Tuberculin skin test (အရေပြား၌ တီဘီစစ်ဆေးခြင်း)

Tuberculin skin test (အရေပြား၌ တီဘီစစ်ဆေးခြင်း)

တီဘီရောဂါသည် တီဘီပိုး (Mycobacterium tuberculosis) ကူးစက်ဝင်ရောက်ခြင်းကြောင့် ဖြစ်ပွါးသည်။ အဆုတ်၊ အူလမ်းကြောင်း၊ အရိုး၊ ဦးနှောက်အမြှေး‌ပါးစသော ခန္ဓာကိုယ်ရှိ အင်္ဂါအစိတ်အပိုင်း အားလုံးတွင် တီဘီရောဂါ ဖြစ်ပွါးနိုင်ပြီး၊ လူတစ်ဦးမှတစ်ဦးသို့ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်ကာ အသက်ဆုံးရှုံးသည်အထိ ပြင်းထန်နိုင်သည်။ ကလေးငယ်များ၊ ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ် အားနည်းနေသူများ၊ အာဟာရချို့တဲ့သူများ၊ ဆီးချိုရောဂါသည်များ၊ HIV/AIDS ရောဂါသည်များနှင့် ဆေးလိပ်သောက်သူများတွင် တီဘီရောဂါဖြစ်ပွါးနိုင်ခြေ ပိုများသည်။

တီဘီပိုးကူးစက်ခံရသူများကို တီဘီ‌ရောဂါဖြစ်ပွါးသူ (Active TB) နှင့် လက္ခဏာမပြဘဲ တီဘီပိုးရှိသူ (Latent TB) ဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။ လက္ခဏာမပြဘဲ တီဘီပိုးရှိသူများသည် ကိုယ်ခံအားစနစ် အားနည်းလာပါက တီဘီရောဂါလက္ခဏာများ ပြလာနိုင်သည်။

လက္ခဏာမပြဘဲ တီဘီပိုးရှိသူ (Latent TB) ကို စစ်ဆေးရန် အဓိကနည်းလမ်း (၂) မျိုးရှိသည်။

  1. အရေပြား၌ တီဘီစစ်ဆေးခြင်း (Tuberculin Skin Test – TST)
  2. သွေးစစ်ဆေးခြင်း (Interferon-Gamma Release Assays – IGRA)
    တီဘီအရေပြားစစ်ဆေးမှုထက် ပိုမိုတိကျပြီး BCG ကာကွယ်ဆေးကြောင့်လည်း မှားယွင်းတုံ့ပြန်မှု မဖြစ်စေနိုင်ပါ။

အဆိုပါစစ်ဆေးမှုနှစ်မျိုးလုံးသည် တီဘီပိုးဝင်ရောက်ခြင်း ရှိမရှိကိုသာ ဖော်ပြနိုင်ပြီး တီဘီရောဂါဖြစ်ပွါးနေခြင်းကို အတိအကျဖော်ပြနိုင်ခြင်း မရှိပေ။

ထိုစစ်ဆေးခြင်းများကို

  • တီဘီပိုးရှိသူနှင့် ထိတွေ့မှုရှိသူများကို ရှာဖွေခြင်း (Contact tracing)
  • လက္ခဏာမပြဘဲ တီဘီပိုးရှိသူများကို စစ်ဆေးခြင်းများတွင် အဓိကအသုံးပြုသည်။
အရေပြား၌ တီဘီစစ်ဆေးခြင်း

အရေပြား၌ တီဘီစစ်ဆေးခြင်းကို အသက် (၅) နှစ်အောက်ကလေးများတွင် တီဘီပိုး ရှိမရှိ ကနဦးစစ်ဆေးမှုအတွက် အများဆုံးအသုံးပြုသည်။

အရေပြား၌ တီဘီစစ်ဆေးခြင်း (Tuberculin Skin Test) သည် ကျူဘာကူလင် (Tuberculin) ဆေးရည်ကို အရေပြားအောက်သို့ ထိုးသွင်း၍ စမ်းသပ်ခြင်းဖြစ်သည်။ ကျူဘာကူလင်သည် တီဘီပိုးမှ ထုတ်ယူထားသော ပရိုတင်းတစ်မျိုးဖြစ်သည်။ ၎င်းကို တီဘီပိုးရှာဖွေတွေ့ရှိသူ Robert Koch မှပင် စတင်ဖော်ထုတ်ခဲ့ပြီး (၁၉၃၀) ပြည့်နှစ်များမှစ၍ တီဘီရောဂါပိုးစစ်ဆေးရာတွင် အသုံးပြုခဲ့ကြသည်။

