General Anaesthesia (မေ့ဆေးပေးခြင်း)

General Anaesthesia (မေ့ဆေးပေးခြင်း)

မေ့ဆေး (General Anaesthetics) ဆိုသည်မှာ အိပ်ပျော်သကဲ့သို့ သတိမေ့သွားစေသော ဆေးဝါးများဖြစ်သည်။ သွေးကြောအတွင်း ထိုးသွင်းအသုံးပြုရသော မေ့ဆေးများနှင့် မေ့ဆေးဓာတ်ငွေ့များဟူ၍ရှိသည်။ ခွဲစိတ်ကုသမှု မပြုလုပ်မီ သို့မဟုတ် ခွဲစိတ်ကုသနေစဥ် မေ့ဆေးပေးရာတွင် ခေတ်မီမေ့ဆေးစက်များ အသုံးပြု၍ ယင်းဆေးဝါးများကို ပေါင်းစပ်အသုံးပြုသည်။

မေ့ဆေးပေးထားစဥ် လူနာသည် အိပ်ပျော်သွားသကဲ့သို့ မေ့မြောသွားမည်ဖြစ်သည်။ မေ့ဆေးပေးထားစဥ် ဦး‌နှောက်တွင် နာကျင်မှုအချက်ပြခြင်းနှင့် အလိုအလျောက် တုံ့ပြန်လှုပ်ရှားမှုများ မရှိသောကြောင့် နာကျင်မှုကို ခံစားရမည် မဟုတ်သည့်အပြင် ကိုယ်ခန္ဓာလည်း မလှုပ်ရှားနိုင်ပေ။

လူနာအား မေ့ဆေးပေးထားစဥ် ခန္ဓာကိုယ်၏ အရေးကြီးလုပ်ဆောင်ချက်များအား ပုံမှန်ဖြစ်စေရန် ထိန်းညှိခြင်း၊ မေ့ဆေးစက်ဖြင့် အသက်ရှူခြင်းနှင့် နာကျင်မှုမရှိစေရန် ပြုလုပ်ခြင်း စသည်တို့ကို မေ့ဆေးအထူးကုဆရာဝန်နှင့် ကျွမ်းကျင်အဖွဲ့မှ အတူတကွ လုပ်ဆောင်ကြသည်။

မေ့ဆေးပေးရာတွင် မေ့ဆေးအထူးကုဆရာဝန်သည် ခွဲစိတ်အထူးကုဆရာဝန် သို့မဟုတ် အခြားအထူးကုဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်ကာ လူနာအတွက် အကောင်းဆုံးနှင့် အန္တရာယ်အကင်းဆုံး မေ့ဆေးကို အသုံးပြုမည်ဖြစ်သည်။

မေ့ဆေးပေးရန် လိုအပ်သော အခြေအနေများ

အောက်ဖော်ပြပါ အခြေအနေများတွင် မေ့ဆေးအသုံးပြုသည်။

  • အချိန်ကြာမြင့်သည့် ခွဲစိတ်မှုများ
  • ကြွက်သားပြေလျှော့ဆေးများ (Muscle relaxants) အသုံးပြုရန် လိုအပ်သော ခွဲစိတ်မှုများ
  • သွေးပမာဏ အတန်အသင့် ဆုံးရှုံးနိုင်ခြေရှိသော ခွဲစိတ်မှုများ
  • အသက်ရှူနှုန်း၊ သွေးပေါင်ချိန်၊ သွေးခုန်နှုန်းစသည့် ခန္ဓာကိုယ်၏ အရေးကြီးလုပ်ဆောင်မှုများကို အကျိုးသက်ရောက်မှု များနိုင်ခြေရှိသော ခွဲစိတ်မှုများ
မေ့ဆေး မဟုတ်သည့် အခြားနည်းများ

