ရင်သားတစ်ခုလုံး ခွဲစိတ်ဖယ်ရှားခြင်း (Mastectomy) သည် ရင်သားတစ်ရှူးအားလုံးကို ခွဲစိတ်ဖယ်ရှားသည့် ကုသမှုနည်းလမ်းတစ်ခု ဖြစ်သည်။ ဤခွဲစိတ်မှုကို အဓိကအားဖြင့် ရင်သားကင်ဆာရှိသူများတွင် ကင်ဆာဆဲလ်များ ဆက်လက်ပျံ့နှံ့ခြင်းမှ ကာကွယ်ရန် သို့မဟုတ် ကင်ဆာအကျိတ်ကို ဖယ်ရှားရန် ပြုလုပ်လေ့ရှိသည်။ ထို့အပြင် မိသားစုရာဇဝင်တွင် ရင်သားကင်ဆာမျိုးရိုးဗီဇပြောင်းလဲမှုရှိသူများတွင်လည်း ရောဂါဖြစ်ပွားမှုကို ကာကွယ်ရန်ပြုလုပ်နိုင်သည်။ ခွဲစိတ်မှုအမျိုးအစားနှင့် လူနာအခြေအနေပေါ်မူတည်၍ နောက်ဆက်တွဲ ကုသမှုများ (ဓာတ်ရောင်ခြည်၊ ဟော်မုန်းကုထုံး) လိုအပ်နိုင်သည်။
ခွဲစိတ်မှုအမျိုးအစားများ
ကင်ဆာအမျိုးအစား၊ ကင်ဆာအဆင့်၊ လူနာ၏ ကျန်းမာရေးအခြေအနေနှင့် လူနာ၏ ရွေးချယ်မှုအပေါ် မူတည်ပြီး ခွဲစိတ်နည်းအမျိုးမျိုးရှိသည်။
- ရင်သားတစ်ရှူးများသာမက ရင်သားအရေပြား အများစုနှင့် နို့သီးခေါင်းကိုပါ ခွဲစိတ်ဖယ်ရှားခြင်း (Total/ Simple Mastectomy)
- ရင်သားတစ်ရှူးတစ်ခုလုံး၊ ရင်သားအရေပြားနှင့် နို့သီးခေါင်းအပြင် ရင်ဘတ်ကြွက်သား အပေါ်ယံအမြှေးပါးနှင့် ချိုင်းကြားရှိ ပြန်ရည်ကြောအကျိတ်များကိုပါ ခွဲစိတ်ဖယ်ရှားခြင်း (Modified Radical Mastectomy)
- ရင်သားတစ်ခုလုံး၊ နို့သီးခေါင်းနှင့်အတူ ရင်သားအရေပြား အနည်းငယ်ကိုသာ ခွဲစိတ်ဖယ်ရှားခြင်း (Skin-sparing Mastectomy) – ရင်သားကင်ဆာ ကနဦးအဆင့်ကဲ့သို့ အချို့ရောဂါအခြေအနေများတွင် အရေပြား (သို့မဟုတ်) နို့သီးခေါင်းကို မဖယ်ရှားဘဲ ထားရှိနိုင်သည်။
- နို့သီးခေါင်းနှင့် ရင်သားအရေပြားကိုချန်ကာ ရင်သားတစ်ခုလုံး ခွဲစိတ်ဖယ်ရှားခြင်း (Nipple-sparing Mastectomy) – နို့သီးခေါင်းနှင့် အရေပြားအောက်ရှိ ရင်သားတစ်ရှူးများတွင် ကင်ဆာဆဲလ်များ ရှိမရှိ ခွဲစိတ်နေချိန်အတွင်း အသားစစစ်ဆေး၍ ချက်ချင်းအဖြေထုတ်ရန် လိုအပ်သည်။
- ရင်သားနှစ်ဖက်လုံး ခွဲစိတ်ဖယ်ရှားခြင်း (Double Mastectomy) – ရင်သားကင်ဆာမျိုးရိုးဗီဇ ပါရှိသူများတွင် ရင်သားကင်ဆာကာကွယ်ရန် ခွဲစိတ်မှုဖြစ်သည်။
ရင်သားကင်ဆာရောဂါဖြစ်ပါက ရင်သားတစ်ခုလုံး ခွဲစိတ်ဖယ်ရှားခြင်းနှင့်အတူ အောက်ပါ ခွဲစိတ်မှုများ တွဲ၍ ပြုလုပ်သည်။
- နမူနာပြန်ရည်ကျိတ်ခွဲစိတ်ထုတ်ယူခြင်း (Sentinel Node Biopsy)
