နေ့ချင်းပြန်နိုင်သော ခွဲစိတ်ကုသမှု (Day Case Surgery) ဆိုသည်မှာ လူနာများအား နေ့ချင်းပြီး ခွဲစိတ်ကုသ၊ အိမ်ပြန်နိုင်ရန် စနစ်တကျ ကြိုတင်ပြင်ဆင်ကာ ခွဲစိတ်ကုသခြင်း ဖြစ်သည်။ ရောဂါအမျိုးအစားအပေါ် မူတည်၍ လိုအပ်သော ခွဲစိတ်ကုသမှု နည်းလမ်းများကို အသုံးပြုသည်။
Day Case Surgery ခွဲစိတ်ကုသမှု၏ အကျိုးကျေးဇူးများမှာ _
- လူနာများသည် ဆေးရုံတွင် ခွဲစိတ်ကုသမှုပြီးစီးလျှင် နေ့ချင်းပြီး အိမ်ပြန်နိုင်သဖြင့် ရောဂါဝေဒနာ စတင်သက်သာလာသောအချိန် (Recovery Phase) ကို မိသားစုဝင်များ၏ အနီးတွင်ခံစားရခြင်း
- ဆေးရုံတက်ရန် မလိုသောကြောင့် လူနာမိသားစု၏ ဝန်ထုပ်ဝန်ပိုးနှင့် ကုန်ကျစရိတ်များကို လျှော့ချနိုင်ခြင်း
- ဆေးရုံမှ ကူးစက်နိုင်သောရောဂါများအန္တရာယ် (Hospital acquired infection or Nosocomial infection) ကိုလျှော့ချနိုင်ခြင်း
- ဆေးရုံ၊ ကျန်းမာရေးဌာနများ၏ ဝန်ထုပ်ဝန်ပိုး၊ လူနာနေရာထိုင်ခင်း၊ ကုတင်လိုအပ်ချက်နှင့် ကျန်းမာရေးဆိုင်ရာ အရင်းအမြစ်များ (Health resources) အသုံးပြုမှုကို လျှော့ချနိုင်ခြင်းတို့ဖြစ်သည်။
Day Case Surgery ဖြင့် ခွဲစိတ်ကုသနိုင်သောရောဂါနှင့်အခြေအနေများ
ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်းတိုးတက်လာပြီး သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ တိုးတက်လာသည်နှင့်အမျှ Day Case surgery ပြုလုပ်နိုင်သော ခွဲစိတ်ကုသမှုနည်းလမ်းများ ပိုမိုများပြားလာသည်။
Day Case Surgery ဖြင့် ခွဲစိတ်ကုသနိုင်သော ရောဂါအခြေအနေများစွာအနက် အချို့မှာ_
- မျက်စိဆိုင်ရာ ခွဲစိတ်ကုသမှုများ
- မျက်စိအတွင်းတိမ်ခွဲစိတ်ခြင်း
- မျက်စိစွေခြင်းအတွက် ခွဲစိတ်ပြုပြင်ခြင်း
- နား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာ ခွဲစိတ်မှုများ
- အာသီးဖြတ်ထုတ်ခြင်း
- နှာခေါင်းပြုပြင်ခြင်း
- ဝမ်းဗိုက်ပိုင်း ခွဲစိတ်မှုများ
- အူကျခြင်း၊ အူကျွံခြင်း ခွဲစိတ်မှုများ
- အူအတက်ထုတ်ခြင်း
- မှန်ပြောင်းအသုံးပြုကာ ဝမ်းဗိုက်တွင် အပေါက်ငယ်များဖောက်၍ သည်းခြေအိတ်ထုတ်ခြင်း
- အစာအိမ်၊ အူလမ်းကြောင်း၊ အူမကြီးဆိုင်ရာ မှန်ပြောင်းဖြင့် ရောဂါရှာဖွေခြင်းနှင့် အသားစယူခြင်းများ
- အမျိုးသားလိင်အင်္ဂါဆိုင်ရာ ခွဲစိတ်မှုများ
- အမျိုးသားလိင်အရေပြားထိပ်ဖြတ်တောက်ခြင်း
- အမျိုးသားဝှေးစေ့ ခွဲစိတ်ဖြတ်ထုတ်ခြင်း (သို့မဟုတ်) ပြုပြင်ခြင်း
- အမျိုးသမီးမျိုးပွါးအင်္ဂါဆိုင်ရာ ခွဲစိတ်မှုများ
- အမျိုးသမီးများ သားကြောဖြတ်ခြင်း
- သားအိမ်ထုတ်ခြင်း
- လိပ်ခေါင်းခွဲစိတ်မှုများ
- ခြေလက်ပိုင်းဆိုင်ရာ ခွဲစိတ်မှုများ
- ခြေ၊ လက် အာရုံကြောခွဲစိတ်ပြုပြင်ခြင်းများ