ပြုလုပ်မည့် ခွဲစိတ်မှုနှင့် ကုသမှုအပေါ်မူတည်၍ ထုံဆေးများကို အသုံးပြုခြင်းလည်းရှိသည်။ ဥပမာ_ တင်ပါးဆုံရိုး ခွဲစိတ်အစားထိုးခြင်း (Hip replacement) နှင့် ခွဲစိတ်မွေးဖွားခြင်း (Caesarean section) တို့တွင် ခါးဆစ်ရိုးထုံဆေး (Spinal Anaesthesia) ကို အသုံးပြုနိုင်သည်။

လက်ဖဝါး၊ ခြေဖဝါး ကဲ့သို့ ခန္ဓာကိုယ်အစိတ်အပိုင်း ခွဲစိတ်မှုများတွင် ခွဲစိတ်မည့် ကိုယ်ခန္ဓာအစိတ်အပိုင်းအလိုက် ထုံဆေးများ (Regional anaesthesia) အသုံးပြုနိုင်သည်။

အသားစယူခြင်းကဲ့သို့ အသေးစားခွဲစိတ်မှုများတွင် ခွဲစိတ်မည့်နေရာတစ်ဝိုက်တွင် ထုံဆေးထိုးခြင်း (Local anaesthesia) ပြုလုပ်နိုင်သည်။ အထက်ပါ ထုံဆေးများကို အိပ်ဆေး သို့မဟုတ် စိတ်ငြိမ်ဆေးများ (Sedation) နှင့် ပေါင်းစပ်အသုံးပြုလေ့ရှိသည်။

ကြိုတင်သိရှိထားရမည့် အချက်များ
  • မခွဲစိတ်မီနှင့် မေ့ဆေးမပေးမီ အစာဖြတ်၊ ရေဖြတ်ခြင်းနှင့် ပတ်သက်၍ ဆရာဝန်၏ ညွှန်ကြားချက်ကို လိုက်နာရန် လိုအပ်သည်
  • လက်ရှိ သောက်သုံးနေသော ဆေးဝါးများကို မိမိဆရာဝန်အား မခြွင်းမချန် ပြောပြသင့်သည်
  • ဆေးလိပ်ဖြတ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပိုမိုပြုလုပ်ခြင်းဖြင့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပွါးမှုကို လျှော့ချနိုင်သည်
  • အသားဓာတ်၊ အစေ့အဆန်နှင့် အသီးအရွက်များကို ဦးစားပေး စားသုံးပါက နာလန်ထ ပိုမိုမြန်ဆန်သည်
  • အိပ်ချိန် ပြည့်ဝစွာ အိပ်ရန်လိုအပ်သည်
  • အိပ်နေစဥ် ခေတ္တအသက်ရှူရပ်ခြင်း (Sleep apnoea) ရှိပါက ခွဲစိတ်ဆရာဝန်၊ မေ့ဆေးဆရာဝန်တို့နှင့် ဆောလျင်စွာ တိုင်ပင်ဆွေးနွေးရန်လိုသည်၊ စက်အကူဖြင့် အိပ်စက်နေပါက အဆိုပါစက်အား ဆေးရုံသို့ ယူဆောင်လာရမည်။
မေ့ဆေးပေးပုံအဆင့်ဆင့်

မေ့ဆေးမပေးမီ
မေ့ဆေးအသုံးပြု ခွဲစိတ်ကုသခြင်း မတိုင်မီ မေ့ဆေးဆရာဝန်မှ အောက်ဖော်ပြပါ အကြောင်းအရာများကို မေးမြန်းမည်ဖြစ်သည်။

  • လူနာ၏ ရောဂါရာဇဝင်နှင့် ကျန်းမာရေးပြဿနာများ
  • ဆရာဝန်မှ ညွှန်ကြားထားသော သောက်ဆေးများ
  • မိမိဘာသာ ဝယ်ယူသောက်သုံးနေသော ဆေးဝါးများ၊ တိုင်းရင်းဆေးများ
  • မတည့်သော ဆေးဝါးများ
  • မေ့ဆေး၊ ထုံဆေးဖြင့် ယခင်ကကုသခံရဖူးခြင်း ရှိမရှိ
  • နောက်ဆုံး အစာစားချိန်၊ အရည်သောက်ထားချိန် စသည်တို့ဖြစ်သည်။

