Tonsillectomy (အာသီးဖြတ်ထုတ်ခြင်း)

Tonsillectomy (အာသီးဖြတ်ထုတ်ခြင်း)

အာသီးဖြတ်ထုတ်ခြင်း (Tonsillectomy) ဆိုသည်မှာ အာသီးကို ခွဲစိတ်မှုပြုလုပ်၍ သို့မဟုတ် အဆင့်မြင့်နည်းပညာကို အသုံးပြု၍ ဖယ်ရှားခြင်းဖြစ်သည်။ အာသီးသည် အာခေါင်ပျော့နှင့် လျှာအနောက်ပိုင်းတွင် ဝဲယာတည်ရှိနေသည့် ဘဲဥပုံသဏ္ဌာန် ဂလင်းငယ်နှစ်ခုဖြစ်သည်။ အာသီးသည် ရောဂါပိုးများ တိုက်ဖျက်ရာတွင် ကိုယ်ခံအားစနစ်၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ကူညီပေးသည်။ ထိုသို့တိုက်ဖြတ်ရာတွင် တစ်ခါတစ်ရံ အာသီး၌ ပိုးဝင်ပြီး အာသီးရောင်ရမ်းကာ လည်ချောင်းနာနိုင်သည်။ အာသီးဖြတ်ထုတ်ရခြင်း၏ အကြောင်းရင်းများတွင် မကြာခဏအာသီးရောင်ခြင်းလည်း အပါအဝင်ဖြစ်ပြီး အခြားအကြောင်းရင်းများလည်းရှိသည်။

Tonsillectomy image
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

အောက်ပါရောဂါအခြေအနေများတွင် အာသီးဖြတ်ထုတ်ရန် လိုအပ်နိုင်သည်။

  • မကြာခဏ အာသီးရောင်ခြင်း (Tonsillitis)
    • လွန်ခဲ့သော တစ်နှစ်အတွင်း အနည်းဆုံး (၇) ကြိမ် အာသီးရောင်ခြင်း
    • လွန်ခဲ့သော (၂) နှစ်အတွင်း တစ်နှစ်လျှင် (၅) ကြိမ် အာသီးရောင်ခြင်း
    • လွန်ခဲ့သော (၃) နှစ်အတွင်း တစ်နှစ်လျှင် (၃) ကြိမ် အာသီးရောင်ခြင်း
  • ကာလကြာရှည် သို့မဟုတ် ပြင်းထန်သော အာသီးရောင်ခြင်း
    • ပဋိဇီဝပိုးသတ်ဆေးဖြင့် အပြည့်အဝကုသပြီးသော်လည်း မသက်သာခြင်း
    • အာသီးတွင် ပြည်တည်နာဖြစ်ပြီး ဆေးဖြင့်ကုသခြင်း၊ ပြည်ဖယ်ထုတ်ခြင်းဖြင့် မသက်သာခြင်း
  • အာသီးကြီးခြင်း၏ နောက်ဆက်တွဲပြဿနာများ
    • အာသီးသည် မကြာခဏ ပိုးဝင်ခြင်းကြောင့် သို့မဟုတ် သဘာဝအတိုင်း ကြီးလာပြီး အသက်ရှူရခက်ခြင်း၊ အိပ်နေစဉ် အသက်ရှူခဏရပ်သွားခြင်း၊ အစာနှင့်ရေကို မျိုရခက်ခြင်း
  • အခြားသောရောဂါများ
    • ကင်ဆာဟု ယူဆရသော အခြေအနေများ သို့မဟုတ် ကင်ဆာဖြစ်စေသော တစ်ရှူးများ အာသီးတစ်ဖက် သို့မဟုတ် နှစ်ဖက်တွင် ရှိခြင်း
    • အာသီးအနားတွင်ရှိသော သွေးကြောများမှ မကြာခဏ သွေးထွက်ခြင်း
    • အာသီး၏ ကွဲကြောင်းအတွင်းမှ အညစ်အကြေးများကြောင့် ခံတွင်းနံ့ဆိုးခြင်း
အကျိုးကျေးဇူးများ

