နှာခေါင်းပိုက် (Nasogastic tube) သည် ပါးလွှာပျော့ပျောင်းသည့် ပလတ်စတစ်ပိုက် အမျိုးအစားဖြစ်ပြီး နှာခေါင်းပေါက်မှတစ်ဆင့် လည်ချောင်း၊ အစာရေမျိုပြွန်ကို ဖြတ်သန်းကာ အစာအိမ်ထဲသို့ ထည့်သွင်းခြင်းဖြစ်သည်။ နှာခေါင်းပိုက်များကို ကိုယ်ခန္ဓာအတွင်း အာဟာရဓာတ်များ ရရှိစေရန်၊ အစာအိမ်အတွင်းရှိ အဆိပ်အတောက် ဖြစ်စေသောအရာများကို ဖယ်ရှားရန်နှင့် အူလမ်းကြောင်းပိတ်ဆို့သည့် အခြေအနေများတွင် အစာအိမ်နှင့် အူလမ်းကြောင်းကို အနားပေးရန် အဓိကထည့်သွင်းကြသည်။ ခွဲစိတ်မှုခံယူရသော လူနာများတွင် မခွဲစိတ်မီနှင့် ခွဲစိတ်ပြီးအချိန်များတွင် အများဆုံးပြုလုပ်လေ့ရှိပြီး၊ ကလေးလူကြီးမရွေး နှာခေါင်းပိုက်လိုအပ်သည့်အချိန်များ၌ ထည့်သွင်းနိုင်သည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
အောက်ပါအခြေအနေများတွင် နှာခေါင်းပိုက်ထည့်ရန် လိုအပ်နိုင်သည်။
- အစာအိမ်အတွင်းသို့ ဆေးဝါးများ၊ အစားအစာများ ထည့်သွင်းရန်
- လိုအပ်ပါက အစာအိမ်ထဲမှ အဆိပ်အတောက်များ၊ မကောင်းသောအရည်များ၊ အစာဟောင်းများကို ပြန်လည်စုပ်ထုတ်ရန်
- အူလမ်းကြောင်း ပိတ်ဆို့သည့်အခြေအနေများတွင် အစာအိမ်နှင့် အူလမ်းကြောင်းကို အနားပေးရန်
အစာအိမ်အတွင်းမှ အရာများကို ဖယ်ရှားရန်လိုအပ်ပါက အရေးပေါ် အချိန်တိုသာ နှာခေါင်းပိုက်ထည့်ရန် လိုအပ်ပြီး၊ အစားအစာကျွေးရန်နှင့် အစာအိမ်၊ အူလမ်းကြောင်းကို အနားပေးရန် ရည်ရွယ်ချက်ဖြင့် ထည့်သွင်းပါက အချိန်ကြာနိုင်သည်။
နှာခေါင်းပိုက်ထည့်ရန် မသင့်တော်သောအခြေအနေများ
- မျက်နှာ ပြင်းထန်ဒဏ်ရာရသူများ (Severe facial injuries)
- ဦးခေါင်းခွံ အခြေရိုး ကျိုးခြင်း (Basal skull fractures)
- အစာရေမျိုပြွန် ထိခိုက်ထားသူများ (ဥပမာ _ အမြှေးပါးနံရံကို လောင်စေသော အရာဝတ္ထုများကို မျိုချထားသူများ) (Oesophageal trauma due to ingestion of caustic substances)
- အစာရေမျိုပြွန်တွင် ပြင်ပမှဝင်နေသော ပစ္စည်း သို့မဟုတ် ကင်ဆာအကျိတ်များဖြင့် ပိတ်ဆို့နေသူများ (Oesophageal obstruction due to neoplasm or foreign body)
- သွေးမတိတ်သောရောဂါရှိသူများ၊ သွေးထွက်လွယ်သော အခြေအနေရှိသူများ စသည့်အခြေအနေများတွင် နှာခေါင်းပိုက် မထည့်သင့်ပါ။
နှာခေါင်းပိုက်ဖြင့် အစာကျွေးခြင်း
နှာခေါင်းပိုက်ဖြင့် အစာကျွေးခြင်းကို အစာဝါးစားရန်၊ မျိုချရန် ခက်ခဲသော အခြေအနေများ၊ အစာလမ်းကြောင်းအတွင်း အနာကျက်ရန် လိုအပ်သည့်အခြေအနေများနှင့် အာဟာရပိုမိုလိုအပ်သည့် အချိန်များတွင်လည်း အသုံးပြုသည်။
- အစာမျိုချရန် ခက်ခဲခြင်း
- ဦးနှောက်ကင်ဆာ၊ လည်ပင်းကင်ဆာ ဖြစ်ခြင်း
- သတိကောင်းစွာမရခြင်း၊ သတိလစ်ခြင်း
- အာဟာရချို့တဲ့ခြင်း
- နာတာရှည် အူရောင်ရမ်းနာရောဂါများ (Inflammatory Bowel Disease) စသော အခြေအနေများတွင် အသုံးပြုသည်။