သန့်စင်ထားသော Tuberculin (Purified Protein Derivative – PPD) ဖြင့် စနစ်တကျ ဖော်စပ်ထားသည့် ဆေးရည်ကို အရေပြားအောက်ထိုးပြီးနောက် ကိုယ်ခံအားစနစ်၏ တုံ့ပြန်မှုကို စောင့်ကြည့်တိုင်းတာခြင်းဖြစ်သည်။ အကြမ်းအားဖြင့် တီဘီရောဂါပိုးဝင်ရောက်ပြီးနောက် အချိန် (၂)ပတ် မှ (၈)ပတ်အထိအကြာတွင် စစ်ဆေးမှသာ ကိုယ်ခံအားစနစ်၏ တုံ့ပြန်မှု ကောင်းစွာရရှိနိုင်မည်။ လိုအပ်ပါက အကြိမ်ကြိမ် ပြန်လည်စစ်ဆေးခြင်းများ ပြုလုပ်သည်။

ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

အရေပြား၌ တီဘီစစ်ဆေးခြင်း (TST) ပြုလုပ်သင့်သူများမှာ_

  1. တီဘီရောဂါလက္ခဏာများ (ဥပမာ _ နာတာရှည်ချောင်းဆိုးခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ညဘက်ချွေးထွက် ခြင်း၊ ဖျားခြင်း) ခံစားနေရသူများ
  2. တီဘီရောဂါဖြစ်နေသူနှင့် နီးကပ်စွာ ထိတွေ့မှုရှိခဲ့သူများ
  3. တီဘီရောဂါကူးစက်ခံရနိုင်ခြေ သို့မဟုတ် ရောဂါဖြစ်ပွါးနိုင်ခြေမြင့်မားသူများ _
    • တီဘီရောဂါဖြစ်ပွါးမှုများသော ဒေသများတွင် နေထိုင်သူ သို့မဟုတ် မကြာခဏသွားရောက်သူများ
    • လူစုလူဝေးများရှိသော နေရာများတွင် နေထိုင်သူ သို့မဟုတ် အလုပ်လုပ်ကိုင်သူများ (ဥပမာ _ သက်ကြီးဂေဟာ၊ မိဘမဲ့ဂေဟာ၊ အကျဉ်းထောင်များ)
    • ဆေးရုံများ၊ ဓာတ်ခွဲခန်းများကဲ့သို့ အန္တရာယ်မြင့်မားသော အလုပ်အကိုင်များတွင် လုပ်ကိုင်သူများ
    • တီဘီရောဂါဖြစ်နေသူများ (အထူးသဖြင့် သလိပ်ပိုးရှိသူများ) နှင့် ကြာရှည်နီးကပ်စွာ နေထိုင်သူများ
    • ကိုယ်ခံအားစနစ်အားနည်းနေသူများ၊ ဥပမာ_
      • HIV ပိုးရှိသူများ
      • ဆီးချိုရောဂါရှိသူများ
      • နာတာရှည်ကျောက်ကပ်ရောဂါရှိသူများ
      • ကိုယ်ခံအားစနစ်ကို ထိခိုက်စေသော ဆေးဝါးများ သုံးစွဲနေသူများ (ဥပမာ _ စတီးရွိုက်၊ ကင်ဆာကုဆေးများ)
    • ကလေးငယ်များ [အထူးသဖြင့် အသက် (၅) နှစ်အောက် ကလေးများ]
    • အသက်အရွယ်ကြီးရင့်သူများ
    • တီဘီဖြစ်ပြီး ကောင်းစွာကုသမှု မခံယူထားသူများ
အထူးသတိပြုရမည့်အချက်များ
  • တီဘီကူးစက်မှု အန္တရာယ်မြင့်မားသူများ (ဥပမာ _ HIV ပိုးရှိသူ၊ ကိုယ်ခံအားနည်းသူများ) ကို စောစီးစွာ စစ်ဆေးသင့်သည်
  • ယခင်က TST စစ်ဆေးမှုတွင် ပြင်းထန်သော ဓာတ်မတည့်မှုများ ဖြစ်ပွါးဖူးသူများသည် ဤစစ်ဆေးမှုကို ရှောင်ကြဉ်သင့်သည်
ကြိုတင်သိရှိထားရမည့်အချက်များ
  • ယခင်က တီဘီရောဂါကာကွယ်ဆေး (ဘီစီဂျီ – BCG) ထိုးထားလျှင် တုံ့ပြန်မှုရှိသည်ဟု အဖြေထွက်နိုင်သည်
  • ဗိုင်းရပ်စ်ပိုးကောင်အရှင်ဖြင့် ပြုလုပ်ထားသော ကာကွယ်ဆေးများ (Live vaccines) (ဥပမာ_ဝက်သက် ကာကွယ်ဆေး၊ ဂျိုက်သိုးကာကွယ်ဆေးများ) သည် အရေပြား၌ တီဘီစစ်ဆေးခြင်းအဖြေကို မှားစေနိုင်သည်၊ ထို့ကြောင့် ဤစစ်ဆေးမှုကို ပြုလုပ်ရန် လိုအပ်လျှင်
    • အဆိုပါကာကွယ်ဆေးများထိုးသည့်နေ့တွင် တစ်ပြိုင်နက်တည်း
      သို့မဟုတ်
    • အဆိုပါကာကွယ်ဆေးများထိုးပြီးနောက် တစ်လအကြာတွင်မှ ပြုလုပ်ရမည်။
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်

