လူတိုင်းနီးပါး အကြောင်းရင်းအမျိုးမျိုးကြောင့် သွားနှုတ်ခံရဖူးသော အတွေ့အကြုံရှိတတ်ကြသည်။ ကလေး၊ လူကြီး၊ ကျား၊ မ မရွေး သွားနှုတ်ခံရနိုင်သည်။ သွားနှုတ်ကုသရခြင်းသည် သွားပိုးစားခြင်းနှင့် အံဆုံးသွားများကြောင့် အဖြစ်အများဆုံးဖြစ်ပြီး အခြားအကြောင်းရင်းများစွာလည်းရှိသည်။
သွားနှုတ်ကုသခြင်းကို သွားဘက်ဆိုင်ရာဆရာဝန်များမှ ပြုလုပ်ပေးလေ့ရှိပြီး သွားနှုတ်ရသည့် အကြောင်းရင်း၊ သွား၏တည်နေရာအနေအထားနှင့် လူနာ၏ရောဂါအကြောင်းရင်းခံပေါ်မူတည်၍ ထုံဆေး သို့မဟုတ် မေ့ဆေးဖြင့် သွားနှုတ်ပေးလေ့ရှိသည်။ သွားကို အလွယ်တကူ နှုတ်၍ရသော အခြေအနေများ ရှိသကဲ့သို့ တစ်ခါတစ်ရံ သွားဖုံးကို အနည်းငယ်ခွဲစိတ်ပြီးမှ သွားကိုဖယ်ရှားရသည့် အခြေအနေများ (ဥပမာ – အံဆုံးနှုတ်ခြင်း) လည်းရှိသည်။
သွားနှုတ်ကုသမှု လိုအပ်သော ရောဂါ အခြေအနေများ
သွားနှုတ်ကုသရသော အကြောင်းရင်းများစွာရှိသည်။ သို့သော် သွားနှုတ်ခြင်း (Tooth Extraction) သည် နောက်ဆုံးရွေးချယ်ရသော ကုသမှုနည်းလမ်းဖြစ်ပြီး၊ သွားနှင့်ခံတွင်းဆရာဝန်များသည် အခြားကုသနည်းများ (ဥပမာ – သွားဖာခြင်း၊ သွားစွပ်တပ်ခြင်း၊ သွားအမြစ်ကုထုံး) ဖြင့် မထိန်းသိမ်းနိုင်တော့သည့် အခြေအနေများတွင်သာ သွားနှုတ်ရန် အကြံပြုလေ့ရှိသည်။ သွားတစ်ချောင်းနှုတ်လျှင် ဘေးတစ်ဖက်တစ်ချက်စီတွင်ရှိသော အခြားသွားများသည်လည်း စောင်းလာခြင်း၊ ယိုင်လာခြင်းစသည်တို့ဖြစ်နိုင်သောကြောင့် သတိပြုသင့်သည်။
သွားနှုတ်ရန် အဓိကလိုအပ်သည့် အခြေအနေများမှာ –
- ပြင်းထန်သော သွားပိုးစားခြင်း (Severe Dental Caries) – သွားအခြေခံဖွဲ့စည်းပုံ ပျက်စီးပြီး ပြန်လည်ပြုပြင်မရတော့သော အခြေအနေ
- သွားတွင်း အခေါင်းပေါက်ကြီးများ (Deep Cavities) – သွားအား ထိန်းသိမ်းကုသရန် မဖြစ်နိုင်တော့ခြင်း
- ပြင်းထန်သော သွားကိုက်နာခြင်း (Severe Toothache) – အာရုံကြောပျက်စီးမှုကြောင့် နာကျင်မှုကို မထိန်းနိုင်ခြင်း
- သွားကျိုးခြင်း၊ သွားပဲ့ခြင်း (Tooth Fracture) – အမြစ်အထိ ပျက်စီးပြီး ပြုပြင်မရတော့ခြင်း
- သွားဖုံးပြည်တည်နာ (Dental Abscess) – ဘက်တီးရီးယားကူးစက်မှုပြင်းထန်ပြီး သွားဖုံးတစ်သျှူးများ ပျက်စီးခြင်း
- သွားဖုံးရောဂါ (Gum Disease) – သွားဖုံးပျက်စီးခြင်း၊ သွားအမြစ်ပွင့်ခြင်းနှင့် သွားများ လျော့ရဲလာခြင်း
