Thyroidectomy (သိုင်းရွိုက်ဂလင်း ခွဲစိတ်ဖြတ်ထုတ်ခြင်း)

Thyroidectomy (သိုင်းရွိုက်ဂလင်း ခွဲစိတ်ဖြတ်ထုတ်ခြင်း)

သိုင်းရွိုက်ဂလင်းသည် လည်ပင်းအရှေ့ဘက် အောက်ခြေတွင်ရှိသော သေးငယ်သည့် လိပ်ပြာပုံသဏ္ဌာန်ဂလင်းတစ်ခုဖြစ်သည်။ သိုင်းရွိုက်ဂလင်းတစ်ခုတွင် ညာဘက်ခြမ်း၊ ဘယ်ဘက်ခြမ်းနှင့် ထိုနှစ်ခုကို အလယ်တွင်ဆက်ထားသောတစ်ရှူး Isthmus တို့ပါဝင်သည်။ သိုင်းရွိုက်ဂလင်း ခွဲစိတ်ဖြတ်ထုတ်ခြင်းသည် ခွဲစိတ်မှုပြုလုပ်ရသည့် နောက်ခံရောဂါ အခြေအနေပေါ်မူတည်၍ သိုင်းရွိုက်ဂလင်း တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို ခွဲစိတ်ဖယ်ရှားခြင်းဖြစ်သည်။

သိုင်းရွိုက်ဂလင်း၏ အဓိကလုပ်ဆောင်ချက်
သိုင်းရွိုက်ဂလင်းသည် အဓိကအားဖြင့် သိုင်းရွိုက်ဟော်မုန်း (၂) မျိုးဖြစ်သော Thyroxine (T4) နှင့် Triiodothyronine (T3) တို့ကို ထုတ်လုပ်သည်။ ဦးနှောက်အတွင်းရှိ ပီကျူထရီဂလင်း (Pituitary gland) မှ သိုင်းရွိုက်လှုံ့ဆော်ဟော်မုန်း (TSH – thyroid stimulating hormone) များထုတ်လွှတ်၍ သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်ရန် တွန်းအားပေးသည်။ ထိုသိုင်းရွိုက်ဟော်မုန်းများသည် ခန္ဓာကိုယ်ရှိ ဆဲလ်များအပေါ် သက်‌ရောက်မှုရှိပြီး ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဥ်များကို ထောက်ပံ့ပေးသည်။

သိုင်းရွိုက်ဂလင်း ခွဲစိတ်ဖြတ်ထုတ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

အောက်ဖော်ပြပါ အခြေအနေများတွင် သိုင်းရွိုက်ဂလင်း ခွဲစိတ်ဖြတ်ထုတ်ရန် လိုအပ်သည်။

  • သိုင်းရွိုက်ဂလင်းအကျိတ်ဖြစ်ခြင်း (Thyroid nodules)
    သိုင်းရွိုက်ဂလင်း အတွင်းတစ်နေရာ၌ရှိသော တစ်ရှူးဆဲလ်များမှ အကျိတ် သို့မဟုတ် အလုံးဖြစ်လာခြင်း ဖြစ်သည်၊ ထိုအကျိတ်များသည် ကင်ဆာမဟုတ်သောအကျိတ် ဖြစ်နိုင်သကဲ့သို့ ကင်ဆာအကျိတ်များလည်း ဖြစ်နိုင်သည်။
  • သိုင်းရွိုက်ဂလင်းကင်ဆာ (Thyroid cancer)
  • သိုင်းရွိုက်ဂလင်းကြီးခြင်း၊ လည်ပင်းကြီးရောဂါ (Goitre)
    သိုင်းရွိုက်ဂလင်းအရွယ်အစား အလွန်ကြီးမားသောကြောင့် အသက်ရှူလမ်းကြောင်းဖိမိပြီး အသက်ရှူကျပ်ခြင်း၊ အစာရေမျိုပြွန်ဖိမိ၍ အစာမျိုချရန် ခက်ခဲခြင်း ခံစားရသူများတွင် သိုင်းရွိုက်ဂလင်းခွဲစိတ်ဖြတ်ထုတ်ရန် လိုအပ်သည်။
  • သိုင်းရွိုက်ဟော်မုန်းဓာတ်များခြင်း (Hyperthyroidism)
    ဆေးဝါးများဖြင့် ကုသပြီးနောက် ရောဂါလက္ခဏာ ပြန်လည်ခံစားရသူများ၊ သိုင်းရွိုက်ဟော်မုန်းလျှော့ချသည့် ဆေးဝါးများနှင့် ရေဒီယိုသတ္တိကြွအိုင်အိုဒင်းကို သောက်ရန် မသင့်တော်သူများ၊ ထိုဓာတ်နှင့် မတည့်သူများတွင် သိုင်းရွိုက်ဂလင်းခွဲစိတ်ဖြတ်ထုတ်ရန် လိုအပ်သည်။