အထက်ဖော်ပြပါ အကြောင်းအရာများသည် လူနာအတွက် ဘေးကင်းစိတ်ချရသည့် မေ့ဆေးပေးခြင်းနည်းလမ်းကို ‌ရွေးချယ်နိုင်ရန် အရေးကြီးအချက်များဖြစ်သည်။

လိုအပ်သော ထိုးဆေးများ သွင်းနိုင်ရန် လက်သွေးကြောအတွင်း ဆေးထိုးအပ်ပြွန်တစ်ချောင်း ထိုးပေးထားမည်။

မေ့ဆေးပေးစဥ်
မေ့ဆေးဆရာဝန်သည် သွေးကြောအတွင်းမှတစ်ဆင့် လိုအပ်သော ဆေးများထိုးခြင်း၊ ဆေးရည်ပုလင်းချိတ်ခြင်းတို့ ပြုလုပ်မည်။ အောက်ဆီဂျင်နှင့် မေ့ဆေးငွေ့များပေးရန် မျက်နှာဖုံးတစ်ခုဖြင့် နှာခေါင်းနှင့်ပါးစပ်ကို ဖုံးအုပ်ထားမည်ဖြစ်သည်။

လူနာမေ့မြောနေစဉ်အတွင်း အောက်ဆီဂျင် လုံလောက်စွာရရှိရန်နှင့် လူနာခံတွင်းမှထွက်သော အရည်များနှင့် အစာအိမ်အက်ဆစ်ဓာတ်အရည်များ အဆုတ်အတွင်းသို့ ဝင်ရောက်ခြင်းကို ကာကွယ်ရန်အတွက် လေပြွန်အတွင်းသို့ ပလတ်စတစ် အသက်ရှူပိုက်ကို ထည့်သွင်းပြီး မေ့ဆေးစက်ဖြင့် ချိတ်ဆက်ကာ စက်အကူအညီဖြင့် အသက်ရှူစေမည်ဖြစ်သည်။ အဆိုပါအသက်ရှူပိုက်ကို ခွဲစိတ်မှုပြီးဆုံးပြီး မေ့ဆေးပြယ်ချိန်တွင် ပြန်လည်ထုတ်ပေးမည်ဖြစ်သည်။

လူနာ၏ အသက်ရှူနှုန်း၊ ကိုယ်အပူချိန်၊ သွေးပေါင်ချိန်၊ သွေးတွင်းရှိအောက်ဆီဂျင်ပမာဏ၊ ရေဓာတ်ဆုံးရှုံးမှုစသည့် ခန္ဓာကိုယ်၏ အရေးကြီးလုပ်ဆောင်မှုများကို မေ့ဆေးပေးထားစဉ် ကာလတစ်လျှောက်လုံး မေ့ဆေးဆရာဝန်မှ အနီးကပ်စောင့်ကြည့်ခြင်း၊ မေ့ဆေးပမာဏကို လိုအပ်သလို ချိန်ညှိပေးခြင်းများ ပြုလုပ်ပေးမည်ဖြစ်သည်။ ခွဲစိတ်မှုကြောင့် သွေးဆုံးရှုံးမှုများသည့် အခြေအနေတွင် သွေးသွင်းကုသရန် (Blood transfusion) လိုအပ်နိုင်သည်။

ခွဲစိတ်မှုအပြီး မေ့ဆေးပြယ်ချိန်
မေ့ဆေးမှ ပြန်လည်နိုးထမည့်အချိန်သည် အသုံးပြုခဲ့သော မေ့ဆေးအမျိုးအစားနှင့်ပမာဏ၊ လူနာ၏ ရောဂါအခြေအနေ၊ လူနာတွင်ရှိသည့် အခြားရောဂါများနှင့် သက်ဆိုင်သည်။ လူနာ၏ သွေးတွင်းရှိမေ့ဆေးကို အသည်းမှ ချေဖျက်နိုင်စွမ်း၊ ကျောက်ကပ်မှ စွန့်ထုတ်နိုင်စွမ်းပေါ် မူတည်၍ အောက်ပါလက္ခဏာအချို့ကို ခံစားရနိုင်သည်။ သို့သော် အဆိုပါလက္ခဏာများကို ခွဲစိတ်ပြီးလူနာ စောင့်ကြည့်ကုသခန်းတွင် လိုအပ်သော ကုသမှုနှင့် ဆေးဝါးများပေးခြင်းဖြင့် သက်သာနိုင်သောကြောင့် စိုးရိမ်ပူပန်ရန် မလိုအပ်ပေ။

