ထုံဆေး (Local Anaesthetics) ဆိုသည်မှာ ခွဲစိတ်မှု သို့မဟုတ် ကုသမှုခံယူမည့် ကိုယ်ခန္ဓာ အစိတ်အပိုင်းတစ်ဝိုက် နာကျင်မှုမရှိစေရန် အသုံးပြုသောဆေးများဖြစ်သည်။ မေ့ဆေးပေးခြင်းကဲ့သို့ လူနာအိပ်ပျော်ကာ မေ့မြောသွားမည်မဟုတ်ဘဲ လူနာနိုးနေကာ အသိရှိနေမည်ဖြစ်သည်။
ထုံဆေးများသည် နာကျင်မှုဝေဒနာအချက်ပြချက် (Pain signals) များ အာရုံကြောမှတစ်ဆင့် ဦးနှောက်ဆီသို့ ပေးပို့ခြင်းကို ယာယီတားဆီးပေးသောကြောင့် နာကျင်မှုဝေဒနာခံစားရမည် မဟုတ်ပါ။
အသုံးအများဆုံးထုံဆေးများမှာ Lignocaine, Prilocaine, Bupivacaine စသည့် ဆေးဝါးများဖြစ်သည်။
ထုံဆေးပေးရန် လိုအပ်သော အခြေအနေများနှင့် ထုံဆေးပေးသည့် နည်းလမ်းများ
ထုံဆေးပေးရန် လိုအပ်သော အခြေအနေများနှင့် ကိုယ်ခန္ဓာအစိတ်အပိုင်းအပေါ် မူတည်၍ ထုံဆေးပေးသည့် နည်းလမ်းအမျိုးမျိုးရှိသည်။
- ထုံဆေးလိမ်းခြင်း သို့မဟုတ် ဖျန်းခြင်း (Local Application)
- ခံတွင်းအနာ၊ လျှာအနာ စသည့် အနာများတွင် ထုံဆေးလိမ်းခြင်း
- မျက်စိရောဂါများကုသရာတွင် ထုံဆေးမျက်စဥ်းခပ်ခြင်း
- အစာအိမ်မှန်ပြောင်းကြည့်ရာတွင် အာခေါင်သို့ထုံဆေးဖျန်းခြင်း စသည်တို့ဖြစ်သည်။
- ကုသမည့်နေရာတစ်ဝိုက်တွင် ထုံဆေးထိုးခြင်း (Local Infiltration)
- အရေပြားပေါ်ရှိ အလုံးအကျိတ်များကို ခွဲစိတ်ရာတွင် သို့မဟုတ် ပြတ်ရှစုတ်ပြဲ ထိခိုက်ဒဏ်ရာများကို ပြန်ချုပ်ရာတွင် ယင်းနေရာတစ်ဝိုက်ကို ထုံဆေးထိုးခြင်းဖြစ်သည်
- အာရုံကြောများ အလုပ်မလုပ်နိုင်ရန် ထုံဆေးထိုးခြင်း (Nerve Block)
- ကုသမှုခံယူမည့် ကိုယ်ခန္ဓာအစိတ်အပိုင်းဆိုင်ရာ အာရုံကြောများအနီးတွင် ထုံဆေးထိုးခြင်း ဖြစ်သည် (ဥပမာ_လက်ခွဲစိတ်ခြင်း၊ သွားနှင့်ခံတွင်းဆိုင်ရာ ကုသမှုများ သို့မဟုတ် မျက်လုံး ခွဲစိတ်မှုများတွင် အသုံးပြုသည်)
- ခါးဆစ်ရိုးထုံဆေး (Spinal Anaesthesia)
- ခြေထောက်ခွဲစိတ်မှုများနှင့် ကလေးခွဲစိတ်မွေးဖွားရာတွင် ခါးဆစ်ရိုးထုံဆေး (Spinal anaesthesia) ကို အသုံးပြုသည်
ထုံဆေးအသုံးပြုနိုင်သော အခြားရောဂါအခြေအနေများ
- ကင်ဆာရောဂါ နာကျင်မှု
- နာတာရှည် အဆစ်နာကျင်မှု
