နားအကြားအာရုံသည် လူတိုင်းအတွက် အလွန်အရေးကြီးသည်။ အကြောင်းအမျိုးမျိုးကြောင့် ရုတ်တရက် အကြားအာရုံလျော့နည်းလာလျှင် သို့မဟုတ် လုံးဝမကြားရလျှင် သို့မဟုတ် အကြားအာရုံ တဖြည်းဖြည်းချင်း လျော့နည်းလာလျှင် နားနှာခေါင်းလည်ချောင်း အထူးကုဆရာဝန်များနှင့် ဦးစွာပြသရမည်။ စမ်းသပ်စစ်ဆေးမှုများ၊ ကနဦးကုသမှုများ ပြုလုပ်ပြီးနောက် လိုအပ်လျှင် နားကြားကိရိယာ တပ်ဆင်အသုံးပြုရန် ညွှန်ကြားပေးမည်။
နားကြားကိရိယာသည် သေးငယ်သော လျှပ်စစ်စက်ပစ္စည်းတစ်ခုဖြစ်ပြီး အသံကိုချဲ့၍ နားဆီသို့ပေးပို့နိုင်သဖြင့် အကြားအာရုံချို့တဲ့သူများအတွက် အကြားအာရုံနှင့် စကားပြောနားလည်နိုင်စွမ်းကို တိုးတက်ကောင်းမွန်အောင် ကူညီပေးသည်။ ပြောဆိုဆက်ဆံရေးစွမ်းရည် ပို၍မြင့်တက်လာစေသည်။ မိမိကိုယ်ကို ယုံကြည်မှုရှိလာစေသည်။
နားကြားကိရိယာတပ်ဆင်ရသည့်အကြောင်းရင်း
အကြားအာရုံဆုံးရှုံးသည့် အခြေအနေများတွင် နားကြားကိရိယာကို တပ်ဆင်ရန် လိုအပ်သည်။ အာရုံခံစားမှုအပိုင်း အကြားအာရုံဆုံးရှုံးခြင်း (Sensorineural hearing loss) ဖြစ်စေသော အခြေအနေများတွင် ရောဂါပြင်းထန်မှုပေါ် မူတည်၍ နားကြားကိရိယာအမျိုးမျိုးကို ရွေးချယ်တပ်ဆင်ကုသသည်။ ဥပမာ_မွေးရာပါနားမကြားခြင်းများ၊ မွေးကင်းစအသားဝါလွန်ကဲ၍ နားမကြားခြင်း၊ အသက်အရွယ်ကြီးခြင်း၊ အသံဆူညံလွန်းခြင်းကြောင့် အကြားအာရုံဆုံးရှုံးခြင်း စသည်တို့ဖြစ်သည်။
အသံကူးပြောင်းပို့ဆောင်မှုအပိုင်း အကြားအာရုံဆုံးရှုံးခြင်း (Conductive hearing loss) ဖြစ်စေသော အခြေအနေများတွင် ဖြစ်စေသောအကြောင်းအရာနှင့် ရောဂါပြင်းထန်မှုပေါ်မူတည်၍ နားကြားကိရိယာဖြင့် ကုသနိုင်သည်။
အချို့သော ဆေးဝါးဖြင့်ကုသခြင်းနှင့် ခွဲစိတ်ကုသခြင်းများ (ဥပမာ _ နာတာရှည် နားပြည်ယိုခြင်းအတွက် နားအနောက်ခွဲစိတ်ကုသခြင်း၊ နားစည်ဖာခြင်း စသည့်ကုသမှုများ) သည် နောက်ခံရောဂါကုသမှုများသာဖြစ်ပြီး နားအကြားအာရုံကို ပုံမှန်အတိုင်းအတာအထိ ပြန်လည်ရရှိနိုင်သည့် ကုသပေးမှုများ မဟုတ်ပါ။ ထိုသို့သော ခွဲစိတ်ကုသမှုများ ပြုလုပ်ပြီးလျှင်လည်း နားအကြားအာရုံ ချို့တဲ့မှုအပေါ် မူတည်၍ နားကြားကိရိယာ တပ်ဆင်အသုံးပြုရန် လိုအပ်သည်။
နားကြားကိရိယာတပ်ဆင်ရန်လုပ်ဆောင်ရမည့်အချက်များ
နားကြားကိရိယာတပ်ဆင်ရန်အတွက် အောက်ပါအတိုင်း အဆင့်ဆင့် လုပ်ဆောင်ရသည်။
