Thyroidectomy (သိုင်းရွိုက်ဂလင်း ခွဲစိတ်ဖြတ်ထုတ်ခြင်း)

Thyroidectomy (သိုင်းရွိုက်ဂလင်း ခွဲစိတ်ဖြတ်ထုတ်ခြင်း)

သိုင်းရွိုက်ဂလင်းသည် လည်ပင်းအရှေ့ဘက် အောက်ခြေတွင်ရှိသော သေးငယ်သည့် လိပ်ပြာပုံသဏ္ဌာန်ဂလင်းတစ်ခုဖြစ်သည်။ သိုင်းရွိုက်ဂလင်းတစ်ခုတွင် ညာဘက်ခြမ်း၊ ဘယ်ဘက်ခြမ်းနှင့် ထိုနှစ်ခုကို အလယ်တွင်ဆက်ထားသောတစ်ရှူး Isthmus တို့ပါဝင်သည်။ သိုင်းရွိုက်ဂလင်း ခွဲစိတ်ဖြတ်ထုတ်ခြင်းသည် ခွဲစိတ်မှုပြုလုပ်ရသည့် နောက်ခံရောဂါ အခြေအနေပေါ်မူတည်၍ သိုင်းရွိုက်ဂလင်း တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို ခွဲစိတ်ဖယ်ရှားခြင်းဖြစ်သည်။

သိုင်းရွိုက်ဂလင်း၏ အဓိကလုပ်ဆောင်ချက်

သိုင်းရွိုက်ဂလင်းသည် အဓိကအားဖြင့် သိုင်းရွိုက်ဟော်မုန်း (၂) မျိုးဖြစ်သော Thyroxine (T4) နှင့် Triiodothyronine (T3) တို့ကို ထုတ်လုပ်သည်။ ဦးနှောက်အတွင်းရှိ ပီကျူထရီဂလင်း (Pituitary gland) မှ သိုင်းရွိုက်လှုံ့ဆော်ဟော်မုန်း (TSH – thyroid stimulating hormone) များထုတ်လွှတ်၍ သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်ရန် တွန်းအားပေးသည်။ ထိုသိုင်းရွိုက်ဟော်မုန်းများသည် ခန္ဓာကိုယ်ရှိ ဆဲလ်များအပေါ် သက်‌ရောက်မှုရှိပြီး ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဥ်များကို ထောက်ပံ့ပေးသည်။

သိုင်းရွိုက်ဂလင်း ခွဲစိတ်ဖြတ်ထုတ်ရန် လိုအပ်သော ရောဂါနှင့်အခြေအနေများ

အောက်ဖော်ပြပါ အခြေအနေများတွင် သိုင်းရွိုက်ဂလင်း ခွဲစိတ်ဖြတ်ထုတ်ရန် လိုအပ်သည်။

  • သိုင်းရွိုက်ဂလင်းအကျိတ်ဖြစ်ခြင်း (Thyroid nodules)
    သိုင်းရွိုက်ဂလင်း အတွင်းတစ်နေရာ၌ရှိသော တစ်ရှူးဆဲလ်များမှ အကျိတ် သို့မဟုတ် အလုံးဖြစ်လာခြင်းဖြစ်သည်၊ ထိုအကျိတ်များသည် ကင်ဆာမဟုတ်သောအကျိတ် ဖြစ်နိုင်သကဲ့သို့ ကင်ဆာအကျိတ်များလည်း ဖြစ်နိုင်သည်။
  • သိုင်းရွိုက်ဂလင်းကင်ဆာ (Thyroid cancer)
  • သိုင်းရွိုက်ဂလင်းကြီးခြင်း၊ လည်ပင်းကြီးရောဂါ (Goitre)
    သိုင်းရွိုက်ဂလင်းအရွယ်အစား အလွန်ကြီးမားသောကြောင့် အသက်ရှူလမ်းကြောင်းဖိမိပြီး အသက်ရှူကျပ်ခြင်း၊ အစာရေမျိုပြွန်ဖိမိ၍ အစာမျိုချရန် ခက်ခဲခြင်း ခံစားရသူများတွင် သိုင်းရွိုက်ဂလင်း ခွဲစိတ်ဖြတ်ထုတ်ရန် လိုအပ်သည်။
  • သိုင်းရွိုက်ဟော်မုန်းဓာတ်များခြင်း (Hyperthyroidism)
    ဆေးဝါးများဖြင့် ကုသပြီးနောက် ရောဂါလက္ခဏာ ပြန်လည်ခံစားရသူများ၊ သိုင်းရွိုက်ဟော်မုန်းလျှော့ချသည့် ဆေးဝါးများနှင့် ရေဒီယိုသတ္တိကြွအိုင်အိုဒင်းကို သောက်ရန် မသင့်တော်သူများ၊ ထိုဓာတ်နှင့်မတည့်သူများတွင် သိုင်းရွိုက်ဂလင်း ခွဲစိတ်ဖြတ်ထုတ်ရန် လိုအပ်သည်။

