Kidney function tests (ကျောက်ကပ်လုပ်ငန်း စစ်ဆေးခြင်း)

Kidney function tests (ကျောက်ကပ်လုပ်ငန်း စစ်ဆေးခြင်း)

ကျောက်ကပ်သည် ခန္ဓာကိုယ်တွင်းရှိ ဇီဝလုပ်ငန်းစဉ်များမှ ထွက်ရှိလာသည့် စွန့်ပစ်ဓာတုပစ္စည်းများကို ဆီးအဖြစ် စွန့်ထုတ်ပေးသည့် ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်သည်။ ကျောက်ကပ်သည် ဝမ်းဗိုက်အတွင်းနောက်ပိုင်း ခါး၏ တစ်ဖက်တစ်ချက်စီတွင် တည်ရှိသည်။ ကျောက်ကပ်၏ လုပ်ဆောင်နိုင်မှု ကောင်းမကောင်းကို သွေးစစ်ခြင်း၊ ဆီးစစ်ခြင်းတို့ဖြင့် သိရှိနိုင်သည်။ အသုံးများသော စစ်ဆေးမှုများမှာ ခရီရေတနင်း (Creatinine)၊ ယူရီယား (Urea) နှင့် ဆီးစစ်ဆေးမှုတို့ဖြစ်သည်။

ကျောက်ကပ်၏ လုပ်ငန်းတာဝန်
ကျောက်ကပ်သည် လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ် ကိုယ်အင်္ဂါတစ်ခုဖြစ်ပြီး အောက်ပါလုပ်ငန်းများကို လုပ်ဆောင်သည်။

  • သွေးပေါင်ထိန်းသိမ်းခြင်း
  • သွေးနီဥများထုတ်လုပ်ရန် ကူညီခြင်း
  • ဗီတာမင် ဒီ အလုပ်လုပ်ရန် ကူညီခြင်း
  • ရေဓာတ်နှင့် သတ္တုဓာတ်များကို ထိန်းညှိပေးခြင်း
  • ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်မှ ထွက်လာသည့် စွန့်ပစ်ဓာတုပစ္စည်းများကို ဆီးမှတစ်ဆင့် စွန့်ပစ်ခြင်း