- ပုံမှန်သဘာဝအတိုင်း ကလေးမွေးဖွားရာတွင် နာကျင်မှု (Normal labour pain) စသည့် နာကျင်မှုဝေဒနာ သက်သာစေရန်အတွက်လည်း အသုံးပြုနိုင်သည်။
အကျိုးကျေးဇူးများ
- ခွဲစိတ်မှု သို့မဟုတ် ကုသမှုပေးမည့် ဆရာဝန်ကိုယ်တိုင် ပြုလုပ်နိုင်ခြင်း (မေ့ဆေးဆရာဝန်မလိုပဲ ဆောင်ရွက်နိုင်ခြင်း)
- ထုံဆေး၏ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်နိုင်ခြေ အလွန်နည်းပါးခြင်း
- မေ့ဆေးပေးရန် မလိုအပ်သောကြောင့် မေ့ဆေးပေးရန် ပြုလုပ်ရသော ကြိုတင်ပြင်ဆင်မှုများ၊ စစ်ဆေးမှုများ ပြုလုပ်ရန် မလိုအပ်ခြင်း
- မေ့ဆေး နောက်ဆက်တွဲဆိုးကျိုးများဖြစ်သော ပျို့အန်ခြင်း၊ အစာသီးခြင်းမှဖြစ်သော အဆုတ်ရောင်ခြင်း (Aspiration pneumonia) စသည်တို့ မဖြစ်ပွါးနိုင်ခြင်း
- ခွဲစိတ်မှု သို့မဟုတ် ကုသမှုပြီးလျှင် အိမ်သို့ ဆောလျင်စွာ ပြန်နိုင်ခြင်း
- ကုန်ကျစရိတ်သက်သာခြင်း
ကြိုတင်သိရှိထားရမည့်အချက်များ
ထုံဆေးအသုံးပြုကုသခြင်း မပြုလုပ်မီ အောက်ပါအကြောင်းအရာများကို ကြိုတင်သိရှိထားသင့်သည်။
- ဓာတ်မတည့်ခြင်း
- အစားအစာ၊ ဆေး၊ ဓာတုပစ္စည်းစသည့် အရာများဖြင့် ဓာတ်မတည့်ပါက ဆရာဝန်အား ကြိုတင်အသိပေးပါ၊ အထူးသဖြင့် ထုံဆေးဖြင့် ဓာတ်မတည့်ခြင်းရှိလျှင် ကြိုတင်သတိပေးရမည်ဖြစ်သည်
- အချို့အခြေအနေများတွင် ထုံဆေးနှင့် ဓာတ်မတည့်မှု ရှိမရှိ ကြိုတင်စမ်းသပ်နိုင်သည်
- အချို့တွင် ခွဲစိတ်မှုကြာရှည်ခြင်း၊ ခက်ခဲခြင်းများရှိလျှင် ထုံဆေးမှ မေ့ဆေးသို့ ပြောင်းလဲရန် လိုအပ်လာနိုင်သဖြင့် အစာနှင့်ရေ ဖြတ်တောက်ခြင်းကို ညွှန်ကြားနိုင်သည်
- အသက်အရွယ်ကြီးသူများ _ ထုံဆေး၏ ဘေးထွက်ဆိုးကျိုးများ ပိုမိုဖြစ်ပေါ်နိုင်သည်
- ကိုယ်ဝန်ဆောင်များ _ ကိုယ်ဝန်ဆောင်များတွင် ထုံဆေးကြောင့် သန္ဓေသား မွေးရာပါချို့ယွင်းမှု ဖြစ်ပွါးနိုင်ခြေ မရှိသလောက်နည်းပါးသည်၊ သို့သော် ပုံမှန်သဘာဝအတိုင်း ကလေးမွေးဖွားသည့်အချိန် (Normal labour) နာကျင်မှုမရှိစေရန် ထုံဆေးအသုံးပြုပါက ကလေးမွေးဖွားချိန် ကြာမြင့်နိုင်ပြီး ကလေးတွင် မလိုလားအပ်သော အခြေအနေများ ဖြစ်ပွါးနိုင်ခြေရှိသည်