အရေပြား၌ တီဘီစစ်ဆေးခြင်း (Tuberculin Skin Test) တွင် အောက်ပါအဆင့်များ ပါဝင်သည်။

  1. ဆေးထိုးမည့်နေရာ ရွေးချယ်ခြင်း
    • ဆေးထိုးမည့်နေရာအဖြစ် လက်ဖျံအတွင်းဘက်၊ တံတောင်ဆစ်အောက် (၂-၄) လက်မအကွာနေရာ သို့မဟုတ် လက်မောင်းရှိ အရေပြားပါးသောနေရာကို ရွေးချယ်သည်
    • ထိုနေရာကို အရက်ပြန်ဖြင့် သန့်စင်ပြီး ခြောက်သွေ့အောင်ထားသည်
  2. ဆေးထိုးသွင်းခြင်း
    • သန့်စင်ထားသော Tuberculin (PPD) ဆေးရည်ကို အရေပြားအောက်သို့ ထိုးသွင်းသည်
    • ဆေးထိုးသောအခါ အပ်ကို အရေပြားနှင့် ရှပ်၍ (၁၀) ဒီဂရီခန့် စောင်း၍ ထိုးသွင်းပြီး၊ ဆေးရည်အနည်းငယ်ကို အရေပြားအောက်သို့ ထိုးသွင်းသည်
    • သတ်မှတ်ထားသည့်အတိုင်း ဆေးရည် စနစ်တကျ ဝင်ရောက်သွားလျှင် အရေပြား၌ (၆-၁၀) မီလီမီတာမျှ ဖြူဖျော့သော အရေပြားဖောင်းကြွနေမှုကို ဖြစ်စေသည်
    • အကယ်၍ ဆေးရည်ပမာဏ မလုံလောက်လျှင် သို့မဟုတ် နက်ရှိုင်းစွာ ထိုးနှံမိလျှင် ထိုကဲ့သို့ အရေပြား ကောင်းစွာဖောင်းကြွခြင်း မဖြစ်ပေါ်နိုင်ပါ
    • ထိုသို့ဖြစ်လျှင် အဆိုပါအပ်ထိုးထားသောနေရာမှ (၂) လက်မခန့်အကွာတွင် နောက်တစ်ကြိမ် ထပ်မံထိုးသွင်းရမည်
    • ထို့နောက် အဖြေဖတ်ချိန်တွင် လွယ်ကူတိကျစေရန် ဆေးထိုးသွင်းလိုက်သောနေရာကို အမှတ်အသား ပြုလုပ်ထားမည်
  3. ဆေးထိုးထားသည့်နေရာကို သန့်ရှင်းအောင်ထားခြင်း
    • ဆေးထိုးထားသည့်နေရာကို ပတ်တီးစည်းခြင်း၊ ပလတ်စတာကပ်ခြင်းများ မပြုလုပ်ရ
    • ‌ရေဖြင့် ညင်သာစွာဆေးနိုင်သည်၊ ဆပ်ပြာတိုက်ခြင်း၊ ပွတ်တိုက်ခြင်း၊ အဝတ်ဖြင့် ပွတ်သုတ်ခြင်း မပြုရ
    • ကုတ်ခြင်း၊ ပွတ်တိုက်ခြင်းများ မပြုလုပ်ရ