- ကြွက်သားအရွတ် ခွဲစိတ်ပြုပြင်ခြင်းများ
- ဒူးဆစ်အတွင်း မှန်ပြောင်းဖြင့်ခွဲစိတ်ခြင်း
- လတ်တလော အရိုးကျိုးလူနာများကို အရိုးပြန်တည့်၍ ကျောက်ပတ်တီးစီးခြင်း သို့မဟုတ် စတီးချောင်း၊ စတီးပြားများဖြင့် ခွဲစိတ်ကုသခြင်း
- ယခင်ခွဲစိတ်ကုသထားသည့် စတီးချောင်း၊ စတီးပြားများကို ပြန်ထုတ်ခြင်း
- လက်ပိုင်းဆိုင်ရာထိခိုက်ဒဏ်ရာများ ခွဲစိတ်ကုသခြင်း
- အဆစ်အတွင်းဆေးထိုးကုသခြင်း
- အရိုးရောဂါများအတွက် အသားစနမူနာယူခြင်း
- ရင်သားခွဲစိတ်မှုများ
- ရင်သားတစ်စိတ်တစ်ပိုင်း သို့မဟုတ် တစ်ခုလုံးဖြတ်ထုတ်ခြင်း
- အသားစနမူနာယူခြင်း စသည်တို့ဖြစ်သည်။
Day Case Surgery ခွဲစိတ်ကုသမှုပြုလုပ်ရန် မသင့်တော်သော အခြေအနေများ
- ဆေးဝါးဖြင့် ထိန်းချုပ်ရန် ခက်ခဲ၍ မတည်ငြိမ်သော နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ ဆီးချိုရောဂါနှင့် သွေးတိုးရောဂါ ဝေဒနာရှင်များ
- ယခင်က မေ့ဆေးပေးရာတွင် အသက်ရှူပိုက်ထည့်ရန် ခက်ခဲသော အခြေအနေရှိခဲ့သူများ (သို့မဟုတ်) မေ့ဆေးဆရာဝန်မှ အဆိုပါ အခြေအနေရှိနိုင်သည်ဟု သတ်မှတ်သောလူနာများ
- သွေးထွက်များတတ်သော အခြေအနေများ
- အဝလွန်သော လူနာများ
ကြိုတင်သိရှိထားရမည့်အချက်များ
လူနာနှင့် လူနာရှင်များအနေဖြင့် Day Case Surgery ခွဲစိတ်ကုသမှုမတိုင်မီနှင့် ခွဲစိတ်မှုပြီးနောက်တွင် သိရှိထားရမည့် အရေးကြီးအချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
- ခွဲစိတ်ကုသမှုနှင့် မေ့ဆေးဆိုင်ရာ အချက်များ
- ခွဲစိတ်ကုသမှုနည်းလမ်းနှင့် အသုံးပြုမည့် မေ့ဆေးအမျိုးအစားကို ကြိုတင်သိရှိထားရမည်
- မေ့ဆေးအမျိုးအစားပေါ် မူတည်၍ အစာရေစာ ရှောင်ရှားရမည့် အချိန်ကာလကို သတိပြုလိုက်နာရမည်
- ခွဲစိတ်မှုပြီးနောက် ဂရုစိုက်ရမည့်အချက်များ
- ခွဲစိတ်မှုပြီးနောက် လူနာကို အနီးကပ်ကြည့်ရှုစောင့်ရှောက်ပေးမည့် အိမ်သားတစ်ဦးဦး ရှိရမည်
- ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများမှ ညွှန်ကြားထားသော “ဆောင်ရန်၊ ရှောင်ရန်အချက်များ” ကို လူနာနှင့် လူနာရှင်များက သေချာနားလည်လိုက်နာရမည်
- ဆရာဝန်မှ ညွှန်ကြားထားသော ဆေးများ (ဥပမာ _ ပဋိဇီဝပိုးသတ်ဆေး၊ အကိုက်အခဲပျောက်ဆေး) ကို သတ်မှတ်ထားသည့် အတိုင်း အတိအကျလိုက်နာ သောက်သုံးရမည်
- ခွဲစိတ်မှုကြောင့် ဖြစ်ပေါ်လာနိုင်သော ဘေးထွက်ဆိုးကျိုးများနှင့် သတိပြုရမည့်လက္ခဏာများကို ကြိုတင်သိရှိထားရမည်
- ဆက်သွယ်ရေးနှင့် အရေးပေါ်စီစဉ်မှုများ
- လိုအပ်ပါက သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများနှင့် ချက်ချင်းဆက်သွယ်နိုင်ရန် ဖုန်းနံပါတ် သို့မဟုတ် အခြားဆက်သွယ်ရေးနည်းလမ်းများ ပြင်ဆင်ထားရမည်
