အရာဝတ္ထုများကို ကြည်လင်ပြတ်သားစွာ မြင်နိုင်ရန် ထိုအရာဝတ္ထုမှလာသော အလင်းတန်းများသည် မျက်ကြည်လွှာ (cornea) နှင့် မှန်ဘီလူး (lens) တို့ကို အလင်းယိုင်၍ ဖြတ်သန်းပြီး မျက်လုံး၏အနောက်ဘက်ရှိ မြင်လွှာ (retina) တွင် တစုတစည်းတည်း ကျရောက်ရမည်ဖြစ်သည်။ ထိုမြင်လွှာမှတစ်ဆင့် အလင်းတန်းများကို လျှပ်စစ်အချက်ပြမှု (electrical signals) အဖြစ်သို့ ကူးပြောင်းကာ အမြင်အာရုံကြောမကြီးမှ ဦးနှောက်သို့ ပေးပို့၍ အရာဝတ္ထုအား ပုံရိပ်ဖော်ပေးခြင်းဖြစ်သည်။ မျက်လုံး၏ ပုံသဏ္ဌာန်၊ အရွယ်အစား၊ မျက်ကြည်လွှာ၊ မှန်ဘီလူးစသည်တို့ ပုံမမှန်ဖြစ်ပါက အလင်းယိုင်၍ဝင်လာသော အလင်းတန်းများသည် မြင်လွှာပေါ်သို့ တစုတစည်းတည်း မကျရောက်နိုင်တော့ဘဲ အမြင်အာရုံမှုန်ဝါးခြင်းများ ဖြစ်ပေါ်လာသည်။ ထိုအခြေအနေများကို မျက်လုံး၏ အလင်းယိုင်ခြင်းဆိုင်ရာ ပြဿနာများ (refractive errors) ဟုခေါ်သည်။
မျက်စိပါဝါအတွက် လေဆာကုထုံး (လေဆာဖြင့် မျက်စိပါဝါဖျောက်ခြင်း) သည် မျက်လုံး၏ အလင်းယိုင်ခြင်းဆိုင်ရာပြဿနာများ (refractive errors) သက်သာပျောက်ကင်းစေရန် လေဆာအလင်းတန်းကို အသုံးပြု၍ ကုသခြင်း (Laser vision correction) ဖြစ်သည်။ လေဆာအလင်းတန်းဖြင့် ကုသနိုင်သော မျက်စိရောဂါများစွာ ရှိသည့်အနက် ဤကုသမှုသည် အလင်းယိုင်ခြင်းဖြစ်စဥ် ပုံမမှန်သော မျက်လုံးတွင် မျက်ကြည်လွှာ၏ ပုံသဏ္ဌာန်ကို လေဆာဖြင့် ပြုပြင်ပြောင်းလဲ၍ ကုသပေးသော နည်းလမ်းဖြစ်သည်။ မျက်ကြည်လွှာအပေါ်ယံကိုသာ ပြောင်းလဲကုသခြင်းဖြစ်သည်။ LASIK (laser in situ keratomileusis) ကုသမှုဟူ၍လည်း ခေါ်သည်။
မျက်စိကုသမှုဆိုင်ရာ နည်းပညာများ တိုးတက်လာသည်နှင့်အမျှ သမားရိုးကျ LASIK (Traditional LASIK) အပြင် ပိုမိုတိကျပြီး ဘေးထွက်ဆိုးကျိုးနည်းသော ကုထုံးသစ်များလည်း ပေါ်ပေါက်လာသည်။ ဉာဏ်ရည်တု (AI) နှင့် Robotic-Assisted စနစ်များကို အသုံးပြု၍ လူ၏ မျက်စိလှုပ်ရှားမှုကို စက္ကန့်ပိုင်းအတွင်း တိကျစွာ ခြေရာခံခြင်းနှင့် လေဆာစွမ်းအင်ကို တွက်ချက်ခြင်းများအထိ ပြုလုပ်လာနိုင်သဖြင့် ကုသမှုများ ပိုမိုတိကျလာသည်။
- Custom LASIK (Wavefront LASIK)
လူတစ်ဦးချင်းစီအလိုက် မျက်လုံးမှ ထူးဆန်းသော ချို့ယွင်းချက်များနှင့် အပြစ်အနာအဆာများကို အသေးစိတ်ပုံဖော်ကာ လေဆာကို လမ်းညွှန်ပေးသည့် စနစ်ဖြစ်သည်။ သမားရိုးကျ LASIK ထက် ပိုမိုကြည်လင်သော အမြင်အာရုံကို ရရှိစေနိုင်သည်။ - SMILE (Small Incision Lenticule Extraction) ကုသနည်း
