Day Case Surgery (နေ့ချင်းပြန်နိုင်သောခွဲစိတ်ကုသမှု)

Day Case Surgery (နေ့ချင်းပြန်နိုင်သောခွဲစိတ်ကုသမှု)

နေ့ချင်းပြန်နိုင်သော ခွဲစိတ်ကုသမှု (Day Case Surgery) ဆိုသည်မှာ လူနာများအား နေ့ချင်းပြီး ခွဲစိတ်ကုသ၊ အိမ်ပြန်နိုင်ရန် စနစ်တကျ ကြိုတင်ပြင်ဆင်ကာ ခွဲစိတ်ကုသခြင်းဖြစ်သည်။ ရောဂါအမျိုးအစားအပေါ် မူတည်၍ လိုအပ်သော ခွဲစိတ်ကုသမှု နည်းလမ်းများကို အသုံးပြုသည်။

Day Case Surgery ခွဲစိတ်ကုသမှု၏ အကျိုးကျေးဇူးများမှာ_

  1. လူနာများသည် ဆေးရုံတွင် ခွဲစိတ်ကုသမှုပြီးစီးလျှင် နေ့ချင်းပြီး အိမ်ပြန်နိုင်သဖြင့် ရောဂါ‌ဝေဒနာ စတင်သက်သာလာသောအချိန် (Recovery Phase) ကို မိသားစုဝင်များ၏ အနီးတွင်ခံစားရခြင်း
  2. ဆေးရုံတက်ရန် မလိုသောကြောင့် လူနာမိသားစု၏ ဝန်ထုပ်ဝန်ပိုးနှင့် ကုန်ကျစရိတ်များကို လျှော့ချနိုင်ခြင်း
  3. ဆေးရုံမှကူးစက်နိုင်သော ရောဂါများအန္တရာယ် (Hospital acquired infection or Nosocomial infection) ကို လျှော့ချနိုင်ခြင်း
  4. ဆေးရုံ၊ ကျန်းမာရေးဌာနများ၏ ဝန်ထုပ်ဝန်ပိုး၊ လူနာနေရာထိုင်ခင်း၊ ကုတင်လိုအပ်ချက်နှင့် ကျန်းမာရေးဆိုင်ရာ အရင်းအမြစ်များ (Health resources) အသုံးပြုမှုကို လျှော့ချနိုင်ခြင်းတို့ဖြစ်သည်။
Day Case Surgery ဖြင့် ခွဲစိတ်ကုသနိုင်သော ရောဂါနှင့်အခြေအနေများ

ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်းတိုးတက်လာပြီး သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ တိုးတက်လာသည်နှင့်အမျှ Day Case surgery ပြုလုပ်နိုင်သော ခွဲစိတ်ကုသမှုနည်းလမ်းများ ပိုမိုများပြားလာသည်။