ခွဲစိတ်ဖယ်ထုတ်ရန်လိုအပ်သော သိုင်းရွိုက်တစ်ရှူးပမာဏပေါ်တွင် မူတည်၍ ပြုလုပ်နိုင်သည့် ခွဲစိတ်နည်းများမှာ_

  1. သိုင်းရွိုက်ဂလင်းတစ်ခုလုံး ခွဲစိတ်ဖြတ်ထုတ်ခြင်း (Total thyroidectomy) နှင့်
  2. သိုင်းရွိုက်ဂလင်း တစ်စိတ်တစ်ပိုင်း ခွဲစိတ်ဖြတ်ထုတ်ခြင်း (Partial thyroidectomy) တို့ဖြစ်သည်။
  1. သိုင်းရွိုက်ဂလင်းတစ်ခုလုံး ခွဲစိတ်ဖြတ်ထုတ်ခြင်း
    သိုင်းရွိုက်ဂလင်းတစ်ခုလုံးကို ခွဲစိတ်ဖယ်ရှားခြင်း ဖြစ်သည့်အတွက် ခွဲစိတ်ပြီးနောက်တွင် သိုင်းရွိုက်ဟော်မုန်းသောက်ဆေးများ (Tablets) ကို တစ်သက်လုံးစွဲသောက်ရန် လိုအပ်သည်။ တစ်ခါတစ်ရံတွင် သိုင်းရွိုက်ဂလင်းနှင့်အတူ အနီးပတ်လည်ရှိ ပြန်ရည်ကျိတ်များကိုပါ ဖယ်ရှားခြင်းပြုလုပ်ရန်လိုသည်။
  2. သိုင်းရွိုက်ဂလင်း တစ်စိတ်တစ်ပိုင်း ခွဲစိတ်ဖြတ်ထုတ်ခြင်း
    ခွဲစိတ်ဖယ်ရှားသည့်ပမာဏပေါ် မူတည်၍ အောက်ပါအတိုင်း ထပ်မံခွဲခြားနိုင်သည်။ ဖြတ်ထုတ်ပြီးနောက် ကျန်ရှိသည့် သိုင်းရွိုက်ဂလင်း၏ သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်နိုင်မှုပေါ်မူတည်၍ သိုင်းရွိုက်ဟော်မုန်းဆေးများ သောက်သုံးရနိုင်သည်။
    • သိုင်းရွိုက်ဂလင်း တစ်ခြမ်း ခွဲစိတ်ဖြတ်ထုတ်ခြင်း (Hemithyroidectomy) _ သိုင်းရွိုက်ဂလင်း၏ ဘယ်ဘက် (သို့မဟုတ်) ညာဘက် တစ်ခြမ်းကို ခွဲစိတ်ဖယ်ရှားခြင်းဖြစ်သည်
    • Isthmus ခွဲစိတ်ဖြတ်ထုတ်ခြင်း (Isthmusectomy) _ သိုင်းရွိုက်နှစ်ခြမ်းကို အလယ်တွင် ဆက်ထားသောတစ်ရှူး (Isthmus) ကို ခွဲစိတ်ထုတ်ခြင်းဖြစ်သည်
    • သိုင်းရွိုက်ဂလင်းတစ်ခြမ်းနှင့် Isthmus ခွဲစိတ်ဖြတ်ထုတ်ခြင်း (Thyroid lobectomy) _ သိုင်းရွိုက်ဂလင်းတစ်ခြမ်းအပြင် အလယ်ရှိ Isthmus ကိုပါ ခွဲစိတ်ဖယ်ရှားခြင်းဖြစ်သည်
    • သိုင်းရွိုက်ဂလင်းတစ်ခုလုံးနီးပါး ခွဲစိတ်ဖြတ်ထုတ်ခြင်း (Subtotal thyroidectomy) _ သိုင်းရွိုက်ဂလင်း၏ သေးငယ်သော ​တစ်စိတ်တစ်ပိုင်းကိုသာချန်ထား၍ ကျန်အစိတ်အပိုင်းများကို ခွဲစိတ်ဖယ်ရှားခြင်းဖြစ်သည်
Thyroidectomy image 1
