သားဥအိမ် (Ovaries) သည် သားအိမ်၏ ဘေးတစ်ဖက်တစ်ချက်တွင် တည်ရှိသော ဗာဒံစေ့ပုံ အစိတ်အပိုင်းများဖြစ်ပြီး ယင်းတွင် သားဥ (မမျိုးဥ) များပါရှိသည်။ ထို့အပြင် သားဥအိမ်မှ ရာသီစက်ဝန်းကို ထိန်းသိမ်းပေးသည့် ဟော်မုန်းများ(အီစထရိုဂျင်၊ ပရိုဂျက်စတုန်းစသည်) ကိုလည်း ထုတ်လုပ်ပေးသည်။ ထိုသားဥအိမ်တစ်လုံး သို့မဟုတ် နှစ်လုံးစလုံး ခွဲစိတ်ဖြတ်ထုတ်ခြင်းကို သားဥအိမ်ထုတ်ခြင်းဟုခေါ်ဆိုသည်။ သားဥအိမ်ထုတ်ခြင်းအမျိုးအစားများမှာ –
- သားဥအိမ်တစ်ဖက်တည်းထုတ်ခြင်း (Unilateral Oophorectomy)
- သားဥအိမ်နှစ်ဖက်လုံးထုတ်ခြင်း (Bilateral Oophorectomy)
- သားဥအိမ်နှင့် သားဥပြွန်တစ်ပါတည်း ထုတ်ခြင်း (Salpingo-oophorectomy)
- သားအိမ်၊ သားအိမ်ခေါင်း၊ သားဥပြွန် နှင့် သားဥအိမ်အားလုံးကို ထုတ်ခြင်း (Hysterectomy with Salpingo-Oophorectomy) တို့ဖြစ်သည်။
သားဥအိမ်ကို ခွဲစိတ်ဖြတ်ထုတ်ခြင်းကို သားဖွားမီးယပ်အထူးကုဆရာဝန်မှ လုပ်ဆောင်ပြီး သင့်လျော်သော မေ့ဆေး သို့မဟုတ် ထုံဆေးအသုံးပြုရသည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
အောက်ပါအခြေအနေများတွင် ရောဂါကုသရန် သို့မဟုတ် ကာကွယ်ရန် သားဥအိမ်ထုတ်ရသည်။
- သားဥပြွန်နှင့် သားဥအိမ်တွင်ပြည်တည်ခြင်း (Tubo-ovarian abscess)
- သားအိမ်ပြင်ပတွင် သွေးလုံးဖြစ်ခြင်း (Endometriosis) _ သားအိမ်အတွင်းနံရံတစ်ရှူးနှင့် ဆင်တူသော တစ်ရှူးများ သားဥအိမ်တွင် အကြောင်းတစ်ခုခုကြောင့် ဖြစ်ပေါ်လာပြီး သွေးလုံးဖြစ်တည်လာခြင်း ဖြစ်သည်။
- ကင်ဆာမဟုတ်သော သားဥအိမ်အလုံးအကျိတ်၊ အရည်အိတ်များ (Non cancerous ovarian tumors or cysts) _ သားဥအိမ်အရည်အိတ်များသည် အညှာလိမ်ပြီး နာကျင်ခြင်း (Ovarian torsion)၊ ကြီးလာပြီး ပေါက်ကွဲထွက်ခြင်း (Ovarian cyst rupture) အစရှိသောနောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်နိုင်သည်။ သားဥအိမ်အရည်အိတ်ကို ခွဲထုတ်လိုက်ဖြင်းဖြင့် အဆိုပါပြဿနာများကို ကာကွယ်နိုင်မည်။
