Mammogram (ရင်သားဓာတ်မှန်ရိုက်ခြင်း)

Mammogram (ရင်သားဓာတ်မှန်ရိုက်ခြင်း)

ရင်သားဓာတ်မှန် (Mammogram) ဆိုသည်မှာ ပမာဏနည်းသော ဓာတ်ရောင်ခြည်ကို အသုံးပြု၍ ရင်သားတစ်ရှူးကို ဓာတ်မှန်ရိုက်ခြင်းဖြစ်သည်။ ရောဂါလက္ခဏာမပြခင် ရင်သားတစ်ရှူး ပြောင်းလဲမှုများကို ရင်သားဓာတ်မှန်ရိုက်ခြင်းဖြင့် ရင်သားကင်ဆာကို ကြိုတင်သိရှိနိုင်သည်။ ထိုကြောင့် ရင်သားဓာတ်မှန်သည် ရင်သားကင်ဆာ ရောဂါကြိုတင်စစ်ဆေးခြင်းနှင့် ရောဂါအမည်သတ်မှတ်ခြင်းတွင် အသုံးဝင်သောစစ်ဆေးမှုဖြစ်ပြီး၊ ယခုအခါ ဤစစ်ဆေးမှုကို တွင်တွင်ကျယ်ကျယ် အသုံးပြုကြသည်။

Mammogram image 1

ရင်သားဓာတ်မှန်သည် ရင်သားတစ်ရှူးများကို စစ်ဆေးကြည့်ရှုရန် ဒီဇိုင်းလုပ်ထားသော ဓာတ်မှန်စက်အမျိုးအစားဖြစ်သည်။ အရိုးများကိုကြည့်ရန် ပြုလုပ်ထားသော ဓာတ်မှန်စက်များထက် ဓာတ်‌ရောင်ခြည်ပြင်းအား လျော့နည်းသည်။ ရင်သားကို ညှစ်ထားသောအနေအထားဖြင့် ရိုက်ပြီး ထွက်လာသော အဖြူအမည်းပုံရိပ်များကို ကွန်ပျူတာတွင် ဒီဂျစ်တယ်ပုံရိပ်အဖြစ် ထည့်သွင်းသိမ်းဆည်းသည်။ ဓာတ်မှန်ရိုက်သည့်အခါ ရင်သားကိုငြိမ်အောင်ဖိထားမှသာ တိကျသည့်ပုံရိပ်ကို ကောင်းစွာရသည်။ ဓာတ်မှန်ကျွမ်းကျင်သူမှ ရင်သားဓာတ်မှန်ရိုက်ပြီး ဓာတ်မှန်အထူးကုဆရာဝန်မှ ရင်သားဓာတ်မှန်ကိုကြည့်၍ အဖြေထုတ်သည်။