အာသီးခွဲစိတ်ခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ_

  • အာသီးကြီးခြင်းကြောင့် အိပ်စက်နေစဉ် အသက်ရှူရပ်သွားခြင်း (Sleep Apnea) ကဲ့သို့သော ပြဿနာများ လျော့ပါးသွားပြီး အိပ်စက်မှုအရည်အသွေး ပိုမိုကောင်းမွန်လာခြင်း
  • အာသီးဖြတ်ထုတ်ပြီးနောက် ဘက်တီးရီးယားပိုးများ ဝင်ရောက်မှု လျော့နည်းသွားကာ မကြာခဏ အာသီးရောင်ခြင်း၊ လည်ချောင်းနာခြင်း စသည့်ပြဿနာများ မဖြစ်တော့ခြင်း
  • အာသီးကြောင့် နာတာရှည်နာကျင်မှုများ၊ အစာမျိုရခက်ခြင်း၊ အသက်ရှူရခက်ခြင်း စသည့်ပြဿနာများ လျော့ပါးသွားပြီး လူနေမှုဘဝ ပိုမိုကောင်းမွန်လာခြင်းတို့ဖြစ်သည်။

အာသီးခွဲစိတ်ခြင်းသည် လိုအပ်သော အခြေအနေများတွင် ပြုလုပ်ပါက ကျန်းမာရေးနှင့် လူနေမှုဘဝကို သိသာစွာ တိုးတက်စေနိုင်သည်။

ကြိုတင်သိရှိထားရမည့်အချက်များ

ခွဲစိတ်မှုမပြုလုပ်မီတွင် ဆရာဝန်မှ သောက်လက်စဆေးများ၊ ဖြည့်စွက်စာများနှင့်ပတ်သတ်၍ မေးမြန်းခြင်း၊ ဓာတ်မတည့်မှုများ ရှိမရှိ မေးမြန်းခြင်း၊ သွေးမတိတ်ရောဂါများ ရှိမရှိ စစ်ဆေးခြင်း၊ ခွဲစိတ်မှုမပြုလုပ်သင့်သည့် လက္ခဏာများ ရှိမရှိ စစ်ဆေးခြင်း၊ နောက်ဆက်တွဲပြဿနာများကို ပိုဆိုးစေမည့်အချက်များ ရှိမရှိစသည့် လိုအပ်သော ကြိုတင်စစ်ဆေးမှုများကို ပြုလုပ်မည်ဖြစ်သည်။

ထို့အပြင် လူနာအား ခွဲစိတ်ခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများ၊ ခွဲစိတ်နေချိန်အတွင်း ဖြစ်နိုင်ခြေရှိသော ပြဿနာများ၊ ပြန်ကောင်းရန်ကြာချိန်နှင့် နေ့စဉ်လုပ်ငန်းများ ပြန်လုပ်နိုင်ရန်ကြာချိန်၊ သောက်လက်စဆေးများ ရပ်ရန် လိုမလို အစရှိသည်တို့ကို ရှင်းပြပေး၍ ခွဲစိတ်ရန် သဘောတူညီမှု တောင်းမည်ဖြစ်သည်။ [ဥပမာ _ အကိုက်အခဲပျောက်ဆေးများ (အက်စ်ပရင်၊ အိုင်ဗျူပရိုဖဲင်)၊ သွေးမခဲဆေးများ (Warfarin) စသည်တို့ သောက်လက်စရှိပါက (၁၀) ရက်ခန့် ကြိုတင်၍ ရပ်ထားရန် လိုအပ်သည်]

ကုသပုံအဆင့်ဆင့်

ခွဲစိတ်မှုမပြုလုပ်မီ ဆရာဝန်ညွှန်ကြားချက်အတိုင်း နာရီပိုင်းမျှ အစာဖြတ်ထားရန် လိုအပ်သည်။ အများအားဖြင့် အာသီးဖြတ်ထုတ်ခြင်းကို ပြင်ပလူနာအနေဖြင့် ပြုလုပ်နိုင်သည်။ သို့သော် နောက်ဆက်တွဲပြဿနာများ ရှိလျှင်၊ အသက် (၃) နှစ်အောက်ဖြစ်လျှင်၊ နောက်ခံကျန်းမာရေးပြဿနာများ ရှိလျှင် ဆေးရုံတွင် အနည်းဆုံး (၂၄) နာရီ စောင့်ကြည့်ရန် လိုအပ်နိုင်သည်။