- ပန်းနာရင်ကျပ်ရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ခေါင်းတစ်ခြမ်းကိုက်ရောဂါ စသည့် နာတာရှည်ရောဂါများ ရှိပါက ထုံဆေးမပေးမီ ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ
ထုံဆေးပေးပုံ အဆင့်ဆင့်
- ထုံဆေးမပေးမီ
- လူနာအသက်၊ လက်ရှိ ကျန်းမာရေးအခြေအနေ၊ ထုံဆေးပေးရသည့် အကြောင်းရင်းနှင့် သောက်သုံးနေသော အခြားဆေးဝါးများ စသည့်အချက်များအပေါ် မူတည်၍
- သင့်တော်သည့် ထုံဆေး
- ထုံဆေးပမာဏ
- အသုံးပြုမည့် နည်းလမ်းများကို ချိန်ဆရွေးချယ်သည်။
- အသုံးပြုမည့် ထုံဆေးအကြောင်းကို ဆရာဝန်မှ ရှင်းလင်းပြောပြမည်ဖြစ်သည်
- လူနာအသက်၊ လက်ရှိ ကျန်းမာရေးအခြေအနေ၊ ထုံဆေးပေးရသည့် အကြောင်းရင်းနှင့် သောက်သုံးနေသော အခြားဆေးဝါးများ စသည့်အချက်များအပေါ် မူတည်၍
- ထုံဆေးပေးစဥ်
- ထုံဆေးထိုးမည့်နေရာနှင့် အနီးတစ်ဝိုက်ကို ပိုးသတ်ဆေးဖြင့် သန့်စင်ကာ ထုံဆေးထိုးမည်ဖြစ်သည်
- ထုံဆေးထိုးထားသော နေရာတစ်ဝိုက်တွင် နာကျင်မှုကို ခံစားရမည် မဟုတ်ပေ
ယေဘုယျအားဖြင့် နာရီအနည်းငယ်အကြာတွင် ထုံဆေးပြယ်လေ့ရှိသည်။ ဥပမာ_အသုံးများသော Lignocaine ထုံဆေးသည် တစ်နာရီအကြာတွင် အာနိသင်ပြယ်သည်။ ထုံဆေးအာနိသင် အချိန်ပိုမို လိုအပ်ပါက ထပ်မံထိုးနိုင်သည်။
ကုသမှုပြီးဆုံးချိန်
ကုသမှု သို့မဟုတ် ခွဲစိတ်မှု ပြီးဆုံးသော်လည်း ဆေးအမျိုးအစားနှင့် ပမာဏပေါ်မူတည်၍ ထုံဆေးထိုးပြီး (၁)နာရီ မှ (၃)နာရီခန့်အထိ ထုံဆေးအာနိသင် မပြယ်သေးဘဲ ဆက်ရှိနေနိုင်သဖြင့် ထုံနေသော ကိုယ်ခန္ဓာအစိတ်အပိုင်းတွင် မိမိကိုယ်တိုင် မသိလိုက်ဘဲ ထိခိုက်ဒဏ်ရာရနိုင်သောကြောင့် ဂရုစိုက်ရန် လိုအပ်သည်။ ဥပမာ_
- သွားနှင့်ခံတွင်းဆိုင်ရာ ကုသမှုများအပြီးတွင် အာခေါင်နှင့်ခံတွင်း ဆက်လက် ထုံနေနိုင်သောကြောင့် ရေနွေးပူသောက်မိလျှင် အပူလောင်နိုင်သည်
- အစားအစာများ စားသုံးမိလျှင် လျှာကိုက်မိခြင်း၊ ပါးစောင်ကိုက်မိခြင်းများ ဖြစ်နိုင်သည်
ခွဲစိတ်မှုအတွင်း နာကျင်မှုမရှိသော်လည်း ထုံဆေးပြယ်ချိန်တွင် နာကျင်မှုဖြစ်နိုင်သဖြင့် ညွှန်ကြားသည့် အကိုက်အခဲပျောက်ဆေးများ သောက်သုံးရန် လိုအပ်နိုင်သည်။