ကျောက်ကပ်လုပ်ငန်း စစ်ဆေးခြင်းနည်းလမ်းများ

  1. သွေးစစ်ဆေးခြင်း
    • ယူရီယား (Urea) နှင့် ခရီရေတနင်း (Creatinine) ဓာတ်များ
      ခန္ဓာကိုယ်တွင်းရှိ အသားဓာတ်ဖြိုခွဲရာမှ ထွက်လာသည့် ဇီဝဖြစ်စဉ်၏ စွန့်ပစ်ဓာတုပစ္စည်းများဖြစ်သည်၊ ကျောက်ကပ်ကောင်းမွန်ပါက အဆိုပါစွန့်ပစ်ဓာတုပစ္စည်းများကို ဆီးမှ စွန့်ထုတ်နိုင်သဖြင့် သွေးထဲတွင် ပမာဏအနည်းငယ်သာရှိသည်၊ ကျောက်ကပ်လုပ်ငန်း ပျက်စီးပါက သွေးထဲတွင် ၎င်းဓာတ်များ စုပုံလာသည်၊ ဤသည်ကို ဆီးဆိပ်တက်သည်ဟု အကြမ်းအားဖြင့် ပြောဆိုတတ်ကြသည်
    • eGFR (Estimated Glomerular Filtration Rate)
      ကျောက်ကပ်၏ အလုပ်လုပ်နိုင်စွမ်းကို တိုင်းတာသည့် နည်းတစ်ခုဖြစ်သည်၊ ကျောက်ကပ်မှ စွန့်ထုတ်သည့် Creatinine ကို အခြေခံ၍ အသက်၊ ကျား မ၊ လူမျိုး၊ ကိုယ်အလေးချိန် စသည်တို့ကို ထည့်သွင်းတွက်ချက်ပြီး ရရှိသည့် အချက်အလက်တစ်ခုဖြစ်သည်၊ ကျောက်ကပ်ကောင်းမွန်ပါက eGFR သည် (၉၀) အထက်တွင်ရှိသည်၊ eGFR ၏ နံပါတ် နည်းလေ၊ ကျောက်ကပ်၏ လုပ်ဆောင်နိုင်စွမ်း နည်းလေဖြစ်သည်
    • Cystatin C
      ကျောက်ကပ်လုပ်ဆောင်နိုင်စွမ်း နည်းမနည်းကို စောစီးစွာ သိနိုင်သည့် ဓာတုပစ္စည်းတစ်မျိုးဖြစ်သည်၊ Creatinine ဓာတ်မများခင် ကျောက်ကပ်လုပ်ငန်းအခြေအနေကို သိရှိလိုပါက စစ်ဆေးလေ့ရှိသည်
    • သတ္တုဓာတ်များ (Electrolytes)
      ဆိုဒီယမ် (Sodium), ပိုတက်စီယမ် (Potassium), ဘိုင်ကာဗွန်နိတ် (Bicarbonate), ကယ်လ်ဆီယမ် (Calcium), ဖော့စဖိတ် (Phosphate) စသည်တို့သည် ကျောက်ကပ်လုပ်ဆောင်စွမ်း လျော့ကျလာသည့်အခါ မညီမမျှဖြစ်လာလေ့ရှိသည်
  2. ဆီး စစ်ဆေးခြင်း
    • ဆီး ပုံမှန်စစ်ဆေးခြင်း (Urine routine examination)
      ဆီးထဲတွင် အသားဓာတ်၊ သွေးဆဲလ်များ၊ ဂလူးကို့စ်ဓာတ်များ ပါဝင်မှု ရှိမရှိနှင့် ကျောက်ကပ်ရောဂါကို ညွှန်ပြနိုင်သော ပုံမှန်မဟုတ်သည့် အခြေအနေများကို စစ်ဆေးသည်
    • ဆီးတွင်းအသားဓာတ် (Urine albumin)
      ကျောက်ကပ်ပျက်စီးပါက ဆီးထဲတွင် အသားဓာတ်များ ပါလာလေ့ရှိသည်၊ အသားဓာတ်ပမာဏကို တိုင်းတာခြင်းအားဖြင့် ကျောက်ကပ်ပျက်စီးမှု အတိုင်းအတာကို ခန့်မှန်းနိုင်သည်၊ ယခင်က ဆီးကို (၂၄) နာရီပြည့်အောင် စုဆောင်းပြီး ဆီးတွင်းအသားဓာတ်ကို တိုင်းတာစစ်ဆေးလေ့ရှိသည်၊ ယခုအခါ Urine Albumin-Creatinine Ratio (uACR) ဓာတ်ခွဲစစ်ဆေးမှုဖြင့် မနက်စောစောတွင် သွားသောဆီးကို ခံယူကာ အလွယ်တကူစစ်ဆေးနိုင်သည်
    • (၂၄) နာရီ ဆီးစုဆောင်းခြင်း
      ခရီရေတနင်း (Creatinine) စစ်ထုတ်နိုင်မှု၊ ပရိုတင်းဆုံးရှုံးမှုနှင့် စုစုပေါင်း ဆီးထွက်မှု ပမာဏကို တိုင်းတာအကဲဖြတ်သည်
    • ဆီးတွင်း ခရီရေတနင်း (Creatinine) စစ်ဆေးခြင်း
      ကျောက်ကပ်၏ စစ်ထုတ်နိုင်စွမ်းကို အကဲဖြတ်သည်
    • ဆီးသိပ်သည်းဆ (Urine Specific Gravity & Osmolality)
      ဆီးပမာဏနှင့် ကျောက်ကပ်၏ ရေဓာတ်ထိန်းသိမ်းနိုင်စွမ်းကို တိုင်းတာသည်
    • ဆီးတွင်းသတ္တုဓာတ်များ (ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်)
      ကျောက်ကပ်ပြွန်များ၏ လုပ်ငန်းဆောင်တာနှင့် အရည်ဓာတ်မျှတမှုကို အကဲဖြတ်သည်

ဤစစ်ဆေးမှုများကိုသွေးစစ်ဆေးမှုများ (ဥပမာ – Serum creatinine, eGFR) နှင့် ပေါင်းစပ်၍ ကျောက်ကပ်၏ လုပ်ငန်းဆောင်တာကို ပြည့်စုံစွာ အကဲဖြတ်ရန် အသုံးပြုသည်။