ရင်သားဓာတ်မှန် အမျိုးအစား (၂) မျိုးရှိသည်။

  1. ရင်သားကင်ဆာကို ကြိုတင်သိရှိနိုင်ရန် စစ်ဆေးသော ရင်သားဓာတ်မှန် (Screening Mammogram)
    • ရောဂါလက္ခဏာမပြသေးသူများတွင် ကင်ဆာဖြစ်စေနိုင်သော ရင်သားပြောင်းလဲမှုများကို စစ်ဆေးနိုင်သော ရင်သားဓာတ်မှန်ဖြစ်သည်၊ အဓိကရည်ရွယ်ချက်မှာ ကင်ဆာရောဂါကို အရွယ်အစား သေးငယ်သည့်အချိန်နှင့် ကုသရန် လွယ်ကူသော အဆင့်တွင် စောစီးစွာ ရှာဖွေတွေ့ရှိရန်ဖြစ်သည်
    • ဤရင်သားဓာတ်မှန်တွင် ရင်သားတစ်ဖက်စီအတွက် မတူညီသောရှုထောင့် (အပေါ်အောက်၊ ဘေးနှစ်ဖက်) မှ ရိုက်ထားသောဓာတ်မှန်ပုံ (၂) ပုံ အနည်းဆုံးပါဝင်သည်၊ ရင်သားအစားထိုးခွဲစိတ်ပြုပြင်မှု ရှိထားပါက ဓာတ်မှန်ပုံများ ပို၍လိုအပ်သည်
    • ပုံမှန်အားဖြင့် အမျိုးသမီးများသည် အသက် (၄၀) အရွယ်မှစတင်၍ စစ်ဆေးရန် လိုအပ်ပြီး၊ တစ်နှစ်လျှင် တစ်ကြိမ် ပုံမှန်စစ်ဆေးသင့်သည်
  2. ရင်သားတွင် ပြဿနာရှိသူများတွင် ရောဂါရှာဖွေနိုင်ရန် စစ်ဆေးသော ရင်သားဓာတ်မှန် (Diagnostic Mammogram)
    • ဤရင်သားဓာတ်မှန်တွင် ပုံမှန်မဟုတ်သော ရင်သားတစ်ရှူးပြောင်းလဲခြင်းများ (ရင်သားအကျိတ် အသစ်တွေ့ခြင်း၊ ရင်သားနာခြင်း၊ ရင်သားပေါ် ရှိအရေပြား ပုံမှန်မဟုတ်ခြင်း၊ နို့သီးခေါင်းမှ အရည်ထွက်ခြင်းနှင့် နို့သီးခေါင်းအနာဖြစ်ခြင်း) ကိုတွေ့ရှိပါက သက်ဆိုင်ရာဆရာဝန်မှ ရောဂါရှာဖွေတွေ့ရှိနိုင်ရန် စစ်ဆေးသော ရင်သားဓာတ်မှန်ကို ထပ်၍ရိုက်ရန် ညွှန်ကြားသည်
    • ရင်သားဓာတ်မှန်နှစ်မျိုးလုံးသည် တူညီသောစက်များကို အသုံးပြုသော်လည်း ဤရင်သားဓာတ်မှန်တွင် ပို၍အဆင့်မြင့်သော ပုံရိပ်ဖော်နည်းပညာကို အသုံးပြုထားပြီး ပုံရိပ်အရေအတွက် ပို၍များများပါဝင်သည်

ကနဦးတွင် ရင်သားကင်ဆာ ရှာဖွေရန် (2D) နည်းပညာကို အသုံးပြုထားသော ရင်သားဓာတ်မှန်ကို အသုံးပြုခဲ့ကြပြီး၊ ယခုအခါတွင် (3D) နည်းပညာကို အသုံးပြုထားသော ရင်သားဓာတ်မှန်သည် ပိုမိုရှင်းလင်းစွာ မြင်တွေ့ရပြီး ပိုမိုတိကျသော ပုံရိပ်များကို ရရှိနိုင်သဖြင့် ပို၍ အသုံးများလာကြသည်။

  • 2D ရင်သားဓာတ်မှန်
    2D ရင်သားဓာတ်မှန်သည် ရင်သားတစ်ရှူးများကို ကြည့်ရှုစစ်ဆေးနိုင်သည့် သမားရိုးကျ နည်းလမ်းတစ်ခုဖြစ်သည်။ ရင်သားတစ်ဖက်စီကို အပေါ်မှအောက်သို့ ရိုက်ထားသော ဓာတ်မှန်ပုံရိပ် တစ်ခုနှင့် ဘေးတစ်ဖက်မှ အခြားဘေးတစ်ဖက်သို့ ရိုက်ထားသော ဓာတ်မှန်ပုံရိပ်တစ်ခုကို ပေါင်းစပ်၍ ပုံရိပ်တစ်ခုအဖြစ် ထုတ်ပေးသည်။ ရင်သားတစ်ခုလုံးအတွက် ပုံရိပ်တစ်ခုဖြင့်သာ ကြည့်ရှုရသည့်အတွက် သေးငယ်သော အလုံး၊ အကျိတ် ပြဿနာများသည် ရင်သားတစ်ရှူးများအကြား ပျောက်ကွယ်နေနိုင်သည်။
  • 3D ရင်သားဓာတ်မှန်
    3D ရင်သားဓာတ်မှန်သည် ဒီဂျစ်တယ်ရင်သားပုံရိပ်ဖော်စက်ဟုလည်း ခေါ်ဝေါ်ကြသည်။ ဤစက်သည် ရင်သားတစ်ခုလုံးပေါ်တွင် စက်ဝိုင်းပုံသဏ္ဌာန် ရွေ့လျားပြီး ရင်သားတစ်ဖက်စီကို ရှုထောင့်ပေါင်းမျိုးစုံမှ ပါးလွှာသော ဓာတ်မှန်ပုံရိပ်များစွာကို ထုတ်‌ပေးနိုင်သောကြောင့် ရင်သားတစ်ရှူးများ၏ ပိုမိုတိကျသော ပုံရိပ်များကို ဖန်တီးပေးနိုင်သည်။ ထိုသို့ ရင်သားတစ်ခုလုံးကို ပါးလွှာသော အလွှာလိုက်ပုံရိပ်များအဖြစ် ကြည့်ရှုရသည့်အတွက် ပုံမှန်မဟုတ်သော အရာများကို ပိုမိုလွယ်ကူစွာ ရှာဖွေတွေ့ရှိနိုင်သည်။