  • အိပ်ချင်သကဲ့သို့ ဖြစ်ခြင်း
  • မူးဝေခြင်း
  • ပျို့အန်ခြင်း
  • ခံတွင်း‌ခြောက်ခြင်း
  • လည်ချောင်းနာခြင်း
  • အသံ အနည်းငယ် ပြောင်းခြင်း
  • ချမ်းတုန်ခြင်း
  • ခွဲစိတ်ဒဏ်ရာမှ နာကျင်ခြင်း
  • ကြွက်သားများ နာကျင်ခြင်း
  • အရေပြား ယားယံခြင်း
  • အမြင်ဝေဝါးခြင်း စသည်တို့ ခံစားရနိုင်သည်။
နောက်ဆက်တွဲဆိုးကျိုးများ

မေ့ဆေးမပေးမီနှင့် မေ့ဆေးပေးစဉ်အတွင်း အန္တရာယ်အနည်းဆုံးဖြစ်စေရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခြင်းကြောင့် မေ့ဆေးပေးခြင်းသည် ယေဘုယျအားဖြင့် နောက်ဆက်တွဲပြဿနာ အလွန်နည်းပါးသည်။ သို့သော်လည်း ခွဲစိတ်ကုသမှုအမျိုးအစား၊ လူနာ၏ လက်ရှိကျန်းမာရေးအခြေအနေ၊ အသက်အရွယ်၊ အခံရောဂါများ စသည်တို့ကြောင့် အချို့သော ဆိုးရွားသည့် ပြဿနာများ ကြုံတွေ့နိုင်သည်။ အဆုတ်ရောင်ခြင်း၊ လေဖြတ်ခြင်း၊ ရုတ်တရက်နှလုံးဖောက်ခြင်းတို့သည် အန္တရာယ်ကြီးသည်။

မေ့ဆေးဖြင့် ခွဲစိတ်နေစဉ် နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေများသည့် လူနာ၏အခြေအနေများတွင် အောက်ပါအချက်များ ပါဝင်သည်။

  • ‌‌ဆေးလိပ်သောက်ခြင်း (Smoking)
  • အိပ်ပျော်စဥ် ခေတ္တ အသက်ရှူရပ်သည့် ရောဂါ (Sleep apnoea)
  • အဝလွန်ခြင်း (Obesity)
  • သွေးတိုးရောဂါ (High blood pressure)
  • ဆီးချိုရောဂါ (Diabetes)
  • လေဖြတ်ခြင်း (Stroke)
  • အတက်ရောဂါ (Seizures)
  • နှလုံး၊ အဆုတ်၊ ကျောက်ကပ်၊ အသည်းဆိုင်ရာ ရောဂါအခြေအနေများ
  • သွေးကျဲဆေး (antiplatelet)၊ သွေးမခဲ‌ဆေး (anticoagulant)၊ သွေးခဲဖျော်ဆေး (thrombolytics) စသည့် ဆေးဝါးများ သောက်သုံးနေသူများ
  • အရက်အလွန်အကျွံသောက်ခြင်း သို့မဟုတ် မူးယစ်ဆေးဝါးများ အသုံးပြုခြင်း
  • ဆေးမတည့်သည့်ရာဇဝင် ရှိခြင်း (အထူးသဖြင့် မေ့ဆေး၊ ထုံဆေးများ မတည့်ခြင်း)
ဖြစ်ပွါးနိုင်သည့် အရေးကြီးဆိုးကျိုးများ