- နေ့ချင်းပြန်နိုင်သော ခွဲစိတ်မှုခံယူသူလူနာသည် အရေးပေါ်အခြေအနေတွင် သက်ဆိုင်ရာ ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်းသွားနိုင်သော လက်လှမ်းမီရာ နေရာတစ်ခု ရှိရမည်
- လိုအပ်ပါက လူနာတင်ယာဉ် သို့မဟုတ် အခြားသယ်ယူပို့ဆောင်ရေး စီစဉ်ထားရမည်
- ခွဲစိတ်မှုပြီးနောက် ပုံမှန်မဟုတ်သော လက္ခဏာများ (ဥပမာ _ သွေးထွက်ခြင်း၊ ဖျားခြင်း၊ နာကျင်မှုပြင်းထန်ခြင်း) ပေါ်ပေါက်ပါက ချက်ချင်းဆက်သွယ်ရန်နှင့် လိုအပ်ပါက ဆေးရုံသို့ အမြန်သွားရောက်ရန် ပြင်ဆင်ထားရမည်။
ဤအချက်များကို ကြိုတင်သိရှိပြီး လိုက်နာခြင်းဖြင့် ခွဲစိတ်ကုသမှုအား ချောမွေ့စွာပြီးမြောက်စေနိုင်သည်။
ကုသပုံအဆင့်ဆင့်
- ရောဂါအမျိုးအစားနှင့် ခွဲစိတ်ကုသမှုနည်းလမ်း ရွေးချယ်ခြင်း
- သက်ဆိုင်ရာ ခွဲစိတ်ဆရာဝန်မှ ရောဂါအခြေအနေပေါ် မူတည်၍ Day Case Surgery ပြုလုပ်ရန် သင့်တော်သော ခွဲစိတ်နည်းလမ်းကို ရွေးချယ်မည်
- ခွဲစိတ်မှုအတွက် လိုအပ်သော စစ်ဆေးမှုများ (ဥပမာ _ သွေးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း) ကို ကြိုတင်ပြုလုပ်မည်
- လူနာ၏ ကျန်းမာရေးအခြေအနေ စစ်ဆေးခြင်း
- လူနာသည် Day Case Surgery ပြုလုပ်ရန် သင့်လျော်သော ကျန်းမာရေးအခြေအနေရှိရမည် (ဥပမာ _ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ စသည့် နာတာရှည်ရောဂါများကို ပုံမှန်ထိန်းချုပ်ကုသနိုင်သော အခြေအနေဖြစ်ရမည်)
- သွေးထွက်များတတ်သော အခြေအနေများ (ရောဂါကြောင့်ဖြစ်စေ၊ သွေးကျဲဆေး၊ သွေးမခဲဆေး သောက်သုံးနေခြင်းကြောင့်ဖြစ်စေ) ကို စစ်ဆေးထားရမည်
- မေ့ဆေးနှင့် ထုံဆေးရွေးချယ်ခြင်း
- မေ့ဆေးဆရာဝန်မှ Day Case Surgery အတွက် သင့်လျော်သော မေ့ဆေး၊ ထုံဆေးကို ရွေးချယ်မည်
- လူနာ၏ ကျန်းမာရေးအခြေအနေနှင့် လိုက်လျောညီထွေရှိမှုကို စမ်းသပ်စစ်ဆေးမည်
- လူနာအား ပြင်ဆင်ခြင်းနှင့် ရှင်းလင်းပြခြင်း
- လူနာသည် Day Case Surgery အတွက် သင့်လျော်ပါက သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများမှ အောက်ပါအချက်များကို ရှင်းလင်းပြောပြမည်
- ခွဲစိတ်ကုသမှုနည်းလမ်းများကို ရှင်းပြခြင်း
- လူနာအား အနီးကပ်စောင့်ရှောက်ပေးမည့် အိမ်သား၊ လူနာစောင့် (သို့မဟုတ်) မိသားစုဆရာဝန် လိုအပ်ခြင်း
- ခွဲစိတ်ပြီး လူနာနေမည့် တည်နေရာသည် ကျန်းမာရေးဌာနများအား လက်လှမ်းမီသော နေရာဖြစ်ခြင်း
- ပြင်ပလူနာပြန်လည်ပြသရန် အဆင်ပြေသော အခြေအနေရှိခြင်း
- လူနာသည် Day Case Surgery အတွက် သင့်လျော်ပါက သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများမှ အောက်ပါအချက်များကို ရှင်းလင်းပြောပြမည်