အာသီးဖြတ်ထုတ်ခြင်းသည် မေ့ဆေးဖြင့်ပြုလုပ်သည့် ခွဲစိတ်မှုဖြစ်သောကြောင့် ခွဲစိတ်နေစဥ်အတွင်း နာကျင်မှုခံစားရခြင်း၊ ခွဲစိတ်မှုကိုသိနေခြင်းစသည့် ခံစားမှုများရှိမည် မဟုတ်ပါ။ ခွဲစိတ်သည့်ကိရိယာနှင့် နည်းလမ်းအပေါ် မူတည်၍ ထုံဆေးဖြင့် ခွဲစိတ်သည်များလည်းရှိသည်။

နားနှာခေါင်းလည်ချောင်း အထူးကုဆရာဝန်များ အသုံးပြုသည့် ခွဲစိတ်နည်းလမ်းများမှာ_

  • လျှပ်စစ်အပူကိုသုံး၍ဖြတ်ခြင်း (Electrocautery) _ လျှပ်စစ်အပူကို အသုံးပြု၍ အာသီးဖြတ်ထုတ်ခြင်းဖြစ်ပြီး သွေးတိတ်စေရန်အတွက်လည်း ဤနည်းလမ်းကို အသုံးပြုနိုင်သည်
  • ခွဲစိတ်ခန်းသုံးဓားဖြင့်ဖြတ်ခြင်း [Cold knife (steel) dissection] _ သမားရိုးကျ ခွဲစိတ်ဓားဖြင့် အာသီးကိုဖယ်ရှားခြင်းဖြစ်သည်၊ ထို့နောက် သွေးတိတ်စေရန် အပူဖြင့်တို့ခြင်း၊ ပြန်ချုပ်ခြင်းတို့ကို ပြုလုပ်နိုင်သည်၊ ယနေ့ခေတ်တွင် အသုံးပြုမှုနည်းလာသော ခွဲစိတ်မှုတစ်ခုဖြစ်သည်
  • Snare tonsillectomy _ အထူးပြုလုပ်ထားသော ခွဲစိတ်ကိရိယာဖြစ်သည့် အဆုံး၌ ပါးလွှာသော ဝါယာကြိုးကွင်းပါသော ပစ္စည်းကိုသုံးခြင်းဖြစ်သည်၊ ခွဲစိတ်ဆရာဝန်မှ အာသီးပတ်ဝန်းကျင်တွင် ထိုကြိုးကွင်းကိုချထား၍ အာသီးကိုညှပ်ပြီး ဖြတ်ထုတ်လိုက်ခြင်းဖြစ်သည်၊ ထိုသို့ပြုလုပ်ခြင်းဖြင့် သွေးထွက်ခြင်းကို လျော့နည်းစေသည်
  • Harmonic scalpel _ ကြိမ်နှုန်းမြင့်အသံလှိုင်းများ၏ တုန်ခါမှုကို အသုံးပြုသော အထူးခွဲစိတ်ကိရိယာဖြင့် အာသီးဖယ်ရှားခြင်းနှင့် တစ်ချိန်တည်းတွင် သွေးထွက်ခြင်းကို ရပ်စေခြင်းဖြစ်သည်
  • အခြားနည်းလမ်းများ (ဤနည်းလမ်းများတွင် ထုံဆေးကို အသုံးပြုတတ်သည်)
    • ရေဒီယိုအသံလှိုင်းများမှ ထွက်လာသော အပူဓာတ်ဖြင့် အာသီးကိုချေဖျက်ပေးခြင်း (Radiofrequency Ablation Technique)
    • ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့သုံး လေဆာအလင်းတန်းဖြင့် အာသီးဖြတ်ထုတ်ခြင်း (Carbon Dioxide Lasers)
    • Microdebrider tonsillectomy
      • အာသီးတစ်ခုလုံးကို အမြစ်ပြတ်ဖယ်ရှားခြင်းမျိုးမဟုတ်ဘဲ အပြင်ဘက်အလွှာ (Capsule) ကို ချန်လှပ်၍ ရောင်ရမ်းနေသည့် အာသီးတစ်ရှူးများကိုသာ Microdebrider ဟုခေါ်သော ဒလက်ပါသည့် ကိရိယာဖြင့် ဖယ်ရှားသည့်နည်းလမ်းဖြစ်သည်
      • ဤနည်းလမ်းသည် အထူးသဖြင့် အိပ်စက်စဉ် အသက်ရှူရပ်ခြင်း (Sleep Apnea) ရှိသော ကလေးငယ်များအတွက် အနာကျက်မြန်စေရန်နှင့် သွေးထွက်နည်းစေရန် အသုံးပြုလာကြသည်
    • Coblation tonsillectomy
      • Controlled ablation နည်းပညာကို အစွဲပြုကာ ခေါ်ဆိုခြင်းဖြစ်သည်
      • ရေဒီယိုကြိမ်နှုန်းစွမ်းအင် (Bipolar Radiofrequency Energy) နှင့် ဆားရည် (Saline) ကို အသုံးပြု၍ ဖြစ်ပေါ်လာသော အရွေ့စွမ်းအင် (Kinetic energy) ဖြင့် တစ်ရှူးများကို ဖျက်စီးခွဲစိတ်သည်
      • ထို့ကြောင့် ယခင်သမားရိုးကျ ခွဲစိတ်နည်းများထက် ပို၍နိမ့်ကျသော အပူချိန်တွင် ပြုလုပ်နိုင်ပြီး ခွဲစိတ်ပြီး နာကျင်မှု သက်သာခြင်း၊ သွေးထွက်နည်းခြင်း၊ နာလန်ထူချိန် (recovery time) ပိုမိုတိုတောင်းခြင်းများ ရရှိစေသည်

