Bone Density Test (DEXA Scan) (အရိုးသိပ်သည်းဆ တိုင်းတာခြင်း)

Bone Density Test (DEXA Scan) (အရိုးသိပ်သည်းဆ တိုင်းတာခြင်း)

အရိုး၏ ကျန်းမာရေး အခြေအနေကို သိရှိနိုင်ရန် အရိုးသိပ်သည်းဆကို တိုင်းတာခြင်းသည် သာမန်ဓာတ်မှန်ရိုက်သကဲ့သို့ပင် နာကျင်မှုမရှိဘဲ အဖြေကို ချက်ချင်းသိနိုင်သည်။ ၎င်းသည် ဓာတ်မှန်ပုံရိပ်ကို ဖမ်းယူခြင်းသာမက အရိုးအတွင်းရှိ သတ္တုဓာတ်ဆား ပါဝင်မှုကိုပါ အသေးစိတ် အဖြေထုတ်ပေးနိုင်သည်။ အရိုးသိပ်သည်းဆတိုင်းခြင်းကို DEXA Scan ဟုလည်း ခေါ်ဆိုသည်။

အသက်အရွယ်အလိုက် အရိုးသိပ်သည်းဆ ပြောင်းလဲခြင်းနှင့် အကြောင်းရင်းအမျိုးမျိုး သို့မဟုတ် ရောဂါအခံကြောင့် အရိုးသိပ်သည်းဆ လျော့နည်းလာခြင်းများသည် အရိုးကို အလွယ်တကူ ကျိုးစေနိုင်သည်။ ထို့ကြောင့် အရိုးသိပ်သည်းဆ အခြေအနေကို စောစီးစွာ သိရှိပြီး လိုအပ်သော ကုသမှုများ ပေးနိုင်ရန် DEXA Scan ပြုလုပ်လေ့ရှိသည်။

ယခင်က DEXA Scan သည် အရိုး၏ သိပ်သည်းဆ (Density) ကိုသာ တိုင်းတာနိုင်သော်လည်း ယခုအခါ Trabecular Bone Score (TBS) နည်းပညာဖြင့် အရိုး၏ တည်ဆောက်ပုံ ခိုင်ခံ့မှု (Bone Micro-architecture) ကိုပါ တိုင်းတာလာနိုင်သည်။ TBS နည်းပညာသည် ခါးဆစ်ရိုးတစ်လျှောက် (Lumbar spine) ၏ အရိုးပြဿနာများကို သိရှိရန် အသုံးပြုလာကြသည်။ ထို့ပြင် သာမန် 2D ပုံရိပ်များအစား 3D ပုံစံဖြင့်လည်း အရိုး၏ သိပ်သည်းဆကို တိုင်းတာနိုင်လာသည်။ TBS နည်းပညာသည် အရိုး၏ အရွယ်အစားနှင့် ထုထည်ကိုပါ ထည့်သွင်းတွက်ချက်နိုင်သောကြောင့် အရိုးသိပ်သည်းဆ ပုံမှန်ရှိနေသော်လည်း အရိုးကျိုးနိုင်ခြေကို ပိုမိုတိကျသေချာစွာ ခန့်မှန်းပေးနိုင်သည်။ TBS score ရမှတ်မြင့်ပါက ထိုအရိုးသည် ခိုင်ခံ့၍ ကျိုးနိုင်ခြေနည်းသည်ဟု သတ်မှတ်နိုင်ပြီး ရမှတ်နည်းပါက အားနည်း၍ ကျိုးနိုင်ခြေများသည်ဟု သတ်မှတ်နိုင်သည်။

အရိုးသိပ်သည်းဆတိုင်းတာရန် လိုအပ်သူများ

အရိုးပွခြင်း၊ အရိုးပါးခြင်း ပိုမိုဖြစ်နိုင်ခြေများသူများ၊ အရိုးတည်ဆောက်ပုံကို ထိခိုက်နိုင်သည့် ဆေးဝါး သောက်သုံးနေရသူများ၊ အရိုးရောဂါနှင့် အခြားရောဂါအခံရှိသူများသည် အရိုးကျိုးနိုင်ခြေများသည်။