    • အကယ်၍ အလွန်ယားယံလျှင် ရေခဲတုံးငယ်ကပ်ခြင်း၊ ရေအေးဝတ်တင်ခြင်းများ ပြုလုပ်နိုင်သည်၊ ပြီးလျှင် လေဖြင့် အခြောက်ခံရမည်
  4. တုံ့ပြန်မှုစောင့်ကြည့်ခြင်း
    • ဆေးထိုးသွင်းပြီးနောက် (၄၈)နာရီ မှ (၇၂)နာရီအကြာတွင် ဒုတိယအကြိမ်လာ၍ အဖြေဖတ်ရမည်
    • ကောင်းမွန်သော အလင်းရောင်အောက်တွင် ဆေးထိုးသွင်းထားသောနေရာရှိ အနီကွက် (Erythema) နှင့် မာ၍ဖောင်းကြွနေသော အဖု (Induration) ကို မျက်မြင်စစ်ဆေးသည်
    • အဖြေကို ဖတ်ရှုရာတွင် အဖု (Induration) ၏ အချင်းကိုသာ တိုင်းတာသည်၊ အနီကွက်နှင့် ရောင်ရမ်းမှုကို မတိုင်းတာပါ
  5. အဖြေသတ်မှတ်ခြင်း
    အဖုဖောင်းကြွမှု၏ အရွယ်အစားပေါ် မူတည်၍ အဖြေကို အောက်ပါအတိုင်း သတ်မှတ်သည်။
    • အဖုအရွယ်အစား (၅) မီလီမီတာထက် ငယ်ပါက _ တုံ့ပြန်မှုမရှိ (Negative)
    • အဖုအရွယ်အစား (၅) မီလီမီတာနှင့်အထက် _ တုံ့ပြန်မှုရှိသည် (Positive)
    • အဖုအရွယ်အစား (၁၅) မီလီမီတာနှင့်အထက် _ ပြင်းထန်သော တုံ့ပြန်မှုရှိသည် (Strongly Positive)
အဆင့်နှစ်ဆင့်ဖြင့် စစ်ဆေးခြင်း (Two step testing)

ယခင် တီဘီပိုးနှင့်ထိတွေ့မှုရှိထားသူများတွင် ပထမအကြိမ် အရေပြား၌ တီဘီစစ်ဆေးခြင်းတွင် တုံ့ပြန်မှုမရှိဟု အဖြေထွက်ပြီး၊ နောက်ထပ်စစ်ဆေးမှုတွင် တုံ့ပြန်မှုရှိသည်ဟု အဖြေထွက်နိုင်သည်။ ပထမအကြိမ်စစ်ဆေးစဉ်က ထိုးသွင်းလိုက်သော ဆေးရည်သည် ကိုယ်ခံအားစနစ်ကို လှုံ့ဆော်ပေးပြီး နောက်တစ်ကြိမ်စစ်ဆေးမှုတွင် “တုံ့ပြန်မှုရှိ” အဖြေထွက်စေခြင်းဖြစ်သည်။

ဤသို့ဖြစ်ရခြင်းကို ”Booster Phenomenon” ဟုခေါ်သည်။ ဤဖြစ်စဉ်သည် စစ်ဆေးမှုအဖြေကို တီဘီပိုးအသစ် ဝင်ရောက်သည်ဟု မှားယွင်းစွာ ယူဆစေနိုင်သည်။