ပြုလုပ်ရန်လိုအပ်သောရောဂါနှင့်အခြေအနေများ
  1. ကျောက်ကပ်ရောဂါလက္ခဏာများ ရှိနေခြင်း
    • ဆီးနည်းခြင်း၊ ဆီးနောက်ခြင်း၊ ဆီးအမြှုပ်ထခြင်း၊ ဆီးထဲသွေးပါခြင်း၊ ဆီးအရောင်မကောင်းခြင်း၊ ခြေထောက်နှင့် မျက်နှာ ဖောရောင်ခြင်း၊ ဆီးကျဥ်ခြင်း၊ ခါးစောင်းနာခြင်း၊ ဆီးမကြာခဏသွားခြင်း၊ ဆီးမထိန်းနိုင်ခြင်း
    • အာထရာဆောင်းရိုက်ရာမှ ကျောက်ကပ် ပုံပျက်နေခြင်း၊ ကျောက်ကပ် ကျောက်တည်နေခြင်း၊ ရေအိတ်ရှိနေခြင်းကို သိရှိခြင်း
    • ကျောက်ကပ်အစားထိုးထားခြင်း
    • မွေးရာပါ ကျောက်ကပ်ရောဂါ (သို့မဟုတ်) ကျောက်ကပ်ပုံစံပျက်ယွင်းမှုများ ရှိနေခြင်း
  2. ကျောက်ကပ်ထိခိုက်ရန် အန္တရာယ်များသူများ
    • ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါနှင့် သွေးတွင်းအဆီဓာတ်များခြင်းစသည့် ရောဂါများ၏ နောက်ဆက်တွဲအနေနှင့် ကျောက်ကပ်ထိခိုက်မှု ရှိမရှိ စစ်ဆေးခြင်း
    • နှလုံးသွေးကြောကျဉ်းရောဂါ၊ ခြေထောက်သွေးကြောကျဉ်းရောဂါရှိခြင်း၊ လေဖြတ်ဖူးထားခြင်း
    • ကျောက်ကပ်ထိခိုက်နိုင်သည့်ဆေးဝါးများ သောက်သုံးခြင်း (အချို့သော အကိုက်အခဲပျောက်ဆေး၊ ပဋိဇီဝပိုးသတ်ဆေး၊ ဆီးချိုသွေးချို ကျဆေး ၊ သွေးပေါင်ကျဆေး၊ ကိုယ်ခံအားကျစေသောဆေးများ)
    • ‌ကျောက်ကပ်ထိခိုက်စေနိုင်သည့် ရောဂါအခံတစ်ခုခု ရှိနေခြင်း (ဥပမာ _ ဂေါက်ရောဂါ၊ ရူမတွိုက် အဆစ်ရောင် (Rheumatoid arthritis)၊ SLE အရေပြားလေးဘက်နာ)
    • မိဘမျိုးရိုးတွင် ကျောက်ကပ်ရောဂါရှိခြင်း
    • လူငယ်များ၌ သွေးတိုးခြင်း
    • ဆေးလိပ်သောက်သူများ
  3. အထွေထွေကျန်းမာရေး စစ်ဆေးခြင်း (Health check-up)
    • ကျန်းမာသောသူများ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများတွင် ဆီးနှင့်သွေး စစ်ဆေးမှုများ ပါဝင်သည်။
ကြိုတင်သိရှိထားရမည့်အချက်များ
  • စစ်ဆေးရန် မည်သည့်ကြိုတင်ပြင်ဆင်မှုမှ မလိုအပ်ပါ
  • သွေးစစ်ရန် များသောအားဖြင့် လက်ဖျံသွေးပြန်ကြောမှ သွေးကိုယူ၍ ဓာတ်ခွဲခန်းပို့စစ်ဆေးမည်၊ အစားအသောက်ရှောင်ရန် သီးသန့်မလိုပါ
  • ဆီးစစ်ရန် လုံလောက်သော ဆီးပမာဏကို ခံယူပေးပို့ရန် လိုအပ်သည်
  • (၂၄) နာရီ ဆီးစုဆောင်းစစ်ဆေးခြင်း ပြုလုပ်ရန် ပါဝင်ပါက ဓာတ်ခွဲခန်းမှ သီးသန့်ညွှန်ကြားမှုကို လိုက်နာရန် လိုအပ်သည်။
ကျောက်ကပ်လုပ်ငန်းစစ်ဆေးမှုမှ သိရှိနိုင်သောအဖြေများ
  1. Urea နှင့် Creatinine တက်စေနိုင်သည့် အကြောင်းများ
    • လတ်တလော ကျောက်ကပ်ပျက်စီးခြင်း
    • နာတာရှည် ကျောက်ကပ်ပျက်စီးခြင်း
    • ရေဓာတ်ခန်းခြောက်ခြင်း
    • အသား အစားများခြင်း
    • ကြွက်သားများ ပျက်စီးခြင်း
    • အစာအိမ်အူလမ်းကြောင်းမှ သွေးယိုခြင်း
    • နှလုံးညှစ်အားကျခြင်း
    • အချို့ဆေးဝါးများသောက်ထားခြင်း
    • မီးလောင်ထားခြင်း
    • သွေးလန့်ခြင်း (Shock)
  2. eGFR ကျစေနိုင်သည့် အကြောင်းများ
    • eGFR နံပါတ်နည်းလေ၊ ကျောက်ကပ်လုပ်ဆောင်နိုင်စွမ်းနည်းလေ ဖြစ်သည်၊ နာတာရှည်ကျောက်ကပ်ရောဂါတွင် eGFR နံပါတ်ပေါ်မူတည်၍ ‌ရောဂါပြင်းထန်မှုအဆင့်ကို ခွဲခြားသည်
    • Urea နှင့် Creatinine တက်စေနိုင်သည့် အကြောင်းများသည် eGFR ကို ကျစေနိုင်သည်။
  3. ဆီးတွင်းအသားဓာတ်များစေသည့် အကြောင်းများ
    • ဆီးပိုးဝင်ခြင်း
    • ကျောက်ကပ်ရောင်ခြင်း
    • ကျောက်ကပ်ပျက်စီးခြင်း
    • ကိုယ်ဝန်ဆိပ်တက်ခြင်း
    • ဆီးအသားဓာတ်ပါ ​ကျောက်ကပ်​ရောင်ရောဂါ (Nephrotic syndrome)
ကျောက်ကပ်လုပ်ငန်းစစ်ဆေးမှုအဖြေရရှိပြီးနောက် ဆက်လက်လုပ်ဆောင်ရန်များ