အောက်ပါအခြေအနေများတွင် အရိုးသိပ်သည်းဆကို ပုံမှန်စစ်ဆေးသင့်သည်။

  • အသက် (၆၅) နှစ်နှင့်အထက် အမျိုးသမီးများ
  • အသက် (၇၀) နှစ်နှင့်အထက် အမျိုးသားများ
  • အရိုးကျိုးဖူးသည့် ရာဇဝင်ရှိသူ အသက် (၅၀) နှစ်အထက်ရှိသူများ
  • မိဘ သို့မဟုတ် ဘိုးဘွားတွင် အရိုးပွရောဂါရှိသူများ

အရိုးခိုင်မာမှုကို ထိခိုက်စေနိုင်သည့် အောက်ဖော်ပြပါ ရောဂါရှိသူနှင့် ဆေးဝါးများသုံးစွဲနေရသူများတွင်လည်း အရိုးသိပ်သည်းဆကို စစ်ဆေးရန်လိုသည်။

  • ဆေးလိပ်သောက်သူများ၊ ဆေးရွက်ကြီးသုံးစွဲသူများ
  • အရက် အလွန်အကျွံသောက်သုံးခြင်း
  • ဗီတာမင် ဒီ ချို့တဲ့ခြင်း
  • စတီးရွိုက်ဆေးများကို တာရှည် သုံးစွဲနေရသူများ
  • ကိုယ်ခံအားစနစ်မူမမှန် တုံ့ပြန်ခြင်းနှင့်ဆိုင်သော ရောဂါရှိသူများ (Autoimmune disorders)
  • ကိုယ်ခံအားလျှော့ချသည့်ဆေးများ (Immunosuppressant)၊ ကင်ဆာကုသဆေးများ၊ အတက်ကျဆေးများ၊ သွေးကျဲဆေး (Heparin) အသုံးပြုနေရသူများ
ကြိုတင်ပြင်ဆင်ရမည့်အချက်များ

ယေဘုယျအားဖြင့် အရိုးသိပ်သည်းဆ တိုင်းတာခြင်းအတွက် ကြိုတင်ပြင်ဆင်မှုများစွာ မလိုအပ်ဘဲ အောက်ပါအချက်များကို လိုက်နာရန်သာ လိုအပ်သည်။

  • အစားအသောက်ကို ပုံမှန်အတိုင်း စားသောက်နိုင်သည်
  • သောက်နေကျဆေးများကို ဆရာဝန်မှ ရပ်နားရန် ညွှန်ကြားထားခြင်း မရှိပါက ဆက်လက် သောက်သုံးနိုင်သည်
  • သို့သော် ကယ်လ်ဆီယမ်ဓာတ် ပါဝင်သောဆေးများနှင့် အားဆေးများကို စစ်ဆေးမှု မပြုလုပ်မီ (၂၄) နာရီ ကြိုတင်၍ ရပ်နားထားရမည်
  • စစ်ဆေးမည့်နေ့တွင် သတ္တုကြယ်သီး သို့မဟုတ် ဇစ်များ မပါဝင်သော ပေါ့ပါးလွတ်လပ်သည့် အဝတ်အစားကို ဝတ်ဆင်ရမည်
  • လက်ဝတ်ရတနာများ ဝတ်ဆင်ခြင်းကို ရှောင်ကြဉ်ရမည်
အရိုးသိပ်သည်းဆတိုင်းတာပုံအဆင့်ဆင့်