- နားနှာခေါင်းလည်ချောင်း အထူးကုဆရာဝန်မှ အကြားအာရုံဆုံးရှုံးရခြင်းဖြစ်စေသော အကြောင်းအရာ ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်း
- အကြားအာရုံစစ်ဆေးခြင်း
- အကြားအာရုံဆုံးရှုံးစေသော အကြောင်းအရာကို ရှာဖွေ၍ ရောဂါသတ်မှတ်ခြင်းနှင့် အကြားအာရုံဆုံးရှုံးမှု အမျိုးအစားခွဲခြားခြင်း
- တပ်ဆင်မည့် နားကြားကိရိယာရွေးချယ်ခြင်း (အမျိုးအစား၊ ကိုက်ညီသော လုပ်ဆောင်ချက်များပါဝင်မှု၊ အံဝင်ခွင်ကျဖြစ်မှု စသည်)
- ကနဦးတပ်ဆင်ခြင်းနှင့် ပရိုဂရမ်ထည့်သွင်းခြင်း
- နားကြားကိရိယာသုံးစွဲပုံ၊ ထိန်းသိမ်းပုံနှင့် ဓာတ်ခဲလဲလှယ်ခြင်းများကို စနစ်တကျပြုလုပ်ခြင်း
နားကြားကိရိယာတွင်ပါဝင်သော အစိတ်အပိုင်းများနှင့် အလုပ်လုပ်ပုံ
နားကြားကိရိယာတွင် အသံကိုချဲ့၍ပေးပို့ရန် မတူညီသောအစိတ်အပိုင်းများပါဝင်သည်။ အခြေခံပစ္စည်း (၃) မျိုးမှာ_
- မိုက်ကရိုဖုန်း (Microphone)
- ပတ်ဝန်းကျင်မှ လာသောအသံများကို လက်ခံ၍ ထိုအသံကို လျှပ်စစ်အချက်ပြလှိုင်းသို့ ပြောင်းလဲပေးသည်
- အသံချဲ့စက် (Amplifier)
- မိုက်ကရိုဖုန်းမှလာသော လျှပ်စစ်အချက်ပြလှိုင်းနှုန်းကို မြှင့်ပေးသည်၊ အသံချဲ့ပေးသည်
- အသံပြောင်းလဲလက်ခံရာနေရာနှင့် စပီကာ (Receiver and speaker)
- ချဲ့ထားသော လျှပ်စစ်အချက်ပြလှိုင်းများကို အသံအဖြစ်ပြန်လည်ပြောင်း၍ နားထဲသို့ပို့ပေးသည်

နားကြားကိရိယာအမျိုးအစားများ
| အမျိုးအစား | အသုံးပြုနိုင်သောအခြေအနေ | နားကြားကိရိယာနေရာ | အားသာချက် |
|---|---|---|---|
| Behind-the-ear(BTE) | မပြင်းထန်သော အကြားအာရုံဆုံးရှုံးခြင်း မှ အလွန်ပြင်းထန်သည့် အကြားအာရုံဆုံးရှုံးခြင်း | နားအနောက်တွင်တပ်ဆင်သည် | အရွယ်အစားကြီးမားပြီး တာရှည်အသုံးခံသောကြောင့် ကလေးများနှင့် သင့်လျော်သည် |
| Receiver-in-canal (RIC) | မပြင်းထန်သော အကြားအာရုံဆုံးရှုံးခြင်း မှ ပြင်းထန်သည့် အကြားအာရုံဆုံးရှုံးခြင်း | နားအနောက်တွင် တပ်ဆင်သော်လည်း speaker သည် နားလမ်းကြောင်းအတွင်းရှိသည် | တပ်ဆင်မည့်သူစိတ်တိုင်းကျ ပုံစံပြုလုပ်နိုင်သည် ပို၍ အရည်အသွေးကောင်း သောအသံကို ကြားရစေသည် ပုံစံသည် ကျစ်လစ်သောကြောင့် အသုံးများသည် |