Day Case Surgery ဖြင့် ခွဲစိတ်ကုသနိုင်သော ရောဂါအခြေအနေများစွာအနက် အချို့မှာ_

  1. မျက်စိဆိုင်ရာ ခွဲစိတ်ကုသမှုများ
    • မျက်စိအတွင်းတိမ် ခွဲစိတ်ခြင်း
    • မျက်စိစွေခြင်းအတွက် ခွဲစိတ်ပြုပြင်ခြင်း
  2. နား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာ ခွဲစိတ်မှုများ
    • အာသီးဖြတ်ထုတ်ခြင်း
    • နှာခေါင်းပြုပြင်ခြင်း
  3. ဝမ်းဗိုက်ပိုင်း ခွဲစိတ်မှုများ
    • အူကျခြင်း၊ အူကျွံခြင်း ခွဲစိတ်မှုများ
    • အူအတက်ထုတ်ခြင်း
    • မှန်ပြောင်းအသုံးပြုကာ ဝမ်းဗိုက်တွင် အပေါက်ငယ်များဖောက်၍ သည်းခြေအိတ်ထုတ်ခြင်း
    • အစာအိမ်၊ အူလမ်းကြောင်း၊ အူမကြီးဆိုင်ရာ မှန်ပြောင်းဖြင့် ရောဂါရှာဖွေခြင်းနှင့် အသားစယူခြင်းများ
  4. အမျိုးသားလိင်အင်္ဂါဆိုင်ရာ ခွဲစိတ်မှုများ
    • အမျိုးသားလိင်အရေပြားထိပ်ဖြတ်တောက်ခြင်း
    • အမျိုးသားဝှေးစေ့ ခွဲစိတ်ဖြတ်ထုတ်ခြင်း သို့မဟုတ် ပြုပြင်ခြင်း
  5. အမျိုးသမီးမျိုးပွါးအင်္ဂါဆိုင်ရာ ခွဲစိတ်မှုများ
    • အမျိုးသမီးများ သားကြောဖြတ်ခြင်း
    • သားအိမ်ထုတ်ခြင်း
  6. လိပ်ခေါင်းခွဲစိတ်မှုများ
  7. ခြေလက်ပိုင်းဆိုင်ရာ ခွဲစိတ်မှုများ
    • ခြေ၊ လက်အာရုံကြော ခွဲစိတ်ပြုပြင်ခြင်းများ
    • ကြွက်သားအရွတ် ခွဲစိတ်ပြုပြင်ခြင်းများ
    • ဒူးဆစ်အတွင်း မှန်ပြောင်းဖြင့်ခွဲစိတ်ခြင်း
    • လတ်တလော အရိုးကျိုးလူနာများကို အရိုးပြန်တည့်၍ ကျောက်ပတ်တီးစီးခြင်း သို့မဟုတ် စတီးချောင်း၊ စတီးပြားများဖြင့် ခွဲစိတ်ကုသခြင်း
    • ယခင်ခွဲစိတ်ကုသထားသည့် စတီးချောင်း၊ စတီးပြားများကို ပြန်ထုတ်ခြင်း
    • လက်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာများ ခွဲစိတ်ကုသခြင်း
    • အဆစ်အတွင်း ဆေးထိုးကုသခြင်း
    • အရိုးရောဂါများအတွက် အသားစနမူနာယူခြင်း
  8. ရင်သားခွဲစိတ်မှုများ
    • ရင်သားတစ်စိတ်တစ်ပိုင်း သို့မဟုတ် တစ်ခုလုံး ဖြတ်ထုတ်ခြင်း
    • အသားစနမူနာယူခြင်း စသည်တို့ဖြစ်သည်။
ခွဲစိတ်ကုသမှုပြုလုပ်ရန် မသင့်တော်သော အခြေအနေများ
  • ဆေးဝါးဖြင့် ထိန်းချုပ်ရန် ခက်ခဲ၍ မတည်ငြိမ်သော နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ ဆီးချိုရောဂါနှင့် သွေးတိုးရောဂါ ဝေဒနာရှင်များ
  • ယခင်က မေ့ဆေးပေးရာတွင် အသက်ရှူပိုက်ထည့်ရန် ခက်ခဲသော အခြေအနေရှိခဲ့သူများ သို့မဟုတ် မေ့ဆေးဆရာဝန်မှ အဆိုပါအခြေအနေရှိနိုင်သည်ဟု သတ်မှတ်သောလူနာများ
  • သွေးထွက်များတတ်သော အခြေအနေများ
  • အဝလွန်သော လူနာများ
ကြိုတင်သိရှိထားရမည့်အချက်များ