အရိုးသိပ်သည်းဆ တိုင်းတာသည့် ကိရိယာသည် အားပျော့သော ဓာတ်မှန်ရောင်ခြည်ကို အသုံးပြုခြင်း ဖြစ်သည်။ ၎င်းသည် ရင်ဘတ်ဓာတ်မှန် သို့မဟုတ် အရိုးဓာတ်မှန်များကဲ့သို့ပင် ရိုးရှင်းသော စစ်ဆေးမှုအမျိုးအစားဖြစ်ပြီး၊ ဆေးရုံတက်ရန် မလိုဘဲ ပြင်ပလူနာအဖြစ်သာ လွယ်ကူစွာ ရိုက်ကူးနိုင်သည်။ အရိုးသိပ်သည်းဆဓာတ်မှန် ရိုက်ကူးချိန်သည် ယေဘုယျအားဖြင့် နာရီဝက်ခန့်သာ ကြာမြင့်သည်။

စစ်ဆေးမှုပြုလုပ်ပုံ အဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်သည်။

  • လူနာသည် ဓာတ်မှန်ကုတင်ပေါ်တွင် သက်သောင့်သက်သာ လဲလျောင်းနေရန် လိုအပ်သည်
  • ဓာတ်မှန်ကျွမ်းကျင်သူက လူနာ၏ ကိုယ်ဟန်အနေအထားကို ပြုပြင်ပြီး တိုင်းတာမည့် အရိုးနေရာကို အတိအကျချိန်၍ ရိုက်ကူးမည်ဖြစ်သည်
  • လိုအပ်ပါက လူနာ၏ ကိုယ်ဟန်အနေအထား ပြောင်းလဲနိုင်ရန် ဖော့တုံး သို့မဟုတ် ခေါင်းအုံးများကို အသုံးပြု၍ ခုပေးခြင်းများ ပြုလုပ်ပေးမည်ဖြစ်သည်
  • အရိုးသိပ်သည်းဆကို ပေါင်ထိပ်အရိုး၊ ကျောရိုး၊ ခြေဖနောင့်ရိုး၊ လက်ကောက်ဝတ်အရိုးနှင့် လက်ချောင်းအရိုးများတွင် တိုင်းတာနိုင်သည်
  • အရိုးသိပ်သည်းဆ တိုင်းတာသည့် ကိရိယာသည် ရရှိလာသော အရိုးပုံရိပ်များကို အဖြူအမဲ ပုံရိပ်များအဖြစ်လည်းကောင်း၊ သင်္ချာဂရပ်ဖ်များအဖြစ်လည်းကောင်း အသေးစိတ် အဖြေထုတ်ပေးမည်ဖြစ်သည်။

အရိုးသိပ်သည်းဆ တိုင်းတာသည့် ကိရိယာသည် ရရှိလာသော အရိုးပုံရိပ်များကို အဖြူအမဲ ပုံရိပ်များအဖြစ်လည်းကောင်း၊ သင်္ချာဂရပ်ဖ်များအဖြစ်လည်းကောင်း အသေးစိတ် အဖြေထုတ်ပေးမည်ဖြစ်သည်။

အရိုးသိပ်သည်းဆအဖြေ

အရိုးသိပ်သည်းဆ တိုင်းတာရာတွင် T-Score နှင့် Z-Score ဟူ၍ အဖြေနှစ်ခုကို ထုတ်ပေးမည်ဖြစ်သည်။