ခွဲစိတ်ဖယ်ထုတ်ရန် လိုအပ်သော သိုင်းရွိုက်တစ်ရှူးပမာဏပေါ်တွင် မူတည်၍ ပြုလုပ်နိုင်သည့် ခွဲစိတ်နည်းများမှာ_

  1. သိုင်းရွိုက်ဂလင်းတစ်ခုလုံး ခွဲစိတ်ဖြတ်ထုတ်ခြင်း (Total thyroidectomy) နှင့်
  2. သိုင်းရွိုက်ဂလင်း တစ်စိတ်တစ်ပိုင်း ခွဲစိတ်ဖြတ်ထုတ်ခြင်း (Partial thyroidectomy) တို့ဖြစ်သည်။
  1. သိုင်းရွိုက်ဂလင်းတစ်ခုလုံး ခွဲစိတ်ဖြတ်ထုတ်ခြင်း
    သိုင်းရွိုက်ဂလင်းတစ်ခုလုံးကို ခွဲစိတ်ဖယ်ရှားခြင်း ဖြစ်သည့်အတွက် ခွဲစိတ်ပြီးနောက်တွင် သိုင်းရွိုက်ဟော်မုန်းသောက်ဆေးများ (Tablets) ကို တစ်သက်လုံးစွဲသောက်ရန် လိုအပ်သည်။ တစ်ခါတစ်ရံတွင် သိုင်းရွိုက်ဂလင်းနှင့်အတူ အနီးပတ်လည်ရှိ ပြန်ရည်ကျိတ်များကိုပါ ဖယ်ရှားခြင်း ပြုလုပ်ရန်လိုသည်။
  2. သိုင်းရွိုက်ဂလင်း တစ်စိတ်တစ်ပိုင်း ခွဲစိတ်ဖြတ်ထုတ်ခြင်း
    ခွဲစိတ်ဖယ်ရှားသည့်ပမာဏပေါ် မူတည်၍ အောက်ပါအတိုင်း ထပ်မံခွဲခြားနိုင်သည်။ ဖြတ်ထုတ်ပြီးနောက် ကျန်ရှိသည့် သိုင်းရွိုက်ဂလင်း၏ သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်နိုင်မှုပေါ် မူတည်၍ သိုင်းရွိုက်ဟော်မုန်းဆေးများ သောက်သုံးရနိုင်သည်။
    • သိုင်းရွိုက်ဂလင်း တစ်ခြမ်း ခွဲစိတ်ဖြတ်ထုတ်ခြင်း (Hemithyroidectomy) _ သိုင်းရွိုက်ဂလင်း၏ ဘယ်ဘက် (သို့မဟုတ်) ညာဘက် တစ်ခြမ်းကို ခွဲစိတ်ဖယ်ရှားခြင်းဖြစ်သည်
    • Isthmus ခွဲစိတ်ဖြတ်ထုတ်ခြင်း (Isthmusectomy) _ သိုင်းရွိုက်နှစ်ခြမ်းကို အလယ်တွင် ဆက်ထားသောတစ်ရှူး (Isthmus) ကို ခွဲစိတ်ထုတ်ခြင်းဖြစ်သည်
    • သိုင်းရွိုက်ဂလင်းတစ်ခြမ်းနှင့် Isthmus ခွဲစိတ်ဖြတ်ထုတ်ခြင်း (Thyroid lobectomy) _ သိုင်းရွိုက်ဂလင်းတစ်ခြမ်းအပြင် အလယ်ရှိ Isthmus ကိုပါ ခွဲစိတ်ဖယ်ရှားခြင်းဖြစ်သည်
    • သိုင်းရွိုက်ဂလင်းတစ်ခုလုံးနီးပါး ခွဲစိတ်ဖြတ်ထုတ်ခြင်း (Subtotal thyroidectomy) _ သိုင်းရွိုက်ဂလင်း၏ သေးငယ်သော ​တစ်စိတ်တစ်ပိုင်းကိုသာချန်ထား၍ ကျန်အစိတ်အပိုင်းများကို ခွဲစိတ်ဖယ်ရှားခြင်းဖြစ်သည်။
Thyroidectomy image 1
ကြိုတင်သိရှိထားရမည့်အချက်များ