ဤသို့မှားယွင်းမှုကို ရှောင်ရှားနိုင်ရန် ပုံမှန်အရေပြားတွင် တီဘီပိုးစစ်ဆေးခြင်း ခံယူသူများတွင် အဆင့်နှစ်ဆင့်ဖြင့် စစ်ဆေးခြင်း (Two-step testing method) ကို အသုံးပြု၍ စစ်ဆေးနိုင်သည်။

အဆင့်နှစ်ဆင့်ဖြင့် စစ်ဆေးရန် လိုအပ်သူများ
အောက်ပါအခြေအနေများတွင် ပထမအကြိမ် တုံ့ပြန်မှုမရှိဟု အဖြေထွက်ပါက ထပ်မံစစ်ဆေးရန် လိုအပ်သည်ဟု ယူဆလျှင် (၁)ပတ် မှ (၃)ပတ်အကြာတွင် ဒုတိယအကြိမ် စစ်ဆေးသင့်သည်။

  • ကျန်းမာရေးဝန်ထမ်းများနှင့် တီဘီစစ်ဆေးရေးအစီအစဉ်များတွင် ပါဝင်သူများ
  • သက်ကြီးရွယ်အိုများ
  • ယခင်က တီဘီပိုးနှင့် ထိတွေ့မှုရှိခဲ့သူများ
  • မိဘမဲ့ဂေဟာ၊ သက်ကြီးဂေဟာ၊ ထောင်စသည်တို့တွင် နေထိုင်သူများ
  • ဘီစီဂျီကာကွယ်ဆေး ထိုးထားပြီးသူများ

စစ်ဆေးမှုနှစ်ကြိမ်လုံးတွင် တုံ့ပြန်မှုမရှိ အဖြေထွက်လျှင် တီဘီပိုးဝင်ရောက်ထားခြင်းမရှိဟု သတ်မှတ်နိုင်သည်။

ပထမအကြိမ်တွင် တုံ့ပြန်မှုမရှိအဖြေထွက်၍ နောက်ထပ်စစ်ဆေးသည့်အချိန်တွင်မှ တုံ့ပြန်မှုရှိသည်ဟု အဖြေထွက်လျှင် ယခင်ကတည်းက တီဘီပိုးဝင်ရောက်ထားခြင်းကို ညွှန်ပြသည်။ ထိုသူများတွင် လက္ခဏာမပြဘဲ တီဘီပိုးရှိခြင်း (Latent TB) အတွက် ဆက်လက်စစ်ဆေးကုသရန် လိုအပ်နိုင်သည်။