| In-the-Ear (ITE) | မပြင်းထန်သော အကြားအာရုံဆုံးရှုံးခြင်း မှ ပြင်းထန်သည့် အကြားအာရုံဆုံးရှုံးခြင်း | နားဝတွင်တပ်ဆင်သည် | တပ်ဆင်မည့်သူနှင့် သက်သောင့်သက်သာ အံဝင်ခွင်ကျဖြစ်ပြီး လုပ်ဆောင်ချက်များ ပိုမိုပါဝင်သည် |
| In-the-canal (ITC) | မပြင်းထန်သော အကြားအာရုံဆုံးရှုံးခြင်း မှ အလယ်အလတ် အကြားအာရုံဆုံးရှုံးခြင်း | နား၏လမ်းကြောင်းတစ်ဝက်တွင် တပ်ဆင်သည် | ပိုမိုသေးငယ်ကျစ်လစ်ပြီး သက်သောင့်သက်သာ ဖြစ်စေရန် သေချာစွာ ပြုလုပ်ထားသည် အချို့လုပ်ဆောင်ချက်များသည် အကန့်အသတ်ဖြင့်သာ ပါဝင်သည် |
| Completely-in-canal (CIC) | မပြင်းထန်သော အကြားအာရုံဆုံးရှုံးခြင်း မှ အလယ်အလတ် အကြားအာရုံဆုံးရှုံးခြင်း | နား၏လမ်းကြောင်းအတွင်းအဆုံးပိုင်းတွင် တပ်ဆင်သည် | အရွယ်အသေးငယ်ဆုံးနှင့် အမြင်အလှပဆုံးဖြစ်သည် လုပ်ဆောင်ချက်များသည် အကန့်အသတ်ဖြင့်သာ ပါဝင်သည် |
| CROS/BiCROS | တစ်ဖက်တည်းအကြားအာရုံဆုံးရှုံးခြင်း | နားအနောက်ပိုင်း သို့မဟုတ် နားအတွင်းတွင်တပ်ဆင်သည် | အကြားအာရုံ ဆုံးရှုံးနေသောနားမှ အသံကို ပုံမှန်ကြားရသောနားသို့ ပို့ဆောင်ပေးသည် |
| Bone-Conduction | အသံကူးပြောင်းမှုအပိုင်း အကြားအာရုံဆုံးရှုံးခြင်းနှင့် တစ်ဖက်တည်း အကြားအာရုံ ဆုံးရှုံးခြင်း | နားအနောက်ရှိ အရိုးပေါ် တွင် တပ်ဆင်သည် | အချို့သောအခြေအနေများတွင် နား၏အသံကူးပြောင်းမှုအပိုင်းနှင့် အတွင်းအလယ်နားကို ကျော်၍ အသံကြားစေသည် |
လူတစ်ဦးအတွက် အကောင်းဆုံး နားကြားကိရိယာကို ရွေးချယ်ရာတွင်
- အကြားအာရုံဆုံးရှုံးခြင်း အမျိုးအစားနှင့် ပြင်းထန်မှု
- နေ့စဥ်လူနေမှုဘဝလိုအပ်ချက် (ဥပမာ _ မိသားစု၊ အလုပ်ခွင်တွင် မိတ်ဆွေသူငယ်ချင်းများနှင့် နိစ္စဓူဝ ပြောဆိုဆက်ဆံမှု၊ တယ်လီဖုန်းဖြင့် ဆက်သွယ်ရန် လိုအပ်မှု)
- အလှအပဆိုင်ရာရွေးချယ်မှု (ဥပမာ _ ကျစ်လစ်သေးငယ်သောပုံစံ၊ မြင်သာသောပုံစံ)
- နည်းပညာပါဝင်မှု (ဥပမာ _ ကြိုးမဲ့ချိတ်ဆက်မှုပါရှိခြင်း၊ အလိုအလျောက်အသံညှိနိုင်ခြင်း) တို့ကိုထည့်သွင်းစဉ်းစားရသည်။
အသေးစိတ်နားစမ်းသပ်ခြင်းနှင့် နားနှာခေါင်းလည်ချောင်း အထူးကုဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ခြင်းများ ပြီးစီးပါက အသံစစ်ဆေးသူမှ သင့်လျော်ကိုက်ညီသော နားကြားကိရိယာကို ရွေးချယ်နိုင်စေရန် ကူညီပေးသည်။
အပိုပါရှိသောလုပ်ဆောင်ချက်များ