ကြိုတင်သိရှိထားရမည့်အချက်များ
  • ဆေးဝါးနှင့်ဓာတ်မတည့်မှုများ
    မခွဲစိတ်မီ လက်ရှိသောက်သုံးနေသော ဆေးဝါးများ (အကိုက်အခဲပျောက်ဆေး၊ ဖြည့်စွက်စာ၊ သွေးကျဲဆေး စသည်) နှင့် ဓာတ်မတည့်မှုရာဇဝင်ကို ဆရာဝန်အား အသေးစိတ်ပြောပြရန်
  • ကျန်းမာရေးရာဇဝင်စစ်ဆေးခြင်း
    • နာတာရှည်ရောဂါများ (ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်း၊ ကျောက်ကပ်စသည်)၊ သွေးမတိတ်ရောဂါ၊ ခွဲစိတ်မှုနှင့် မိသားစုရာဇဝင်ရှိပါက ကြိုတင်အသိပေးရန်
    • ယခင်က ခွဲစိတ်ဖူးပါက နောက်ဆက်တွဲပြဿနာများကို ဆွေးနွေးရန်
  • ကြိုတင်စစ်ဆေးမှုများ
    • သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း၊ ဓာတ်မှန်၊ အာထရာဆောင်း (USG)၊ ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်း၊ ECG စစ်ဆေးခြင်း အစရှိသည့် လိုအပ်သော စစ်ဆေးမှုများ လိုအပ်သလိုပြုလုပ်ရန်
  • ခွဲစိတ်မှု၏ အကျိုးကျေးဇူးနှင့်အန္တရာယ်များ
    • ခွဲစိတ်ခြင်း၏ ရည်ရွယ်ချက်၊ အောင်မြင်နိုင်ခြေ၊ ဖြစ်နိုင်သော နောက်ဆက်တွဲဆိုးကျိုးများ (ဥပမာ _ သွေးထွက်လွန်ခြင်း၊ ပိုးဝင်ခြင်း၊ မေ့ဆေးနှင့်ဓာတ်မတည့်ခြင်း၊ အနီးပတ်ဝန်းကျင် အစိတ်အပိုင်းများထိခိုက်ခြင်း)၊ ပြန်လည်နာလန်ထူမည့်ကာလ၊ ပုံမှန်လှုပ်ရှားနိုင်မည့်အချိန် စသည်တို့ကို ဆရာဝန်မှ ရှင်းပြရန်
  • ခွဲစိတ်မှုမတိုင်မီ ပြင်ဆင်ရန်လိုအပ်ချက်များ
    • အစားအသောက်နှင့် အချို့သောဆေးများကို ကြိုတင်ရပ်ရန်လိုကြောင်း ဆရာဝန်မှ ရှင်းပြရန် (ဥပမာ _ အက်စ်ပရင်၊ အိုင်ဗျူပရိုဖဲင်၊ Warfarin ကဲ့သို့သော ဆေးများကို ခွဲစိတ်မှုမတိုင်မီ (၅) ရက်ခန့် ကြိုတင်ရပ်ထားရန် လိုအပ်သည်)
  • ခွဲစိတ်မှုအတွက် သဘောတူညီချက်
    • ဆရာဝန်မှ လိုအပ်သည်များရှင်းပြပြီးနောက် လူနာထံမှခွဲစိတ်ရန် သဘောတူညီမှု တောင်းရန်တို့ဖြစ်သည်။
ကုသပုံအဆင့်ဆင့်

ခွဲစိတ်မှုမပြုလုပ်မီ ဆရာဝန်ညွှန်ကြားချက်အတိုင်း နာရီပိုင်းမျှ အစာ​နှင့်ရေ ဖြတ်ထားရန် လိုအပ်သည်။ ခွဲစိတ်မှုပြုလုပ်စဥ်_