LASIK ကဲ့သို့ မျက်ကြည်လွှာကို အလွှာလိုက်လှန်ရန် မလိုဘဲ လေဆာဖြင့် အတွင်းပိုင်းရှိ တစ်ရှူးအနည်းငယ် (Lenticule) ကိုသာ ထုတ်ယူသော ခေတ်မီနည်းပညာသစ်ဖြစ်သည်။ ထို့နောက် ထိုနေရာရှိ အလွန်သေးငယ်သော အပေါက်ငယ်လေးမှတစ်ဆင့် မျက်ကြည်လွှာကို လေဆာဖြင့် ပုံသွင်းခြင်း ဖြစ်သည်။ မျက်ကြည်လွှာကို လှန်ရန် မလိုသဖြင့် မျက်စိခြောက်နိုင်ခြေ ပိုနည်းပြီး အနာကျက်နှုန်း ပိုမြန်သည်။ - Surface laser treatments (PRK, LASEK, and TransPRK)
မျက်ကြည်လွှာ အလွန်ပါးလွန်းသူများအတွက် သင့်တော်သည်။ မျက်ကြည်လွှာကို အလွှာလှန်၍ မလှီးတော့ဘဲ အပေါ်ယံဆဲလ်လွှာကို ဖယ်ရှားပြီးမှ လေဆာဖြင့် ပါဝါပြုပြင်ပေးသည့် နည်းလမ်းဖြစ်သည်။ တစ်ခါတစ်ရံ အပေါ်ယံဆဲလ်လွှာကို ဓာတုပစ္စည်း (ဥပမာ_အရက်ပြန်) သို့မဟုတ် အထူးကိရိယာ (Epikeratome) ဖြင့် ပျော့အောင်လုပ်ကာ ခေတ္တခွာထားပြီး၊ လေဆာပစ်ပြီးနောက် ပြန်ဖုံးပေးခြင်းပြုလုပ်နိုင်သည်။ - Topography-Guided LASIK (Contoura Vision)
လူတစ်ဦးချင်းစီ၏ မျက်ကြည်လွှာတွင်ရှိသော မညီညာမှုများကို အသေးစိတ်မြေပုံအညွှန်း (GPS) ကဲ့သို့ တိုင်းတာ၍ လေဆာဖြင့် ကုသခြင်းဖြစ်သည်။ ထိုနည်းလမ်းသည် LASIK ၏ နောက်ဆက်တွဲဆိုးကျိုးအချို့ဖြစ်သော အရာဝတ္ထုများကို ကြည့်ချိန်တွင် ပုံမမှန်မှုများ (Glares and Halos) ကို သိသိသာသာ လျှော့ချပေးနိုင်သည်။ - Monovision LASIK
အဝေးမှုန်သူများတွင် အသက်ကြီးလာခြင်းကြောင့် အနီးမှုန်ခြင်း (Presbyopia) တွဲ၍ ရှိသူများတွင် မျက်လုံးတစ်ဖက်ကို အဝေးကြည့်ရန်အတွက်နှင့် ကျန်တစ်ဖက်ကို အနီးကြည့်ရန်အတွက် သီးခြားစီ လေဆာနှင့် ကုသပေးခြင်းဖြစ်သည်။ - PresbyLASIK
အသက် (၄၀) ကျော်သူများတွင် ဖြစ်လေ့ရှိသော အသက်ကြီးလာခြင်းကြောင့် အနီးမှုန်ခြင်း (Presbyopia) အတွက် မျက်ကြည်လွှာကို အပိုင်းများခွဲ၍ အဝေးရော အနီးပါ Multifocal view မြင်နိုင်ရန် လေဆာဖြင့် ပုံသွင်းပေးသည့် နည်းလမ်းသစ်ဖြစ်သည်။ - Corneal Cross-linking (CXL) နည်းလမ်းနှင့် တွဲဖက်ကုသခြင်း (LASIK Xtra)
မျက်ကြည်လွှာ အလွန်ပါးလွှာသည့် လူနာများတွင် LASIK လုပ်ပြီးနောက် မျက်ကြည်လွှာ ပျော့၍ ပုံပျက်လာခြင်း (Post-LASIK ectasia) ဖြစ်ပေါ်လာပါက ကုသပေးသော နောက်ဆုံးပေါ်နည်းလမ်းဖြစ်သည်။ ဗီတာမင် B 2 နှင့် ခရမ်းလွန်ရောင်ခြည် A တို့ကို အသုံးပြု၍ မျက်ကြည်လွှာ ပြန်လည် မာကျောလာစေရန်နှင့် အမြင်အာရုံ ပြန်လည်ကောင်းမွန်လာစေရန် ရည်ရွယ်လုပ်ဆောင်လာကြသည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
လေဆာဖြင့် ကုသနိုင်သော မျက်စိရောဂါများ
လေဆာအမျိုးအစားနှစ်မျိုးရှိပြီး အမျိုးအစားပေါ် မူတည်၍ ကုသနိုင်သော မျက်စိရောဂါအမျိုးအစား ကွဲပြားသည်။
