Bone Scan (ဆေးသွင်းအရိုးဓာတ်မှန်ရိုက်ခြင်း)

Bone Scan (ဆေးသွင်းအရိုးဓာတ်မှန်ရိုက်ခြင်း)

ဆေးသွင်းအရိုးဓာတ်မှန်ရိုက်ခြင်းဆိုသည်မှာ အရိုးနှင့်ဆိုင်သော ရောဂါများ၊ ထိခိုက်မှုများ သို့မဟုတ် အရိုးဇီဝကမ္မပြောင်းလဲမှုများကို စစ်ဆေးရန် အသုံးပြုသည့် ဓာတ်မှန်ရိုက်နည်းတစ်မျိုးဖြစ်သည်။ ရေဒီယိုသတ္တိကြွဆေးအနည်းငယ်ကို ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းပေးချိန်တွင် ပုံမှန်မဟုတ်သော ဆဲလ်များရှိသည့် အရိုးနေရာတွင် ထိုရေဒီယိုသတ္တိကြွဆေးများ သွားရောက်စုပုံတတ်ကြသည်။ ၎င်းကို အထူးပြုလုပ်ထားသော ကင်မရာဖြင့် ရိုက်ကူးပုံရိပ်ဖော်ကာ အဖြေပြန်လည်ထုတ်ပေးခြင်းဖြစ်သည်။ ဤစမ်းသပ်စစ်ဆေးမှုသည် နာကျင်မှုမရှိဘဲ လူအများစုအတွက် ဘေးကင်းလုံခြုံသော စစ်ဆေးမှုဖြစ်သည်။

Bone scan image 1
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

ဆေးသွင်းအရိုးဓာတ်မှန်ရိုက်ရန်လိုအပ်သူများ
အရိုးနာကျင်မှုခံစားနေရပြီး ရောဂါရှာဖွေ၍မရသောလူနာများအား ဆေးသွင်းအရိုးဓာတ်မှန်ရိုက်ရန် လိုအပ်သည်။ ဆေးသွင်းအရိုးဓာတ်မှန်ရိုက်ရန်လိုအပ်သူများမှာ_

  • အကြောင်းရင်းမသိဘဲ အရိုးနာကျင်ခြင်းခံစားနေရသူများ
  • ပုံမှန်ဓာတ်မှန်တွင် မမြင်ရနိုင်သော အရိုးကျိုးခြင်းသံသယရှိသူများ
  • အဆစ်ရောင်ရောဂါ ခံစားရသူများ
  • အရိုးအဆစ်တွင် ပိုးဝင်သူများ
  • အရိုး ဇီဝကမ္မပြောင်းလဲမှု၊ သွေးစီးဆင်းမှုဆိုင်ရာ ရောဂါအခြေအနေများကို သံသယရှိခြင်း
  • အခြား စစ်ဆေးမှုများဖြင့်မသိရှိနိုင်သည့် အရိုးသဘောသဘာဝ ပြောင်းလဲမှုများကိုရှာဖွေခြင်း
  • အရိုးကင်ဆာခံစားနေရသူများ
  • အခြားကင်ဆာရောဂါခံစားနေရသူများအတွက် အရိုးသို့ပျံ့နှံမှု ရှိမရှိ သိရှိရန်နှင့် ကင်ဆာအဆင့်သတ်မှတ်ရန်
ကြိုတင်သိရှိထားရမည့်အချက်များ