  • လူနာသည် ခွဲစိတ်ခုတင်ပေါ်တွင် လည်ပင်းကိုဆန့်ထားသည့် အနေအထားဖြင့် လဲလျောင်းနေရမည်၊ လည်ပင်းအရှေ့ဘက်ကို ပေါ်အောင်ထားရမည်
  • ထို့နောက် သင့်တော်သော မေ့ဆေး (သို့မဟုတ်) အိပ်ဆေးများကို ပေးမည်ဖြစ်သည်
  • ပိုးဝင်ခြင်းမှကာကွယ်ရန် ခွဲစိတ်မည့်နေရာကို ပိုးသတ်ဆေးရည်များဖြင့် သေချာစွာသန့်စင်မည်
  • ပြုလုပ်မည့် လမ်းကြောင်းပေါ်မူတည်၍
    • သမားရိုးကျခွဲကြောင်းပေး၍ ခွဲစိတ်ခြင်း (Conventional thyroidectomy) _ လည်ပင်း၏အရှေ့ဘက်တွင် ခွဲကြောင်းပေး၍ ပြုလုပ်သည်
    • ပါးစပ်မှတစ်ဆင့် ခွဲစိတ်ခြင်း (Transoral thyroidectomy) _ သိုင်းရွိုက်ဂလင်းသို့ရောက်ရန် လည်ပင်းအရှေ့တွင် ခွဲကြောင်းမပေးဘဲ ပါးစပ်အတွင်းမှတစ်ဆင့် ခွဲကြောင်းပေး၍ ပြုလုပ်သည်
    • မှန်ပြောင်းအသုံးပြု၍ ခွဲစိတ်ခြင်း (Endoscopic thyroidectomy) _ ထိုခွဲစိတ်မှုတွင် လည်ပင်း၏အရှေ့ဘက်တွင် သေးငယ်သောခွဲကြောင်းပေးပြီး ခွဲကြောင်းမှတစ်ဆင့် သေးငယ်သောဗီဒီယိုကင်မရာနှင့် ခွဲစိတ်ပစ္စည်းများကို ထည့်၍ပြုလုပ်သည်
  • ထို့နောက် ခွဲစိတ်ဆရာဝန်မှ ပြုလုပ်သည့်ခွဲစိတ်မှုပေါ်မူတည်၍ သိုင်းရွိုက်တစ်ခုလုံး (သို့မဟုတ်) တစ်စိတ်တစ်ပိုင်းကို ဖယ်ရှားမည်၊ လိုအပ်ပါက ပြန်ရည်ကျိတ်များကိုပါ ခွဲစိတ်ဖယ်ရှားမည်
  • ထို့နောက်ခွဲစိတ်မှုပြီးပါက ခွဲကြောင်းကို ချုပ်ကြိုးဖြင့် ပြန်ပိတ်မည်ဖြစ်သည်
  • လိုအပ်ပါက ခွဲစိတ်သည့်နေရာမှ အရည်များ၊ သွေးများစီးဆင်းစေရန် ပိုက်တစ်ချောင်းကို တစ်ရက် (သို့မဟုတ်) နှစ်ရက် ထည့်ထားမည်
  • ထို့နောက်ခွဲကြောင်းအပေါ်မှ ပတ်တီး၊ ပလတ်စတာတို့ကို အုပ်မည်ဖြစ်သည်
  • ခွဲစိတ်သည့်အမျိုးအစားပေါ်မူတည်၍ ယေဘုယျအားဖြင့် (၁-၂) နာရီခန့်ကြာမြင့်သည်
  • လူနာကို စောင့်ကြည့်ခန်းထဲတွင်ထည့်ပြီး မေ့ဆေးပျယ်၍ ကောင်းမွန်စွာသတိရသည်အထိ စောင့်ကြပ်ကြည့်ရှုကုသမှုပေးမည်

ခွဲစိတ်မှုပြီးနောက် ခွဲစိတ်မှုပြုလုပ်သည့် အမျိုးအစားပေါ်မူတည်၍ နေ့ချင်းပြန်ခွဲစိတ်မှုပြုလုပ်နိုင်သကဲ့သို့ ဆေးရုံတက်ရောက်၍ ခွဲစိတ်မှုပြုလုပ်ရသည်များလည်းရှိသည်