- အပူစွမ်းအင်ဖြင့် ကုသသော လေဆာကုထုံး (Thermal laser)
- မြင်လွှာကွာကျခြင်း၊ မြင်လွှာစုတ်ပြဲခြင်း (Retinal detachment or retinal tear)
- ဆီးချိုရောဂါနောက်ဆက်တွဲကြောင့် ဖြစ်သော မြင်လွှာပြဿနာ (Diabetic retinopathy)
- မျက်စိရေတိမ် (Glaucoma) စသည့်ရောဂါတို့ကို ကုသရာတွင် အသုံးပြုသည်။
- အလင်းတန်းဖြင့် ခွဲစိတ်ဖြတ်တောက်၍ ကုသသော လေဆာကုထုံး (Photodisruptive laser)
- မျက်စိအတွင်းတိမ် (Cataract)
- မြင်ကွင်းပိတ်ဆို့စေသော မျက်ကြည်လွှာပေါ်ရှိ တစ်ရှူးများကို ဖယ်ရှားခြင်းနှင့်
- မျက်စိပါဝါအတွက်ကုသခြင်းတို့တွင် အသုံးပြုသည်။
လေဆာဖြင့်ကုသရန် လိုအပ်သော အခြေအနေများ
အောက်ပါမျက်စိပါဝါများကို လေဆာဖြင့် ကုသနိုင်သည်။
- အဝေးမှုန်ခြင်း (nearsightedness – myopia) (မျက်စိပါဝါ – 10.00 D အထိ)
- အနီးမှုန်ခြင်း (farsightedness – hyperopia) (မျက်စိပါဝါ + 4.00 D အထိ)
- မျက်စိအလင်းဆုံချက် မညီခြင်း (astigmatism) (မျက်စိပါဝါ ± 6.00 D အထိ)
ရရှိနိုင်သော အကျိုးကျေးဇူးများ
မျက်လုံးအလင်းယိုင်ခြင်းဆိုင်ရာ အခြေအနေတစ်ခုခုကြောင့် မျက်မှန် သို့မဟုတ် မျက်ကပ်မှန်ကို နှစ်ပေါင်းများစွာ အသုံးပြုနေရသူများအတွက် အကျိုးရှိသောကုသမှုဖြစ်ပြီး ကုသမှုခံယူပြီးနောက် မျက်မှန်၊ မျက်ကပ်မှန် အသုံးပြုရန်မလိုတော့ဘဲ ပုံမှန်ပကတိအတိုင်း ကောင်းမွန်သော အမြင်အာရုံအနေအထားထိ ပြန်လည်ရရှိနိုင်သည်။ စာဖတ်ခြင်းနှင့် ညဘက်ကားမောင်းခြင်း စသည်တို့ ပြုလုပ်ချိန်တွင်မူ တစ်ခါတစ်ရံ မျက်မှန်သုံးရန် လိုအပ်တတ်သည်။
လေဆာဖြင့်ကုသခြင်း မပြုလုပ်သင့်သော အခြေအနေများ
- မျက်စိပါဝါ အပြောင်းအလဲများသူများ၊ မျက်စိပါဝါ မတည်ငြိမ်သူများ
- အဝေးမှုန်ခြင်း၊ အနီးမှုန်ခြင်း၊ မျက်စိအလင်းဆုံချက် မညီခြင်းတွင် မျက်စိပါဝါ အလွန်များသူများ
- မျက်လုံး အလွန်ခြောက်တတ်သူများ
- မျက်ကြည်လွှာတွင် ရောဂါအခံရှိသူများ၊ အမာရွတ်ရှိသူများ
- မျက်စိရေတိမ် ပြင်းထန်အဆင့်ရှိသူများ
- အတွင်းတိမ်ကြောင့် အမြင်အာရုံထိခိုက်နေသူများ
- ဆီးချိုရောဂါရှိပြီး စနစ်တကျ ကုသထိန်းသိမ်းမှုမရှိသူများ
- SLE ရောဂါ၊ ရူမတွိုက် အဆစ်ရောင်ရောဂါကဲ့သို့ ကိုယ်ခံအား မူမမှန်တုံ့ပြန်သော ရောဂါရှိသူများ
- ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ နို့တိုက်မိခင်များ (ကိုယ်ဝန်ဆောင်ချိန်တွင် အမြင်အာရုံပြောင်းလဲမှုများ ရှိနိုင်သောကြောင့်ဖြစ်သည်)
ကြိုတင်သိရှိထားရမည့် အချက်များ
ကုသမှုခံယူမည့်သူတစ်ဦးတွင် ရှိသင့်သည့် အချက်များမှာ_