ယေဘုယျအားဖြင့် ဆေးသွင်းအရိုးဓာတ်မှန်ရိုက်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများစွာ မလိုအပ်ပါ။ ပုံမှန်အတိုင်း စားသောက်၍ရသည်။ သောက်နေကျဆေးများကို ဆရာဝန်မှ ရပ်နားထားရန် ညွှန်ကြားခြင်းမရှိလျှင် ဆက်၍သောက်နိုင်သည်။ စမ်းသပ်မည့်နေ့တွင် သတ္တုကြယ်သီး၊ ဇစ်တို့မပါသည့် ပေါ့ပါးလွတ်လပ်သော အဝတ်အစားကို ဝတ်ဆင်ပါ။ လက်ဝတ်ရတနာများ ဝတ်ဆင်ခြင်းမပြုရ။ ဆေးမတည့်မှုများ၊ အဆစ်အစားထိုးထားသူများ၊ သွားတုတပ်ဆင်ထားသူများ၊ နှလုံးစက်တပ်ဆင်သူများသည် သက်ဆိုင်ရာဆရာဝန်ကို ကြိုတင်အသိပေးရမည်။ ကိုယ်ဝန်ဆောင်မိခင်များနှင့် မိခင်နို့တိုက်ကျွေးနေသူများတွင် ကလေးအတွက် ဓာတ်ရောင်ခြည်အန္တရာယ်ရှိနိုင်သဖြင့် ဆေးသွင်းအရိုးဓာတ်မှန်ရိုက်ရန်မသင့်တော်ပါ။

ဆေးသွင်းအရိုးဓာတ်မှန်ရိုက်ပုံအဆင့်ဆင့်
  • ဆေးသွင်းအရိုးဓာတ်မှန် ရိုက်ရမည့်နေ့တွင် ဆေးရုံ (သို့မဟုတ်) ဓာတ်မှန်ရိုက်မည့်နေရာ၌ နာရီအတော်ကြာနေနိုင်ရန် လိုအပ်သည်များ ကြိုတင်ပြင်ဆင်လာရမည်
  • ပထမဦးစွာ ကျွမ်းကျင်သူက ရေဒီယိုသတ္တိကြွဆေးအနည်းငယ် (Radiotracer) ကို သွေးပြန်ကြောမှတစ်ဆင့် ဆေးထိုးပေးမည်
  • ထိုရေဒီယိုသတ္တိကြွဆေးသည် ခန္ဓာကိုယ်အနှံ့သွေးအတွင်း လှည့်ပတ်စီးဆင်းပြီး အရိုးသို့ရောက်ရှိရန် အချိန် (၁)နာရီ မှ (၄)နာရီအထိ စောင့်ဆိုင်းရနိုင်သည်၊ သွေးကြောအတွင်း လှည့်ပတ်နေသော ရေဒီယိုသတ္တိကြွပစ္စည်းကို လူနာအနေဖြင့် ခံစားသိရှိမည်မဟုတ်ပါ
  • စောင့်ဆိုင်းနေသည့်အချိန်အတွင်း အရိုးမှစုပ်ယူမှုမရှိဘဲ ပိုလျှံနေသည့် ရေဒီယိုသတ္တိကြွပစ္စည်းများ ကိုယ်ခန္ဓာပြင်ပသို့ ထွက်သွားစေရန် ရေများများသောက်ရန်နှင့် ဆီးများများသွားရန် လိုအပ်သည်
  • ထို့နောက် ဓာတ်မှန်ကျွမ်းကျင်သူမှ လူနာကို စမ်းသပ်ကုတင်ပေါ် လှဲလျောင်းနေစေကာ အထူးပြုလုပ်ထားသော ကင်မရာ (Gamma camera) ဖြင့် ပုံရိပ်များရိုက်ယူမည်
  • ကောင်းမွန်သောပုံရိပ်ရရှိရန် တစ်ခါတစ်ရံ စက္ကန့်အနည်းငယ်ခန့် အသက်ရှူအောင့်ထားရမည်
  • ရှုထောင့်အမျိုးမျိုးမှ ဓာတ်မှန်ပုံရိပ်ရရှိရန် လူနာ၏ခန္ဓာကိုယ်အနေအထားကို လှည့်ပြောင်းပေးရန် လိုအပ်သည်
  • ပုံရိပ်များ စစ်ဆေးရိုက်ကူးချိန်သီးသန့်သည် မိနစ်(၃၀) မှ တစ်နာရီအတွင်း ကြာနိုင်သည်။