ဤနည်းလမ်းများသည် အာသီးဖြတ်ထုတ်ရာတွင် အသုံးပြုနိုင်သော နည်းပညာများဖြစ်ပြီး လူနာ၏ အခြေအနေနှင့် ဆရာဝန်၏ လမ်းညွှန်မှုပေါ်မူတည်၍ သင့်တော်သည့်နည်းလမ်းကို ရွေးချယ်အသုံးပြုနိုင်သည်။

နောက်ဆက်တွဲဆိုးကျိုးများ

အာသီးဖြတ်ထုတ်ခြင်းသည် ပုံမှန်ခွဲစိတ်မှုတစ်ခုဖြစ်ပြီး နောက်ဆက်တွဲဆိုးကျိုး ဖြစ်ပေါ်မှု နည်းပါးသည်။ ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲဆိုးကျိုးများမှာ_

  • ခွဲစိတ်ထားသည့်နေရာတွင် ရောင်ရမ်းခြင်း
  • ခွဲစိတ်ထားသည့်နေရာတွင် ပိုးဝင်ခြင်း
  • ခွဲစိတ်နေချိန်နှင့် ခွဲစိတ်ပြီးချိန်တွင် သွေးထွက်များခြင်း
  • မေ့ဆေး၊ ထုံဆေးဖြင့် ဓာတ်မတည့်ခြင်းတို့ ဖြစ်နိုင်သည်။

ခွဲစိတ်ပြီးနောက်တွင် (၁)ပတ် မှ (၂)ပတ်အထိ လည်ချောင်းအနည်းငယ်နာနိုင်ခြင်း၊ နားရွက်၊ လည်ပင်းနှင့် မေးရိုးတို့တွင် နာကျင်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ အဖျားငွေ့ငွေ့ဖျားခြင်း၊ ခံတွင်းအနံ့ထွက်ခြင်းနှင့် လည်ချောင်းတွင် တစ်ဆို့ဆို့ဖြစ်ခြင်းများ ခံစားရနိုင်သည်။