- အသက် (၁၈) နှစ်အထက် ဖြစ်ရမည် [မျက်စိပါဝါ ပြောင်းလဲနိုင်မှုကြောင့် အသက် (၂၁) နှစ်အထက်တွင် ပို၍သင့်တော်သည်]
- မျက်စိပါဝါသည် လေဆာဖြင့် ကုသ၍ရနိုင်သော သတ်မှတ်ထားသည့် ပမာဏအတိုင်းအတာ ရှိရမည်
- မျက်စိပါဝါသည် လွန်ခဲ့သော နှစ်နှစ်အတွင်း သိသိသာသာ ပြောင်းလဲမှု မရှိရပါ (0.5D ထက် မပိုရပါ)
- မျက်ကြည်လွှာမျက်နှာပြင်သည် သင့်တော်သည့် အထူ ရှိရမည့်အပြင် မျက်လုံး၏ အခြေခံကျန်းမာရေး၊ ခန္ဓာကိုယ် အထွေထွေကျန်းမာရေး ကောင်းမွန်ရမည်။
လေဆာဖြင့် မျက်စိပါဝါဖျောက်ရန် သင့်တော်မှု ရှိမရှိကို မျက်စိအထူးကုဆရာဝန်နှင့် ရှေးဦးစွာတိုင်ပင်ရမည်။ မျက်စိဆရာဝန်မှ_
- လူနာ၏ ရောဂါရာဇဝင်မေးမြန်းခြင်း
- မျက်လုံး၏ ကျန်းမာရေးအခြေအနေအပါအဝင် မျက်စိခြောက်ခြင်း၊ မျက်စိရေတိမ်စသည့် ရောဂါအခံများ ရှိမရှိ စစ်ဆေးခြင်း
- မျက်ကြည်လွှာမျက်နှာပြင်၏ အထူအပါးကို တိုင်းတာခြင်း
- မျက်စိပါဝါ အသေးစိတ် တိုင်းတာခြင်းတို့ကို ပြုလုပ်ပေးပြီး သင့်တော်သည်ဟု ဆုံးဖြတ်ပါက ကုသမှုခံယူရန် လူနာထံမှ သဘောတူညီမှု တောင်းပြီးနောက် ရက်ချိန်းပေးမည်ဖြစ်သည်။
ဤကုသမှုသည် ပြင်ပလူနာအဖြစ်ကုသနိုင်ပြီး ကြိုတင်ဆေးရုံတက်ရန် မလိုပါ။ ကုသမှုခံယူမည့် နေ့ရက်တွင်မှ မျက်စိဆေးရုံ သို့မဟုတ် မျက်စိဆေးခန်းသို့ လာရမည်။ မျက်ကပ်မှန် (Contact lens) သုံးစွဲသူများအနေဖြင့် ကုသမှုမခံယူခင် သုံးရက် ကြိုတင်၍ မျက်ကပ်မှန်တပ်ဆင်ခြင်းကို ရှောင်ကြဥ်ထားရန် လိုအပ်သည်။ မျက်ကပ်မှန် အမာအမျိုးအစား တပ်ဆင်သူများအနေဖြင့် အနည်းဆုံး (၃) ပတ် ကြိုတင်၍ ရှောင်ကြဥ်ရမည်ဖြစ်သည်။
လေဆာဖြင့် မျက်စိပါ၀ါဖျောက်ရန် ခွဲစိတ်မည့်သူများသည် မျက်စိမခွဲစိတ်မီနှင့် ခွဲစိတ်ပြီး မျက်စိစစ်ဆေးမှုမှတ်တမ်းများကို သေချာသိမ်းဆည်းထားရမည်။ မျက်ကြည်လွှာအထူကို စစ်ဆေးသည့်မှတ်တမ်း (K chart) နှင့် မှန်ဘီလူးပါ၀ါတိုင်းထားသည့်မှတ်တမ်း (Biometry) များကို သေချာစနစ်တကျ သိမ်းဆည်းထားရန် လိုအပ်သည်။ ဤမှတ်တမ်းများသည် နောင်တစ်ချိန် မျက်လုံးတိမ်ခွဲစိတ်ကုသရာတွင် ကောင်းမွန်သောအမြင်အာရုံ ရရှိစေရန်အတွက် လိုအပ်သည်။
ကုသပုံအဆင့်ဆင့်
လေဆာဖြင့်ကုသမှု ခံယူမည့်နေ့တွင်
- မျက်ကပ်မှန်တပ်ဆင်ခြင်းကို ကြိုတင်ရှောင်ရှားထားရမည်၊ မျက်မှန်ကိုသာ တစ်ပါတည်း တပ်ဆင်လာရမည်
- မျက်လုံးတစ်ဝိုက်အပါအဝင် မျက်နှာတွင် မိတ်ကပ်များ၊ ပေါင်ဒါများလိမ်းခြယ်ခြင်းနှင့် ခန္ဓာကိုယ်တွင် ရေမွှေးစွတ်လာခြင်းများ မပြုလုပ်ရပါ၊ မိတ်ကပ်နှင့် ရေမွှေးတို့၏ အမှုန်အမွှားများကြောင့် မျက်လုံးပိုးဝင်နိုင်ခြေ ပိုများနိုင်သည်
- လူနာအား အနီးကပ်ကူညီရန် အဖော်တစ်ဦး မဖြစ်မနေပါရမည်