- သားဥအိမ်ကင်ဆာ (Ovarian cancer) _ သားဥအိမ်ကင်ဆာဖြစ်ပါက သားဥအိမ်ကို ခွဲစိတ်ဖြတ်ထုတ်ရသည်။
- ကင်ဆာဖြစ်နိုင်သောအန္တရာယ်ကို လျော့ကျစေလိုခြင်း (Reducing cancer risk) _ သားဥအိမ်ကင်ဆာ၊ ရင်သားကင်ဆာ ဖြစ်နိုင်ခြေများသောသူများတွင် သားဥအိမ်ကင်ဆာဖြစ်ခြင်းမှ ကာကွယ်ရန် သားဥအိမ်ကို ခွဲစိတ်ထုတ်ကြသည်။ တချို့သော သားဥအိမ်ကင်ဆာသည် သားဥအိမ်မှမဟုတ်ဘဲ သားဥပြွန်မှ စတင်သည်ဆိုသော သုသေသနတွေ့ရှိချက်များကြောင့် သားဥအိမ်နှင့်အတူ သားဥပြွန်များပါ တစ်ပါတည်း ထုတ်တတ်ကြသည်။
မပြုလုပ်သင့်သောအခြေအနေများ
အထက်ပါပြုလုပ်သင့်သောအကြောင်းအရာများမှလွဲ၍ မလိုအပ်ဘဲ သားဥအိမ်မထုတ်သင့်ပါ။
ကြိုတင်သိထားရမည့်အချက်များ
သားဥအိမ်မထုတ်မီ အောက်ပါအချက်များကို သိရှိထားရမည်။
- မိမိ၏ သားဖွားမီးယပ်အထူးကုဆရာဝန်ကို မိမိသောက်နေကျဆေးများ၊ ဗီတာမင်နှင့် ဖြည့်စွက်ဆေးများ၊ မတည့်သောဆေးများရှိပါက ကြိုတင်ပြောပြရမည်
- အကယ်၍ သွေးကျဲဆေးများ (Aspirin or other blood-thinning medicines) သောက်သုံးနေပါက ဆရာဝန်ညွှန်ကြားချက်အတိုင်း ခွဲစိတ်မှုမတိုင်မီ (၇)ရက် ကြိုတင်၍ ရပ်ထားရမည်
- သွေးနှင့် ဆီးစစ်ဆေးခြင်း၊ အာထရာဆောင်းရိုက်ခြင်း၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်း အစရှိသောခွဲစိတ်မှုအတွက် လိုအပ်သော ကျန်းမာရေးဆေးစစ်မှုများ၊ ရောဂါရှာဖွေမှုများကို လုပ်ဆောင်ရမည်
- သားဥအိမ်နှစ်လုံးစလုံးမထုတ်မီ သားသမီးရယူလိုသောရည်မှန်းချက်များရှိပါက သားဖွားမီးယပ်အထူးကုဆရာဝန်၊ မျိုးပွါးမှုဆိုင်ရာအထူးကုဆရာဝန်များနှင့် သေချာစွာ တိုင်ပင်ဆွေးနွေးရမည် (ဥပမာအနေဖြင့် သားဥအိမ်နှစ်လုံးစလုံးထုတ်ရမည့် အကြောင်းအရာရှိနေပြီး သားသမီးရယူလိုသောဆန္ဒလည်းရှိနေပါက သားဥ သို့မဟုတ် မမျိုးဥများကို သိမ်းထားလိုခြင်း)
- သားဥအိမ်တစ်လုံးသာထုတ်ပါက ကျန်သောသားဥအိမ်တစ်လုံးမှ ပုံမှန်ဟော်မုန်းများထုတ်ပေးနေမည် ဖြစ်သောကြောင့် သားအိမ်ရှိပါက ရာသီသွေးပေါ်ခြင်း ဆက်လက်ဖြစ်ပေါ်နေမည်။ မီးယပ်သွေးဆုံးခြင်း လက္ခဏာများ မခံစားရပါ