နောက်ဆက်တွဲဆိုးကျိုးများ

သိုင်းရွိုက်ဂလင်း ခွဲစိတ်ဖြတ်ထုတ်ခြင်းသည် ပုံမှန်ခွဲစိတ်မှုတစ်ခုဖြစ်ပြီး နောက်ဆက်တွဲဆိုးကျိုး ဖြစ်ပေါ်မှု နည်းပါးသည်။ ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲဆိုးကျိုးများမှာ_

  • ခွဲစိတ်ထားသည့်နေရာတွင် ရောင်ရမ်းခြင်း
  • ခွဲစိတ်ထားသည့်နေရာတွင် ပိုးဝင်ခြင်း
  • ခွဲစိတ်နေချိန်နှင့် ခွဲစိတ်ပြီးချိန်တွင် သွေးထွက်များခြင်း
  • မေ့ဆေး၊ ထုံဆေးဖြင့်ဓာတ်မတည့်ခြင်းတို့ ဖြစ်နိုင်သည်။

ထို့ပြင် ခွဲစိတ်နေစဥ်အတွင်း အနီးပတ်ဝန်းကျင်ရှိအစိတ်အပိုင်းများကို ထိခိုက်မိခြင်းကြောင့် အောက်ပါနောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။

  • ကယ်လ်ဆီယမ်ဓာတ်နည်းခြင်း _ သိုင်းရွိုက်ဂလင်း၏ အနောက်ဘက်တွင်ရှိသော ပါရာသိုင်းရွိုက်ဂလင်းကို ထိခိုက်မိခြင်းကြောင့်ဖြစ်သည်၊ ခန္ဓာကိုယ်အတွင်းရှိ ကယ်လ်ဆီယမ်ဓာတ်ကို ထိန်းညှိပေးသော ပါရာသိုင်းရွိုက်ဟော်မုန်းထုတ်လုပ်သည့် ဂလင်းဖြစ်သောကြောင့် ကယ်လ်ဆီယမ်ဓာတ်များ ပုံမမှန်ဖြစ်နိုင်ပြီး ကြွက်တက်ခြင်း၊ ခြေ လက်များ ထုံကျဥ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ နှလုံးခုန်စည်းချက်ပုံမမှန်ခြင်း၊ တက်ခြင်း စသည့်လက္ခဏာများ ခံစားရနိုင်သည်။ ရက်သတ္တပတ်အနည်းငယ်မှ လအနည်းငယ်ကြာသည်အထိ ဖြစ်နိုင်သည်။
  • အသံသြလာခြင်း သို့မဟုတ် အသံပြောင်းသွားခြင်း _ သိုင်းရွိုက်ဂလင်းအနီးတွင်ရှိသော အသံအိုးကို ထိန်းချုပ်သောအာရုံကြော ထိခိုက်မိခြင်းကြောင့်ဖြစ်သည်၊ အာရုံကြောရောင်ရမ်းခြင်းသည် ရက်သတ္တပတ်အနည်းငယ်အတွင်း ပြန်လည်သက်သာလာနိုင်သည်။

ခွဲစိတ်ပြီးနောက်တွင် (၂)ပတ်ခန့်အထိ အစာမျိုရခက်ခြင်း၊ လည်ပင်းနှင့် မေးရိုးတို့တွင် နာကျင်ခြင်း၊ ဇက်တောင့်နေခြင်း စသည်တို့ ခံစားရနိုင်သည်။

လိုက်နာဆောင်ရွက်ရမည့်အချက်များ

ယေဘုယျအားဖြင့် ခွဲစိတ်ပြီးနောက် (၂)ပတ် မှ (၃)ပတ်အတွင်း ပြန်လည်ကောင်းမွန်လာနိုင်သော်လည်း ပြန်လည်ကောင်းမွန်ရန် ကြာမြင့်ချိန်သည် ခွဲစိတ်သည့်နည်းလမ်း၊ ခန္ဓာကိုယ်၏ တုံ့ပြန်နိုင်စွမ်းနှင့် နောက်ဆက်တွဲဆိုးကျိုးများ ရှိမရှိ စသည့်အချက်များပေါ် မူတည်သည်။ အနာသက်သာစေရန်နှင့် အနာကျက်မြန်စေရန် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်နိုင်သည်။