- ထပ်နေသော သို့မဟုတ် ပုံမမှန်သွားများ (Overcrowded/Misaligned Teeth) – အခြားသွားများ၏ ကြီးထွားမှုကို အနှောင့်အယှက်ဖြစ်စေခြင်း
- မျက်နှာနှင့် မေးရိုးကို ထိခိုက်မိခြင်းကြောင့် သွားပျက်စီးခြင်း (Tooth Injury) – မတော်တဆမှုများကြောင့် သွားများ ကျိုးပဲ့ခြင်း
- အံဆုံးသွား ပုံမမှန်ပေါက်ခြင်း (Impacted Wisdom Teeth) – နာကျင်မှု၊ ပိုးဝင်ခြင်း သို့မဟုတ် အခြားသွားများကို ဖိမိခြင်း စသည်တို့ဖြစ်သည်။
အကျိုးကျေးဇူးများ
သွားနှုတ်ခြင်း (Tooth Extraction) သည် လိုအပ်သောအခြေအနေများတွင် ပြုလုပ်ပါက အောက်ပါအကျိုးကျေးဇူးများ ရရှိနိုင်သည်။
- သွားများ ညီညာစွာ စီတန်းနိုင်ရန် နေရာဖော်ပေးခြင်း
- ထပ်နေသောသွားများ (Overcrowded Teeth) နှင့် ပုံမမှန်ပေါက်သော အံဆုံးသွားများ (Impacted Wisdom Teeth)ကို ဖယ်ရှားခြင်းဖြင့် အခြားသွားများ ပုံမှန်ကြီးထွားရန် အဆင်ပြေစေသည်
- သွားညှိကုသမှု (Orthodontic Treatment) အတွက် လိုအပ်ပါက နေရာလွတ်ရရှိစေသည်
- ခံတွင်းအတွင်း ဘက်တီးရီးယားပိုးမွှားများ ကူးစက်မှု လျော့ကျစေခြင်း
- ပြင်းထန်စွာ ပိုးစားနေသောသွား (Severely Decayed Teeth) များကို ဖယ်ရှားခြင်းဖြင့် ဘက်တီးရီးယားများ ပျံ့နှံ့မှုကို တားဆီးနိုင်ပြီး ကျန်သွားများကို ကာကွယ်ပေးသည်
- သွားဖုံးရောဂါနှင့် ရောင်ရမ်းမှုများ သက်သာစေခြင်း
- သွားဖုံးပြည်တည်နာ (Dental Abscess) နှင့် သွားဖုံးရောဂါ (Gum Disease) ကြောင့် ဖြစ်သော နာကျင်မှုနှင့် ရောင်ရမ်းခြင်းကို လျှော့ချပေးနိုင်သည်။
- နာကျင်မှုနှင့် စိတ်အနှောင့်အယှက်ဖြစ်မှုများ ပျောက်ကင်းစေခြင်း
- ပျက်စီးနေသောသွား (Damaged Teeth)ကြောင့် ဖြစ်ပေါ်နေသော နာကျင်ကိုက်ခဲမှုများကို အပြီးတိုင် သက်သာစေသည်။
- ပုံမမှန်ပေါက်သော အံဆုံးသွားများကြောင့် မေးရိုးနာခြင်း၊ ခေါင်းကိုက်ခြင်းများကို ကာကွယ်ပေးနိုင်သည်။
ကြိုတင်သိရှိထားရမည့် အချက်များ
သွားနှုတ်ကုသမှုမခံယူမီ သိထားရမည့် အရေးကြီးသော အချက်များမှာ –
- ကုသမှုမတိုင်မီ ပြုလုပ်ရမည့် အဆင့်များ
- သွားဆရာဝန်မှ သင့်သွားနှင့် သွားဖုံးအခြေအနေကို အသေးစိတ် စစ်ဆေးမည်
- နှုတ်ရန်လိုအပ်သော သွားများအတွက် ဓာတ်မှန်ရိုက်ပြီး သွားအနေအထား၊ ပျက်စီးမှုအခြေအနေကို အကဲဖြတ်မည်
- ထို့နောက် သွားနှုတ်ရန် သင့်မသင့် ဆရာဝန်မှ အကြံပြုမည်