လူနာနှင့်လူနာရှင်များအနေဖြင့် Day Case Surgery ခွဲစိတ်ကုသမှုမတိုင်မီနှင့် ခွဲစိတ်မှုပြီးနောက်တွင် သိရှိထားရမည့် အရေးကြီးအချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  1. ခွဲစိတ်ကုသမှုနှင့် မေ့ဆေးဆိုင်ရာ အချက်များ
    • ခွဲစိတ်ကုသမှုနည်းလမ်းနှင့် အသုံးပြုမည့် မေ့ဆေးအမျိုးအစားကို ကြိုတင်သိရှိထားရမည်
    • မေ့ဆေးအမျိုးအစားပေါ် မူတည်၍ အစာရေစာရှောင်ရှားရမည့် အချိန်ကာလကို သတိပြုလိုက်နာရမည်
  2. ခွဲစိတ်မှုပြီးနောက် ဂရုစိုက်ရမည့်အချက်များ
    • ခွဲစိတ်မှုပြီးနောက် လူနာကို အနီးကပ်ကြည့်ရှုစောင့်ရှောက်ပေးမည့် အိမ်သားတစ်ဦးဦး ရှိရမည်
    • ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများမှ ညွှန်ကြားထားသော “ဆောင်ရန်၊ ရှောင်ရန်အချက်များ” ကို လူနာနှင့် လူနာရှင်များက သေချာနားလည်လိုက်နာရမည်
    • ဆရာဝန်မှ ညွှန်ကြားထားသော ဆေးများ (ဥပမာ _ ပဋိဇီဝပိုးသတ်ဆေး၊ အကိုက်အခဲပျောက်ဆေး) ကို သတ်မှတ်ထားသည့်အတိုင်း အတိအကျလိုက်နာ သောက်သုံးရမည်
    • ခွဲစိတ်မှုကြောင့် ဖြစ်ပေါ်လာနိုင်သော ဘေးထွက်ဆိုးကျိုးများနှင့် သတိပြုရမည့်လက္ခဏာများကို ကြိုတင်သိရှိထားရမည်
  3. ဆက်သွယ်ရေးနှင့် အရေးပေါ်စီစဉ်မှုများ
    • လိုအပ်ပါက သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများနှင့် ချက်ချင်းဆက်သွယ်နိုင်ရန် ဖုန်းနံပါတ် သို့မဟုတ် အခြားဆက်သွယ်ရေးနည်းလမ်းများ ပြင်ဆင်ထားရမည်
    • နေ့ချင်းပြန်နိုင်သော ခွဲစိတ်မှုခံယူသူလူနာသည် အရေးပေါ်အခြေအနေတွင် သက်ဆိုင်ရာ ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်းသွားနိုင်သော လက်လှမ်းမီရာ နေရာတစ်ခု ရှိရမည်
    • လိုအပ်ပါက လူနာတင်ယာဉ် သို့မဟုတ် အခြားသယ်ယူပို့ဆောင်ရေး စီစဉ်ထားရမည်
    • ခွဲစိတ်မှုပြီးနောက် ပုံမှန်မဟုတ်သော လက္ခဏာများ (ဥပမာ _ သွေးထွက်ခြင်း၊ ဖျားခြင်း၊ နာကျင်မှုပြင်းထန်ခြင်း) ပေါ်ပေါက်ပါက ချက်ချင်းဆက်သွယ်ရန်နှင့် လိုအပ်ပါက ဆေးရုံသို့ အမြန်သွားရောက်ရန် ပြင်ဆင်ထားရမည်

ဤအချက်များကို ကြိုတင်သိရှိပြီး လိုက်နာခြင်းဖြင့် ခွဲစိတ်ကုသမှုအား ချောမွေ့စွာ ပြီးမြောက်စေနိုင်သည်။