ယေဘုယျအားဖြင့် 2D သို့မဟုတ် 3D ရင်သားဓာတ်မှန် နှစ်မျိုးစလုံးသည် ရင်သားကင်ဆာကို စောစီးစွာရှာဖွေတွေ့ရှိရန် သို့မဟုတ် ရောဂါရှာဖွေနိုင်ရန်တို့အတွက် အသုံးပြုနိုင်သည်။ သို့သော် 3D ရင်သားဓာတ်မှန်သည် ရင်သားတစ်ရှူးများ [အမျှင်နှင့် ဂလင်းတစ်ရှူးများသော ရင်သား (dense breast) သို့မဟုတ် ရိုးရိုးအဆီများသော ရင်သား (non-dense breast)] ကို ပိုမိုတိကျသော ပုံရိပ်များအဖြစ် ထုတ်ပေးနိုင်သည်။

အမျှင်နှင့် ဂလင်းတစ်ရှူးများသော တစ်ရှူး (dense breast tissue) နှင့် ကင်ဆာတစ်ရှူးနှစ်မျိုးစလုံးသည် အဖြူရောင်ပုံရိပ်အဖြစ် မြင်တွေ့ရသည့်အတွက် ကင်ဆာတစ်ရှူးများ မတွေ့ရဘဲ ဖုံးကွယ်နေနိုင်သည်။ ထိုကဲ့သို့ dense breast tissue ရှိသူများတွင် 3D ရင်သားဓာတ်မှန်ကို အသုံးပြုပါက အမျှင်နှင့် ဂလင်းများသော တစ်ရှူးနှင့် ကင်ဆာတစ်ရှူးတို့ကို ခွဲခြားရာတွင် များစွာအထောက်အကူပြုသည်။

သို့သော် တစ်ခါတစ်ရံတွင် အမျှင်နှင့် ဂလင်းတစ်ရှူး အလွန့်အလွန်များပြားသော ရင်သား (extremely dense breast) သို့မဟုတ် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာကို တွေ့ရှိပါက အာထရာဆောင်း သို့မဟုတ် သံလိုက်ဓာတ်မှန်များကို လိုအပ်လျှင် ထပ်မံရိုက်ကူးရန် ဆရာဝန်များမှ အကြံပြုပေးလိမ့်မည်။ 3D ရင်သားဓာတ်မှန်သည် တိကျပြတ်သားသော ပုံရိပ်များကို ဖန်တီးပေးနိုင်သဖြင့် မလိုလားအပ်သော အပိုဆောင်းစစ်ဆေးမှုများ ပြုလုပ်ရန် မလိုအပ်သည့်အပြင် မလိုလားအပ်သော စိုးရိမ်ပူပန်မှုများကိုလည်း လျှော့ချပေးနိုင်သည်။ 2D ရင်သားဓာတ်မှန်သည် ကုန်ကျစရိတ်သက်သာပြီး 3D ရင်သားဓာတ်မှန်ထက် ဓာတ်ရောင်ခြည် အသုံးပြုမှု အနည်းငယ် လျော့နည်းသည်။ သို့သော် 2D နှင့် 3D ရင်သားဓာတ်မှန် နှစ်မျိုးစလုံးတွင် အသုံးပြုသော ဓာတ်ရောင်ခြည် ပမာဏသည် ဘေးအန္တရာယ်မဖြစ်စေနိုင်သည့် စိတ်ချရသော ပမာဏသာဖြစ်သည်။

