုင်သည်
  • သို့သော် ပုံမှန်အားဖြင့် ရက်အနည်းငယ်ကြာအထိ အစားစားသောအခါ ပူခြင်း အေးခြင်းများကို ပို၍ ခံစားရခြင်း၊ ကုသထားသောသွားပတ်လည်ရှိ သွားဖုံးများတွင် နာကျင်ခြင်းများရှိနိုင်ပြီး ရက်အနည်းငယ်အတွင်း ပျောက်သွားနိုင်သည်
  • နာကျင်မှုကို သက်သာစေရန် ဆေးဆိုင်မှ ဝယ်ယူနိုင်သော အကိုက်အခဲပျောက်ဆေးများ (ဥပမာ – Acetaminophen သို့မဟုတ် Ibuprofen) ကို သောက်သုံးနိုင်သည်
  • သွားစွပ်တပ်ပြီး နောက်ပိုင်းတွင် အလွန်မာကျောသော၊ ကြွပ်ဆတ်သော သို့မဟုတ် ဝါးရခက်သော အစားအစာများကို ရှောင်ပါ၊ ရှောင်သင့်သော အစားအစာများမှာ_
    • ရေခဲတုံးများ
    • အလွန်မာကျောသော အခွံမာသီးများ
    • ပေါက်ပေါက်ဆုပ်
    • ကာရာမဲလ်နှင့် ‌တော်ဖီကဲ့သို့ အလွန်စေးကပ်သော အစားအစာများစသည်တို့ဖြစ်သည်။
  • ဖလိုရိုက်ပါသော သွားတိုက်ဆေးနှင့် ပျော့ပျောင်းသော သွားတိုက်တံကို အသုံးပြု၍ တစ်နေ့လျှင် အနည်းဆုံး နှစ်ကြိမ် သွားတိုက်ပါ
  • တစ်နေ့လျှင် တစ်ကြိမ် သွားကြားပွတ်ကြိုး (floss) ကို အသုံးပြုပါ
  • သွားချေးနှင့် အန္တရာယ်ရှိသော ဘက်တီးရီးယားများကို တိုက်ဖျက်ရန် ပိုးသတ်ဆေးပါသော ခံတွင်းသန့်ဆေးကို အသုံးပြုပါ
  • မကြာခဏ သွားကြိတ်ခြင်း အလေ့အကျင့် ရှိပါက မိမိ၏ သွားဘက်ဆိုင်ရာဆရာဝန်နှင့်တိုင်ပင်ပါ
  • ပုံမှန် ခံတွင်းသန့်ရှင်းရေးနှင့် စစ်ဆေးမှုများ ပြုလုပ်ပါ
  • သွားစွပ် ကျွတ်ထွက်နေခြင်း၊ ခံတွင်းနံ့ဆိုးခြင်း သို့မဟုတ် ပါးစပ်အရသာမကောင်းခြင်း၊ သွားစွပ် အက်ကွဲခြင်း သို့မဟုတ် ကွဲထွက်ခြင်းများ ရှိခြင်း၊ လျှာ (သို့မဟုတ်) သွားဖုံးကို ထိခိုက်စေသော ချွန်ထက်သော သွားပဲ့ရာများရှိပါက သွားဆရာဝန်နှင့် ချက်ချင်းပြသသင့်သည်

References:

  1. Cleveland Clinic. (n.d.). Dental crowns. Retrieved May 27, 2025, from https://my.clevelandclinic.org/health/treatments/10923-dental-crowns
  2. WebMD. (n.d.). Dental crowns. Retrieved May 27, 2025, from https://www.webmd.com/oral-health/dental-crowns
  3. MedPark Hospital. (n.d.). Crown. Retrieved May 27, 2025, from https://www.medparkhospital.com/en-US/disease-and-treatment/crown
  4. Mayo Dental Clinic. (n.d.). Crowns – Restorative services. Retrieved May 27, 2025, from https://www.mayodentalclinic.com/services/restorative/crowns/

Published: 28 July 2025

Share

28 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.

See also
Hip Replacement Surgery (တင်ပါးဆုံဆစ်အစားထိုးခွဲစိတ်ကုသခြင်း)
Jul 5, 2025
Tests and Procedures

Hip Replacement Surgery (တင်ပါးဆုံဆစ်အစားထိုးခွဲစိတ်ကုသခြင်း)

တင်ပါးဆုံဆစ်အစားထိုးခွဲစိတ်ကုသခြင်းသည် တင်ပါးဆုံဆစ်အတွင်းရှိ...

Knee Replacement Surgery (ဒူးဆစ်အစားထိုးခွဲစိတ်ကုသခြင်း)
Jun 24, 2025
Tests and Procedures

Knee Replacement Surgery (ဒူးဆစ်အစားထိုးခွဲစိတ်ကုသခြင်း)

ဒူးဆစ်အစားထိုးခွဲစိတ်ကုသခြင်းဆိုသည်မှာ ဒူးဆစ်အတွင်းရှိ...

Discectomy (ခါးရိုးဆစ်အရိုးနုပြားခွဲစိတ်ဖယ်ထုတ်ခြင်း)
May 30, 2025
Tests and Procedures

Discectomy (ခါးရိုးဆစ်အရိုးနုပြားခွဲစိတ်ဖယ်ထုတ်ခြင်း)

ခါးရိုးတွင်း အာရုံကြောညပ်သည့် အခြေအနေတွင် ခံစားနေရသော ခြေလက် နာကျင်ခြင်း၊...