- ချိုင်းကြားရှိ ပြန်ရည်ကျိတ်များ ခွဲစိတ်ထုတ်ခြင်း (Axillary Node Dissection)
- ရင်သားပြန်လည်ပြုပြင်ခွဲစိတ်ခြင်း (Breast Reconstruction) စသည်တို့ ဖြစ်သည်။
ရင်သားပြန်လည်ပြုပြင်ခွဲစိတ်ခြင်းအား ရောဂါအခြေအနေအပေါ် မူတည်၍ ရင်သားတစ်ခုလုံး ခွဲစိတ်ဖယ်ရှားပြီး ချက်ချင်း (သို့မဟုတ်) အချိန်တစ်ခုအကြာတွင် ခွဲစိတ်ပြုပြင်နိုင်သည်။ ထို့ကြောင့် ခွဲစိတ်မှုမပြုလုပ်မီ
- ရင်သားပြန်လည်ပြုပြင်ခွဲစိတ်ရန် သင့်မသင့်
- ပြန်လည်ပြုပြင်ခွဲစိတ်သင့်သည့်အချိန် နှင့်
- ပလတ်စတစ်ဆာဂျင် (Plastic Surgeon) နှင့် ပြသရန် လိုမလို စသည့်အချက်များအား ခွဲစိတ်ဆရာဝန်နှင့် ကြိုတင်ဆွေးနွေးထားသင့်သည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့် အခြေအနေများ
- ရင်သားကင်ဆာ ကနဦးအဆင့်များ
- ရင်သားအရွယ်နှင့် နှိုင်းယှဥ်ပါက ရင်သားကင်ဆာအကျိတ် အရွယ်အစားကြီးခြင်း
- ရင်သားအစိတ်အပိုင်း တစ်ပိုင်းထက်ပို၍ ကင်ဆာအကျိတ်တည်နေခြင်း
- ရင်သားဓာတ်ရောင်ခြည်ပြရန် မသင့်တော်သူများ (ဥပမာ – ကိုယ်ဝန်ဆောင်များ)
- ရင်သားကင်ဆာမျိုးရိုးဗီဇ ပါရှိသူများတွင် ကင်ဆာမဖြစ်မီ ကြိုတင်ကာကွယ်ခြင်း
ကြိုတင်သိရှိထားရမည့် အချက်များ
ခွဲစိတ်ဆရာဝန်သည် ရောဂါအကြောင်းအသေးစိတ်နှင့် ခွဲစိတ်မှုအကြောင်းကို မခွဲစိတ်မီ သေချာစွာရှင်းပြမည် ဖြစ်သည်။
ရင်သားတစ်ခုလုံး ခွဲစိတ်ဖယ်ရှားခြင်းသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများစွာ ဖြစ်စေနိုင်သောကြောင့် အောက်ပါ အကြံပြု ပံ့ပိုးမှုများ လိုအပ်သည်။
- ခွဲစိတ်မှုနှင့် ရင်သားဆုံးရှုံးမည့် ကြောက်ရွံ့ဝမ်းနည်းမှု၊ ကိုယ်ခန္ဓာပုံသဏ္ဍာန်ပြောင်းလဲမှုဆိုင်ရာ စိုးရိမ်မှုများကို ဖော်ထုတ်ဆွေးနွေးခြင်း
- ဆုံးဖြတ်ချက်ချရာတွင် အကူအညီပေးခြင်း
- ခွဲစိတ်ပြီးနောက် ဖြစ်လာနိုင်သော ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို ကြိုတင်အသိပေးခြင်း နှင့် ခွဲစိတ်ပြီးနောက် နာလန်ထူမှုနှင့် နေ့စဥ်လူမှုဘဝအတွက် ကြိုတင်ပြင်ဆင်ပေးခြင်း စသည်တို့ကို အကြံပြု ပံ့ပိုးမှုများ ပြုလုပ်မည်ဖြစ်သည်။
ထို့နောက် ခွဲစိတ်မှုဒဏ် ခံနိုင်ရည်ရှိအောင် အောက်ပါအတိုင်း ပြင်ဆင်မည် ဖြစ်သည်။