- ကုသမှုမစတင်မီ အစာနှင့်ရေ ကြိုတင်ဖြတ်ထားရန် မလိုပါ၊ အစာအနည်းငယ် ကြိုတင်စားထားရမည်၊ သောက်လက်စ ဆေးဝါးများရှိပါက ကြိုတင်သောက်ထားနိုင်သည်
လေဆာဖြင့် ကုသခြင်း
- ရှေးဦးစွာ လူနာကို ပက်လက်အနေအထားဖြင့် လှဲလျောင်းစေပြီး မျက်လုံးအတွင်းသို့ မျက်စဥ်းခတ်ပေးမည်၊ မျက်လုံးတစ်ဝိုက် ထုံသွားစေရန်၊ နာကျင်မှုမရှိစေရန်ဖြစ်သည်
- ထို့နောက် မျက်တောင်ခတ်ခြင်းနှင့် မျက်လုံးအိမ်လှုပ်ရှားခြင်းကို ကာကွယ်ရန် မျက်လုံးပေါ်တွင် မျက်ခွံထိန်းကိရိယာများ (eyelid holder and suction ring) ကို တပ်ဆင်မည်၊ မျက်ခွံကို လက်ချောင်းနှင့် ဖိထားသကဲ့သို့ ခံစားရနိုင်သော်လည်း နာကျင်မှုမရှိပါ၊ ထိုအချိန်တွင် အမြင်အာရုံလည်း တဖြည်းဖြည်း ဝါးလာမည်ဖြစ်သည်
- မျက်စိဆရာဝန်မှ လေဆာနှစ်မျိုးကို အသုံးပြု၍ ကုသမှု စတင်မည်၊ microkeratome or femtosecond laser တစ်မျိုးဖြင့် မျက်ကြည်လွှာပေါ်တွင် အလွှာတစ်ထပ် (Lasik flap) ကို ဖန်တီးမည်
- ထို့နောက် ဆရာဝန်မှ အဆိုပါအလွှာကို ခွဲစိတ်ဓားဖြင့် စာအုပ်၏စာမျက်နှာလှန်သကဲ့သို့ အသာအယာ ဆွဲလှန်၍ ခေါက်တင်ထားမည်
- ထိုအချိန်တွင် လူနာအား မီးသီးကဲ့သို့ အလင်းတစ်ခုကို စူးစိုက်ကြည့်စေမည်ဖြစ်ပြီး excimer laser တစ်မျိုးဖြင့် မျက်ကြည်လွှာ၏ ပုံသဏ္ဌာန်ကို လိုချင်သည့် အနေအထားရောက်အောင် တစ်ရှူးစများကို ဖြတ်တောက်၍ ပုံသွင်းမည်ဖြစ်သည်
- ထိုသို့ပုံသွင်းနေစဥ် လူနာသည် ကလစ်ကဲ့သို့ မြည်သံလည်းကြားနိုင်သကဲ့သို့ လေဆာ၏ မျက်ကြည်လွှာနှင့် ဓာတ်ပြုမှုကြောင့် အနံ့လည်း ရနိုင်သည်၊ စိုးရိမ်ရန်မလိုပါ
- မျက်ကြည်လွှာ ပုံသွင်းခြင်း ပြီးစီးပါက ခေါက်တင်ထားသောအလွှာကို မျက်ကြည်လွှာပေါ်သို့ ပြန်လည်ဖုံးအုပ်ပေးမည်၊ ချုပ်ကြိုးများဖြင့် ပြန်ချုပ်ရန်မလိုဘဲ (၂-၃) မိနစ်အတွင်း မျက်ကြည်လွှာနှင့် တစ်သားတည်းဖြစ်သွားလိမ့်မည်၊ (၃) လခန့်အကြာတွင် အနာကျက်သွားမည်ဖြစ်သည်
- မျက်လုံးတစ်ဖက်ပြီးလျှင် နောက်တစ်ဖက်ကိုလည်း ထိုနည်းအတိုင်း ဆက်လက်ပြုလုပ်မည်
- စုစုပေါင်း ကြာမြင့်ချိန်မှာ မိနစ် (၂၀) မှ (၃၀)ခန့်ဖြစ်သည်

ကုသမှုပြီးနောက်တွင်
- လူနာ၏ အမြင်အာရုံသည် နာရီအနည်းငယ်ခန့် မှုန်ဝါးနေနိုင်သည်၊ အလင်းရောင်ဒဏ်မခံနိုင်ခြင်း၊ ယားယံခြင်းနှင့် စူးခြင်းစသည့် လက္ခဏာများလည်း ခံစားရနိုင်သည်
- မျက်လုံးများအား အလင်းရောင်အနည်းငယ်သာ မြင်နိုင်သော မျက်လုံးကာများ (see-through eyeshields) ဖြင့် ကာထားရမည်ဖြစ်သည်
- မျက်လုံးများအား လက်ဖြင့် မကိုင်တွယ်မိစေရန် နောက်နှစ်ရက်ခန့် ထိုမျက်လုံးကာများကို ဆက်လက်တပ်ထားရန် လိုအပ်သည်