ကုသပုံအဆင့်ဆင့်
  1. ရောဂါအမျိုးအစားနှင့် ခွဲစိတ်ကုသမှုနည်းလမ်း ရွေးချယ်ခြင်း
    • သက်ဆိုင်ရာ ခွဲစိတ်ဆရာဝန်မှ ရောဂါအခြေအနေပေါ် မူတည်၍ Day Case Surgery ပြုလုပ်ရန် သင့်တော်သော ခွဲစိတ်နည်းလမ်းကို ရွေးချယ်မည်
    • ခွဲစိတ်မှုအတွက် လိုအပ်သော စစ်ဆေးမှုများ (ဥပမာ _ သွေးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း) ကို ကြိုတင်ပြုလုပ်မည်
  2. လူနာ၏ ကျန်းမာရေးအခြေအနေ စစ်ဆေးခြင်း
    • လူနာသည် Day Case Surgery ပြုလုပ်ရန် သင့်လျော်သော ကျန်းမာရေးအခြေအနေရှိရမည် (ဥပမာ _ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ စသည့် နာတာရှည်ရောဂါများကို ပုံမှန်ထိန်းချုပ်ကုသနိုင်သော အခြေအနေဖြစ်ရမည်)
    • သွေးထွက်များတတ်သော အခြေအနေများ (ရောဂါကြောင့်ဖြစ်စေ၊ သွေးကျဲဆေး၊ သွေးမခဲဆေး သောက်သုံးနေခြင်းကြောင့်ဖြစ်စေ) ကို စစ်ဆေးထားရမည်
  3. မေ့ဆေးနှင့်ထုံဆေး ရွေးချယ်ခြင်း
    • မေ့ဆေးဆရာဝန်မှ Day Case Surgery အတွက် သင့်လျော်သော မေ့ဆေး၊ ထုံဆေးကို ရွေးချယ်မည်
    • လူနာ၏ ကျန်းမာရေးအခြေအနေနှင့် လိုက်လျောညီထွေရှိမှုကို စမ်းသပ်စစ်ဆေးမည်
  4. လူနာအား ပြင်ဆင်ခြင်းနှင့် ရှင်းလင်းပြခြင်း
    • လူနာသည် Day Case Surgery အတွက် သင့်လျော်ပါက သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများမှ အောက်ပါအချက်များကို ရှင်းလင်းပြောပြမည်
      • ခွဲစိတ်ကုသမှုနည်းလမ်းများကို ရှင်းပြခြင်း
      • လူနာအား အနီးကပ်စောင့်ရှောက်ပေးမည့် အိမ်သား၊ လူနာစောင့် သို့မဟုတ် မိသားစုဆရာဝန် လိုအပ်ခြင်း
      • ခွဲစိတ်ပြီး လူနာနေမည့် တည်နေရာသည် ကျန်းမာရေးဌာနများအား လက်လှမ်းမီသော နေရာဖြစ်ခြင်း
      • ပြင်ပလူနာပြန်လည်ပြသရန် အဆင်ပြေသော အခြေအနေရှိခြင်း
  5. မခွဲစိတ်မီ ပြင်ဆင်ခြင်း
    • မေ့ဆေးဆရာဝန်မှ ညွှန်ကြားထားသော အစာနှင့်ရေ နောက်ဆုံးစားသောက်ရမည့် အချိန်များကို လိုက်နာရမည်
    • ညွှန်ကြားထားသော ဆေးများကို အတိအကျသောက်သုံးရမည်
    • ချိန်းဆိုထားသော အချိန်အတိုင်း ရောက်ရှိရမည်
  6. ခွဲစိတ်ပြီး စောင့်ကြပ်ကြည့်ရှုခြင်း
    • သတ်မှတ်ထားသော ခွဲစိတ်ပြီး လူနာထားရာ လူနာခန်းတွင် သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများမှ အနီးကပ်ကြည့်ရှု စောင့်ရှောက်ကုသပေးမည်
  7. ဆေးရုံဆင်းရန် လိုအပ်သော အခြေအနေများ
    • ဆေးရုံဆင်းရန် လိုအပ်သော အခြေအနေနှင့် ညီညွတ်ပါက အောက်ပါအချက်များကို ဆောင်ရွက်ပေးမည်
      • အိမ်တွင် သောက်ရမည့်ဆေးများ ညွှန်ကြားခြင်း
      • သတိပြုလိုက်နာရမည့်အချက်များ ထပ်မံအသိပေးခြင်း
      • သက်ဆိုင်ရာ ဆရာဝန်ပြန်ပြရန် ရက်ချိန်း၊ အချိန်သတ်မှတ်ပေးခြင်း

ဤအချက်များကို လိုက်နာခြင်းဖြင့် ခွဲစိတ်ကုသမှုအား ချောမွေ့စွာ ပြီးမြောက်စေနိုင်သည်။

နောက်ဆက်တွဲဆိုးကျိုးများ

နေ့ချင်းပြန်နိုင်သော ခွဲစိတ်ကုသမှု (Day Case Surgery) သည် ယေဘုယျအားဖြင့် နောက်ဆက်တွဲပြဿနာဖြစ်ပွါးမှု အလွန်နည်းပါးသော်လည်း ခွဲစိတ်ကုသမှုသဘာဝအရ အောက်ပါနောက်ဆက်တွဲပြဿနာများ ရှိနိုင်သည်။

  1. မေ့ဆေးနှင့်သက်ဆိုင်သော ပြဿနာများ
    • အသုံးပြုသော အိပ်ဆေး၊ မေ့ဆေးကြောင့် ပျို့ခြင်း၊ အန်ခြင်း၊ မူးဝေခြင်း၊ သတိပြန်လည်ချိန်ကြာခြင်း၊ အသက်ရှူလမ်းကြောင်းပြဿနာများရှိခြင်း၊ ခါးထုံဆေးကြောင့် ဆီးအိမ်တင်းခြင်းများ ဖြစ်နိုင်သည်
  2. ခွဲစိတ်မှုနှင့်သက်ဆိုင်သော ပြဿနာများ
    • ဆေးရုံပြန်ဆင်းချိန် မြန်သောကြောင့် ခွဲစိတ်ဒဏ်ရာ နာကျင်မှုအတွက် လုံလောက်သော နာကျင်မှုသက်သာဆေးများမရရှိဘဲ ဖြစ်တတ်သည်၊ ဆေးရုံဆင်းပြီးချိန် နာကျင်မှုသည် နေ့ချင်းပြန်ခွဲစိတ်မှုတွင် အဖြစ်အများဆုံးဖြစ်သည်
    • ခွဲစိတ်သည့်ဒဏ်ရာမှ သွေးထွက်ခြင်း၊ ပိုးဝင်ခြင်း၊ အနာအကျက်နှေးခြင်းများလည်းဖြစ်တတ်သည်