- မခွဲစိတ်မီ ပြင်ဆင်ခြင်း
- မေ့ဆေးဆရာဝန်မှ ညွှန်ကြားထားသော အစာနှင့်ရေ နောက်ဆုံးစားသောက်ရမည့် အချိန်များကို လိုက်နာရမည်
- ညွှန်ကြားထားသော ဆေးများကို အတိအကျသောက်သုံးရမည်
- ချိန်းဆိုထားသော အချိန်အတိုင်း ရောက်ရှိရမည်
- ခွဲစိတ်ပြီး စောင့်ကြပ်ကြည့်ရှုခြင်း
- သတ်မှတ်ထားသော ခွဲစိတ်ပြီး လူနာထားရာ လူနာခန်းတွင် သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများမှ အနီးကပ်ကြည့်ရှု စောင့်ရှောက်ကုသပေးမည်
- ဆေးရုံဆင်းရန် လိုအပ်သော အခြေအနေများ
- ဆေးရုံဆင်းရန် လိုအပ်သော အခြေအနေနှင့် ညီညွတ်ပါက အောက်ပါအချက်များကို ဆောင်ရွက်ပေးမည်
- အိမ်တွင် သောက်ရမည့်ဆေးများ ညွှန်ကြားခြင်း
- သတိပြုလိုက်နာရမည့်အချက်များ ထပ်မံအသိပေးခြင်း
- သက်ဆိုင်ရာ ဆရာဝန်ပြန်ပြရန် ရက်ချိန်း၊ အချိန်သတ်မှတ်ပေးခြင်း
- ဆေးရုံဆင်းရန် လိုအပ်သော အခြေအနေနှင့် ညီညွတ်ပါက အောက်ပါအချက်များကို ဆောင်ရွက်ပေးမည်
ဤအချက်များကို လိုက်နာခြင်းဖြင့် ခွဲစိတ်ကုသမှုအား ချောမွေ့စွာပြီးမြောက်စေနိုင်သည်။
နောက်ဆက်တွဲဆိုးကျိုးများ
နေ့ချင်းပြန်နိုင်သော ခွဲစိတ်ကုသမှု (Day Case Surgery) သည် ယေဘုယျအားဖြင့် နောက်ဆက်တွဲပြဿနာဖြစ်ပွါးမှု အလွန်နည်းပါးသော်လည်း ခွဲစိတ်ကုသမှုသဘာဝအရ အောက်ပါနောက်ဆက်တွဲပြဿနာများ ရှိနိုင်သည်။
- မေ့ဆေးနှင့် သက်ဆိုင်သော ပြဿနာများ
- အသုံးပြုသော အိပ်ဆေး၊ မေ့ဆေးကြောင့် ပျို့ခြင်း၊ အန်ခြင်း၊ မူးဝေခြင်း၊ သတိပြန်လည်ချိန်ကြာခြင်း၊ အသက်ရှူလမ်းကြောင်းပြဿနာများရှိခြင်း၊ ခါးထုံဆေးကြောင့် ဆီးအိမ်တင်းခြင်းများ ဖြစ်နိုင်သည်။
- ခွဲစိတ်မှုနှင့် သက်ဆိုင်သော ပြဿနာများ
- ဆေးရုံပြန်ဆင်းချိန် မြန်သောကြောင့် ခွဲစိတ်ဒဏ်ရာ နာကျင်မှုအတွက် လုံလောက်သော နာကျင်မှုသက်သာဆေးများမရရှိဘဲ ဖြစ်တတ်သည်၊ ဆေးရုံဆင်းပြီးချိန် နာကျင်မှုသည် နေ့ချင်းပြန်ခွဲစိတ်မှုတွင် အဖြစ်အများဆုံးဖြစ်သည်
- ခွဲစိတ်သည့်ဒဏ်ရာမှ သွေးထွက်ခြင်း၊ ပိုးဝင်ခြင်း၊ အနာအကျက်နှေးခြင်းများလည်းဖြစ်တတ်သည်
Day Case Surgery ခွဲစိတ်ကုသမှု၏အားနည်းချက်အချို့မှာ_
- ခွဲစိတ်ပြီးစောင့်ကြည့်ချိန်တိုတောင်းခြင်း
- ဆေးရုံ၊ ဆေးခန်းတွင် ဆရာဝန်၊ ဆရာမများနှင့် အနီးကပ်စောင့်ရှောက်မှုမရသည့်အတွက် ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ခြင်း
- အိမ်တွင် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်ပါက ချက်ချင်းဆေးကုသမှု မရရှိနိုင်ခြင်း
- စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ရှိနိုင်ခြင်း (ဥပမာ _ စောစောဆေးရုံဆင်းရခြင်းကြောင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နိုင်ခြင်း)