နားကြားကိရိယာတွင်ပါရှိသည့် အချို့သောအပိုလုပ်ဆောင်ချက်များသည် အကြားအာရုံကို ပို၍တိုးတက်စေသည်။
- ဆူညံသံ လျှော့ချခြင်း (Noise reduction)
- အများစုသော နားကြားကိရိယာများတွင် ဆူညံသံလျှော့ချပေးနိုင်သည့် လုပ်ဆောင်ချက်ပါရှိသည်
- အသံစိစစ်နိုင်သော မိုက်ကရိုဖုန်း (Directional microphone)
- ဘေးပတ်ဝန်းကျင်မှ လာသောအသံများကို ဆူညံသံလျှော့ချပေး၍ အသံကြားစေသည်၊ ဆူညံသံများသော ပတ်ဝန်းကျင်တွင် ပို၍သင့်လျော်သည်
- အားသွင်း၍ သုံးရသော ဘက်ထရီ သို့မဟုတ် ဓာတ်ခဲပါရှိခြင်း
- တယ်လီကွိုင်ပါရှိခြင်း (Telecoil)
- တယ်လီကွိုင်ပါရှိသော နားကြားကိရိယာများသည် ဆူညံသံများကိုလျှော့ချပေး၍ အသံပိုကြားစေသည်၊ ထို့ကြောင့် တယ်လီဖုန်းများ၊ ရုပ်ရှင်ရုံအသံချဲ့စက်မှ ထွက်သောအသံများကို ကောင်းစွာကြားရသည်
- ကြိုးမဲ့ချိတ်ဆက်မှုပါရှိခြင်း (Wireless connection)
- ဆဲလ်ဖုန်းများ၊ သီချင်းဖွင့်စက်များ၊ ကွန်ပျူတာများနှင့် ရုပ်မြင်သံကြားတို့ဖြင့် ကြိုးမဲ့ချိတ်ဆက်၍ အသံကြားနိုင်သည်
- အဝေးမှထိန်းချုပ်မှုပါရှိခြင်း
- အဝေးထိန်းခလုတ်များပါရှိခြင်းကြောင့် နားကြားကိရိယာကို ကိုင်တွယ်ခြင်းမပြုလုပ်ဘဲ အပိုလုပ်ဆောင်ချက်များ လုပ်ဆောင်နိုင်သည်
နားကြားကိရိယာမဝယ်မီ သိရှိရမည့်အချက်များ
နားကြားကိရိယာများသည် ရေရှည်သုံးစွဲရသည့်အတွက်
- အစမ်းသုံးစွဲနိုင်သည့်ကာလ
- ရေရှည်သုံးစွဲနိုင်မှု
- အာမခံပေးနိုင်မှု
- စုစုပေါင်းကုန်ကျစရိတ် စသည့်အချက်များကို သေချာစွာ သိရှိရန်လိုသည်။
နားကြားကိရိယာမသုံးမီ သိရှိရမည့်အချက်များ
အောက်ပါအချက်များကို သိရှိထားရန်လိုသည်။
- မိမိနှင့်ကိုက်ညီမှုရှိသော နားကြားကိရိယာကို အသားကျရန် အချိန်ယူရသည်
- နားကြားကိရိယာများသည် အကြားအာရုံဆုံးရှုံးခြင်းကို ကုသခြင်းမဟုတ်ဘဲ တိုးတက်အောင်သာ ပြုလုပ်ပေးသည်
- အသုံးပြုစကာလတွင် အသံပို၍ ကျယ်လောင်သည်ဟု ခံစားရနိုင်သည်
- ပတ်ဝန်းကျင်ရှိ အသံများကို ပြန်လည်မှတ်သား လေ့ကျင့်ယူရသည်
- ဆရာဝန်နှင့် ရက်ချိန်းပုံမှန်ပြသရန် လိုအပ်သည်
နားကြားကိရိယာ သန့်ရှင်းပုံနှင့် ထိန်းသိမ်းပုံ
| လုပ်ဆောင်ရန် | လုပ်ဆောင်ရမည့်အကြိမ်ရေ | အသေးစိတ်လုပ်ဆောင်ပုံ |
|---|---|---|
| ကိရိယာအပြင်ပိုင်း သန့်ရှင်းရန် | နေ့စဥ် | အဝတ်ခြောက် သို့မဟုတ် တစ်ရှူးအခြောက်ဖြင့် သုတ်ရန် |