အဆင့်နှစ်ဆင့်စစ်ဆေးခြင်း၏ အရေးပါမှု
ယခုနည်းလမ်းသည်

  • လက္ခဏာမပြသော တီဘီကူးစက်မှု (Latent TB) နှင့် တီဘီကူးစက်ခံထားရသော်လည်း ပိုးမရှိ (False negative) အဖြေထွက်ခြင်းတို့ကို ခွဲခြားရန်
  • အလုပ်ခန့်ခြင်း၊ ကိုယ်ခံအားစနစ်ဖိနှိပ်ကုထုံး (Immunosuppressive therapy) စတင်ခြင်း စသည်တို့မတိုင်မီ တိကျသော တီဘီစစ်ဆေးမှုကို သေချာစေရန် အထောက်အကူပြုသည်။
အရေပြား၌ တီဘီစစ်ဆေးခြင်းအဖြေများကို ကောက်ချက်ချခြင်း
  1. အောက်ပါအခြေအနေများတွင် အရေပြားအဖု (၅) မီလီမီတာကျော်လျှင် (တုံ့ပြန်မှုရှိလျှင်) _ ပိုးရှိသည်ဟု သတ်မှတ်သည်။
    • HIV ပိုးရှိခြင်း
    • တီဘီရောဂါရှိသူနှင့် လတ်တလော အထိအတွေ့ ရှိထားခြင်း
    • ရင်ဘတ်ဓာတ်မှန်တွင် ယခင်တီဘီရောဂါဖြစ်ဖူးသော အထောက်အထားများရှိခြင်း
    • ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုခု အစားထိုးထားခြင်း
    • ကိုယ်ခံအားကျဆင်းစေသည့် ဆေးဝါးများ သောက်သုံးနေခြင်း
  2. အောက်ပါအခြေအနေများတွင် အရေပြားအဖု (၁၀) မီလီမီတာကျော်လျှင် (တုံ့ပြန်မှုရှိလျှင်) _ ပိုးရှိသည်ဟု သတ်မှတ်သည်။
    • တီဘီအဖြစ်များသောဒေသတွင် နေထိုင်ခြင်း
    • အရက်နှင့် မူးယစ်ဆေး သုံးစွဲခြင်း
    • တီဘီရောဂါကူးစက်လွယ်သည့် လူစုလူဝေးရှိသည့်နေရာများတွင် နေထိုင်လုပ်ကိုင်ရခြင်း
    • ဆီးချို၊ နာတာရှည်ကျောက်ကပ်ရောဂါ၊ ကင်ဆာရောဂါ စသည့် ရောဂါများရှိခြင်း
    • ရောဂါပိုးများကို ကိုင်တွယ်ရသည့် ကျန်းမာရေးဝန်ထမ်းများ
    • အသက် (၅) နှစ်အောက် ကလေးငယ်များ
    • ရောဂါပိုးကူးစက်နိုင်ခြေရှိသူများနှင့် ထိတွေ့မှုရှိသူများ
  3. မည်သည့်အခြေအနေတွင်မဆို၊ ကူးစက်နိုင်ခြေ နည်းသည့်တိုင်အောင်၊ အရေပြားအဖု (၁၅) မီလီမီတာထက်ကျော်လျှင် ပိုးရှိသည်ဟု သတ်မှတ်သည်။
  4. အောက်ပါအခြေအနေများတွင် ရောဂါပိုး အမှန်တကယ်ကူးစက်ခံရခြင်း မရှိသော်လည်း တုံ့ပြန်မှုရှိသည် (False positive) ဟု အဖြေမှားထွက်နိုင်သည်။ ဥပမာအားဖြင့်_
    • တီဘီကာကွယ်ဆေး (BCG) ထိုးထားသူများ
    • တီဘီပိုးနှင့် မျိုးစိတ်တူသည့် အခြား Mycobacterial ပိုးမွှားများ ကူးစက်ခံရသူများ
    • စစ်ဆေးချက်ပြုလုပ်မှုနှင့် အဖြေထုတ်ရာတွင် မှားယွင်းမှုများ
  5. အောက်ပါအခြေအနေများတွင် ရောဂါပိုးကူးစက်ခံထားရသော်လည်း တုံ့ပြန်မှုမရှိ (False negative) ဟု အဖြေမှားထွက်နိုင်သည်။ ဥပမာအားဖြင့်_
    • တီဘီပိုး လတ်တလော ကူးစက်ခံထားရခြင်း [(၈)ပတ် မှ (၁၀)ပတ်အတွင်း]
    • အသက် (၆) လအောက် ကလေးငယ်များ
    • မကြာသေးမီက ဗိုင်းရပ်စ်ပိုးကောင်အရှင်ဖြင့် ပြုလုပ်ထားသော ကာကွယ်ဆေးများ (Live vaccines) ထိုးနှံထားခြင်း
    • မကြာ‌သေးမီက ဗိုင်းရပ်စ်ပိုးတစ်မျိုးမျိုး ကူးစက်ခံထားရခြင်း (အထူးသဖြင့် ဝက်သက်ပိုး)
    • အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ခံအားစနစ် အားနည်းနေခြင်း
    • စစ်ဆေးချက် ပြုလုပ်မှုနှင့် အဖြေထုတ်ရာတွင် မှားယွင်းမှုများ
နောက်ဆက်တွဲပြဿနာများ

အရေပြားတွင် တီဘီပိုး စစ်ဆေးခြင်းတွင် ပြင်းထန်သည့် နောက်ဆက်တွဲပြဿနာများ မရှိပါ။ ဆေးထိုးသွင်းသည့်နေရာတွင် အနည်းငယ်နာကျင်ခြင်း၊ အရောင်အနည်းငယ် ပြောင်းလဲခြင်းတို့ ဖြစ်ပေါ်နိုင်သည်။