- လိုအပ်သော သွေးစစ်ဆေးမှု၊ ဓာတ်မှန်ရိုက်စစ်ဆေးမှုများ ပြုလုပ်ခြင်း
- ခွဲစိတ်မှုအကြောင်း၊ အသုံးပြုမည့် မေ့ဆေး၊ ထုံဆေး၊ အိပ်ဆေးများ အကြောင်းနှင့် ၄င်းတို့၏ ကောင်းကျိုး၊ ဆိုးကျိုး၊ နောက်ဆက်တွဲအန္တရာယ်များကို သေချာရှင်းပြပြီး ခွဲစိတ်ရန် သဘောတူညီချက်ကို တောင်းခံခြင်း
- ခွဲစိတ်မည့် နေ့၊ အချိန်၊ ရက်ချိန်း စီစဥ်ခြင်း
- ခွဲစိတ်စဥ် ဆိုးကျိုးအန္တရာယ်ဖြစ်ပွားမှု နည်းစေရန် ဆေးလိပ်ဖြတ်ရန်၊ အစာဖြတ်ရန် ညွှန်ကြားခြင်း
- စွဲသောက်နေသော သောက်ဆေးများကို ထိန်းညှိခြင်း (ဥပမာ – သွေးကျဲဆေး၊ သွေးမခဲဆေး စသည့် အချို့ဆေးဝါးများ သောက်သုံးခြင်းကို ယာယီ ရပ်ထားရန် လိုအပ်ခြင်း) စသည်တို့ကို ပြုလုပ်မည်ဖြစ်သည်
ရင်သားတစ်ခုလုံး ခွဲစိတ်ဖယ်ရှားခြင်းသည် အကြီးစားခွဲစိတ်ကုသမှုဖြစ်ပြီး တစ်ညအိပ်ဆေးရုံတက်ရန် လိုအပ်နိုင်သည်။
ခွဲစိတ်ကုသမှု အဆင့်ဆင့်
မခွဲစိတ်မီ
ဆရာဝန်မှ အောက်ပါအကြောင်းအရာများကို မေးမြန်းမည်ဖြစ်သည်။
- လက်ရှိသောက်သုံးနေသော ဆေးဝါးများ
- မတည့်သော ဆေးဝါးများ
- ဓာတ်မတည့်ခြင်းများ – အထူးသဖြင့် ဆေးခန်းသုံး လက်အိတ်များတွင် ပါဝင်သော Latex ရာဘာနှင့် ဓာတ်မတည့်ခြင်း
- လက်ရှိကျန်းမာရေးအခြေအနေ စသည်တို့ဖြစ်သည်။
ထို့နောက်
- လက်မောင်းသွေးကြောမှတစ်ဆင့် လိုအပ်သော ဆေးရည်များ ထိုးပေးခြင်း
- မေ့ဆေးပေးခြင်း
- အနာပိုးဝင်ခြင်းကို ကာကွယ်ရန် သင့်တော်သော ပဋိဇီဝပိုးသတ်ဆေးများ ထိုးခြင်း
- နမူနာပြန်ရည်ကျိတ်ခွဲစိတ်ထုတ်ခြင်း (Sentinel node biopsy) ပြုလုပ်ရန် လိုအပ်ပါက ရေဒီယိုသတ္တိကြွဓာတ်အနည်းငယ်ရှိသော ဆေးရည် (Mild radioactive tracer) (သို့မဟုတ်) ရောင်ခြယ်ဆေးတစ်မျိုး (ဥပမာ – Blue dye) ကို ရင်သားအကျိတ်အနီး ထိုးပေးခြင်း
ခွဲစိတ်စဥ်
ခွဲစိတ်မှုသည် တစ်နာရီမှ သုံးနာရီအထိ ကြာမြင့်နိုင်သည်။ ရင်သား ပြန်လည်ပြုပြင်ခွဲစိတ်မှု ပါဝင်ပါက အချိန်ပိုမိုကြာမြင့်နိုင်သည်။
- ခွဲစိတ်နည်းအလိုက် ရင်သားအရေပြားပေါ်တွင် လိုအပ်သကဲ့သို့ ခွဲကြောင်းပေးကာ ရင်သားတစ်ခုလုံး ခွဲစိတ်ဖယ်ရှားသည်
- လိုအပ်ပါက ပြန်ရည်ကျိတ်များ ခွဲစိတ်ဖယ်ထုတ်ခြင်း (သို့မဟုတ်) နမူနာ ပြန်ရည်ကျိတ် ခွဲစိတ်ထုတ်ယူခြင်း စသည်တို့ ပြုလုပ်သည်