- မှန်ပြောင်းဖြင့် သားဥအိမ်ထုတ်ပါက (Laparoscopic oophorectomy) နေ့ချင်းပြီးခွဲစိတ်မှု ပြုလုပ်နိုင်သဖြင့် ဆေးရုံတွင် ညအိပ်ရန်မလိုပါ၊ ဝမ်းဗိုက်တွင် ခွဲကြောင်းရာပေးပြီး သားဥအိမ်ထုတ်ပါက (Laparotomy and oophorectomy) ဆေးရုံတွင် ရက်အနည်းငယ် နေရမည်။
ကုသပုံအဆင့်ဆင့်
- ခွဲစိတ်ရန် မေ့ဆေး သို့မဟုတ် ထုံဆေးပေးပြီးနောက် ခွဲစိတ်သည့်အခါ ဆီးအိမ်ထဲ ဆီးလက်ကျန် မရှိအောင် ဆီးပိုက်ထည့်မည်၊ ဆီးပိုက်ကို ခွဲစိတ်ပြီး နာရီအနည်းငယ်ကြာသည်အထိ ဆက်လက်ထားရှိမည်
- ထို့နောက် မိမိ၏ဝမ်းဗိုက်ကို ပိုးသတ်ဆေးရည်ဖြင့် သေချာစွာဆေးကြောပြီး သားဥအိမ်ထုတ်ရန် ခွဲစိတ်မှု စတင်မည်
သားဥအိမ်ထုတ်ခြင်း နည်းလမ်းများ
သားဥအိမ်ကို ခွဲစိတ်ထုတ်နိုင်သော နည်းလမ်းအမျိုးမျိုးရှိသည်။
- မှန်ပြောင်းဖြင့် သားဥအိမ်ကို ခွဲစိတ်ထုတ်ခြင်း (Laparoscopic oophorectomy) _
ချက်နှင့် ဝမ်းဗိုက်တွင် ခွဲကြောင်းရာအသေးများပေး၍ မှန်ပြောင်းနှင့် တခြားသောခွဲစိတ်ကိရိယာများ ထည့်ပြီး အမြင်ရှင်းလင်းစွာဖြင့် သားဥအိမ်ကို ခွဲစိတ်ဖြတ်ထုတ်သည်။ ခွဲစိတ်ဖြတ်ထားသော သားဥအိမ်ကို ဝမ်းဗိုက်အပေါက်ငယ်များမှတစ်ဆင့် ဖြတ်ထုတ်၍သော်လည်းကောင်း ဝမ်းဗိုက်ခွဲကြောင်းရာအနည်းငယ်ချဲ့၍ (၁-၂ စင်တီမီတာ) သော်လည်းကောင်း ထုတ်သည်။ ဝမ်းဗိုက်တွင်ခွဲကြောင်းရာပေး၍ သားဥအိမ်ထုတ်ခြင်းထက် နာလန်ထချိန်မြန်၍ အနာသက်သာသည်။ ဤမှန်ပြောင်းဖြင့် ခွဲစိတ်ထုတ်ခြင်းကို စက်ရုပ်အသုံးပြု၍ (စက်ရုပ်၏ လက်များကို ထိန်း၍) လည်းပြုလုပ်နိုင်သည်။ (Robotic-assisted laparoscopic oophorectomy) - ယောနိလမ်းကြောင်းမှ သားဥအိမ်ကို ခွဲစိတ်ထုတ်ခြင်း (Vaginal oophorectomy) _ ဝမ်းဗိုက်တွင် ခွဲကြောင်းရာမရှိဘဲ ယောနိလမ်းကြောင်းမှ သားဥအိမ်ကို ခွဲစိတ်ထုတ်ခြင်းဖြစ်သည်။ ခွဲစိတ်ခြင်းကြောင့် ဖြစ်နိုင်သော အန္တရာယ်အနည်းဆုံးဖြစ်ပြီး မြန်မြန်နာလန်ထူနိုင်သည်။ ယောနိလမ်းကြောင်းမှ သားအိမ်ထုတ်ခြင်း (Vaginal hysterectomy) နှင့်အတူ သားဥအိမ်ပါ တစ်ပါတည်းထုတ်နိုင်သည်။