ဆေးသွင်းအရိုးဓာတ်မှန်ရိုက်ပြီးနောက် ကားမောင်းခြင်းအပါအဝင် နေ့စဉ်လုပ်နေကျကိစ္စရပ်များကို ပြုလုပ်နိုင်သည်။ ရေဒီယိုသတ္တိကြွဆေးများ ခန္ဓာကိုယ်မှ စွန့်ထုတ်နိုင်ရန်အတွက် (၄၈) နာရီအတွင်း ရေများများသောက်ရန်လိုသည်။

ဆေးသွင်းအရိုးဓာတ်မှန်မှ သိရှိနိုင်သောအဖြေများ

ဆေးသွင်းအရိုးဓာတ်မှန်ရိုက်ခြင်းဖြင့် ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးများ၏ ပုံမှန်မဟုတ်သော အခြေအနေများကို သိရှိနိုင်သည်။ ရိုက်ကူးထားသော ပုံရိပ်များ၏ အဖြေကို (၁ – ၂) ပတ်အတွင်း သိရှိရလေ့ရှိသည်။
ဆေးသွင်းအရိုးဓာတ်မှန်ဖြင့် သိရှိနိုင်သော ရောဂါအခြေအနေများမှာ_

  • ကင်ဆာဆဲလ်များ ပျံ့နှံ့မှု (Metastasis – အခြားနေရာများမှ ကင်ဆာဆဲလ်များ အရိုးသို့ ပျံ့နှံ့မှုကို သိရှိနိုင်သည် (ဥပမာ _ ရင်သား၊ ဆီးကျိတ်၊ အဆုတ်၊ ကျောက်ကပ်ကင်ဆာများ)
  • အရိုးကျိုးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း _ ပုံမှန်ဓာတ်မှန်တွင် မမြင်ရသေးသော အရိုးကျိုးအက်မှုများကို ဖော်ပြနိုင်သည်
  • အရိုးပွရောဂါ (Osteoporosis) နှင့် အရိုးပါးခြင်း _ အရိုးများ၏ ဇီဝကမ္မဖြစ်စဉ်ကို အကဲဖြတ်နိုင်သည်
  • အရိုးအဆစ်ရောင်ရောဂါများ (Osteoarthritis, Rheumatoid Arthritis) _ အရိုးအဆစ်များ၏ ရောင်ရမ်းမှုနှင့် ပျက်စီးမှုကို သိရှိနိုင်သည်
  • အရိုးပိုးဝင်ခြင်း (Osteomyelitis) – ဘက်တီးရီးယားပိုးဝင်၍ အရိုးရောင်ရမ်းမှုကို ဖော်ပြနိုင်သည်
  • Paget’s disease of bone – အရိုးဖွဲ့စည်းပုံ ပြောင်းလဲမှုကို ဖော်ပြနိုင်သည်
  • အရိုးအဆစ်သို့ လိုအပ်သည့်သွေးပမာဏ မရောက်ရှိခြင်း (Avascular necrosis) စသည်တို့ဖြစ်သည်။

ဆေးသွင်းအရိုးဓာတ်မှန်တွင် အောက်ပါပုံမမှန်နေရာများကို တွေ့ရှိနိုင်သည်။

Hot Spots
ရေဒီယိုသတ္တိကြွဆေး စုဝေးမှုများသော နေရာများဖြစ်သည်။ ထိုနေရာများကို ပို၍အ‌ရောင်ရင့်သော နေရာများအဖြစ် တွေ့ရသည်။ အရိုးကင်ဆာ၊ ရောင်ရမ်းမှု၊ ထိခိုက်ဒဏ်ရာ စသည်တို့ကြောင့် ဖြစ်နိုင်သည်။ သို့သော် Hot spots များဖြစ်စေသည့် နောက်ခံအကြောင်းရင်းကို အတိအကျမသိရှိနိုင်သောကြောင့် Hot spots တွေ့ရသည့် အခြေအနေများတွင် အောက်ပါစမ်းသပ်စစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရန် လိုအပ်နိုင်သည်။