- ကုသမှုနည်းလမ်းများနှင့် ဆောင်ရန်၊ ရှောင်ရန်များ
- သွားနှုတ်ရာတွင် အသုံးပြုမည့် ထုံဆေး (သို့မဟုတ်) မေ့ဆေးဆိုင်ရာ ကုသမှုနည်းလမ်းများနှင့် ဆောင်ရန်၊ ရှောင်ရန်များကို ဆရာဝန်မှ ရှင်းလင်းပြောပြမည်
- လူနာမှ သဘောတူပါက သွားနှုတ်ရန် ရက်ချိန်းပေးမည်
- ဆရာဝန်အား အသိပေးရမည့် အချက်များ
သွားနှုတ်မီ သင့်တွင် အောက်ပါအခြေအနေများ ရှိပါက ဆရာဝန်အားကြိုတင်အသိပေးရန်အရေးကြီးသည်- ရောဂါအခံများ
- မွေးရာပါနှလုံးရောဂါ
- နှလုံးအဆို့ရှင်ရောဂါများ
- နှလုံးတွင်းပိုးဝင်ရောင်ရမ်းဖူးခြင်း
- သွေးတိုးရောဂါ
- ဆီးချို သွေးချိုရောဂါ
- အသည်းရောဂါ
- နာတာရှည်ကျောက်ကပ်ရောဂါ
- သိုင်းရွိုက်ဟော်မုန်း မညီမျှခြင်း (နည်းခြင်း၊ ဖျားခြင်း)
- ကိုယ်ခံအားစနစ် အားနည်းခြင်း
- ခွဲစိတ်ကုသမှု ခံယူထားသူများ
- သတ္တုနှင့်ပြုလုပ်ထားသော အစားထိုးကိရိယာများ တပ်ဆင်ထားသူများ (ဥပမာ – နှလုံးအဆို့ရှင်၊ အဆစ်အစားထိုးကုသမှု)
- လက်ရှိသောက်သုံးနေသော ဆေးဝါးများ
- သွေးကျဲဆေးများ (ဥပမာ – Aspirin, Warfarin)
- စတီးရွိုက်ဆေးများ
- အခြားနာတာရှည်ဆေးဝါးများ
- ရောဂါအခံများ
- အခြားသိသင့်သောအချက်များ
- ဆရာဝန်မှ သင့်ရောဂါအခံပေါ်မူတည်၍ ဘေးကင်းစေမည့် ထုံဆေး/မေ့ဆေးရွေးချယ်အသုံးပြုမည်
- တစ်ခါတစ်ရံ ပဋိဇီဝပိုးသတ်ဆေး (Antibiotics) ကို သွားနှုတ်မီ ကြိုတင်သောက်ရန် လိုအပ်နိုင်သည်
- ဆီးချိုရောဂါရှိသူများအနေဖြင့် သွားနှုတ်မီ သွေးသကြားဓာတ်ထိန်းညှိထားရန်အရေးကြီးသည်။
ဤအချက်များကို ကြိုတင်သိရှိထားခြင်းဖြင့် သွားနှုတ်ကုသမှုအား အန္တရာယ်ကင်းစွာ ခံယူနိုင်မည်ဖြစ်သည်။
ကုသပုံအဆင့်ဆင့်
သွားနှုတ်မည့်နေ့
- သွားနှုတ်မည့်နေ့တွင် မေ့ဆေးဖြင့်နှုတ်ရန် လိုပါက လူနာသည် သွားမနှုတ်မီ (၆) နာရီကြိုတင်၍ အစာနှင့်ရေ ဖြတ်ထားရန်လိုအပ်သည်
- ထုံဆေးဖြင့်သာ နှုတ်မည်ဆိုပါက သွားဆေးခန်း၌သာ ပြုလုပ်နိုင်ပြီး မေ့ဆေးလိုအပ်ပါက ခွဲစိတ်ခန်းတွင် ပြုလုပ်ရနိုင်သည်
- လူနာအနေဖြင့် လေဝင်လေထွက်ကောင်းသော ပွပွချောင်ချောင်အဝတ်အစားများကို ဝတ်ဆင်လာပါ
- သွားမနှုတ်မီ ဆေးလိပ်သောက်လာခြင်းကို ရှောင်ပါ
- တုပ်ကွေးမိသည့် လက္ခဏာများရှိပါက သွားနှုတ်မည့်ရက်ကို ရွှေ့ဆိုင်းပါ
- သွားမနှုတ်မီညတွင် ပျို့ခြင်း၊ အန်ခြင်းများရှိပါက ဆရာဝန်အား ကြိုတင်အသိပေးပါ
- မေ့ဆေးဖြင့် သွားနှုတ်ရမည်ဆိုပါက အဖော်တစ်ဦးခေါ်လာပါ
