Biopsy (အသားစယူစစ်ဆေးခြင်း)

Biopsy (အသားစယူစစ်ဆေးခြင်း)

အသားစယူစစ်ဆေးခြင်း (Biopsy) ဆိုသည်မှာ သေးငယ်သော တစ်ရှူးအပိုင်းအစ၊ ဆဲလ် သို့မဟုတ် အရည်ကို ကိုယ်ခန္ဓာမှ ထုတ်ယူပြီး ဓာတ်ခွဲခန်း၌ အဏုကြည့်မှန်ပြောင်း (microscope) အောက်တွင် ကြည့်ရှုစစ်ဆေး၍ ရောဂါရှာဖွေခြင်းဖြစ်သည်။

ပြုလုပ်ရန်လိုအပ်သော အခြေအနေ

ကင်ဆာရောဂါ သံသယရှိခြင်း၊ ရောဂါကို တိကျစွာသိရှိရန် လိုအပ်ခြင်းတို့အတွက် ရောဂါရှိသည့် ကိုယ်တွင်းအင်္ဂါမှ အသားစနမူနာကို ထုတ်ယူ၍ စစ်ဆေးခြင်းဖြင့် တိကျသည့်အဖြေ ရနိုင်သည်။

အောက်ပါရောဂါအခြေအနေများတွင်လည်း အသားစယူ စစ်ဆေးရန် လိုအပ်သည်။

  • နာတာရှည် ဖြစ်ပွါးနေသည့် အကြောင်းရင်းရှာမရသော ရောင်ရမ်းမှုများ (Inflammation of unknown causes)
    • ကျောက်ကပ်ရောင်ခြင်း
    • အသည်းရောင်ခြင်း
    • ကြွက်သားများ ရောင်ရမ်းခြင်း
  • ရောဂါပိုးဝင်ခြင်းများ (Infection)
    • ပြန်ရည်ကြောအကျိတ်တီဘီ
    • ဝမ်းဗိုက်တီဘီ (TB abdomen)
    • အရိုးပိုးဝင်ရောင်ရမ်းခြင်း (Osteomyelitis)
    • အဆုတ်အမြှေးပါးအတွင်း ရေဝင်ခြင်း (Pleural effusion)
    • အစာအိမ်ရောဂါပိုး
  • အချို့ရောဂါအခြေအနေများ
    • သွေးကင်ဆာ
    • သွေးအားနည်းရောဂါအချို့
    • ရိုးတွင်းခြင်ဆီအားနည်းသော ရောဂါ
    • အစားထိုး ကုသထားသော ကိုယ်တွင်းအင်္ဂါများ၏ အခြေအနေ
  • ကင်ဆာ သံသယလက္ခဏာရှိသော အလုံးအကျိတ်နှင့် အနာများ
    • ရင်သားတွင် အလုံးအကျိတ် ပေါ်ခြင်း
    • အစာအိမ်အနာဖြစ်ခြင်း
    • အူမကြီးအသားပိုများ
    • အရေပြားပေါ်ရှိ ပုံမှန်မဟုတ်သော အနီကွက်၊ အနာ သို့မဟုတ် အလုံးအကျိတ်များ
    • သားအိမ်ပြင်ပ သွေးလုံးတည်ခြင်း

ရောဂါတည်နေရာအပေါ်မူတည်၍

  • ရင်သားအသားစယူ စစ်ဆေးခြင်း (Breast biopsy)
  • အရေပြားအသားစယူ စစ်ဆေးခြင်း (Skin biopsy)
  • ကြွက်သားအသားစယူ စစ်ဆေးခြင်း (Muscle biopsy)
  • အရိုးအသားစယူ စစ်ဆေးခြင်း (Bone biopsy)
  • အာရုံကြောအသားစယူ စစ်ဆေးခြင်း (Nerve biopsy)
  • ကျောက်ကပ်အသားစယူ စစ်ဆေးခြင်း (Renal or kidney biopsy)
  • အသည်းအသားစယူ စစ်ဆေးခြင်း (Liver biopsy)
  • သားအိမ်အတွင်းသားနံရံ အသားစယူ စစ်ဆေးခြင်း (Endometrial biopsy)
  • ဆီးကျိတ်အသားစယူ စစ်ဆေးခြင်း (Prostate biopsy) စသည်တို့ ပြုလုပ်သည်။
အသားစယူ စစ်ဆေးနည်းများ