လိုက်နာဆောင်ရွက်ရမည့်အချက်များ

ယေဘုယျအားဖြင့် ခွဲစိတ်ပြီးနောက် (၂) ပတ်အတွင်း ပြန်လည်ကောင်းမွန်လာနိုင်သော်လည်း ပြန်လည်ကောင်းမွန်ရန် ကြာမြင့်ချိန်သည် ခွဲစိတ်သည့်နည်းလမ်း၊ ခန္ဓာကိုယ်၏ တုံ့ပြန်ကုသနိုင်စွမ်းနှင့် နောက်ဆက်တွဲဆိုးကျိုးများ ရှိမရှိ စသည့်အချက်များပေါ် မူတည်သည်။ အနာသက်သာစေရန်နှင့် အနာကျက်မြန်စေရန် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်နိုင်သည်။

ဆေးဝါးများ
  • အကိုက်အခဲပျောက်ဆေးများကို ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း သောက်သုံးပါ
    ကလေးငယ်များတွင် ခွဲစိတ်ပြီးနောက် အကိုက်အခဲပျောက်ဆေးပြင်းများ (Opioids) အသုံးပြုခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပြီး၊ ပါရာစီတမောနှင့် အိုင်ဗျူပရိုဖဲင်တို့ကို စနစ်တကျ တွဲဖက်ပေးခြင်းဖြင့် ဘေးထွက်ဆိုးကျိုးကို လျှော့ချလာကြသည်။
အရည်သောက်သုံးခြင်း
  • ရေဓာတ်ခန်းခြောက်ခြင်းမှ ရှောင်ကြဉ်ရန် အရည်များကို လုံလောက်စွာ သောက်သုံးပါ၊ ရေနှင့် ရေခဲချောင်းများ စားသုံးနိုင်သည်
အစာစားခြင်း
  • အာသီးဖြတ်ထုတ် ခွဲစိတ်မှုပြီးနောက် ပထမတစ်ပတ်သည် အနာကျက်ရန်အတွက် အရေးကြီးဆုံးအချိန်ဖြစ်သည်၊ အနာကို မထိခိုက်စေရန်နှင့် နာကျင်မှုကို လျှော့ချရန် အစာစားသုံးမှုပုံစံကို အောက်ပါအတိုင်း အဆင့်ဆင့် ပြောင်းလဲစားသုံးသင့်သည်
    • ပထမ (၁)ရက် မှ (၃)ရက်အထိ – အေးပြီး ပျော့ပျောင်းသော အရည်များ
      ခွဲစိတ်ပြီးစတွင် လည်ချောင်းသည် အလွန်နုနယ်နေသဖြင့် အအေးဓာတ်ရှိပြီး ဝါးရန်မလိုသော အစာများကိုသာ ရွေးချယ်သင့်သည်။
      • ရေခဲမုန့်၊ ပူတင်း – အအေးဓာတ်က ထုံစေပြီး နာကျင်မှုကို သက်သာစေသည် (သစ်သီးဖတ် သို့မဟုတ် အခွံမာသီးများ မပါရပါ)
      • ရေခဲချောင်း – ရေဓာတ်ဖြည့်တင်းရန်နှင့် အနာရောင်ရမ်းမှုကို လျှော့ချရန် ကောင်းမွန်သည်
      • ဒိန်ချဉ် – အေးမြပြီး မျိုချရလွယ်ကူသည်
      • အအေးခံထားသော စွပ်ပြုတ်ရည် – အာဟာရရရှိရန် သောက်သုံးနိုင်သော်လည်း လုံးဝမပူစေရန် သတိပြုရမည်
    • စတုတ္ထ (၄)ရက် မှ (၇) ရက်အထိ – ပျော့ပျောင်းသော အစာများ (Semi-solids)
      အနာသက်သာစပြုလာချိန်တွင် တဖြည်းဖြည်းချင်း ဝါးရလွယ်သော အစာများနှင့် မျိုချရလွယ်သော အစာများကို ပြန်စားသုံးနိုင်သည်။
      • ဆန်ပြုတ် သို့မဟုတ် ကွေကာအုပ် – အစာကြေလွယ်ပြီး နူးညံ့သည်
      • အာလူးထောင်း – အဖတ်များမပါဘဲ ချောမွေ့အောင် ထောင်းထားသော အာလူးသည် အားရှိစေသည်
      • ဥအမျိုးမျိုး – ကြက်ဥပြုတ် သို့မဟုတ် ကြက်ဥမွှေကို ခပ်ပျော့ပျော့လေး လုပ်စားနိုင်သည်
      • သစ်သီးများ – အက်စစ်ဓာတ်နည်းသော ငှက်ပျောသီးကဲ့သို့ သစ်သီးများကို ကြေညက်အောင်ချေပြီး စားနိုင်သည်
  • လုံးဝရှောင်ကြဉ်ရမည့် အစားအစာများ
    အောက်ပါအစာများသည် အနာကို ပွတ်တိုက်မိပြီး သွေးထွက်စေနိုင်သဖြင့် (၂) ပတ်ခန့်အထိ ရှောင်ကြဉ်ရမည်။
    • မာကျောသည့်အစာများ – ပေါင်မုန့်ကင်၊ အာလူးကြော်၊ ကွတ်ကီး (မုန့်ခြောက်များ)
    • အချဉ်ဓာတ်များသော အသီးများ – လိမ္မော်သီး၊ သံပရာသီး၊ ခရမ်းချဉ်သီး (အနာကို စပ်ဖျင်းဖျင်း ဖြစ်စေနိုင်သည်)
    • အစပ်နှင့်အပူများ – ငရုတ်သီးနှင့် ပူလောင်သော ဟင်းရည်များ
    • ကာဗွန်နိတ်ပါသော အချိုရည်များ – ဆိုဒါနှင့် ဂက်စ်ပါသော အရည်များ
အထူးသတိပြုရန်
  • ရေများများသောက်ပါ – နားကိုက်ခြင်းနှင့် လည်ချောင်းနာခြင်းကို လျှော့ချရန် လည်ချောင်းကို အမြဲစိုစွတ်နေအောင် ထားရမည်
  • ဆေးသောက်ရန် အစာစားပါ – အကိုက်အခဲပျောက်ဆေးများ မသောက်မီ အစာအနည်းငယ် (ဥပမာ – ဒိန်ချဉ်) အရင်စားပေးခြင်းဖြင့် အစာအိမ်ထိခိုက်မှုကို ကာကွယ်နိုင်သည်