- ဝမ်းဗိုက်တွင် ခွဲကြောင်းရာပေး၍ သားဥအိမ်ကို ခွဲစိတ်ထုတ်ခြင်း (Laparotomy and oophorectomy) _ ဝမ်းဗိုက်အောက်ပိုင်းဆီးခုံအထက်တွင် အလျားလိုက်ဖြစ်စေ၊ ဒေါင်လိုက်ဖြစ်စေ ခွဲကြောင်းရာပေး၍ သားဥအိမ်ကို ခွဲစိတ်ဖြတ်ထုတ်ခြင်းဖြစ်သည်။ ကင်ဆာကြောင့်ခွဲစိတ်ရခြင်း၊ အလွန်ကြီးသောသားဥအိမ်ကို ခွဲစိတ်ထုတ်ခြင်းတို့တွင် ဤနည်းကိုအသုံးပြုသည်။ ဆေးရုံတွင် (၁) ရက် မှ (၃) ရက်ထိနေရပြီး မှန်ပြောင်းဖြင့် ခွဲစိတ်ထုတ်ခြင်းထက် နာလန်ထချိန် ပိုကြာသည်။
ခွဲစိတ်ပြီးနောက်
ကျန်းမာရေးစောင့်ရှောက်သူများမှ
- နာကျင်ခြင်း သက်သာစေရန် ဆေးများပေးခြင်း
- ခွဲစိတ်ပြီးနောက်နေ့တွင် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ရန်၊ ရေသောက်ရန်၊ အစာစားရန် တိုက်တွန်းအားပေးခြင်း
- နောက်ဆက်တွဲဆိုးကျိုးများကို သေချာစွာ စောင့်ကြည့်ပေးခြင်း စသည်တို့ကို ပြုလုပ်ပေးသည်။
သားဥအိမ်ထုတ်သည့် နည်းလမ်းပေါ်မူတည်၍ နေ့ချင်းပြီးခွဲစိတ်နိုင်သလို ဆေးရုံတွင် (၁) ရက်မှ (၃) ရက်ထိ နေရနိုင်သည်။ မမျှော်လင့်ဘဲ နောက်ဆက်တွဲဆိုးကျိုးများရှိပါက ထို့ထက်ပို၍ နေရနိုင်သည်။
နောက်ဆက်တွဲဆိုးကျိုးများ
- သားဥအိမ်ထုတ်ခြင်းသည် ယေဘုယျအားဖြင့် အန္တရာယ်ကင်းသောခွဲစိတ်မှုဖြစ်သည်။ သို့သော် ခွဲစိတ်မှုတိုင်းတွင် အန္တရာယ်အနည်းနှင့်အများ ရှိတတ်သည်။
- သွေးထွက်များခြင်း
- သားဥအိမ်အနီးအနားရှိ အခြားသောအင်္ဂါများထိခိုက်မိခြင်း
- သားဥအိမ်နှစ်လုံးစလုံးထုတ်လိုက်ပါက သဘာဝအတိုင်းသားသမီးမရနိုင်တော့ခြင်း
- ရောဂါပိုးဝင်ခြင်း
- သားဥအိမ်အသားအနည်းငယ်ကျန်ရစ်ခဲ့လျှင် ဓမ္မတာနာကျင်ခြင်း၊ တင်ပါးဆုံရိုးကွင်းအတွင်း နာကျင်ခြင်း (pelvic pain) များဆက်ရှိနိုင်ခြင်း (ovarian remnant syndrome)
- သားဥအိမ်ကင်ဆာအလုံးကို ခွဲစိတ်ထုတ်စဥ် ပေါက်သွားပါက ကင်ဆာဆဲလ်များ ပျံ့နှံ့နိုင်ခြင်း အစရှိသော နောက်ဆက်တွဲဆိုးကျိုးများရှိနိုင်သည်။
- သားဥအိမ်နှစ်လုံးစလုံးထုတ်ပြီးနောက် မီးယပ်သွေးဆုံးခြင်း