ရောဂါအမျိုးအစား၊ လူနာ၏အခြေအနေအပေါ် မူတည်၍ အသားစယူနည်း အမျိုးမျိုးရှိရာ အချို့ကို ပြင်ပလူနာအဖြစ် နေ့ချင်းပြီး ပြုလုပ်ပေးနိုင်ပြီး အချို့ကို ဆေးရုံတင်ခွဲစိတ်ရန် လိုအပ်သည်။ အသားစယူရာတွင် ထုံဆေး သို့မဟုတ် မေ့ဆေး အသုံးပြုရန် လိုအပ်သည်။

  • အပ်ဖြင့် အသားစယူခြင်း (Needle biopsy)
    • ဆေးထိုးအပ် သို့မဟုတ် အထူးပြုလုပ်ထားသောအပ်ကို အသုံးပြု၍ တစ်ရှူးစများ၊ ဆဲလ်များ သို့မဟုတ် ကိုယ်တွင်းအရည်ကို ထုတ်ယူစစ်ဆေးခြင်းဖြစ်သည်
    • အပ်ဖြင့်စုပ်ယူသည့် အသားစယူနည်းတွင် နေရာတိကျမှုရှိစေရန် လိုအပ်ပါက အာထရာဆောင်းအကူအညီ သို့မဟုတ် ကွန်ပျူတာဓာတ်မှန်အကူအညီဖြင့် ဆောင်ရွက်လေ့ရှိသည်
  • အကျိတ်တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း ခွဲစိတ်ထုတ်ယူစစ်ဆေးခြင်း (Excisional biopsy or Incisional biopsy)
    • ရောဂါသံသယရှိသည့် အကျိတ် သို့မဟုတ် အသားစအစိတ်အပိုင်း သို့မဟုတ် တစ်ခုလုံးကို ခွဲစိတ်ထုတ်ယူပြီး စစ်ဆေးခြင်းဖြစ်သည်
  • ဝိုင်း၍ချွန်ထက်သော punch ကိရိယာဖြင့် ဖြတ်ထုတ် အသားစယူခြင်း (Punch biopsy)
    • အရေပြားပေါ်ရှိ ကင်ဆာသံသယရှိသော အစိတ်အပိုင်းကို အထူးပြုလုပ်ထားသည့် ကိရိယာဖြင့် ဖြတ်ထုတ်ယူပြီး စစ်ဆေးခြင်းဖြစ်သည်
  • အရေပြားကို ရှပ်၍ အသားစယူခြင်း (Shave biopsy)
    • အရေပြားပေါ်ရှိ ကင်ဆာသံသယအစိတ်အပိုင်းကို ခွဲစိတ်ခန်းသုံးဓားဖြင့် ရှပ်၍ ဖြတ်ထုတ်ခြင်းဖြစ်သည်
  • ရိုးတွင်းခြင်ဆီ စစ်ဆေးခြင်း (Bone marrow biopsy)
    • အထူးပြုလုပ်ထားသော ဆေးထိုးအပ်ဖြင့် တင်ပါးဆုံအရိုးမှ ရိုးတွင်းခြင်ဆီ ထုတ်ယူစစ်ဆေးခြင်းဖြစ်သည်
    • သွေးကင်ဆာရောဂါများအတွက် ‌ရောဂါအမျိုးအစား အတိအကျ သိရှိစေရန် အ‌ရေးကြီးဆုံးသော စစ်ဆေးမှုဖြစ်ပြီး အခြားကင်ဆာရောဂါများတွင်လည်း ရိုးတွင်းခြင်ဆီသို့ ပျံ့နှံ့မှုကို သိရှိနိုင်သည်
  • ထုလုံးချွန်ကတော့ပုံ အသားစဖြတ်ခြင်း (Cone biopsy)
    • သားအိမ်ခေါင်းကင်ဆာ သံသယလက္ခဏာများရှိသော လူနာများတွင် အသုံးပြုသည်
  • ကင်ဆာပြန်ရည်ကျိတ် ခွဲစိတ်ထုတ်ယူခြင်း (Sentinel node biopsy)
    • ကင်ဆာဆဲလ် စတင်ရောက်ရှိနေနိုင်သော ပြန်ရည်ကြောအကျိတ်ကို ရှာဖွေ၍ အသားစယူခြင်းဖြစ်သည်
  • ကိုယ်တွင်းအရည် စစ်ဆေးခြင်း (Liquid biopsy)
    • သွေး၊ ဆီး၊ အဆစ်အတွင်းရှိအရည် စသည့်ကိုယ်တွင်းအရည်များကို ထုတ်ယူစစ်ဆေးခြင်းဖြစ်သည်၊ ကင်ဆာဆဲလ်များ၊ ကင်ဆာဆဲလ် မျိုးဗီဇ (DNA) သို့မဟုတ် ကင်ဆာဆဲလ်လက္ခဏာများကို ရှာဖွေစစ်ဆေးခြင်းဖြစ်သည်
  • မှန်ပြောင်းဖြင့် အသားစယူခြင်း (Endoscopic biopsy)
    • အစာအိမ်၊ အူလမ်းကြောင်းတွင် ဖြစ်ပွါးပါက အစာအိမ်မှန်ပြောင်း သို့မဟုတ် အူမကြီးမှန်ပြောင်း ကြည့်ရှုကာ အသားစယူစစ်ဆေးခြင်းဖြစ်သည်
  • ခွဲစိတ်နေချိန်အတွင်း အသားစစစ်ဆေး၍ ချက်ချင်းအဖြေထုတ်ခြင်း (Frozen section)