  1. T-Score (အရိုးသိပ်သည်းဆ နှိုင်းယှဉ်ချက်)
    ၎င်းသည် စံနှုန်းအဖြစ် သတ်မှတ်ထားသော လူငယ်ပိုင်းတွင် ရှိရမည့် အရိုးသိပ်သည်းဆနှင့် လူနာ၏ လက်ရှိ တိုင်းတာရရှိသော အရိုးသိပ်သည်းဆကို နှိုင်းယှဉ်ဖော်ပြသည့် ကိန်းဂဏန်းဖြစ်သည်။ အဖြေများကို အောက်ပါအတိုင်း အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။
    • T-Score (0 မှ -1) အတွင်း – အရိုးသိပ်သည်းဆ ပုံမှန်ဖြစ်သည်
    • T-Score (-1 မှ -2.5) အတွင်း – အရိုးစတင်ပွသည့် လက္ခဏာ (Osteopenia) ရှိသည်
    • T-Score (-2.5) ထက် နည်းနေလျှင် – အရိုးပွရောဂါ သို့မဟုတ် အရိုးပါးရောဂါ (Osteoporosis) ဖြစ်နေသည်ဟု သတ်မှတ်သည်
      (ဤအခြေအနေတွင် အရိုးများ အလွယ်တကူကျိုးနိုင်သည့် အန္တရာယ်ရှိသည်)
  2. Z-Score (သက်တူရွယ်တူ နှိုင်းယှဉ်ချက်)
    ၎င်းသည် လူနာနှင့် အသက်၊ ကျား မ၊ လူမျိုးနှင့် ကိုယ်အလေးချိန်တူသူတစ်ဦးတွင် ရှိရမည့် အရိုးသိပ်သည်းဆနှင့် လူနာ၏ လက်ရှိသိပ်သည်းဆကို နှိုင်းယှဉ်ဖော်ပြခြင်းဖြစ်သည်။ Z-Score သည် ပျမ်းမျှထက် အလွန်နည်းနေခြင်း သို့မဟုတ် အလွန်များနေခြင်း ရှိပါက အရိုးနှင့် ပတ်သက်သည့် အခြားသော စမ်းသပ်မှုများ ထပ်မံပြုလုပ်ရန် လိုအပ်ကြောင်း ပြသနေသည်။

FRAX Score နှင့် တွဲဖက်အသုံးပြုခြင်း
ယနေ့ခေတ်တွင် အရိုးသိပ်သည်းဆတိုင်းတာခြင်း (DEXA Scan) အဖြေကို FRAX Score ဟုခေါ်သော စမ်းသပ်တွက်ချက်နည်းဖြင့် တွဲဖက်အသုံးပြုလာကြသည်။ ၎င်းသည် နောက် (၁၀) နှစ်အတွင်း လူနာတွင် အရိုးကျိုးနိုင်ခြေ မည်မျှရှိသည်ကို ခန့်မှန်းတွက်ချက်ပေးခြင်းဖြစ်သည်။

FRAX Score တွင် အောက်ပါအချက်အလက်များကို ထည့်သွင်းတွက်ချက်သည်။

  • လူနာ၏ အသက်၊ ကျား မ နှင့် ကိုယ်အလေးချိန်
  • ယခင်က အရိုးကျိုးဖူးသည့် ရာဇဝင် ရှိမရှိ
  • မိဘများတွင် တင်ပါးဆုံရိုးကျိုးသည့် ရာဇဝင် ရှိမရှိ
  • ဆေးလိပ်သောက်ခြင်းနှင့် အရက် အလွန်အကျွံ သောက်သုံးခြင်း ရှိမရှိ
  • ကယ်လ်ဆီယမ်နှင့် ဗီတာမင် ဒီ ချို့တဲ့မှု ရှိမရှိ
  • ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း ရှိမရှိ
  • စတီးရွိုက်ဆေး (Steroids) များကို ရေရှည် သုံးစွဲနေရခြင်း ရှိမရှိ
  • အရိုးသိပ်သည်းဆ (DEXA T-Score) ရလဒ်

ထို့ကြောင့် လူနာတစ်ဦးတွင် T-Score အရ အခြေအနေ မပြင်းထန်သေးသော်လည်း FRAX Score တွက်ချက်မှုအရ အရိုးကျိုးနိုင်ခြေ မြင့်မားနေပါက အရိုးပွရောဂါအတွက် ဆေးကုသမှုကို စောစီးစွာ စတင်ရန် လိုအပ်နိုင်သည်။

Bone Density Test image
နောက်ဆက်တွဲ ဆိုးကျိုးများ

အရိုးသိပ်သည်းဆတိုင်းခြင်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများ မရှိပါ။ ဓာတ်မှန်ရောင်ခြည်ကို အသုံးပြုသော်လည်း အလွန်အားပျော့သည့် ရောင်ခြည်ဖြစ်သောကြောင့် အန္တရာယ်မရှိပါ။ သို့သော် မိမိ၌ ကိုယ်ဝန်ဆောင်ထားလျှင် ဆရာဝန်အား ပြောပြရန်လိုသည်။ ကိုယ်ဝန်ဆောင်မိခင်သည် အားပျော့သည့် ဓာတ်ရောင်ခြည်နှင့်ပင် မသင့်တော်ပေ။