- ထုတ်ယူထားသော နမူနာ ပြန်ရည်ကျိတ်အသားစနမူနာကို ချက်ချင်း အေးခဲပြီး ပါးလွှာသော အလွှာများအဖြစ် ဖြတ်ယူကာ အဏုကြည့်မှန်ပြောင်းအောက်တွင် အမြန်ဆုံး ကြည့်ရှုစစ်ဆေးခြင်း (Frozen Section) ပြုလုပ်နိုင်သည်၊ ကင်ဆာဆဲလ်များ ပျံ့နှံ့မှု ရှိမရှိ အမြန်ဆုံး သိရှိနိုင်ပြီး ခွဲစိတ်နေစဥ် ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ချက်ချင်း ဆုံးဖြတ်ရသည့် အခြေအနေများတွင် အထောက်အကူပြုသည်
- ရင်သားဖယ်ရှားပြီး ကျန်ရှိသော နေရာတွင် စုလာနိုင်သော မန်းရည်၊ သွေးရည်များကို ထုတ်ယူရန် သေးငယ်သော အရည်ထုတ် ပြွန်ငယ် တစ်ခု (သို့မဟုတ်) နှစ်ခု ထည့်ပြီး အရေပြားတွင် ချုပ်တွယ်ထားမည်
- ထို့နောက် ခွဲစိတ်အနာကို ပြန်ပိတ်ချုပ်သည်။
ခွဲစိတ်ပြီးနောက်
- ခွဲစိတ်ပြီးချိန်တွင် သွေးခုန်နှုန်း၊ သွေးဖိအား၊ အသက်ရှူနှုန်း၊ သွေးတွင်းအောက်ဆီဂျင် ရာခိုင်နှုန်း စသည်တို့ကို စိတ်ချရသည်အထိ စောင့်ကြည့်တိုင်းတာမည်ဖြစ်သည်။
- လူနာ မေ့ဆေးမှ ကောင်းစွာ ပြန်နိုးလာပါက
- လက်တွင် ဆေးရည်သွင်းထားသော ပိုက်များ
- ခွဲစိတ်ဒဏ်ရာအနီး ထည့်ထားသော အရည်ထုတ်ပြွန်ငယ်များနှင့်
- ခွဲစိတ်ဒဏ်ရာပေါ် ကပ်ထားသော အနာကပ်ပလာစတာများ စသည်တို့ကို သတိပြုမိမည်။
- အနာသက်သာဆေးများ၊ ပိုးသတ်ဆေးများကို လိုအပ်သည့်အတိုင်း ပေးထားမည်။
- မေ့ဆေးအရှိန်ပြယ်ပြီး စောင့်ကြည့်မှုများ စိတ်ချရသည့်အခါမှ လူနာအခန်းသို့ ပြန်ပို့ပေးပြီး အကိုက်အခဲပျောက်ဆေးများ၊ ပိုးသတ်ဆေးများ၊ ဆေးရည်များသွင်းပြီး ဆက်လက်ကုသမည်။
- နာလန်ထမြန်ရန် လေ့ကျင့်ခန်းများ ပြုလုပ်ရမည်။ ဥပမာ – ခွဲစိတ်ပြီး သတိကောင်းစွာ ပြန်ရချိန်တွင် လမ်းလျှောက်ပေးခြင်း၊ ပခုံးလေ့ကျင့်ခန်းပြုလုပ်ခြင်း
- ဆေးရုံမဆင်းမီ ခွဲစိတ်အနာ နှင့် အရည်ထုတ်ပြွန်များကို ဂရုစိုက်ထိန်းသိမ်းသည့် နည်းလမ်းများ သင်ကြားပေးမည်ဖြစ်ပြီး စနစ်တကျ လိုက်နာဆောင်ရွက်ရမည်။
နောက်ဆက်တွဲဆိုးကျိုးများ
ရင်သားတစ်ခုလုံး ခွဲစိတ်ဖယ်ရှားခြင်းသည် နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေနည်းပါးသော်လည်း အောက်ဖော်ပြပါ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်နိုင်သည်။
အကြီးစားခွဲစိတ်မှုတိုင်းတွင် ဖြစ်နိုင်သော ပြဿနာများမှာ
- အနာရင်းခြင်း၊ အနာပိုးဝင်ခြင်း (Wound infection)