Day Case Surgery ခွဲစိတ်ကုသမှု၏အားနည်းချက်အချို့မှာ_

  • ခွဲစိတ်ပြီးစောင့်ကြည့်ချိန်တိုတောင်းခြင်း
  • ဆေးရုံ၊ ဆေးခန်းတွင် ဆရာဝန်၊ ဆရာမများနှင့် အနီးကပ်စောင့်ရှောက်မှုမရသည့်အတွက် ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ခြင်း
  • အိမ်တွင် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်ပါက ချက်ချင်းဆေးကုသမှု မရရှိနိုင်ခြင်း
  • စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ရှိနိုင်ခြင်း (ဥပမာ _ စောစောဆေးရုံဆင်းရခြင်းကြောင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နိုင်ခြင်း)
  • နောက်ဆက်တွဲပြဿနာများကြောင့် မလိုလားအပ်ဘဲ ဆေးရုံပြန်တက်ရခြင်းတို့ဖြစ်သည်။

ဤပြဿနာများကို လျှော့ချရန် လူနာရွေးချယ်မှု၊ ခွဲစိတ်မှုမတိုင်မီ အသိပညာပေးခြင်းနှင့် ဆေးရုံဆင်းချိန်တွင် ရှင်းလင်းသော ညွှန်ကြားချက်များပေးခြင်းတို့ကို စနစ်တကျပြုလုပ်ရန် အရေးကြီးသည်။

လိုက်နာဆောင်ရွက်ရမည့်အချက်များ
  • Day Case Surgery ခွဲစိတ်ကုသမှုမတိုင်မီ လူနာ၊ လူနာစောင့်နှင့် အိမ်သားများသည် ခွဲစိတ်နည်းလမ်းများ၊ နောက်ဆက်တွဲဆိုးကျိုးများနှင့် သတိပြုရမည့်အချက်များကို ကောင်းစွာနားလည်ထားရမည်
  • ညွှန်ကြားချက်များကို အတိအကျလိုက်နာရန် အရေးကြီးပြီး နားမလည်သောအချက်များကို ကျန်းမာရေးဝန်ထမ်းများအား မေးမြန်းရမည်
  • ခွဲစိတ်ပြီးနောက် နောက်ဆက်တွဲဆိုးကျိုးများ သတိပြုမိပါက ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်ရမည်
  • ဆေးရုံဆင်းပြီးနောက် ဆရာဝန်ညွှန်ကြားထားသော ဆေးများကို ပုံမှန်သောက်သုံးပြီး သတိပြုလိုက်နာရမည့်အချက်များကို အတိအကျ လိုက်နာရမည်
  • ပြန်လည်စစ်ဆေးရန် ချိန်းဆိုထားသော ရက်ချိန်းကို မပျက်မကွက် သွားရောက်ရမည်

ဤအချက်များကို လိုက်နာခြင်းဖြင့် နေ့ချင်းပြန်နိုင်သော ခွဲစိတ်ကုသမှုအား အောင်မြင်စွာ ပြီးမြောက်စေနိုင်သည်။

References:

  1. East Kent Hospitals University NHS Foundation Trust. (n.d.). Day surgery: Before your surgery. Retrieved March 26, 2026, from https://www.ekhuft.nhs.uk/information-for-patients/patient-information/?i=leaflets&categories=day-surgery-before-your-surgery
  2. International Association for Ambulatory Surgery. (n.d.). Day surgery booklet. Retrieved March 26, 2026, from https://theiaas.net/day-surgery-booklet
  3. Centre for Perioperative Care. (2024). Day surgery. Retrieved March 26, 2026, from https://www.cpoc.org.uk/guidelines-and-resources/guidelines/day-surgery
  4. Cleveland Clinic. (n.d.). Preparing for outpatient surgery: A guide. Retrieved March 26, 2026, from https://my.clevelandclinic.org/patients/information/prepare-for-surgery/prepare-for-outpatient-surgery-guide
  5. Safer Care Victoria. (n.d.). Day surgery implementation toolkit overview. Retrieved March 26, 2026, from https://www.health.vic.gov.au/day-surgery-implementation-toolkit/overview

Published: 22 March 2025

Last updated: 19 April 2026

Share

26 March 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.