သားဥအိမ်နှစ်လုံးစလုံးထုတ်လိုက်ပါက သားဥအိမ်မှ ထုတ်ပေးသော အီစတိုဂျင်နှင့် ပရိုဂျက်စတိုဂျင် ဟော်မုန်းများမရရှိနိုင်တော့ခြင်းကြောင့် မီးယပ်သွေးဆုံးခြင်းလက္ခဏာများ စတင်ဖြစ်ပေါ်လာသည်။- ခန္ဓာကိုယ်တွင်းအနှံ့ ပူလောင်မှုကို ခံစားရခြင်း၊ အသားအရောင်များနီလာခြင်း
- ညဘက်တွင် ချွေးပြန်ခြင်း အထူးသဖြင့် လည်ပင်း၊ ရင်ဘတ်အထက်ပိုင်းနှင့် ဝမ်းဗိုက်များတွင် ချွေးပြန်ခြင်း
- ယောနိလမ်းကြောင်းများ ခြောက်သွေ့ခြင်းများကြောင့် လိင်ဆက်ဆံချိန်တွင် မသက်မသာ ခံစားရခြင်း၊ လိင်စိတ်နည်းလာခြင်း
- ဆီးမထိန်းနိုင်ခြင်း၊ ဆီးသွားသည့်အကြိမ်များလာခြင်း၊ ဆီးသွားချိန်ပူလောင်ခြင်း
- ညဘက်တွင်ကောင်းစွာ မအိပ်စက်နိုင်ခြင်း၊ အိပ်မပျော်ခြင်း
- စိတ်ခံစားမှု အခြေအနေ အပြောင်းအလဲမြန်ခြင်း၊ စိတ်တက်လွယ်ကျလွယ်ပြီး စိုးရိမ်စိတ် များလာခြင်း၊ စိတ်အာရုံပျံ့လွင့်မှုများလာခြင်း
- အရိုး၏သိပ်သည်းဆ လျင်မြန်စွာ ကျဆင်းလာခြင်းကြောင့် အရိုးများ၏ ကြံ့ခိုင်မှုအားနည်းလာပြီး အရိုးပွလာခြင်း၊ ကြွပ်ဆတ်လာခြင်း
- နှလုံး၊ သွေးကြောနှင့် ပတ်သက်သော ရောဂါများဖြစ်နိုင်ခြေများလာခြင်း
- မှတ်ဉာဏ်စွမ်းအားလျော့လာခြင်း
- အသက် (၄၅) နှစ်မတိုင်မီ သားဥအိမ်နှစ်လုံးစလုံးထုတ်လိုက်လျှင် စောစီးစွာမီးယပ်သွေးဆုံးခြင်း ဖြစ်ပေါ်နိုင်သဖြင့် သားဖွားမီးယပ်အထူးကုဆရာဝန်များနှင့် သေချာဆွေးနွေးတိုင်ပင်ပြီး ဟော်မုန်းပမာဏအနည်းငယ်ပေး၍ မီးယပ်သွေးဆုံးခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများကို လျှော့ချနိုင်သည်။
လိုက်နာဆောင်ရွက်ရမည့်အချက်များ
- သားဥအိမ်နှစ်လုံးစလုံးထုတ်ပါက မီးယပ်သွေးဆုံးသောလက္ခဏာများ ဖြစ်ပေါ်ခံစားရမည်ဖြစ်၍ သင့်တော်သော ဟော်မုန်း သို့မဟုတ် ဟော်မုန်းမပါသောဆေးများ လိုအပ်လျှင် သောက်သုံးရမည်။