အကယ်၍ အစာစားနေစဉ် သို့မဟုတ် အစာစားပြီးနောက် သွေးထွက်လာပါက ဆရာဝန်နှင့် ချက်ချင်း ပြသရမည်။

အနားယူခြင်း
  • ခွဲစိတ်ပြီးနောက် ရက်အနည်းငယ် အနားယူပါ
  • ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများ (ဥပမာ _ ပြေးခြင်း၊ စက်ဘီးစီးခြင်း)ကို နှစ်ပတ်ခန့် ရှောင်ကြဉ်ပါ
  • ပုံမှန်အတိုင်း အစားပြန်လည်စားနိုင်ခြင်း၊ ညဘက်ပုံမှန်အိပ်စက်နိုင်ခြင်းနှင့် အကိုက်အခဲပျောက်ဆေး သောက်ရန်မလိုအပ်တော့ခြင်း စသည့် တိုးတက်မှုများရှိလာပါက ကျောင်း သို့မဟုတ် လုပ်ငန်းခွင်သို့ ပုံမှန်အတိုင်း ပြန်သွားနိုင်သည်
သွားတိုက်ခြင်းနှင့် ခံတွင်းသန့်ရှင်းရေး

ခွဲစိတ်ပြီးနောက်တွင် နူးညံ့သော သွားတိုက်တံဖြင့် သွားကို ပုံမှန်တိုက်နိုင်ပြီး ဆားရည်ဖြင့် ပုံမှန်အာလုတ်ကျင်းပေးခြင်းက ပိုးဝင်ခြင်းကို ကာကွယ်ပေးနိုင်သည်။

သွေးထွက်များခြင်း၊ အဖျားကြီးခြင်း၊ ရေဓာတ်ခန်းခြောက်သည့်လက္ခဏာများ (ဆီးနည်းသွားခြင်း၊ ရေဆာခြင်း၊ နုံးခြင်း၊ မူးခြင်း) ဖြစ်ပေါ်ခြင်း၊ အသက်ရှူရခက်ခြင်း စသည့်အခြေအနေများသည် အရေးပေါ်အခြေအနေ ဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှု သို့မဟုတ် ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှု ခံယူရန်လိုသည်။