- နေ့ချင်းပြန်ကုသမှုဖြစ်၍ ချက်ချင်း အိမ်ပြန်နိုင်သော်လည်း ကိုယ်တိုင် ကားမမောင်းရပါ
- အိမ်ပြန်ရောက်ချိန်တွင် ပက်လက်အနေအထားဖြင့်သာ လှဲလျောင်း၍ အနားယူနိုင်သည်
- မျက်စိဆရာဝန်မှ ညွှန်ကြားသော ပိုးသတ်ဆေးပါဝင်သော မျက်စဥ်းဆေး၊ ရောင်ရမ်းမှုကို လျော့ကျစေသော စတီးရွိုက်မျက်စဥ်းဆေး၊ မျက်လုံးခြောက်ခြင်းကို ကာကွယ်ရန် ရေဓာတ်ဖြည့်ပေးသော မျက်စဥ်းဆေးများကို အချိန်မှန်မှန် ခပ်ပေးရမည်၊ အနာသက်သာစေရန် အကိုက်အခဲပျောက်ဆေးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးနိုင်သည်
- လေဆာဖြင့် မျက်စိပါဝါဖျောက်ပြီး နှစ်ရက်နောက်ပိုင်းတွင် အမြင်အာရုံပြန်လည်ကောင်းမွန်လာနိုင်ပြီး နေ့စဥ်လုပ်ဆောင်နေကျ လုပ်ငန်းဆောင်တာများကို ပြန်လည်လုပ်ကိုင်နိုင်မည်ဖြစ်သည်။
နောက်ဆက်တွဲဆိုးကျိုးများ
လေဆာဖြင့် မျက်စိပါဝါဖျောက်ပြီးနောက် တစ်ပတ်မှ တစ်လအတွင်း အောက်ပါနောက်ဆက်တွဲဆိုးကျိုးအချို့ကို ခံစားရနိုင်ပြီး တစ်ခါတစ်ရံ (၃)လ မှ (၆)လအထိ ကြာမြင့်တတ်သည်။
- မျက်လုံးခြောက်ခြင်း (အဖြစ်အများဆုံးဖြစ်သည်)
- မျက်စိနာခြင်း၊ ယားယံခြင်း
- မျက်စိအတွင်း ခိုးလိုးခုလုဖြစ်ခြင်း
- အမြင်အာရုံဝေဝါးခြင်း၊ ပုံရိပ်နှစ်ထပ်မြင်ရခြင်း
- အလင်းရောင်စူးစူး မကြည့်နိုင်ခြင်း
- မီးသီး၊ မီးလုံးကဲ့သို့ အလင်းထွက်သော အရာဝတ္ထုများကို ကြည့်လျှင် အရာဝတ္ထု၏ အနားသတ်ကို ကြည်လင်ပြတ်သားစွာမမြင်ရခြင်း (Glare)
- အလင်းရောင်၏ ဘေးပတ်လည်တွင် စက်ဝိုင်းကွင်းများသဏ္ဌာန် မြင်ရခြင်း (Halos)၊ ရောင်ခြည်ဖြာထွက်နေသကဲ့သို့ မြင်ရခြင်း (Starbursts)
- အလင်းရောင် နည်းသည့်နေရာများတွင် ကောင်းစွာမမြင်ရခြင်းတို့အပြင်
ပိုမိုပြင်းထန်ပါက
- မျက်လုံး ပိုးဝင်ခြင်း
- လေဆာဖြင့် မကုသမီကထက် ပို၍ အမြင်အာရုံကျဆင်းသွားခြင်း (loss of best-corrected vision)
- မျက်စိကွယ်သွားခြင်း စသည်တို့အထိ ဖြစ်နိုင်သည်။ သို့သော်အလွန်ရှားပါးသော ဆိုးကျိုးများဖြစ်သည်။
ထို့ကြောင့် ကုသမှုနောက်ပိုင်းတွင် တစ်ခါတစ်ရံ မျက်မှန်အသုံးပြုရန် လိုအပ်နိုင်သကဲ့သို့ နောက်တစ်ကြိမ် လေဆာကုသမှု ထပ်မံခံယူရန်လည်း ရှားရှားပါးပါး လိုအပ်နိုင်သည်။
မျက်စိဆရာ၀န်နှင့် ပြန်လည်ပြသရန်
- ရက်ချိန်းအတိုင်းပြန်ပြရန်လိုသည်
- အမြင်ပို၀ါးလာခြင်း အလွန်နာကျင်ခြင်းစသည့် အထက်ပါ နောက်ဆက်တွဲဆိုးကျိုးလက္ခဏာများ ခံစားရပါက ချက်ခြင်းပြန်ပြရမည်။
လိုက်နာဆောင်ရွက်ရမည့် အချက်များ
- ကုသမှုခံယူပြီးနောက် (၂၄) နာရီအတွင်း
- မျက်ကြည်လွှာ အနာကျက်မြန်စေရန် မျက်လုံးကို လုံးဝအနားပေးရမည်၊ ဖုန်း၊ တီဗီ၊ ကွန်ပြူတာစသော အီလက်ထရွန်းနစ်ပစ္စည်းများ ကြည့်ခြင်းနှင့် စာဖတ်ခြင်းများ ရှောင်ကြဥ်ပါ