- နောက်ဆက်တွဲပြဿနာများကြောင့် မလိုလားအပ်ဘဲ ဆေးရုံပြန်တက်ရခြင်းတို့ဖြစ်သည်။
ဤပြဿနာများကို လျှော့ချရန် လူနာရွေးချယ်မှု၊ ခွဲစိတ်မှုမတိုင်မီ အသိပညာပေးခြင်းနှင့် ဆေးရုံဆင်းချိန်တွင် ရှင်းလင်းသော ညွှန်ကြားချက်များပေးခြင်းတို့ကို စနစ်တကျပြုလုပ်ရန် အရေးကြီးသည်။
လိုက်နာဆောင်ရွက်ရမည့်အချက်များ
- Day Case Surgery ခွဲစိတ်ကုသမှုမတိုင်မီ လူနာ၊ လူနာစောင့်နှင့် အိမ်သားများသည် ခွဲစိတ်နည်းလမ်းများ၊ နောက်ဆက်တွဲဆိုးကျိုးများနှင့် သတိပြုရမည့်အချက်များကို ကောင်းစွာနားလည်ထားရမည်၊ ညွှန်ကြားချက်များကို အတိအကျလိုက်နာရန် အရေးကြီးပြီး နားမလည်သောအချက်များကို ကျန်းမာရေးဝန်ထမ်းများအား မေးမြန်းရမည်
- ခွဲစိတ်ပြီးနောက် နောက်ဆက်တွဲဆိုးကျိုးများ သတိပြုမိပါက ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်ရမည်၊ ဆေးရုံဆင်းပြီးနောက် ဆရာဝန်ညွှန်ကြားထားသော ဆေးများကို ပုံမှန်သောက်သုံးပြီး သတိပြုလိုက်နာရမည့်အချက်များကို အတိအကျလိုက်နာရမည်
- ပြန်လည်စစ်ဆေးရန် ချိန်းဆိုထားသော ရက်ချိန်းကို မပျက်မကွက် သွားရောက်ရမည်
ဤအချက်များကို လိုက်နာခြင်းဖြင့် နေ့ချင်းပြန်နိုင်သော ခွဲစိတ်ကုသမှုအား အောင်မြင်စွာ ပြီးမြောက်စေနိုင်သည်။
References:
- Department of Health. Victoria, Australia. (2023). Day surgery implementation toolkit overview. health.vic.gov.au. Retrieved March 6, 2025, from https://www.health.vic.gov.au/day-surgery-implementation-toolkit/overview
- Outpatient Surgery Guide | Cleveland Clinic. (n.d.). Cleveland Clinic. Retrieved March 6, 2025, from https://my.clevelandclinic.org/patients/information/prepare-for-surgery/prepare-for-outpatient-surgery-guide
- International Association for Ambulatory Surgery. (2022). Day Surgery Booklet – International Association for Ambulatory Surgery. Retrieved March 6, 2025, from https://theiaas.net/day-surgery-booklet
- Day surgery. (n.d.). Centre for Perioperative Care. Retrieved March 6, 2025, from https://www.cpoc.org.uk/guidelines-and-resources/guidelines/day-surgery
- Patient information. (2025). Retrieved March 6, 2025, from https://www.ekhuft.nhs.uk/information-for-patients/patient-information/?i=leaflets&categories=day-surgery-before-your-surgery
Published: 22 March 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.