  • အသားစယူခြင်း (Biopsy)
  • ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း (CT scan)
  • သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI scan)
  • ပီအီးတီစကင်ရိုက်ခြင်း (PET scan)

Cold Spots
ဆေးစုဝေးမှုနည်းသော နေရာများ (ဥပမာ_သွေးလှည့်ပတ်မှုနည်းခြင်း) ဖြစ်သည်။ ထိုနေရာများကို ပို၍ အရောင်ဖျော့သောနေရာများအဖြစ် တွေ့ရသည်။

အကျိုးကျေးဇူးများနှင့် ကန့်သတ်ချက်များ

အကျိုးကျေးဇူးများ

  • ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးများ၏ အခြေအနေကို တစ်ပြိုင်နက်စစ်ဆေးနိုင်ခြင်း
  • အရိုးကင်ဆာနှင့် အခြားအရိုးရောဂါများကို ကြိုတင်ရှာဖွေသိရှိနိုင်ခြင်း
  • ထိခိုက်နာကျင်မှုမရှိဘဲ လုံခြုံစိတ်ချစွာ ပြုလုပ်နိုင်ခြင်း
  • ကွန်ပြူတာဓာတ်မှန်နှင့် နှိုင်းယှဉ်လျှင် ဓာတ်ရောင်ခြည်သင့်နိုင်ခြေ နည်းပါးခြင်း
  • ရေဒီယိုသတ္တိကြွဆေးကို အလွန်နည်းသည့်ပမာဏသာ အသုံးပြုထားသဖြင့် အခြားလူများကိုလည်း ဓာတ်ရောင်ခြည်မသင့်စေနိုင်ခြင်း

ကန့်သတ်ချက်များ

  • ရရှိသော Hot spots သည် ရောဂါအတိအကျ ဖော်ပြပေးနိုင်ခြင်းမဟုတ်သဖြင့် နောက်ထပ် စမ်းသပ်မှုများ လိုအပ်နိုင်ခြင်း
  • ရလဒ်ရရှိရန် အချိန်အတော်ကြာစောင့်ဆိုင်းရန် လိုအပ်ခြင်း
  • ကိုယ်ဝန်ဆောင်မိခင်များနှင့် မိခင်နို့တိုက်ကျွေးသူများအတွက် မသင့်တော်ခြင်း
နောက်ဆက်တွဲဆိုးကျိုးများ

ကြီးမားသောဘေးထွက်ဆိုးကျိုးမရှိသော်လည်း ဆေးထိုးသည့်နေရာ၌ အနည်းငယ်နာကျင်ခြင်းနှင့် သွေးခြည်ဥခြင်းဖြစ်နိုင်ပြီး ရက်အနည်းငယ်အတွင်း ပျောက်ကင်းသွားနိုင်သည်။ စစ်ဆေးမှုခံယူထားသူ တစ်ဦးအနေဖြင့် စမ်းသပ်မှုပြုလုပ်ပြီးနောက် (၂၄) နာရီအတွင်း ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးများနှင့် လက်တစ်ကမ်းအကွာခန့်တွင် နေထိုင်သင့်သည်။

References:

  1. Professional, C. C. M. (2025). Whole-Body bone scan. Cleveland Clinic. Retrieved May 5, 2025, from https://my.clevelandclinic.org/health/diagnostics/17642-whole-body-bone-scan
  2. Bone scan – Mayo Clinic. (n.d.). Retrieved May 5, 2025, from https://www.mayoclinic.org/tests-procedures/bone-scan/about/pac-20393136

Published: 19 May 2025

Share

19 May 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.