သွေးကြောထဲသို့ ဆေးရည်သွင်း၍ ရင်သားဓာတ်မှန်ရိုက်ခြင်း (Contrast enhanced Mammogram)
ပုံမှန်ရင်သားဓာတ်မှန်များ ရိုက်ပြီး‌နောက် သံသယဖြစ်ဖွယ်များကို တွေ့ရှိပါက သံလိုက်ဓာတ်မှန် (MRI) အသုံးပြုရန် မသင့်တော်သည့် လူနာများတွင် သွေးကြောထဲသို့ အိုင်အိုဒင်းအခြေခံထားသော ဆေးရည်သွင်း၍ ရင်သားဓာတ်မှန် (Contrast-enhanced mammogram) ရိုက်ခြင်း ပြုလုပ်နိုင်သည်။ ထိုသို့ဆေးရည်သွင်း၍ ရိုက်ခြင်းဖြင့် ပုံမှန်မဟုတ်သော သွေးကြောများ၊ ကင်ဆာတစ်ရှူးများ၏ တက်ကြွလှုပ်ရှားမှုများနှင့် ရင်သားအတွင်း ကင်ဆာမည်မျှ ပျံ့နှံ့နေကြောင်းတို့ကို တွေ့ရှိရနိုင်သည်။ သို့သော် ဆေးရည်သွင်း၍ ရင်သားဓာတ်မှန်ရိုက်ခြင်းကို ရောဂါရှာဖွေရန်အတွက် အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ‌ရေးဌာန (US FDA) မှ အတည်ပြုထားသော်လည်း ကင်ဆာရောဂါကြိုတင်ကာကွယ်ရေးတွင် အသုံးပြုခြင်းကို တရားဝင်အတည်ပြုချက် မရရှိသေးပါ။

ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

အောက်ပါအခြေအနေများတွင် ရင်သားဓာတ်မှန်ရိုက်ရန် လိုအပ်သည်။

  • အသက် (၄၀) နှင့်အထက် အမျိုးသမီးများအားလုံး
  • ရင်သားကင်ဆာဖြစ်ဖူးသူများ
  • မိသားစုမျိုးရိုးတွင် ရင်သားကင်ဆာ၊ သားဥအိမ်ကင်ဆာ ရောဂါရာဇဝင်ရှိသူများ
  • ရင်သားကင်ဆာဖြစ်စေသော မျိုးဗီဇ (BRCA 1, BRCA 2) သယ်ဆောင်သူများ
  • အချို့သော ကင်ဆာမဟုတ်သည့် ရင်သားရောဂါများ (ဥပမာ – Atypical ductal hyperplasia or Lobular neoplasia)
  • အမျိုးသားဖြစ်သော်လည်း မိသားစုမျိုးရိုးတွင် ရင်သားကင်ဆာ ရောဂါရာဇဝင်ရှိသူများ
  • ရင်သားတွင် အကျိတ်ဖြစ်ခြင်း၊ အနာဖြစ်ခြင်း
  • နို့သီးခေါင်း သွေးထွက်ခြင်း၊ အနာဖြစ်ခြင်း
  • အမျှင်နှင့်ဂလင်းတစ်ရှူး ပါဝင်မှုများသော ရင်သား (Dense breast)
ကြိုတင်သိရှိထားရမည့် အချက်များ