ကျောက်ကပ်လုပ်ငန်းစစ်ဆေးမှုအဖြေများကို ရရှိပြီးနောက် အောက်ပါအဆင့်များကိုလုပ်ဆောင်သင့်သည်။

  1. မိသားစုဆရာဝန်နှင့်တိုင်ပင်ပါ
    သွေးနှင့်ဆီးစစ်ဆေးမှုအဖြေများကိုရရှိပြီးနောက် မိသားစုဆရာဝန်နှင့် တိုင်ပင်ပါ၊ ဆရာဝန်မှ အဖြေများကိုသုံးသပ်ပြီး လက္ခဏာများနှင့် နှိုင်းယှဉ်ကာ အရေးပေါ်အခြေအနေ ဟုတ်မဟုတ် ဆုံးဖြတ်ပေးမည်။ ထို့ပြင် ကုသမှုအတွက် နောက်ထပ်လွှဲပြောင်းကုသရန် လိုမလို ဆုံးဖြတ်ပေးလိမ့်မည်။
  2. အရေးပေါ်အခြေအနေများ
    စစ်ဆေးမှုအဖြေများတွင် Creatinine အလွန်မြင့်မားနေပြီး eGFR (ခန့်မှန်းခြေ ကျောက်ကပ်စစ်ထုတ်မှုနှုန်း) အလွန်နိမ့်ကျနေပါက ဆေးရုံတက်ကုသရန် လိုအပ်နိုင်သည်။ ထို့ပြင် လူနာ၏အခြေအနေကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။ ဥပမာ – သွေးပေါင်ချိန်အလွန်မြင့်မားနေခြင်း၊ အလွန်ပင်ပန်းနွမ်းနယ်နေခြင်း စသည်တို့ရှိနေပါကလည်း ဆေးရုံတက်ရန် လိုအပ်နိုင်သည်။ ထို့ပြင် လူနာတွင် ကျောက်ကပ်လုပ်ငန်းကို ထိခိုက်စေနိုင်သော နောက်ခံအခြေအနေတစ်ခုခု ရှိလျှင် သို့မဟုတ် အခြားသွေးစစ်ဆေးမှုရလဒ်များက နောက်ခံရောဂါတစ်ခုခုကို ညွှန်ပြနေလျှင် (ဥပမာ _ အသည်းရောင်ခြင်း၊ ပိုးဆိပ်တက်ခြင်း) သက်ဆိုင်ရာဆရာဝန်နှင့် နောက်ထပ်တိုင်ပင်ကုသမှု ခံယူရန်လိုအပ်မည်။ ဆရာဝန်က ဝမ်းဗိုက်အာထရာဆောင်း၊ သံလိုက်ဓာတ်မှန် (MRI) သို့မဟုတ် ကျောက်ကပ်အသားစနမူနာယူခြင်း စသည့်နောက်ထပ်စစ်ဆေးမှုများကို လိုအပ်သလို အကြံပြုလုပ်ဆောင်နိုင်သည်။
  3. ဝမ်းဗိုက်အာထရာဆောင်းရိုက်ခြင်း
    ဆရာဝန်မှ ကျောက်ကပ်လုပ်ငန်းစစ်ဆေးမှုတစ်ခုအနေဖြင့် ဝမ်းဗိုက်အာထရာဆောင်းရိုက်ရန် အကြံပြုနိုင်သည်။ ဤပုံရိပ်ဖော်စစ်ဆေးမှုမှ ကျောက်ကပ်၏ပုံသဏ္ဌာန်၊ အရွယ်အစားနှင့် မူမမှန်မှုများ သို့မဟုတ် ပျက်စီးမှုများကို သိရှိနိုင်သည်။
  4. ကျောက်ကပ်ဓာတ် (Urea, Creatinine) အနည်းငယ်မြင့်တက်ခြင်း
    ကျောက်ကပ်ဓာတ် အနည်းငယ်သာ မြင့်တက်ပါက အလွန်အမင်းစိုးရိမ်စရာ မလိုပါ။ အထူးသဖြင့် သွေးစစ်ဆေးမှုများတွင် အခြားရောဂါများမတွေ့ရှိဘဲ လူနာသည်လည်း ကျန်းမာပြီး မည်သည့်လက္ခဏာမှမခံစားရပါက ဆရာဝန်မှ သတ်မှတ်ကာလတစ်ခုအတွင်း (ဥပမာ _ တစ်လ သို့မဟုတ် သုံးလကြာပြီးနောက်) စစ်ဆေးမှုများကို ထပ်မံပြုလုပ်ရန် အကြံပြုနိုင်သည်။ ထိုကာလအတွင်း လူနာသည် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်နှင့် နေထိုင်မှုပုံစံကို ဂရုတစိုက် ကျင့်သုံးနေထိုင်သင့်သည်။