သိုင်းရွိုက်ခွဲစိတ်မှု မခံယူမီ လူနာ၏ ဘေးကင်းလုံခြုံရေးနှင့် ခွဲစိတ်မှု အောင်မြင်စေရေးအတွက် အောက်ပါအချက်များကို ကြိုတင်ပြင်ဆင် ဆွေးနွေးထားရမည်ဖြစ်သည်။

  • ဆေးဝါးများနှင့် ဓာတ်မတည့်မှု ရာဇဝင်များ
    မခွဲစိတ်မီ လက်ရှိပုံမှန် သောက်သုံးနေသော ဆေးဝါးများ (ဥပမာ – အကိုက်အခဲပျောက်ဆေးများ၊ အားဆေးနှင့် အာဟာရဖြည့်စွက်စာများ၊ သွေးကျဲဆေးများ) အားလုံးကို ဆရာဝန်အား အသေးစိတ် ပြောပြရန် လိုအပ်သည်။ မိမိတွင် ဆေးဝါး သို့မဟုတ် အစားအသောက်များနှင့် ပြင်းထန်စွာ ဓာတ်မတည့်ဖူးသည့် ရာဇဝင်ရှိပါကလည်း ကြိုတင်အသိပေးရမည်။
  • ကျန်းမာရေးရာဇဝင် ဆန်းစစ်ခြင်း
    မိမိတွင် ရှိနေသော နာတာရှည်ရောဂါအခံများ (ဥပမာ – ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်းနှင့် ကျောက်ကပ်ရောဂါ စသည်)၊ သွေးမတိတ်သောရောဂါ သို့မဟုတ် မိသားစုအတွင်း မျိုးရိုးလိုက်တတ်သော ရောဂါရာဇဝင်များ ရှိပါက ဆရာဝန်အား သေချာစွာ ပြောပြထားရမည်။ ယခင်က ခွဲစိတ်မှုများ ခံယူဖူးပြီး မေ့ဆေးကြောင့် နောက်ဆက်တွဲပြဿနာများ ကြုံတွေ့ဖူးပါကလည်း ကြိုတင်ဆွေးနွေးထားရန် အရေးကြီးသည်။
  • ကြိုတင်စစ်ဆေးမှုများ ပြုလုပ်ခြင်း
    ခွဲစိတ်မှုအတွင်း ဘေးကင်းစိတ်ချရမှု ရှိစေရန်အတွက် အောက်ပါလိုအပ်သော အခြေခံစစ်ဆေးမှုများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ခံယူရမည်ဖြစ်သည်။
    • သွေးစစ်ခြင်းနှင့် ဆီးစစ်ခြင်း
    • ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း
    • လည်ပင်း အာထရာဆောင်း (USG) ရိုက်ခြင်း
    • လိုအပ်ပါက ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်း
    • ECG စစ်ဆေးခြင်း