    • ခွဲစိတ်နေချိန်အတွင်း ထုတ်ယူထားသော အသားစ နမူနာကို ချက်ချင်း အေးခဲပြီး ပါးလွှာသောအလွှာများအဖြစ် ဖြတ်ယူကာ အဏုကြည့်မှန်ပြောင်းအောက်တွင် အမြန်ဆုံး ကြည့်ရှုစစ်ဆေးခြင်းဖြစ်သည်
    • ကင်ဆာဆဲလ်များ ရှိမရှိ၊ ကင်ဆာဆဲလ်များ ပျံ့နှံ့မှု ရှိမရှိ စသည်တို့ကို အမြန်ဆုံးသိရှိနိုင်ပြီး၊ ခွဲစိတ်နေစဥ် ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ချက်ချင်းဆုံးဖြတ်ရသည့် အခြေအနေများတွင် အထောက်အကူပြုသည်
ကြိုတင်သိရှိထားရမည့် အချက်များ
  • မေ့ဆေး၊ ထုံဆေး အသုံးပြုပြီး အသားစ မယူမီ အစာဖြတ်၊ ရေဖြတ်ရန် လိုအပ်နိုင်သောကြောင့် ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာပါ
  • သွေးကျဲဆေး၊ သွေးမခဲဆေး စသည့်အချို့ဆေးဝါးများ သောက်သုံးခြင်းကို ယာယီ ရပ်ထားရန် လိုအပ်နိုင်သည်။ ဆရာဝန်အား ထိုဆေးများသောက်နေကြောင်း ပြောပြပါ
  • မေ့ဆေး၊ အိပ်ဆေးများ အသုံးပြုရန် လိုအပ်ပါက အသားစယူပြီး နာရီအနည်းငယ်ကြာ အနားယူရန် လိုအပ်သည်၊ မိမိအိမ်သို့ ပြန်ရောက်လျှင် ပြုစုစောင့်ရှောက်ပေးမည့် အိမ်သားတစ်ယောက်ရှိရန် လိုအပ်သည်
  • အသားစမယူမီ ဆရာဝန်မှ အသားစယူရသည့် အကြောင်းရင်း၊ အသားစယူခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးနှင့် ဖြစ်ပေါ် နိုင်သော ဘေးထွက်ဆိုးကျိုးများအကြောင်းကို သေချာစွာရှင်းပြပြီး လူနာနှင့် လူနာရှင်များမှ နားလည်သိရှိကြောင်း၊ ပြုလုပ်ရန်သဘောတူကြောင်း (consent form) ကို ပထမဦးစွာ လက်မှတ်‌‌ရေးထိုးရန် လိုအပ်သည်
အသားစယူစစ်ဆေးပုံ အဆင့်ဆင့်
  • အသားစ မယူမီ ပြင်ဆင်ခြင်း
    • ဆရာဝန်မှ အောက်ပါအကြောင်းအရာများကို မေးမြန်းမည်ဖြစ်သည်
      • လက်ရှိသောက်သုံးနေသော ဆေးဝါးများ
      • မတည့်သော ဆေးဝါးများ
      • ဓာတ်မတည့်ခြင်းများ _ အထူးသဖြင့် ဆေးခန်းသုံးလက်အိတ်များတွင် ပါဝင်သော Latex ရာဘာနှင့် ဓာတ်မတည့်ခြင်း
      • လက်ရှိ ကျန်းမာရေးအခြေအနေ စသည်တို့ဖြစ်သည်
    • ထို့နောက်အသုံးပြုမည့် ထုံဆေး သို့မဟုတ် မေ့ဆေးများအကြောင်းကို သေချာစွာရှင်းပြမည်ဖြစ်သည်
  • အသားစယူစဥ်
    • အသားစယူချိန်တွင် နာကျင်မှု မရှိတတ်ပါ
    • သို့သော် အသားစယူပြီး ထုံဆေးပြယ်ချိန်တွင် နာကျင်မှု အနည်းငယ်ခံစားရနိုင်သောကြောင့် အကိုက်အခဲပျောက်ဆေးများ သောက်ရန် ညွှန်ကြားလိမ့်မည်
  • အသားစယူပြီးနောက်
    • အသားစနမူနာကို ဓာတ်ခွဲခန်းသို့ ပေးပို့ပြီး ရောဂါဗေဒဆရာဝန်မှ အဏုကြည့်မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးမည်
    • ထုံဆေးအသုံးပြုပါက အသားစယူပြီး စိတ်ချရချိန်တွင် အိမ်ပြန်နိုင်သည်
    • မေ့ဆေးအသုံးပြုပါက ဆေးရုံတွင် တစ်ညအိပ်ရန် လိုအပ်နိုင်သည်၊ အသုံးပြုသည့် မေ့ဆေးအမျိုးအစား၊ အသားစယူသည့်နည်းလမ်းနှင့် ဖြစ်ပေါ်နိုင်သည့် နောက်ဆက်တွဲပြဿနာများအပေါ် မူတည်သည်
နောက်ဆက်တွဲဆိုးကျိုးများ