ထို့ကြောင့် ထုံဆေးအာနိသင် အကုန်အစင်ပြယ်သည်အထိ ညွှန်ကြားသည့်အတိုင်း လိုက်နာရမည်။
ထုံဆေးအသုံးမပြုသင့်သော အခြေအနေများ
အောက်ပါအခြေအနေများတွင် ထုံဆေးကို အထူးသတိပြု၍လည်းကောင်း၊ လုံးဝအသုံးမပြုပဲ အခြားနည်းလမ်း ရွေးချယ်ခြင်းဖြင့်လည်းကောင်း ဆောင်ရွက်နိုင်သည်။
- ထုံဆေးနှင့် ဓာတ်မတည့်ခြင်း
- ထုံဆေးထိုးမည့် နေရာအနီးတွင် ကူးစက်ရောဂါရှိခြင်း
- ပြင်းထန်သည့် သွေးမတိတ်ရောဂါရှိခြင်း
- ထုံဆေးထိုးမည့်နေရာသို့ သွေးစီးဆင်းမှုနည်းခြင်း၊ သွေးကြောကျဉ်းခြင်း
- နှလုံးခုန်ချက်နှေးခြင်း၊ ပြင်းထန်သည့် နှလုံးသွေးကြောကျဉ်းရောဂါရှိခြင်း
- စိတ်ကစဥ့်ကလျားဖြစ်ခြင်း၊ ကြောက်ရွံ့ခြင်းရှိသောကြောင့် မေ့ဆေး သို့မဟုတ် အိပ်ဆေး လိုအပ်ခြင်း
နောက်ဆက်တွဲပြဿနာများ
ထုံဆေးထိုးခြင်းသည် နောက်ဆက်တွဲပြဿနာ ဖြစ်ပေါ်နိုင်ခြေ အလွန်နည်းပါးသည်။ အောက်ဖော်ပြပါလက္ခဏာများကို ခံစားရနိုင်သော်လည်း ပြင်းထန်မှုမရှိချေ။
- ဓာတ်မတည့်ခြင်းကြောင့် ယားယံခြင်း၊ အင်ပျဥ်ထခြင်း၊ အသက်ရှူကျပ်ခြင်း
- ဆေးထိုးသည့်နေရာတွင် နာကျင်ခြင်း
- အပ်နှင့် ထိုးသကဲ့သို့ ကျဥ်ခြင်း
- နားအူခြင်း
- ခေါင်းကိုက်ခြင်း
- မူးဝေခြင်း
- နှလုံးခုန် မမှန်ခြင်းနှင့်
- သွေးပေါင်ချိန် မမှန်ခြင်း
References:
- Mehta, P. (2024). What to know about local anesthesia. Retrieved December 26, 2026, from https://www.webmd.com/a-to-z-guides/what-to-know-about-local-anesthesia
- Cleveland Clinic. (n.d.). Anesthesia. Retrieved December 26, 2026, from https://my.clevelandclinic.org/health/treatments/15286-anesthesia
- Mayo Clinic. (n.d.). Anesthetic, local (parenteral route). Retrieved December 26, 2026, from https://www.mayoclinic.org/drugs-supplements/anesthetic-local-parenteral-route/description/drg-80000156
Published: 20 January 2025
Last updated: 11 February 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.