အရိုးသိပ်သည်းဆတိုင်းခြင်း၏ အားနည်းချက်များမှာ_

  • ပေါင်ထိပ်ရိုးနှင့် ခါးရိုးတွင် တိုင်းတာခြင်းသည် ပို၍တိကျသော အဖြေကို ရနိုင်သော်လည်း ကုန်ကျစရိတ်ပို၍များနိုင်သည်
  • ခါးရိုးသိပ်သည်းဆကို တိုင်းတာရာတွင် မွေးရာပါခါးရိုးကွေ့ကောက်သည့်ရောဂါရှိခြင်း၊ ခါးရိုးခွဲစိတ် ကုသခံဖူးခြင်း၊ ခါးဆစ်ကျီးပေါင်းနှင့် ကျောရိုးဆစ်ရောင်ခြင်းများရှိလျှင် တိကျသောအဖြေကို မရနိုင်ပေ
  • အရိုးသိပ်သည်းဆနည်းခြင်းကို သိနိုင်သော်လည်း မည်သည့်အကြောင်းရင်းကြောင့် ဖြစ်ရသည်ကို မသိရှိနိုင်ပေ၊ အခြားစမ်းသပ်ချက်များကို ထပ်မံပြုလုပ်ရန်လိုအပ်နိုင်သည်။
အရိုးသိပ်သည်းဆနည်းခြင်းအား ကုသခြင်း

အသက်အရွယ်ကြီးခြင်း၊ မိသားစုတွင် အရိုးပါး၊ အရိုးပွရောဂါရှိခြင်းရှိလျှင် အရိုးသိပ်သည်းဆ တိုင်းတာရန် မိသားစုဆရာဝန်နှင့် တိုင်ပင်သင့်သည်။ အရိုးသိပ်သည်းဆနည်းခြင်းအတွက် ဆရာဝန်မှ အောက်ပါကုသခြင်းများကို ညွှန်ကြားမည်ဖြစ်သည်။

  • သိပ်သည်းဆနည်းရခြင်းအကြောင်းရင်းကို သိရှိရန် စမ်းသပ်မှုများ ထပ်မံပြုလုပ်စေခြင်းနှင့် ကုသမှုပေးခြင်း
  • အရိုးသန်မာမှုရှိစေရန် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ပြုလုပ်စေခြင်း
  • အရိုးကျန်းမာရေးအတွက် ဗီတာမင် ဒီ နှင့် ကယ်လ်ဆီယမ်အားဆေးများပေးခြင်း၊ အာဟာရပြည့်ဝစွာ စားသုံးစေခြင်း
  • လွယ်ကူစွာ အရိုးကျိုးခြင်းအား ကာကွယ်ရန် အရိုးပွခြင်းတွင် ကုသသည့် ဆေးဝါးများပေးခြင်း

References:

  1. Mayo Clinic. (n.d.). Bone density test: About the procedure. Retrieved December 26, 2025, from https://www.mayoclinic.org/tests-procedures/bone-density-test/about/pac-20385273
  2. Cleveland Clinic. (n.d.). DEXA/DXA scan (bone density test). Retrieved December 26, 2025, from https://my.clevelandclinic.org/health/diagnostics/10683-dexa-dxa-scan-bone-density-test
  3. Silva, B. C., Leslie, W. D., Resch, H., Lamy, O., Lesnyak, O., Binkley, N., McCloskey, E. V., Kanis, J. A., & Bilezikian, J. P. (2014). Trabecular bone score: A noninvasive analytical method based upon the DXA image. Journal of Bone and Mineral Research, 29(3), 518–530. doi:10.1002/jbmr.2176

Published: 17 December 2024

Last updated: 14 January 2026

Share

26 December 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.