ခွဲစိတ်မှု၏ အကျိုးကျေးဇူး
ခွဲစိတ်ကုသရသည့် အဓိကရည်ရွယ်ချက်၊ ခွဲစိတ်မှု အောင်မြင်နိုင်ခြေများနှင့် ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲအခြေအနေများ (ဥပမာ – သွေးထွက်လွန်ခြင်း၊ ပိုးဝင်ခြင်း၊ မေ့ဆေးနှင့် ဓာတ်မတည့်ခြင်း၊ အနီးပတ်ဝန်းကျင်ရှိ အစိတ်အပိုင်းများနှင့် အာရုံကြောများ ထိခိုက်ခြင်း) အပြင် ပြန်လည်နာလန်ထူမည့် ကာလနှင့် ပုံမှန်လုပ်ငန်းဆောင်တာများ ပြန်လည်လုပ်ကိုင်နိုင်မည့် အချိန်တို့ကို ဆရာဝန်ထံမှ သေချာစွာ မေးမြန်းသိရှိထားရမည်။

ခွဲစိတ်မှုမတိုင်မီ ပြင်ဆင်ရန် လိုအပ်ချက်များ
ခွဲစိတ်မှု မစတင်မီ အစားအသောက်နှင့် ရေ ဖြတ်ရမည့်အချိန်ကို ဆရာဝန်ညွှန်ကြားချက်အတိုင်း တိကျစွာ လိုက်နာရမည်။ ထို့ပြင် အချို့သော ဆေးဝါးများ (ဥပမာ – အက်စ်ပရင်၊ အိုင်ဗျူပရိုဖဲင်နှင့် ဝါဖရင် ကဲ့သို့သော သွေးကျဲဆေးများနှင့် အကိုက်အခဲပျောက်ဆေးများ) ကို ခွဲစိတ်မှုမပြုလုပ်မီ အနည်းဆုံး (၅) ရက်ခန့် ကြိုတင်၍ ရပ်နားထားရန် လိုအပ်သည်။

ခွဲစိတ်ရန် သဘောတူညီချက် (Consent)
ဆရာဝန်မှ ခွဲစိတ်မှုနှင့် ပတ်သက်သည့် အချက်အလက်များ၊ ရလဒ်များနှင့် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများ အားလုံးကို ရှင်းလင်းပြောကြားပြီးနောက် လူနာနှင့် လူနာရှင်ဘက်မှ သဘောပေါက်နားလည်ပြီးကြောင်း တရားဝင် ခွဲစိတ်ခွင့် သဘောတူညီချက်လက်မှတ် ရယူမည်ဖြစ်သည်။

ကုသပုံအဆင့်ဆင့်

ခွဲစိတ်မှု ပြုလုပ်စဉ်အတွင်း အောက်ပါအဆင့်များအတိုင်း စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်သည်။