အသားစယူစစ်ဆေးခြင်းသည် နောက်ဆက်တွဲဆိုးကျိုး အလွန်နည်းပါးသော်လည်း အောက်‌ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပွါးနိုင်သည်။

  • အလွန်အမင်း သွေးယိုစိမ့်ခြင်း (Excessive bleeding)
  • အနာပိုးဝင်ခြင်း (Infection)
  • အမာရွတ်ဖြစ်ခြင်း (Scarring) စသည်တို့ဖြစ်သည်။

ထို့ကြောင့်

  1. အသားစယူထားသည့်နေရာမှ သွေးထွက်ခြင်း
  2. အနာပိုးဝင်သည့် လက္ခဏာများ ဖြစ်သော အသားစယူထားသည့် နေရာတစ်ဝိုက်ရှိ အရေပြားနီလာခြင်း၊ ထိလျှင် နာခြင်း၊ ရောင်ရမ်းခြင်း သို့မဟုတ် ပြည်ထွက်ခြင်း၊ ဖျားခြင်း စသည့်လက္ခဏာများ ခံစားရပါက ဆရာဝန်နှင့် ချက်ချင်းပြန်လည်ပြသရန် လိုအပ်သည်။
သိရှိနိုင်သောအဖြေများ

အသားစစစ်ဆေးမှုအဖြေရရှိရန် ယေဘုယျအားဖြင့် အချိန်တစ်ပတ်ခန့် ကြာနိုင်သည်။ အချို့အခြေအနေများ (ဥပမာ_အလုံးအကျိတ်အား ခွဲစိတ်နေစဉ်) တွင် အသားစထုတ်ယူပြီး ချက်ချင်းစစ်ဆေးအဖြေထုတ်ခြင်း (Frozen Section) ပြုလုပ်ခြင်းဖြင့် ဆက်လက်ခွဲစိတ်မည့် အစီအစဥ်ကို ဆုံးဖြတ်နိုင်သည်။

ထွက်ပေါ်လာနိုင်သော အဖြေများမှာ_

  • ပုံမှန်ဆဲလ်များ
  • ပုံမှန်မဟုတ်သော ရောဂါဆဲလ်များ
  • ကင်ဆာအကြိုဆဲလ်များနှင့်
  • ကင်ဆာဆဲလ်များ

အသားစနမူနာတွင် ကင်ဆာဆဲလ်များ တွေ့ရှိပါက

  • ကင်ဆာအမျိုးအစား
  • ကင်ဆာစတင်ဖြစ်ပွါးသည့် ကိုယ်တွင်းအင်္ဂါ
  • ကင်ဆာဆဲလ်၏ ကျူးကျော်ပျံ့နှံ့နိုင်ခြေ စသည်တို့ကို ထပ်မံသိရှိနိုင်သည်။

ထို့အပြင် ကင်ဆာကုထုံးများ ရွေးချယ်ရာတွင် အထောက်အကူပြုသော စစ်ဆေးမှုများ ဆက်လက်ပြုလုပ်နိုင်သည်။

References:

  1. Mayo Clinic. (n.d.). How biopsy procedures are used to diagnose cancer. Retrieved December 14, 2026, from https://www.mayoclinic.org/diseases-conditions/cancer/in-depth/biopsy/art-20043922
  2. Cleveland Clinic. (n.d.). Biopsy. Retrieved December 14, 2026, from https://my.clevelandclinic.org/health/diagnostics/15458-biopsy-overview

Published: 17 January 2025

Last updated: 11 February 2026

Share

26 January 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.