ကျောက်ကပ်လုပ်ငန်း ပုံမှန်ဖြစ်ရန် ကာကွယ်ခြင်းနှင့် ကျောက်ကပ်ကျန်းမာရေး
မိမိကျောက်ကပ်ကို ထိခိုက်စေနိုင်သည့် ရောဂါများကို မဆိုးဝါးစေရန် ထိန်းထားခြင်း၊ ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်စေသည့် အရာများနှင့် မထိတွေ့ရန် ဂရုစိုက်ခြင်းတို့ဖြင့် ကျောက်ကပ်ဓာတ် (Urea, Creatinine) မတက်ရန် ကာကွယ်နိုင်သည်။ ကျောက်ကပ်အားဆေးများသည် မဖြစ်မနေ သောက်ရမည့် ဆေးများ မဟုတ်ပါ။

အောက်ပါတို့ကို လုပ်ဆောင်ခြင်းဖြင့် မိမိကျောက်ကပ်ကို ကာကွယ်ပါ။

  • ရေများများသောက်ပါ
  • ဆေးလိပ် မသောက်ရန်၊ သောက်နေပါက ဆေးလိပ်ဖြတ်ပါ
  • ဆေးဝါးများကို မလိုအပ်ဘဲ အသုံးမပြုသင့်ပါ၊ အထူးသဖြင့် အကိုက်အခဲပျောက်ဆေးများကို မိမိဘာသာ နှစ်ရှည်လများ စွဲသောက်ခြင်း မပြုလုပ်သင့်ပါ
  • ငန်လွန်းသော၊ ချိုလွန်းသော၊ အဆီများလွန်းသော အစားအစာများကို ရှောင်ပါ
  • ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ
  • ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါနှင့် သွေးတွင်းအဆီဓာတ်များခြင်းစသည့် ရောဂါများကို မဆိုးရွားစေရန် ထိန်းညှိပါ
  • တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပါ၊ ဆီးပိုးမဝင်ရန် ဂရုစိုက်ပါ
  • ဆီးအောင့်ထားခြင်း မပြုလုပ်သင့်ပါ
  • နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပါ

References:

  1. Professional, C. C. M. (2024). Kidney function tests. Cleveland Clinic. Retrieved June 28, 2024, from https://my.clevelandclinic.org/health/diagnostics/21659-kidney-function-tests
  2. Wongchavanich, N. (2024). Kidney Function Tests: What is BUN, Creatinine, eGFR Test? MedPark Hospital. Retrieved June 28, 2024, from https://www.medparkhospital.com/en-US/disease-and-treatment/kidney-function-tests
  3. Healthdirect Australia. (n.d.). Kidney function blood tests. Retrieved June 28, 2024, from https://www.healthdirect.gov.au/kidney-function-tests

Published: 22 March 2025

Share

22 March 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.