သွားနှုတ်ခြင်းအဆင့်ဆင့်
- ရှေးဦးစွာ ဆရာဝန်မှ သွားနှုတ်မည့်နေရာတစ်ဝိုက်တွင် ထုံဆေးကို ဖျန်းဆေး သို့မဟုတ် သွားဖုံးတွင် ထိုးဆေးအဖြစ် စတင်ပေးမည်
- ထုံဆေးအာနိသင်ရလာပါက ဆရာဝန်မှ သွားကို elevator ဟုခေါ်သော အထူးသွားနှုတ်ကိရိယာဖြင့် သွားကို သွားအံကပ် (Socket) အတွင်းမှ ဆွဲမ၍ နှုတ်ပေးမည်
- အံဆုံးကဲ့သို့ ကြီးမားသောသွားများ နှုတ်ရာတွင်မူ တစ်ခါတစ်ရံ သွားဖုံးနှင့် အောက်ခြေအရိုးကို ခွဲစိတ်ဓားအသုံးပြုကာ အနည်းငယ်ခွဲစိတ်ချဲ့ထွင်ပြီးမှ နှုတ်ရသည်လည်းရှိသည်
- အသက်ကြီးသူများနှင့် နာကျင်မှုကို ခံနိုင်ရည်နည်းသူများတွင် ထုံဆေးနှင့် မေ့ဆေးနှစ်မျိုးလုံးကို အသုံးပြု၍ သွားနှုတ်ရနိုင်သည်။
သွားနှုတ်ပြီးနောက်
- သွားနှုတ်ပြီးနောက် ကျန်ခဲ့သောသွားဖုံးအပေါက်နေရာတွင် ပိုးသတ်ထားသောဂွမ်းစကို ဆရာဝန်မှ နေရာချထားပေးမည်
- ထိုဂွမ်းစကို (၄၅) မိနစ်မှ တစ်နာရီခန့် ဖိကိုက်ထားရန်လိုသည်၊ သို့မှသာ ထိုနေရာလွတ်တွင် သွေးတိတ်ရန် သွေးခဲဖြစ်ပေါ်လာမည်
- သွားဖုံးမှ သွေးတိတ်သွားပါက ဂွမ်းစကိုဖယ်ရှားနိုင်သည်၊ (၂၄) နာရီအတွင်းတွင် သွေးစအနည်းငယ်စိမ့်၍ ထွက်နိုင်သော်လည်း စိုးရိမ်ရန်မလိုပါ
- ရေခဲကို မျက်နှာသုတ်ပုဝါနှင့် ထုပ်၍ သွားနှုတ်သည့်ဖက်ရှိ ပါးကိုကပ်ပေးနိုင်သည်၊ တစ်ကြိမ်ကပ်လျှင် ဆယ်မိနစ်ခန့်ကပ်ပေးပါ၊ (၂၄)နာရီအတွင်း အကြိမ်များစွာကပ်ပေးနိုင်သည်
- ထုံဆေးအာနိသင်ပြယ်၍ နာလာချိန်တွင် ဆရာဝန်မှ ညွှန်ကြားထားသည့် အကိုက်အခဲပျောက်ဆေး များကို သောက်ပေးပါ (ဥပမာ – ပါရာစီတမော၊ အိုင်ဗျူပရိုဖဲင်စသည်)
- ပိုးဝင်ရောင်ရမ်းခြင်းများ လျှော့ချနိုင်ရန် ပဋိဇီဝပိုးသတ်ဆေးများကိုလည်း ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ပါ
နောက်ဆက်တွဲဆိုးကျိုးများ
သွားနှုတ်ပြီးနောက် နောက်ဆက်တွဲဆိုးကျိုးအနည်းငယ်ရှိနိုင်သည်။ အသုံးပြုသော မေ့ဆေး၊ ထုံဆေးတို့၏ ဘေးထွက်ဆိုးကျိုးများကိုလည်း ခံစားရနိုင်သည့်အပြင် အခြားဆိုးကျိုးများမှာ –
- နှုတ်သည့်နေရာတွင် သက်သောင့်သက်သာမဖြစ်ဘဲ ထုံနေခြင်း၊ နာကျင်ခြင်း
- သွားနှင့်သွားဖုံးတစ်ဝိုက်သွေးခြည်ဥခြင်း၊ ရောင်ရမ်းခြင်း
- သွားနှုတ်သည့်နေရာမှ သွေးများပြန်ထွက်နိုင်ခြင်း
- သွားနှုတ်ကိရိယာများကြောင့် ဘေးဘယ်ညာရှိ အခြားသွားများပါ အနည်းငယ်ထိခိုက်နိုင်ခြင်း၊ ကျိုးနိုင်ခြင်း
- ပိုးဝင်နိုင်ခြင်း