  1. လူနာအား ပြင်ဆင်ခြင်းနှင့် မေ့ဆေးပေးခြင်း
    • လူနာသည် ခွဲစိတ်ခုတင်ပေါ်တွင် လည်ပင်းအရှေ့ဘက် ပေါ်လွင်စေရန် လည်ပင်းကို ဆန့်ထားသည့် အနေအထားဖြင့် သက်သောင့်သက်သာ လဲလျောင်းနေရမည်
    • ထို့နောက် မေ့ဆေးဆရာဝန်မှ သင့်တော်သော မေ့ဆေး သို့မဟုတ် အိပ်ဆေးများကို ပေးမည်ဖြစ်သည်
    • ခွဲစိတ်မည့်နေရာကို ပိုးဝင်ခြင်းမှ ကာကွယ်ရန် ပိုးသတ်ဆေးရည်များဖြင့် သေချာစွာ သန့်စင်ပေးမည်
  2. ခွဲစိတ်မည့် လမ်းကြောင်း ရွေးချယ်ခြင်း
    ခွဲစိတ်ဆရာဝန်သည် လူနာ၏ ရောဂါအခြေအနေပေါ် မူတည်၍ အောက်ပါလမ်းကြောင်းများထဲမှ သင့်တော်မည့် နည်းလမ်းတစ်ခုဖြင့် ခွဲစိတ်မှုကို ပြုလုပ်မည်ဖြစ်သည်။
    • သမားရိုးကျ နည်းလမ်း (Conventional Thyroidectomy) – လည်ပင်း၏ အရှေ့ဘက် အောက်ခြေတွင် ခွဲကြောင်းရာပေး၍ သိုင်းရွိုက်ဂလင်းကို ဖယ်ရှားခြင်းဖြစ်သည်
    • ပါးစပ်မှတစ်ဆင့် နည်းလမ်း (Transoral Thyroidectomy) – လည်ပင်းအရှေ့ဘက်တွင် အမာရွတ် လုံးဝမကျန်စေရန် ပါးစပ်အတွင်းဘက်မှတစ်ဆင့် ခွဲကြောင်းရာပေး၍ ခွဲစိတ်ခြင်းဖြစ်သည်
    • မှန်ပြောင်းအကူအညီသုံး နည်းလမ်း (Endoscopic Thyroidectomy) – လည်ပင်းတွင် သေးငယ်သော ခွဲကြောင်းရာပေးပြီး ၎င်းမှတစ်ဆင့် သေးငယ်သော ဗီဒီယိုကင်မရာနှင့် ခွဲစိတ်ပစ္စည်းများကို ထည့်သွင်းကာ ခွဲစိတ်ခြင်းဖြစ်သည်
  3. ဂလင်းဖယ်ရှားခြင်းနှင့် ခွဲကြောင်းပြန်ပိတ်ခြင်း
    • ခွဲစိတ်ဆရာဝန်သည် ရောဂါအခြေအနေအလိုက် သိုင်းရွိုက်ဂလင်း တစ်ခုလုံးကိုဖြစ်စေ သို့မဟုတ် တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ စနစ်တကျ ဖြတ်ထုတ်ဖယ်ရှားမည်ဖြစ်ပြီး လိုအပ်ပါက ဘေးပတ်ဝန်းကျင်ရှိ ပြန်ရည်ကျိတ်များကိုပါ အတူတကွ ဖယ်ရှားမည်
    • ခွဲစိတ်မှု ပြီးဆုံးပါက ခွဲကြောင်းကို ချုပ်ကြိုးဖြင့် သေသပ်စွာ ပြန်လည်ပိတ်မည်ဖြစ်သည်
    • လိုအပ်လျှင် ခွဲစိတ်သည့်နေရာ၌ သွေးများနှင့် အရည်များ အလွယ်တကူ စီးဆင်းနိုင်စေရန် သွေးဆင်းပိုက် (Drainage tube) တစ်ချောင်းကို (၁)ရက် မှ (၂)ရက်ခန့်အထိ ခေတ္တထည့်ထားရတတ်သည်
    • နောက်ဆုံးတွင် ခွဲကြောင်းအပေါ်မှ ပိုးသတ်ထားသော ပတ်တီး သို့မဟုတ် ပလတ်စတာကို စနစ်တကျ အုပ်ပေးမည်ဖြစ်သည်
  4. ကြာမြင့်ချိန်နှင့် ခွဲစိတ်မှုအပြီး စောင့်ကြည့်ခြင်း
    • ဤခွဲစိတ်မှုသည် ခွဲစိတ်ရသည့် အမျိုးအစားနှင့် ခက်ခဲမှုအပေါ် မူတည်၍ ယေဘုယျအားဖြင့် (၁)နာရီ မှ (၂)နာရီဝန်းကျင်ခန့် ကြာမြင့်နိုင်သည်
    • ခွဲစိတ်ပြီးသည်နှင့် လူနာကို အထူးစောင့်ကြည့်ခန်း (Recovery Room) သို့ ရွှေ့ပြောင်းကာ မေ့ဆေးပြယ်၍ သတိကောင်းမွန်စွာ ပြန်ရလာသည်အထိ ဆရာဝန်နှင့် နာပြုများက အနီးကပ် စောင့်ကြပ်ကြည့်ရှုပေးမည်
    • ခွဲစိတ်မှု ပုံစံပေါ် မူတည်၍ အချို့လူနာများမှာ နေ့ချင်းပြန် ဆေးရုံဆင်းနိုင်ပြီး အချို့လူနာများမှာမူ ဆေးရုံတွင် ရက်အနည်းငယ် ဆက်လက်တက်ရောက် ကုသမှုခံယူရမည်ဖြစ်သည်
နောက်ဆက်တွဲပြဿနာများ