- ခွဲစိတ်ပြီးနောက် ဒဏ်ရာမှ သွေးပြန်ထွက်ခြင်း (Wound bleeding)
- မေ့ဆေးအသုံးပြုခြင်းကြောင့် ဖြစ်နိုင်သောဆိုးကျိုးများ (ဥပမာ – အဆုတ်ရောင်ခြင်း) စသည်တို့ဖြစ်သည်။
ရင်သားခွဲစိတ်မှုကြောင့် ဖြစ်နိုင်သော ပြဿနာများမှာ
- အနာမန်းရည်စုခြင်း (Seroma formation)
- ရင်ဘတ်၊ ချိုင်းကြား၊ လက်မောင်းရင်းနှင့် ပခုံးအရေပြားများ ထုံကျဥ်ခြင်း
- ပခုံးဆစ် လှုပ်ရှားမရဖြစ်ခြင်း (ခွဲစိတ်ပြီး ပခုံးလေ့ကျင့်ခန်း မပြုလုပ်လျှင် ဖြစ်ပွားနိုင်သည်။)
- ချိုင်းတွင် မာခဲနေသော အမာရွတ်များ စမ်းမိခြင်း
- ခွဲစိတ်သည့် ရင်သားဘက်အခြမ်း လက်မောင်းတစ်လျှောက် ပြန်ရည်ကြောများ စီးဆင်းမှု မမှန်တော့သည့်အတွက် ရောင်ခြင်း၊ ဖောင်းခြင်း စသည်တို့ ဖြစ်နိုင်သည်။
လိုက်နာဆောင်ရွက်ရမည့်အချက်များ
- ခွဲစိတ်သည့် ဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ်မျှ ရင်ဘတ်နှင့် လက်မောင်းလှုပ်ရှားမှု ပြုလုပ်လျှင် နာကျင်နိုင်သည်။ ညွှန်ကြားသည့် အကိုက်အခဲပျောက်ဆေးများ ပုံမှန်သောက်ပြီး လက်မောင်းလေ့ကျင့်ခန်း ပြုလုပ်ရမည်
- အများအားဖြင့် လူနာသည် တစ်လခန့်အကြာတွင် ပုံမှန်နေထိုင် သွားလာမှုများ ပြန်လည်ပြုလုပ်လာနိုင်သည်
- အသားစအဖြေရရန် တစ်ပတ်ခန့် ကြာနိုင်ပြီး အဖြေအပေါ်မူတည်၍ လိုအပ်သည့် ကုထုံးများ ဆက်လက်ရယူရမည်
- ခွဲစိတ်ပြီး တစ်ပတ်အကြာတွင် ဆရာဝန်မှ ပြန်လည်စမ်းသပ်ရန် ချိန်းဆိုမည်
- ရက်ချိန်းမတိုင်မီ အထက်တွင် ဖော်ပြထားသည့် နောက်ဆက်တွဲပြဿနာများ ကြုံတွေ့လျှင် (အထူးသဖြင့် ခွဲစိတ်သည့်နေရာတွင် ဖောင်းခြင်း၊ ရောင်ခြင်း၊ ဖျားခြင်း) ချက်ချင်း ပြန်လည်ပြသရန် လိုအပ်သည်။
References:
- Mastectomy – Mayo Clinic. (n.d.). Retrieved April 10, 2025, from https://www.mayoclinic.org/tests-procedures/mastectomy/about/pac-20394670
- Website, N. Mastectomy. nhs.uk. Retrieved April 10, 2025, from https://www.nhs.uk/conditions/mastectomy/
- Professional, C. C. M. (2025). Mastectomy. Cleveland Clinic. Retrieved April 10, 2025, from https://my.clevelandclinic.org/health/procedures/21221-mastectomy
Published: 30 April 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.