မေ့ဆေးဖြင့် ခွဲစိတ်ခြင်းသည် နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပွါးနိုင်ခြင်း အလွန်နည်းသည်ဟု ဆိုနိုင်သော်လည်း မေ့ဆေးပေးခံရသူ လူနာအချို့တွင် အောက်ပါအခြေအနေများ ဖြစ်နိုင်သည်ကို သိရှိနားလည်ရန် လိုအပ်သည်။

  • မေ့ဆေးပေးသော်လည်း နိုးနေခြင်း (Anaesthetic awareness)
    အလွန်အဖြစ်နည်းသည်၊ ပတ်ဝန်းကျင်ရှိ လှုပ်ရှားမှုများ၊ စကားပြောဆိုမှုများကို သိနေသော်လည်း စကားပြန်လည်ပြောဆိုခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်းတို့ မပြုလုပ်နိုင်ပေ၊ မေ့ဆေးပမာဏ၊ အမျိုးအစားနှင့် စက်ကိရိယာ ချွတ်ယွင်းမှုတို့ကြောင့် ဖြစ်တတ်သည်။
  • အဆုတ်ကျုံ့ခြင်း (Collapsed lung)
    အဆုတ်အတွင်းရှိ လေအိတ်များ ပေါက်ခြင်း သို့မဟုတ် အဆုတ်အတွင်း အရည်များပြည့်လာခြင်းတို့ကြောင့် ဖြစ်တတ်သည်။
  • ကိုယ်ခန္ဓာ အပူချိန် အလွန်အမင်းတက်ခြင်း (Malignant hyperthermia)
    Malignant hyperthermia susceptibility (MHS) gene ဟုခေါ်သော မျိုးဗီဇ ပါလာခြင်းကြောင့် မေ့ဆေးအချို့ကို ခန္ဓာကိုယ်မှ ပြင်းပြင်းထန်ထန် တုံ့ပြန်ခြင်းဖြစ်သည်၊ ဖြစ်နိုင်ခြေ အလွန်နည်းပါးသော်လည်း အသက်သေဆုံးသည်အထိ အန္တရာယ်ရှိသောကြောင့် မိသားစုတွင် ဖြစ်ဖူးပါက မေ့ဆေးဆရာဝန်အား အသိပေးရမည်။
  • အာရုံကြောထိခိုက်ခြင်း (Nerve damage)
    မေ့ဆေးပေးထားချိန်တွင် ခန္ဓာကိုယ်တုံ့ပြန်လှုပ်ရှားမှု မပြုလုပ်နိုင်သောကြောင့် အချို့အာရုံကြောများ (အထူးသဖြင့် ခြေ၊ လက်အာရုံကြောများ) ထိခိုက်နိုင်သည်။
  • မေ့ဆေးပြယ်ချိန်တွင် ကယောင်ကတမ်းဖြစ်ခြင်း (Post-operative delirium)
    အသက်အရွယ်ကြီးသူများတွင် ပိုမိုဖြစ်ပွါးတတ်ပြီး တစ်ပတ်အတွင်း သက်သာပျောက်ကင်းနိုင်သည်။

References:

  1. Mayo Clinic. (n.d.). General anesthesia. Retrieved November 20, 2025, from https://www.mayoclinic.org/tests-procedures/anesthesia/about/pac-20384568
  2. Cleveland Clinic. (n.d.). Anesthesia. Retrieved November 20, 2025, from https://my.clevelandclinic.org/health/treatments/15286-anesthesia
  3. UpToDate. (n.d.). General anesthesia in adults: Discharge instructions—The basics. Retrieved November 20, 2025, from https://www.uptodate.com/contents/general-anesthesia-in-adults-discharge-instructions-the-basics
  4. UpToDate. (n.d.). Anesthesia in adults: The basics. Retrieved November 20, 2025, from https://www.uptodate.com/contents/anesthesia-in-adults-the-basics

Published: 16 December 2024

Last updated: 15 January 2026

Share

26 December 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.