- အာရုံကြောထိခိုက်နိုင်ခြင်း
- အနာကျက်နှေးခြင်း
- အံကပ်ခြောက်ခြင်း (Dry socket)
- ပုံမှန်အားဖြင့် သွားနှုတ်သည့်နေရာတွင် ယာယီသွေးခဲဖြစ်ပေါ်လာပြီး ထိုသွေးခဲသည် အောက်ခြေမှ အရိုးနှင့်အာရုံကြောများကို ကာကွယ်ပေးပြီး အနာကျက်ခြင်းကို အားပေးသည်၊ အံကပ်ခြောက်ခြင်းဆိုသည်မှာ ထိုသို့ သွားနှုတ်လိုက်သည့် နေရာလွတ်တွင် သွေးခဲကောင်းစွာမဖြစ်ခြင်း၊ ဖြစ်ပြီးသားသွေးခဲ ပြန်ပြုတ်ထွက်သွားခြင်းတို့ကြောင့် အရိုးနှင့် အာရုံကြောများ အစာနှင့်တိုက်ရိုက်ထိတွေ့ပြီး သွားဖုံးနေရာအပြင် မေးရိုး၊ နားရွက်နေရာများအထိ အလွန်နာကျင်ခြင်း၊ အနာမကျက်ခြင်း၊ ခံတွင်းနံ့ နံခြင်း၊ ငွေ့ငွေ့ဖျားခြင်းနှင့် အရသာဆိုးများခံစားရခြင်းဖြစ်သည်။
လိုက်နာဆောင်ရွက်ရမည့် အချက်များ
- သွားနှုတ်ပြီး (၂၄) နာရီအတွင်း
- အနားယူရန်လိုသည်
- ပါးစပ်တွင်း တံတွေးများ စုပုံလာပါက အသာအယာထွေးထုတ်ပေးပါ၊ ရေဖြင့်ပလုတ်ကျင်း၍ ထွေးထုတ်ခြင်း မပြုရ
- ဆန်ပြုတ်၊ ဒိန်ချဥ်၊ ပူတင်းကဲ့သို့ အစာပျော့ပျော့များသာ စားပါ၊ အရည်ကို ခွက်ဖြင့်သာ သောက်ပေးပါ
- ခေါင်းအုံးမြင့်မြင့် အုံးပေးပါ
- နာကျင်မှုနှင့် ရောင်ရမ်းမှုများ သက်သာစေရန် အကိုက်အခဲပျောက်ဆေးများ လိုအပ်သလို သောက်ပေးပါ
- ရှောင်ကြဥ်ရန်
- ကိုက်ထားသောဂွမ်းကို နေရာရွေ့ကိုက်ခြင်း၊ ဝါးခြင်း၊ မကြာခဏလဲခြင်း၊ ရေခဲငုံခြင်းနှင့် ကြပ်ထုပ်ထိုးခြင်း
- သွားနှုတ်ထားသောနေရာကို လျှာဖြင့်ထိုးကြည့်ခြင်း၊ လက်ဖြင့်နှိုက်ခြင်းနှင့် တံတွေးမကြာခဏထွေးခြင်း
- အလေးအပင်များမခြင်း၊ ပြင်းထန်သောလေ့ကျင့်ခန်းများလုပ်ခြင်း
- အရည်များသောက်သည့်အချိန်တွင် ပိုက်ဖြင့် စုပ်သောက်ခြင်း
- ပူလွန်းသောအစားအသောက်များ စားသောက်ခြင်း
- အရက်သောက်ခြင်း၊ ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်း
- သွားနှုတ်ထားသည့်နေရာကို သွားပွတ်တံဖြင့် တိုက်ခြင်းတို့ကို ရှောင်ကြဥ်ပါ၊ ကျန်သွားများကို ပုံမှန်အတိုင်း သွားတိုက်ခြင်း၊ သွားပွတ်ကြိုးသုံးပေးခြင်းတို့ ပြုလုပ်နိုင်သည်။ (နောက်ရက်တွင် ဆရာဝန်ညွှန်ကြားချက်အတိုင်း သွားပြန်တိုက်နိုင်သည်)
သွားနှုတ်ပြီး ပုံမှန်မဟုတ်ဘဲ သွေးမတိတ်ခြင်း၊ အလွန်အမင်းနာကျင်ကိုက်ခဲခြင်းနှင့် ရောင်ရမ်းခြင်း စသည်တို့ ခံစားရပါက သွားနှင့်ခံတွင်းအထူးကုဆရာဝန်နှင့် ပြန်ပြရန် လိုအပ်သည်။
သွားနှုတ်ပြီး (၂၄)နာရီ ကျော်ပါက