- နာလန်ထကာလသည် ခွဲစိတ်သည့်နည်းလမ်း၊ ခွဲစိတ်ရသည့် အကြောင်းခြင်းရာ၊ အသက်အရွယ်ပေါ်တွင် မူတည်၍ တစ်ယောက်နှင့်တစ်ယောက် မတူညီပါ။ တချို့သောအလုပ်များကို အနည်းဆုံးနှစ်ပတ် ရှောင်ကြဥ်ရန်လိုသည်။ မှန်ပြောင်းဖြင့်ခွဲစိတ်ခြင်းမဟုတ်ပါက ပုံမှန်လုပ်ငန်းခွင်ပြန်ဝင်ရန် ခြောက်ပတ်ထိ ကြာနိုင်သည်။ ခွဲစိတ်ပြီးနောက် အနည်းဆုံး (၂) ပတ်ခန့် ဆင်ခြင်ရမည့်လုပ်ဆောင်မှုများမှာ အောက်ပါအတိုင်း ဖြစ်သည်။
- လေ့ကျင့်ခန်းမပြုလုပ်ရပါ (လမ်းလျှောက်၍ ရသည်)
- အလေးအပင်မ၍ မရပါ
- လိင်ဆက်ဆံမှုမပြုရပါ
- သန့်ရှင်းသော ဂွမ်းထုပ် (Pad)ကို အသုံးပြုပါ၊ ဂွမ်းခြောက်တောင့် (Tampon)ကို မသုံးရ .
- ရေချိုး၍ ရသည်၊ ရေမစိမ်ရပါ
- ခွဲကြောင်းရာကို သန့်ရှင်းခြောက်သွေ့အောင်ထားပါ
- ညွှန်ကြားသည့်အတိုင်း အနာသက်သာဆေး၊ ပိုးသတ်ဆေးများသောက်သုံးပါ
- ခွဲစိတ်ပြီးစကာလတွင် မိသားစု သူငယ်ချင်းများအကူအညီယူပါ
- ကားမမောင်းရပါ (တချို့သောအနာသက်သာဆေးများသည် ငိုက်မြည်းတတ်၍ ကားမောင်းခြင်းကို အန္တရာယ်ဖြစ်စေသည်)
- ခွဲစိတ်ပြီးနောက် အောက်ပါလက္ခဏာများဖြစ်ပေါ်ခံစားရလျှင် သားဖွားမီးယပ်အထူးကုဆရာဝန်နှင့် ချက်ချင်းပြန်ပြရန်လိုသည်။
- ခွဲကြောင်းရာတစ်လျှောက် ရောင်ရမ်းခြင်း၊ နီရဲခြင်း၊ ပြည်ထွက်ခြင်း၊ အရည်ထွက်ခြင်း
- တင်ပါးဆုံရိုးကွင်းအတွင်းနာကျင်ခြင်း
- ခြေသလုံးရောင်ရမ်းခြင်း၊ နာကျင်ခြင်း (သွေးကြောပိတ်သွေးခဲသောလက္ခဏာများခံစားရခြင်း)
- ပျို့ခြင်း၊ အန်ခြင်း
- ဖျားခြင်း၊ ချမ်းတုန်ခြင်း
- ဆီးသွားလျှင်နာကျင်ခြင်း
- မိန်းမကိုယ်မှ အနံ့နံသောအရည်များဆင်းခြင်း စသည်တို့ဖြစ်လျှင် ဆရာဝန်နှင့်ပြန်လည်ပြသတိုင်ပင်ပါ။
References:
- Oophorectomy (ovary removal surgery) – Mayo Clinic. (n.d.). Retrieved March 30, 2025, from https://www.mayoclinic.org/tests-procedures/oophorectomy/about/pac-20385030
- Professional, C. C. M. (2025). Oophorectomy. Cleveland Clinic. Retrieved March 30, 2025, from https://my.clevelandclinic.org/health/treatments/17800-oophorectomy
Published: 23 April 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.