| မိုက်ကရိုဖုန်းနှင့် အသံလက်ခံရာ နေရာ သန့်ရှင်းရန် | အပတ်စဥ် သို့မဟုတ် လိုအပ်သလို | သေးငယ်သော brush ကိုသုံး၍ ချေးများကို သန့်ရှင်းရန် |
| နားပုံစံခွက် သန့်ရှင်းရန် | အပတ်စဥ် သို့မဟုတ် လိုအပ်သလို | အပျော့စားဆပ်ပြာ၊ ရေဖြင့် ဆေးကြော၍ ခြောက်သွေ့အောင် ထားရန် |
| နားဖာချေးဖြင့် ပိတ်ဆို့ခြင်း စစ်ဆေးရန် | နေ့စဥ် | အသံထွက်ပေါက်နှင့် စကာကို ကြည့်၍ သန့်ရှင်းရန် |
| ဘက်ထရီ စစ်ဆေးရန် | အပတ်စဥ် သို့မဟုတ် လိုအပ်သလို | ပျက်စီးမှုရှိပါက ညင်သာစွာ သန့်ရှင်းရန် |
| နားကြားကိရိယာတွင်းရှိ စကာ လဲလှယ်ရန် | လစဥ် သို့မဟုတ် လိုအပ်သလို | စကာလဲပေးခြင်းဖြင့် ပိတ်ဆို့ခြင်းမှ ကာကွယ်ရန် |
| နားကြားကိရိယာကို သေချာစွာ ထိန်းသိမ်းရန် | နေ့စဥ် | ခြောက်သွေ့၍ အကာအကွယ်ပါသော ဘူးထဲတွင် ထားရန် |
| အသံစစ်ဆေးသူနှင့် ပြသရန် | နှစ်စဥ် သို့မဟုတ် လိုအပ်သလို | ထိန်းညှိခြင်းနှင့် သန့်ရှင်းခြင်း အတွက် ကျွမ်းကျင်သောသူမှ စစ်ဆေးရန် |
နားကြားကိရိယာထိန်းသိမ်းရာတွင် အပိုထပ်ဆောင်း၍ သိသင့်သည်များမှာ_
- ပြင်းထန်သော ဓာတုပစ္စည်းများ အသုံးမပြုရန် (ဥပမာ_အရက်ပြန်၊ ဆပ်ပြာမှုန့်နှင့် ဖျန်းဆေးများဖြင့် နားကြားကိရိယာကို သန့်ရှင်းရေးပြုလုပ်ခြင်းမှ ရှောင်ကြဥ်ရမည်၊ ထိုသို့ ပြုလုပ်ခြင်းဖြင့် ကိရိယာ၏ မိုက်ကရိုဖုန်းနှင့် အသံလက်ခံရာနေရာ စသည့် နူးညံသောအစိတ်အပိုင်းများ ထိခိုက်ပျက်စီးနိုင်သည်)
- နားကြားကိရိယာများသည် ရေစိုခံမဟုတ်သောကြောင့် ရေကူးခြင်း၊ ခေါင်းလျှော်ခြင်းနှင့် မိုးသည်းထန်စွာရွာခြင်း စသည့်အချိန်များတွင် တပ်ဆင်ထားခြင်းမှ ရှောင်ကြဥ်ရန်လိုသည်၊ ထို့သို့ရေစိုပါက ချက်ချင်းခြောက်သွေ့အောင် ပြုလုပ်၍ ခြောက်သွေ့နေသော ဘူးထဲတွင်ထားရမည်
- ဂရုတစိုက်ကိုင်တွယ်ရန်လည်း လိုအပ်သည်၊ နားကြားကိရိယာများသည် ပြုတ်ကျပါက အလွယ်တကူ ပျက်စီးနိုင်သောကြောင့် သန့်ရှင်းရေးပြုလုပ်ချိန်တွင် အဝတ်စခံ၍ ပြုလုပ်ရန်နှင့် တပ်ဆင်ရန်ကိုင်တွယ်ချိန်များတွင် စနစ်တကျ ဂရုတစိုက်ကိုင်တွယ်ရမည်
- အပူချိန်ပြင်းထန်လွန်းသော နေရာတွင် ထားခြင်းမပြုရပါ
- ကလေးငယ်နှင့် အိမ်မွေးတိရစ္ဆာန်များ၏ အဝေးတွင်ထားရှိရမည်
- နားကြားကိရိယာတပ်နေစဥ် ဆံပင်ဖျန်းဆေးများ အသုံးပြုခြင်းမှ ရှောင်ကြဥ်ရမည်