ရင်သားဓာတ်မှန်မရိုက်မီ ကြိုတင်သိရှိရမည့် အချက်များမှာ_

  • မိမိသည် မိခင်နို့တိုက်နေခြင်း၊ ကိုယ်ဝန်ရှိနေခြင်း သို့မဟုတ် ကိုယ်ဝန်ရှိနေသည်ဟု ထင်ပါက သက်ဆိုင်ရာဆရာဝန်အား ပြောပြရန်လိုသည်၊ ယင်းအခြေအနေများတွင် ရင်သားဓာတ်မှန်အစား ရင်သားအာထရာဆောင်းကို အစားထိုးရိုက်ရန် အကြုံပြုနိုင်သည်
  • ရာသီလာနေစဥ် သို့မဟုတ် ရာသီမလာခင်တစ်ပတ်အလိုတွင် ရင်သားများနာကျင်နိုင်သောကြောင့် ရင်သားဓာတ်မှန်ရိုက်ရန် ရက်ကိုရွှေ့ဆိုင်းနိုင်သည်
  • ရင်သားအစားထိုးကုသမှု ခံယူထားခြင်း သို့မဟုတ် လတ်တလော ကာကွယ်ဆေးထိုးထားခြင်းများ ရှိပါက သက်ဆိုင်ရာဆရာဝန်အား ပြောပြရန်လိုသည်၊ ကာကွယ်ဆေးထိုးထားပါက ကိုယ်ခံအားစနစ်မှ တုံ့ပြန်သဖြင့် ပြန်ရည်ကျိတ်ကြီးခြင်းဖြစ်ပေါ်နိုင်သောကြောင့် ရင်သားရောဂါလက္ခဏာများ (ဥပမာ _ ရင်သားနာကျင်ခြင်း၊ ရင်သားတွင် အလုံးအကျိတ် စမ်းမိခြင်း၊ နို့သီးခေါင်းမှ အရည်များထွက်ခြင်း) မရှိလျှင် အနည်းဆုံး (၆) ပတ်ခန့်ခွါ၍ ရိုက်ကူးရန် အကြံပြုနိုင်သည်၊ သို့သော် ရင်သားရောဂါလက္ခဏာများ ရှိနေပါက စောင့်ဆိုင်းရန် မလိုဘဲ ရင်သားဓာတ်မှန်ရိုက်နိုင်ပြီး၊ နောက်ဆုံး ကာကွယ်ဆေးထိုးသည့် အချိန်၊ ကာကွယ်ဆေးထိုးသည့် နေရာ (ဥပမာ _ ဘယ်/ညာ လက်မောင်း) တို့ကို ပြောပြရန် လိုအပ်သည်)
  • ရင်သားဓာတ်မှန်ရိုက်ပါက ရင်သားဓာတ်မှန်ရိုက်သည့်နေ့တွင် ပုံမှန်လုပ်ဆောင်မှုများကို လုပ်ဆောင်နိုင်သည် (ဥပမာ_အစာစားခြင်း၊ အရည်သောက်ခြင်း၊ သောက်လက်စဆေးများ သောက်ခြင်း)
  • အမွှေးနံ့များ၊ ‌‌ရေမွှေးများ၊ လိုးရှင်းများနှင့် ပေါင်ဒါများ အသုံးပြုခြင်း မပြုလုပ်ရပါ (ဓာတ်မှန်၏တိကျမှုကို နှောင့်ယှက်နိုင်သောကြောင့်ဖြစ်သည်)
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
Mammogram image 2

ရင်သားဓာတ်မှန်ရိုက်ရန်

  • ခါးအပေါ်ပိုင်းရှိအဝတ်များနှင့် လက်ဝတ်ရတနာများအားလုံးကို ချွတ်ထား၍ ရှေ့ကွဲဆေးရုံဝတ်စုံကို ဝတ်ဆင်ရမည်
  • ရင်သားဓာတ်မှန်ရိုက်သည့် စက်၏ရှေ့တွင် မျက်နှာချင်းဆိုင်ရပ်၍ ရင်သားတစ်ဖက်ကို စက်၏အောက်ရှိ ရင်သားထိန်းမပေးသော အပြားပေါ်တွင်တင်ပါ (Breast Support Plate)
  • ထိန်းမထားသောရင်သားပေါ်သို့ ပလတ်စတစ်ပြားတစ်ခု (Plastic Paddle) ကိုအပေါ်မှအောက်သို့ လျောချ၍ (၃)စက္ကန့် မှ (၅)စက္ကန့်ခန့် အညီအမျှဖိထားသော အနေအထားဖြင့် ရိုက်သည်
  • ဖိအားများ၍ မသက်မသာဖြစ်ပါက ဖိအားချိန်ညှိရန် ဓာတ်မှန်ကျွမ်းကျင်သူကို ပြောနိုင်သည်
  • ရင်သားနှစ်ဖက်လုံးတွင် ရောဂါလက္ခဏာရှိပါက ကျန်တစ်ဖက်ကိုလည်း အထက်ပါနည်းအတိုင်း ရိုက်ရသည်
  • ရင်သားတစ်ရှူးပုံရိပ်ဖော်မှု မကောင်းပါက ပြန်၍ရိုက်ရန်လိုသည်
  • ရင်သားဓာတ်မှန်ရိုက်ပြီးပါက ပုံမှန်နေ့စဥ်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နိုင်သည်
သိရှိနိုင်သောအဖြေများ

ရင်သားဓာတ်မှန် ရိုက်ပြီးနောက် ရင်သားတစ်ရှူးများ၏ အဖြူအမည်းပုံရိပ်များကို ကွန်ပျူတာဖန်သားပြင်ပေါ်တွင် ဒီဂျစ်တယ်ပုံရိပ်များအဖြစ် ထုတ်လုပ်ပေးသည်။ ဓာတ်မှန်အထူးကု ဆရာဝန်များမှ ထိုပုံရိပ်များကို ကြည့်ရှူ၍ ရင်သားဓာတ်မှန်အဖြေကို ထုတ်ပေးပြီးနောက် သက်ဆိုင်ရာ ဆရာဝန်များမှ ဓာတ်မှန်အဖြေကို ရှင်းလင်းပြောပြမည်ဖြစ်သည်။