- ညဘက်အိပ်ချိန်တွင် မျက်လုံးအကာတပ်ဆင်ပြီး ပက်လက်အိပ်သင့်သည်
- (၂၄) နာရီကျော်လျှင် မျက်နှာသစ်ခြင်း၊ ရေချိုးခြင်း ပြုလုပ်နိုင်သော်လည်း မျက်လုံးအတွင်းသို့ ရေမှုန်ရေမွှားများနှင့် ဆပ်ပြာရည်များမဝင်စေရန် အထူးဂရုစိုက်ရမည်
- ကုသမှုခံယူပြီးနောက် (၁)ပတ် မှ (၂)ပတ်အထိ
- မျက်နှာတွင် မိတ်ကပ်နှင့် လိုးရှင်းများ မလိမ်းရပါ
- မျက်စဥ်းများ ပုံမှန်ခပ်ပေးပါ
- အမြင်အာရုံကြည်လင်ပါက ကားမောင်းနိုင်သည်
- ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်နိုင်သော်လည်း တစ်ဦးနှင့်တစ်ဦး ထိတိုက်နိုင်သော ဘောလုံးကဲ့သို့ အားကစားများနှင့် ရေနှင့်ပတ်သက်သော အားကစားများကို ရှောင်ပါ
- ရေကူးခြင်းအပြင် ရေနွေးစိမ်ခြင်းများကို ရှောင်ပါ
- အပြင်ထွက်လျှင် နေကာမျက်မှန် တပ်ပါ
- ကုသမှုခံယူပြီးနောက် (၁) လတွင်
- ပြင်းထန်သော အားကစားများကို ပြန်လည်ပြုလုပ်နိုင်သည်၊ အားကစားလုပ်ချိန်တိုင်း မျက်လုံးကာမျက်မှန် (Goggles) များကို (၆) လအထိ တပ်ဆင်ကစားရန် လိုအပ်သည်
- ကုသမှုခံယူပြီးနောက် (၃)လ မှ (၆)လတွင်
- နောက်ဆက်တွဲဆိုးကျိုးများ သက်သာပျောက်ကင်းပြီး အမြင်အာရုံလည်း ကြည်လင်ပြတ်သားလာမည်ဖြစ်သည်
လေဆာဖြင့် ကုသမှုခံယူသူများ၏ (၉၀%) တွင် ပုံမှန်အမြင်အာရုံ ပြန်လည်ရရှိနိုင်သည်။ ထို့ကြောင့် ကုသမှုအောင်မြင်ရန် မျက်စိဆရာဝန်၏ ညွှန်ကြားချက်များကို စနစ်တကျ လိုက်နာလုပ်ဆောင်ရန်နှင့် ရက်ချိန်းအတိုင်း ပြန်လည်ပြသရန် အရေးကြီးဆုံးဖြစ်သည်။
References:
- American Academy of Ophthalmology. (n.d.). LASIK. Retrieved December 22, 2025, from https://www.aao.org/eye-health/treatments/lasik
- Cleveland Clinic. (n.d.). LASIK eye surgery. Retrieved December 22, 2025, from https://my.clevelandclinic.org/health/treatments/21805-lasik-eye-surgery
- National Health Service. (n.d.). Laser eye surgery and lens surgery. Retrieved December 22, 2025, from https://www.nhs.uk/conditions/laser-eye-surgery-and-lens-surgery/
- WebMD. (n.d.). Overview: Refractive laser eye surgery. Retrieved December 22, 2025, from https://www.webmd.com/eye-health/overview-refractive-laser-eye-surgery
- Royal College of Ophthalmologists. (2020). Laser vision correction: Patient information. Retrieved December 22, 2025, from https://www.rcophth.ac.uk/wp-content/uploads/2020/05/Laser-Vision-Correction-Patient-Information.pdf