သိုင်းရွိုက်ဂလင်း ခွဲစိတ်ဖြတ်ထုတ်ခြင်းသည် ပုံမှန်ခွဲစိတ်မှုတစ်ခုဖြစ်ပြီး နောက်ဆက်တွဲဆိုးကျိုး ဖြစ်ပေါ်မှု နည်းပါးသည်။ ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများမှာ_

  • ခွဲစိတ်ထားသည့်နေရာတွင် ရောင်ရမ်းခြင်း
  • ခွဲစိတ်ထားသည့်နေရာတွင် ပိုးဝင်ခြင်း
  • ခွဲစိတ်နေချိန်နှင့် ခွဲစိတ်ပြီးချိန်တွင် သွေးထွက်များခြင်း
  • မေ့ဆေး၊ ထုံဆေးနှင့် ဓာတ်မတည့်ခြင်းတို့ ဖြစ်နိုင်သည်။

ထို့အပြင် ခွဲစိတ်နေစဥ်အတွင်း အနီးပတ်ဝန်းကျင်ရှိ အစိတ်အပိုင်းများကို ထိခိုက်မိခြင်းကြောင့် အောက်ပါနောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။

  • ကယ်လ်ဆီယမ်ဓာတ်နည်းခြင်း
    • သိုင်းရွိုက်ဂလင်း၏ အနောက်ဘက်တွင်ရှိသော ပါရာသိုင်းရွိုက်ဂလင်းကို ထိခိုက်မိခြင်းကြောင့်ဖြစ်သည်
    • ခန္ဓာကိုယ်အတွင်းရှိ ကယ်လ်ဆီယမ်ဓာတ်ကို ထိန်းညှိပေးသော ပါရာသိုင်းရွိုက်ဟော်မုန်းထုတ်လုပ်သည့် ဂလင်းဖြစ်သောကြောင့် ကယ်လ်ဆီယမ်ဓာတ်များ ပုံမမှန်ဖြစ်နိုင်ပြီး ကြွက်တက်ခြင်း၊ ခြေ လက်များ ထုံကျဥ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ နှလုံးခုန်စည်းချက်ပုံမမှန်ခြင်း၊ တက်ခြင်း စသည့်လက္ခဏာများ ခံစားရနိုင်သည်၊ ရက်သတ္တပတ်အနည်းငယ်မှ လအနည်းငယ်ကြာသည်အထိ ဖြစ်နိုင်သည်
  • အသံသြလာခြင်း သို့မဟုတ် အသံပြောင်းသွားခြင်း
    • သိုင်းရွိုက်ဂလင်းအနီးတွင်ရှိသည့် အသံအိုးကို ထိန်းချုပ်သောအာရုံကြော ထိခိုက်မိခြင်းကြောင့်ဖြစ်သည်
    • အာရုံကြောရောင်ရမ်းခြင်းသည် ရက်သတ္တပတ်အနည်းငယ်အတွင်း ပြန်လည်သက်သာလာနိုင်သည်

ခွဲစိတ်ပြီးနောက်တွင် (၂) ပတ်ခန့်အထိ အစာမျိုရခက်ခြင်း၊ လည်ပင်းနှင့် မေးရိုးတို့တွင် နာကျင်ခြင်း၊ ဇက်တောင့်နေခြင်းစသည်တို့ ခံစားရနိုင်သည်။

လိုက်နာဆောင်ရွက်ရမည့်အချက်များ

ယေဘုယျအားဖြင့် ခွဲစိတ်ပြီးနောက် (၂)ပတ် မှ (၃)ပတ်အတွင်း ပြန်လည်ကောင်းမွန်လာနိုင်သော်လည်း ပြန်လည်ကောင်းမွန်ရန် ကြာမြင့်ချိန်သည် ခွဲစိတ်သည့်နည်းလမ်း၊ ခန္ဓာကိုယ်၏ တုံ့ပြန်နိုင်စွမ်းနှင့် နောက်ဆက်တွဲပြဿနာများ ရှိမရှိ စသည့်အချက်များပေါ် မူတည်သည်။ အနာသက်သာစေရန်နှင့် အနာကျက်မြန်စေရန် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်နိုင်သည်။