- ဆားရည် (သို့မဟုတ်) ခံတွင်းသန့်စင်ဆေးရည်ဖြင့် ပလုတ်ကျင်း၍ ညင်သာစွာပြန်ထွေးထုတ်နိုင်သည်
- အစာပျော့ပျော့များကို ဆက်စားနိုင်သည်၊ မာ၍ ကြွပ်ရွသော အစားအစာများကို ရှောင်ပါ
- နောက်နှစ်ရက်ခန့်တွင် ပုံမှန်စားနေကျ အစားအသောက်များ ပြန်လည်စားနိုင်သည်
- အံကပ်ခြောက်ခြင်း (Dry socket) ဖြစ်ခြင်း ရှိမရှိကို စောင့်ကြည့်ရန်လိုသည်
သွားဆရာဝန်နှင့် ပြန်လည်ပြသရန်
သွားဆရာဝန်နှင့် ရက်ချိန်းအတိုင်း ပုံမှန်ပြန်ပြရန် အရေးကြီးသည်။ သွားနှုတ်သည့် နေရာတွင် သွားပြန်စိုက်ရန်လိုအပ်နိုင်သောကြောင့် ညွှန်ကြားချက်များကို စနစ်တကျလိုက်နာသင့်သည်။
သွားနှုတ်ပြီးနောက် အဖျားတက်ခြင်း (၁၀၀.၄ ဒီဂရီဖာရင်ဟိုက်နှင့် အထက်)၊ ချမ်းတုန်ခြင်း၊ ဆေးသောက်သော်လည်း သက်သာခြင်းမရှိဘဲ ရက်အနည်းငယ်ကြာသည်အထိ သွားနှုတ်သည့် နေရာတစ်ဝိုက် ကိုက်ခဲနာကျင်နေခြင်း၊ သွေးများပြန်ထွက်ခြင်း၊ ပြည်များထွက်ခြင်းတို့ရှိလာပါက မိမိ၏သွားဆရာဝန်နှင့် အမြန်ဆုံးပြန်လည်ပြသရန် လိုအပ်ပါသည်။
References:
- Professional, C. C. M. (2025). Tooth extraction. Cleveland Clinic. Retrieved March 24, 2025, from https://my.clevelandclinic.org/health/treatments/22120-tooth-extraction
- Gotter, A. (2023). What to expect during a tooth extraction. Healthline. Retrieved March 24, 2025, from https://www.healthline.com/health/tooth-extraction
- Tooth extraction: MedlinePlus Medical Encyclopedia. (n.d.). Retrieved March 24, 2025, from https://medlineplus.gov/ency/article/007630.htm
- Oral Surgery Managed Clinical Network in Shropshire Telford and Wrekin, NHS England – North Midlands, Local Dental Network – Shropshire and Staffordshire, & Dental Public Health – Shropshire and Staffordshire. (n.d.). Your guide to having teeth removed. Retrieved March 24, 2025, from https://www.england.nhs.uk/mids-east/wp-content/uploads/sites/7/2017/07/pt-info-leaflet-extractions.pdf#:~:text=Having%20a%20tooth%20removed%20is%20a%20surgical%20procedure%20and%20as
Published: 30 April 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.