- NVISION Centers. (n.d.). LASIK post-care. Retrieved December 22, 2025, from https://www.nvisioncenters.com/lasik/post-care/
- Johns Hopkins Medicine. (n.d.). Refractive errors. Retrieved December 22, 2025, from https://www.hopkinsmedicine.org/health/conditions-and-diseases/refractive-errors
- LASIK.com. (n.d.). Types of LASIK eye surgery. Retrieved December 22, 2025, from https://www.lasik.com/types-of-lasik-eye-surgery/
- Vision Institute. (n.d.). Corneal cross-linking (CXL) for post-LASIK ectasia: A comprehensive guide. Retrieved December 22, 2025, from https://www.vision-institute.com/corneal-cross-linking-cxl-for-post-lasik-ectasia-a-comprehensive-guide/
- Reinstein, D. Z., Archer, T. J., & Carp, G. I. (2018). The surgeon’s guide to SMILE: Small incision lenticule extraction. SLACK Incorporated. https://www.escrs.org/eurotimes/the-surgeons-guide-to-smile
- Ganesh, S., Brar, S., & Pawar, A. (2017). Results of topography-guided LASIK with Contoura Vision for correction of myopia and myopic astigmatism. Journal of Refractive Surgery, 33(5), 294–302. https://pmc.ncbi.nlm.nih.gov/articles/PMC8026343/
- Ang, M., Gatinel, D., Reinstein, D. Z., Mertens, E., Alió, J. L., & Guell, J. L. (2021). Refractive surgery beyond 2020. Eye, 35(2), 362–382. https://pubmed.ncbi.nlm.nih.gov/32709958/
- Padmanabhan, P., Radhakrishnan, A., Venkataraman, R., Gupta, R., & Srinivasan, B. (2019). Corneal collagen cross-linking as a prophylactic measure in LASIK: A review. Indian Journal of Ophthalmology, 67(1), 12–17. https://www.vision-institute.com/wp-content/pdfs/Corneal-Collagen-Cross-Linking-and-Lasik.pdf
- Moshirfar, M., Somani, A. N., Shmunes, K. M., & Ronquillo, Y. C. (2023). Artificial intelligence in refractive surgery: A review of current applications and future directions. Journal of Clinical Medicine, 12(11), 3685. https://pubmed.ncbi.nlm.nih.gov/40277339/
Published: 23 December 2024
Last updated: 20 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.