- နားကြားကိရိယာအသုံးမပြုပါက ဘက်ထရီကို ပိတ်ထားရမည်

အကြားအာရုံစစ်ဆေးပေးသူနှင့် ပြန်လည်ပြသသင့်သော အခြေအနေများ
နားကြားကိရိယာ အသုံးပြုသူများသည် အောက်ပါအခြေအနေများ ဖြစ်ပေါ်လာပါက အကြားအာရုံ စစ်ဆေးပေးသူ (Audiologist) နှင့် အချိန်မီ ပြန်လည်ပြသသင့်သည်။
အရေးပေါ် ပြသသင့်သော အခြေအနေများ
- နားကြားကိရိယာသည် အသံလုံးဝ မကြားရခြင်း သို့မဟုတ် အလွန်တိုးနေခြင်း
- နားကြားကိရိယာ ထိခိုက်ပျက်စီးခြင်း သို့မဟုတ် ပုံမှန်မဟုတ်သော အသံများ ထွက်ပေါ်နေခြင်း
- နားထဲတွင် နာကျင်ကိုက်ခဲခြင်း၊ နားအူခြင်း သို့မဟုတ် နားပြည်ယိုခြင်းစသည့် နားရောဂါ လက္ခဏာများ ဖြစ်ပေါ်ခြင်း
ပြန်လည်စစ်ဆေးမှုများအတွက် ပြသသင့်သော အခြေအနေများ
- နားကြားကိရိယာ တပ်ဆင်အသုံးပြုနေစဉ် နားနှင့် အံဝင်ခွင်ကျ မဖြစ်ဘဲ သက်သောင့်သက်သာ မရှိခြင်း (ဥပမာ _ နားလမ်းကြောင်းတွင် နာကျင်ခြင်း၊ အကျိတ်အဖုဖြစ်ခြင်း)
- ကြားနေကျအသံများ ရုတ်တရက် ပို၍တိုးလာသည်ဟု ခံစားရခြင်း သို့မဟုတ် အသံအရည်အသွေး (Sound Quality) သိသိသာသာ ပြောင်းလဲသွားခြင်း
ထို့အပြင် ပုံမှန်ထိန်းသိမ်းမှုနှင့် စစ်ဆေးမှုများ ပြုလုပ်ရန်အတွက် တစ်နှစ် တစ်ကြိမ် သို့မဟုတ် ရက်ချိန်းအတိုင်း ပြသရန် လိုအပ်သည်။ နားကြားကိရိယာ၏ ပရိုဂရမ်ကို ပြန်လည်ပြုပြင်ရန် သို့မဟုတ် အသစ်ထည့်သွင်းရန် (ဥပမာ _ ဆူညံသော ပတ်ဝန်းကျင်အတွက် အထူးညှိနှိုင်းရန်) လိုအပ်လျှင်လည်း ပြန်ပြရမည်။
References:
- Healthy Hearing. (n.d.). Types of hearing loss. Retrieved November 18, 2025, from https://www.healthyhearing.com/help/hearing-loss/types
- Cleveland Clinic. (n.d.). Hearing aids. Retrieved November 18, 2025, from https://my.clevelandclinic.org/health/treatments/24756-hearing-aids
- Mayo Clinic. (n.d.). Hearing aids: How they work. Retrieved November 18, 2025, from https://www.mayoclinic.org/diseases-conditions/hearing-loss/in-depth/hearing-aids/art-20044116
- WebMD. (n.d.). Hearing aids. Retrieved November 18, 2025, from https://www.webmd.com/healthy-aging/hearing-aids
Published: 23 December 2024
Last updated: 12 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.