အကယ်၍ အောက်ပါလက္ခဏာများ ဖြစ်ပေါ်ပါက ဆေးရုံ၊ ဆေးခန်းသို့ အမြန်ပြန်လည်ပြသရမည်။

  • ဆေးထိုးသည့်နေရာတွင် အလွန်အမင်း ပူခြင်း၊ နာကျင်ခြင်း
  • ခန္ဓာကိုယ်တွင် အရေပြားအကွက်များ ပေါ်ခြင်း၊ အဖုကြီးများဖြစ်ခြင်း

အချုပ်ဆိုရလျှင် အရေပြား၌ တီဘီစစ်ဆေးခြင်းသည် တီဘီရောဂါပိုး ရှိမရှိ စစ်ဆေးရာတွင် ရိုးရှင်းလွယ်ကူပြီး ကုန်ကျစရိတ်သက်သာသည့် နည်းလမ်းတစ်ခုဖြစ်သည်။ ဤစစ်ဆေးမှုကို သွေးဖောက်ရန် မလိုအပ်ဘဲ ဓာတ်ခွဲခန်းတွင် ပြုလုပ်စရာမလိုဘဲ ဆေးရုံ၊ ဆေးခန်းများတွင် ကျွမ်းကျင်သူများက လွယ်ကူစွာ ပြုလုပ်နိုင်သည်။ နာကျင်မှုနည်းပါးပြီး နောက်ဆက်တွဲပြဿနာများ အလွန်နည်းပါးသောကြောင့် တီဘီရောဂါကို ကနဦးစစ်ဆေးရန်အတွက် သင့်တော်သောနည်းလမ်းတစ်ခုဖြစ်သည်။

သို့သော် ဤစစ်ဆေးမှုတစ်ခုတည်းဖြင့် ရောဂါရှိမရှိ သေချာပေါက် မသတ်မှတ်နိုင်ပါ။ အထူးသဖြင့် တီဘီလက္ခဏာများရှိသူများ သို့မဟုတ် တီဘီ ဖြစ်ပွါးနိုင်ခြေ မြင့်မားသူများတွင် ရောဂါအဖြေရှာရန် အခြားစစ်ဆေးမှုများ ထပ်မံပြုလုပ်ရန် လိုအပ်သည်။

References:

  1. Centers for Disease Control and Prevention. (n.d.). Tuberculin skin test. Retrieved February 9, 2026, from https://www.cdc.gov/tb/testing/skin-test.html
  2. Centers for Disease Control and Prevention. (n.d.). Mantoux tuberculin skin testing wall chart. Retrieved February 9, 2026, from https://www.cdc.gov/tb/hcp/mantoux/wall-chart.html
  3. Aronson, N. E., Santosham, M., & Comstock, G. W. (2005). Long-term efficacy of BCG vaccine in American Indians and Alaska Natives: A 60-year follow-up study. Vaccine, 23(45), 5107–5113. https://www.sciencedirect.com/science/article/abs/pii/S0272523105000146
  4. Cleveland Clinic. (n.d.). Tuberculosis (TB) test. Retrieved February 9, 2026, from https://my.clevelandclinic.org/health/diagnostics/22751-tuberculosis-tb-test
  5. Queensland Health. (n.d.). Tuberculosis testing information (Burmese). Retrieved February 9, 2026, from https://www.health.qld.gov.au/__data/assets/pdf_file/0023/638213/tb-testing-burmese.pdf
  6. New South Wales Ministry of Health. (2019). Tuberculosis screening (GL2019_003). Retrieved February 9, 2026, from https://www1.health.nsw.gov.au/pds/ActivePDSDocuments/GL2019_003.pdf
  7. The Royal Children’s Hospital Melbourne. (n.d.). Tuberculosis screening. Retrieved February 9, 2026, from https://www.rch.org.au/immigranthealth/clinical/Tuberculosis_screening/
  8. World Health Organization. (2018). Latent tuberculosis infection: Updated and consolidated guidelines for programmatic management. Retrieved February 9, 2026, from https://iris.who.int/bitstream/handle/10665/260233/9789241550239-eng.pdf
  9. AIS Learning Platform. (2023). Drug-susceptible tuberculosis guideline. Retrieved February 9, 2026, from https://aislearningplatform.org/wp-content/uploads/2023/02/Final-version-for-Publishing-DS-TB_Guideline.pdf

Published: 27 February 2025

Last updated: 19 March 2026

Share

26 February 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.