  • ပုံမှန်မဟုတ်သော ရင်သားတစ်ရှူးတွင် အမျှင်ဂလင်းဓာတ်သည် အဆီဓာတ်ထက်ပိုများခြင်း၊ ရင်သားမညီမညာဖြစ်ခြင်း၊ ရင်သားပုံသဏ္ဌာန်ပျက်ခြင်း၊ ကယ်လ်ဆီယမ်ဓာတ်စုပုံခြင်းများ တွေ့ရသည်။ အကယ်၍ ကင်ဆာရောဂါ သံသယလက္ခဏာများကို တွေ့ရှိပါက အခြားစမ်းသပ်စစ်ဆေးမှုများ (ရင်သားကို သံလိုက်ဓာတ်မှန်ရိုက်ခြင်း၊ အသားစယူခြင်း) ထပ်မံပြုလုပ်ရန် လိုအပ်သည်
  • ပုံမှန်ရင်သားတစ်ရှူးဖြစ်ပါက တစ်နှစ်လျှင် တစ်ကြိမ် သို့မဟုတ် သက်ဆိုင်ရာဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ထပ်မံစစ်ဆေးရန်လိုသည်
နောက်ဆက်တွဲဆိုးကျိုးများ

ယေဘုယျအားဖြင့် ရင်သားအားဖိထားချိန်တွင် အနည်းငယ်နာကျင်ခြင်း၊ မသက်မသာဖြစ်ခြင်း စသော နောက်ဆက်တွဲဆိုးကျိုးများရှိသည်။ သို့သော် ရင်သားဓာတ်မှန်ရိုက်သောအချိန်သည် တိုတောင်းသောကြောင့် နာကျင်မှုကို အချိန်ကြာရှည်စွာမခံစားရပါ။ ထိုသို့နာကျင်မှုခံစားရခြင်းသည် ရင်သားအရွယ်အစား၊ ဖိထားရန်လိုအပ်သော ရင်သားပမာဏ၊ ရာသီလာခါနီးအချိန်၊ ဓာတ်မှန်ကျွမ်းကျင်သူ၏ ကျွမ်းကျင်မှုတို့အပေါ်တွင် မူတည်သည်။

ယေဘုယျအားဖြင့် ရင်သားအားဖိထားချိန်တွင် အနည်းငယ်နာကျင်ခြင်း၊ မသက်မသာဖြစ်ခြင်း စသော နောက်ဆက်တွဲဆိုးကျိုးများရှိသည်။ သို့သော် ရင်သားဓာတ်မှန်ရိုက်သောအချိန်သည် တိုတောင်းသောကြောင့် နာကျင်မှုကို အချိန်ကြာရှည်စွာမခံစားရပါ။ ထိုသို့နာကျင်မှုခံစားရခြင်းသည် ရင်သားအရွယ်အစား၊ ဖိထားရန်လိုအပ်သော ရင်သားပမာဏ၊ ရာသီလာခါနီးအချိန်၊ ဓာတ်မှန်ကျွမ်းကျင်သူ၏ ကျွမ်းကျင်မှု တို့အပေါ်တွင် မူတည်သည်။

References:

  1. Centers for Disease Control and Prevention. (n.d.). Breast cancer screening. Retrieved November 15, 2025, from https://www.cdc.gov/breast-cancer/screening/index.html
  2. Cancer.org. (2025). 2D vs 3D mammograms: Understanding the differences. Retrieved November 15, 2025, from https://www.cancer.org/cancer/latest-news/2d-vs-3d-mammograms-understanding-the-differences.html
  3. Cleveland Clinic. (n.d.). Mammogram. Retrieved November 15, 2025, from https://my.clevelandclinic.org/health/diagnostics/4877-mammogram
  4. The University of Texas MD Anderson Cancer Center. (n.d.). What is a contrast-enhanced mammogram? Retrieved November 15, 2025, from https://www.mdanderson.org/cancerwise/what-is-a-contrast-enhanced-mammogram.h00-159701490.html
  5. Hopkins Medicine. (n.d.). Mammogram procedure. Retrieved November 15, 2025, from https://www.hopkinsmedicine.org/health/treatment-tests-and-therapies/mammogram-procedure
  6. Mayo Clinic. (n.d.). Mammogram: About the test. Retrieved November 15, 2025, from https://www.mayoclinic.org/tests-procedures/mammogram/about/pac-20384806

Published: 20 November 2024

Last updated: 6 January 2026

Share

26 November 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.