ဆက်လက်ဖတ်ရှုရန်

References:

  1. Advin Healthcare. (n.d.). Tonsillectomy surgery. Retrieved February 11, 2026, from https://advinhealthcare.com/tonsillectomy-surgery/
  2. Bucks ENT. (n.d.). Tonsillectomy procedures. Retrieved February 11, 2026, from https://www.bucksent.com/services/throat/tonsillectomy-procedures/
  3. Cleveland Clinic. (n.d.). Tonsillectomy. Retrieved February 11, 2026, from https://my.clevelandclinic.org/health/treatments/15605-tonsillectomy
  4. KidsHealth. (n.d.). Tonsillectomy. Retrieved February 11, 2026, from https://kidshealth.org/en/parents/tonsil.html
  5. Mayo Clinic. (n.d.). Tonsillectomy: About the procedure. Retrieved February 11, 2026, from https://www.mayoclinic.org/tests-procedures/tonsillectomy/about/pac-20395141
  6. MedlinePlus. (n.d.). Tonsillectomy. Retrieved February 11, 2026, from https://medlineplus.gov/ency/article/003013.htm
  7. National Center for Biotechnology Information. (n.d.). Tonsillectomy. In StatPearls [Internet]. Retrieved February 11, 2026, from https://www.ncbi.nlm.nih.gov/books/NBK536942/
  8. ENT Associates. (n.d.). Coblation intracapsular tonsillectomy. Retrieved February 11, 2026, from https://www.entassociates.co.nz/procedures/throat/coblation-intracapsular-tonsillectomy/
  9. HEY NHS. (n.d.). Coblation adenoidectomy and intracapsular tonsillectomy. Retrieved February 11, 2026, from https://www.hey.nhs.uk/patient-leaflet/coblation-adenoidectomy-and-intracapsular-tonsillectomy/
  10. Sarny, S., Habermann, W., Ossimitz, G., & Stammberger, H. (2012). Significant post‑tonsillectomy pain is associated with increased risk of hemorrhage. Annals of Otology, Rhinology & Laryngology, 121(12), 776–781. https://doi.org/10.1177/000348941212101202

Published: 28 February 2025

Last updated: 11 March 2026

Share

26 February 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

See also
Non-Invasive Prenatal Testing – NIPT (သန္ဓေသားတွင် မွေးရာပါချို့ယွင်းချက်များ ရှိမရှိ သွေးမှတစ်ဆင့် စစ်ဆေးခြင်း)
Mar 13, 2026
Tests and Procedures

Non-Invasive Prenatal Testing – NIPT (သန္ဓေသားတွင် မွေးရာပါချို့ယွင်းချက်များ ရှိမရှိ သွေးမှတစ်ဆင့် စစ်ဆေးခြင်း)

သန္ဓေသားတွင် မွေးရာပါချို့ယွင်းချက်များ ရှိမရှိ သွေးမှတစ်ဆင့်...

Anomaly Scan (သန္ဓေသား၌ ကိုယ်ခန္ဓာချို့ယွင်းချက် ရှိမရှိ စစ်ဆေးခြင်း)
Mar 10, 2026
Tests and Procedures

Anomaly Scan (သန္ဓေသား၌ ကိုယ်ခန္ဓာချို့ယွင်းချက် ရှိမရှိ စစ်ဆေးခြင်း)

ကိုယ်ဝန်သက် (၂၀) ပတ်ဝန်းကျင်တွင် ပြုလုပ်သော သန္ဓေသား၌...

Tubal Patency test (သားဥပြွန်ပွင့်မပွင့် စစ်ဆေးခြင်း)
Mar 1, 2026
Tests and Procedures

Tubal Patency test (သားဥပြွန်ပွင့်မပွင့် စစ်ဆေးခြင်း)

သားဥပြွန်ပွင့်မပွင့် စစ်ဆေးခြင်းသည် မျိုးမပွါးနိုင်ခြင်း၏...