  • ဆေးဝါးများ
    • အကိုက်အခဲပျောက်ဆေးများ၊ ပဋိဇီဝပိုးသတ်ဆေးများကို ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း သောက်သုံးပါ
    • သိုင်းရွိုက်ဂလင်းဖြတ်ထုတ်သည့် ပမာဏပေါ်မူတည်၍ လိုအပ်ပါက သိုင်းရွိုက်‌ဟော်မုန်းဆေးများကို ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း သောက်သုံးရမည်
  • အနာပြုစုစောင့်ရှောက်ခြင်း
    • ပုံမှန်အတိုင်း ‌ရေချိုးနိုင်သော်လည်း လည်ပင်းပေါ်ရှိခွဲကြောင်းနေရာကို အလွန်အကျွံအားသုံး၍ ပွတ်ခြင်းကိုရှောင်ကြည်ပါ၊ ရေချိုးပြီးနောက် အနာကို သန့်ရှင်းသောပဝါဖြင့် ညင်သာစွာသုတ်၍ ခြောက်သွေ့အောင်ထားပါ
      • ကောင်းစွာအနာကျက်သည်အထိ ရေကူးခြင်း၊ ရေစိမ်ခြင်းများ မပြုလုပ်ရပါ
      • အနာကို မကုတ်ရပါ
      • အနာကျက်နှေးစေနိုင်သောကြောင့် ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဥ်ပါ၊ အစားအစာများကို အထူးတလည်ရှောင်ကြဥ်ရန် မလိုအပ်ပါ
  • အနားယူခြင်း
    • ခွဲစိတ်ပြီးနောက် ရက်အနည်းငယ် အနားယူပါ
    • ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများ (ဥပမာ _ ပြေးခြင်း၊ စက်ဘီးစီးခြင်း) ပြုလုပ်ခြင်း၊ လေးလံသောပစ္စည်းများ မ ခြင်းကို တစ်ပတ်ခန့် ရှောင်ကြဉ်ပါ
    • ပုံမှန်အတိုင်း အစားပြန်လည်စားနိုင်ခြင်း၊ ညဘက် ပုံမှန်အိပ်စက်နိုင်ခြင်းနှင့် အကိုက်အခဲပျောက်ဆေးသောက်ရန် မလိုအပ်တော့ခြင်း စသည့်တိုးတက်မှုများ ရှိလာပါက ကျောင်း သို့မဟုတ် လုပ်ငန်းခွင်သို့ ပုံမှန်အတိုင်း ပြန်သွားနိုင်သည်

ခွဲကြောင်းမှ သွေးထွက်ခြင်း၊ ရောင်ရမ်းခြင်း၊ ပူခြင်း၊ နီခြင်း၊ အဖျားကြီးခြင်း၊ လက်၊ နှုတ်ခမ်း သို့မဟုတ် မျက်နှာတွင် ထုံကျဥ်ခြင်း၊ အသက်ရှူရခက်ခြင်း စသည့်အခြေအနေများသည် အရေးပေါ်အခြေအနေ ဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှု သို့မဟုတ် ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှု ခံယူရန်လိုသည်။

References:

  1. Houston ENT. (n.d.). Thyroid surgery: Types, indications, risks, and recovery. Retrieved May 30, 2026, from https://www.houstonent.com/blog/thyroid-surgery-types-indications-risks-and-recovery
  2. MedicineNet. (n.d.). What are the types of thyroidectomy? Retrieved May 30, 2026, from https://www.medicinenet.com/what_are_the_types_of_thyroidectomy/article.htm
  3. Mayo Clinic. (n.d.). Thyroidectomy. Retrieved May 30, 2026, from https://www.mayoclinic.org/tests-procedures/thyroidectomy/about/pac-20385195
  4. Singapore Health Services. (n.d.). Thyroidectomy. Retrieved May 30, 2026, from https://www.singhealth.com.sg/patient-care/conditions-treatments/Thyroidectomy
  5. American Thyroid Association. (n.d.). Thyroid surgery. Retrieved May 30, 2026, from https://www.thyroid.org/thyroid-surgery/

Published: 15 June 2026

Share

26 May 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.