  • ဆေးဝါးများ
    • အကိုက်အခဲပျောက်ဆေးများ၊ ပဋိဇီဝပိုးသတ်ဆေးများကို ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း သောက်သုံးပါ
    • သိုင်းရွိုက်ဂလင်းဖြတ်ထုတ်သည့် ပမာဏပေါ်မူတည်၍ လိုအပ်ပါက သိုင်းရွိုက်‌ဟော်မုန်းဆေးများကို ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း သောက်သုံးရမည်။
  • အနာကိုပြုစုစောင့်ရှောက်ခြင်း
    ပုံမှန်အတိုင်း ‌ရေချိုးနိုင်သော်လည်း လည်ပင်းပေါ်ရှိခွဲကြောင်းနေရာကို အလွန်အကျွံအားသုံး၍ ပွတ်ခြင်းကိုရှောင်ကြည်ပါ၊ ရေချိုးပြီးနောက် အနာကို သန့်ရှင်းသောပဝါဖြင့် ညင်သာစွာသုတ်၍ ခြောက်သွေ့အောင်ထားပါ
    • ကောင်းစွာအနာကျက်သည်အထိ ရေကူးခြင်း၊ ရေစိမ်ခြင်းများ မပြုလုပ်ရပါ
    • အနာကို မကုတ်ရပါ
    • အနာကျက်နှေးစေနိုင်သောကြောင့် ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဥ်ပါ၊ အစားအစာများကို အထူးတလည်ရှောင်ကြဥ်ရန် မလိုအပ်ပါ
  • အနားယူခြင်း
    • ခွဲစိတ်ပြီးနောက် ရက်အနည်းငယ် အနားယူပါ
    • ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများ (ဥပမာ _ ပြေးခြင်း၊ စက်ဘီးစီးခြင်း) ပြုလုပ်ခြင်း၊ လေးလံသောပစ္စည်းများ မ ခြင်းကို တစ်ပတ်ခန့် ရှောင်ကြဉ်ပါ
    • ပုံမှန်အတိုင်း အစားပြန်လည်စားနိုင်ခြင်း၊ ညဘက်ပုံမှန်အိပ်စက်နိုင်ခြင်းနှင့် အကိုက်အခဲပျောက်ဆေး သောက်ရန်မလိုအပ်တော့ခြင်း စသည့် တိုးတက်မှုများရှိလာပါက ကျောင်း (သို့မဟုတ်) လုပ်ငန်းခွင်သို့ ပုံမှန်အတိုင်း ပြန်သွားနိုင်သည်။

ခွဲကြောင်းမှ သွေးထွက်ခြင်း၊ ရောင်ရမ်းခြင်း၊ ပူခြင်း၊ နီခြင်း၊ အဖျားကြီးခြင်း၊ လက်၊ နှုတ်ခမ်း (သို့မဟုတ်) မျက်နှာတွင် ထုံကျဥ်ခြင်း၊ အသက်ရှူရခက်ခြင်း စသည့်အခြေအနေများသည် အရေးပေါ်အခြေအနေ ဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှု (သို့မဟုတ်) ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှု ခံယူရန်လိုသည်။

References:

  1. Jeu, C. B., MD. (2024). Thyroid surgery: Types, indications, risks, and recovery. Houston ENT & Allergy. Retrieved March 20, 2025, from https://www.houstonent.com/blog/thyroid-surgery-types-indications-risks-and-recovery
  2. SingHealth. (n.d.). Thyroidectomy. SingHealth. Retrieved March 20, 2025, from https://www.singhealth.com.sg/patient-care/conditions-treatments/Thyroidectomy
  3. MedicineNet. (n.d.). What are the types of thyroidectomy? Retrieved March 20, 2025, from https://www.medicinenet.com/what_are_the_types_of_thyroidectomy/article.htm
  4. Mayo Clinic. (n.d.). Thyroidectomy. Retrieved March 20, 2025, from https://www.mayoclinic.org/tests-procedures/thyroidectomy/about/pac-20385195
  5. American Thyroid Association. (2024). Thyroid surgery. Retrieved March 20, 2025, from https://www.thyroid.org/thyroid-surgery/

Published: 15 May 2025

Share

15 May 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.