အစာအိမ်မှပိုက်ဖြင့် စုပ်ထုတ်ခြင်း
အချို့သော အရေးပေါ်အခြေအနေများတွင် နှာခေါင်းပိုက်ကိုအသုံးပြု၍ အစာအိမ်ထဲမှအရာများကို စုပ်ထုတ်သည်။ ဥပမာ _ အဆိပ် သို့မဟုတ် အန္တရာယ်ရှိသော ဆေးပမာဏ အများအပြားသောက်ခြင်း စသောအခြေအနေများတွင် အစာအိမ်အတွင်းရှိ အန္တရာယ်ရှိသောအရာများကို စုပ်ထုတ်ရန်သုံးသည်။ ထို့ပြင် အစာအိမ်ကို ဖောင်းတင်းလာစေသည့် ရောဂါအခြေအနေများတွင် အစာအိမ်အတွင်းရှိ ဖိအားကို လျော့ကျစေရန်သုံးသည်။
- အဆိပ်သင့်ခြင်း (Poisoning)
- အစာအိမ်ထွက်ပေါက်ပိတ်ခြင်း
- အူလမ်းကြောင်းတစ်လျှောက် ပိတ်ဆို့ခြင်း
- ဆေးဝါးဖြင့် မသက်သာသော ပျို့အန်ခြင်းများ
- အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ခွဲစိတ်ခြင်းများ
- အစာအိမ်နှင့် အူလမ်းကြောင်းအပေါ်ပိုင်းမှ သွေးထွက်ခြင်း စသည်တို့တွင် အသုံးပြုသည်။
ကောင်းကျိုးများ
- ခွဲစိတ်ထည့်ရန် မလိုသောကြောင့် မေ့ဆေးအန္တရာယ် မခံရခြင်း
- အလွယ်တကူ လျင်မြန်စွာ ထည့်နိုင်ခြင်း
- အရေးပေါ်အခြေအနေများတွင် အသုံးပြုနိုင်ခြင်း
- အာဟာရပို၍ပေးနိုင်ခြင်းစသည့် ကောင်းကျိုးများရှိသည်။
နှာခေါင်းပိုက် ထည့်သွင်းပုံအဆင့်ဆင့်
ဆရာဝန် သို့မဟုတ် သူနာပြုမှ နှာခေါင်းပိုက်ထည့်ခြင်းကို အောက်ပါအတိုင်း အဆင့်ဆင့်ပြုလုပ်မည်ဖြစ်သည်။
- နှာခေါင်းပိုက်ထည့်ပုံ နည်းလမ်းများကို သေချာစွာရှင်းပြပြီး သဘောတူညီချက် တောင်းယူမည်
- ထိုင်နေသည့်အနေအထား သို့မဟုတ် ပက်လက်အနေအထားဖြင့် နှာခေါင်းပိုက်ထည့်နိုင်သည်
- အစာအိမ်အတွင်းသို့ထည့်ရန် နှာခေါင်းပိုက်အရှည်ကို တိုင်းတာ၍ အမှတ်မှတ်သားသည်၊ အတိုင်းအတာသည် ပုံမှန်အရွယ်ရောက်ပြီးသူတစ်ဦးအတွက် အကြမ်းအားဖြင့် ၅၅ စင်တီမီတာခန့်အထိ ထည့်ရန်လိုသည်
- လက်အိတ်ဝတ်ဆင်ပြီး ပိုးသတ်ထားသော နှာခေါင်းပိုက်ထိပ်ပိုင်းကို ထုံဆေးပါသော ချောဆီလိမ်းဆေးကို သုတ်လိမ်းသည်
- စိတ်မသက်မသာဖြစ်မှုနှင့် နာကျင်မှုများ လျော့နည်းစေရန် နှာခေါင်းနှင့် လည်ချောင်းကို တစ်ခါတစ်ရံ ထုံဆေးဖျန်းသည်
- နှာခေါင်းပိုက်၏ အစပိုင်းအလျားအနည်းငယ်ကိုလည်း ချောဆီသုတ်ထားသင့်သည်၊ ထို့နောက် ပိုက်ကို နှာခေါင်းတစ်ဖက်မှ စတင်ထည့်ပြီး အာခေါင်ရောက်သည်ထိ ဖြည်းညင်းစွာ ထည့်သွင်းသည်
- အာခေါင်ရောက်သည်နှင့် အစာရေမျိုပြွန်ရှိရာ အောက်ဘက်သို့ ဦးတည်၍ အတွင်းသို့ ဖြည်းညင်းစွာထည့်သည်
- ထိုအချိန်တွင် ရေကိုပိုက်ဖြင့်စုပ်၍ မျိုချခိုင်းခြင်းသည် အစာရေမျိုပြွန်မှ အစာအိမ်အတွင်းသို့ မြန်မြန်ရောက်စေရန် အထောက်အကူပေးသည်၊ လူနာကိုယ်တိုင်မျိုချနိုင်လျှင် ပို၍လွယ်ကူစွာ ထည့်နိုင်သည်
- နှာခေါင်းပိုက်ထည့်နေစဥ် ချောင်းဆိုးခြင်း၊ သီးခြင်းနှင့် မောခြင်းဖြစ်ပါက ချက်ချင်းရပ်ထားမည်ဖြစ်ပြီး သက်သာသည့်အချိန်တွင် ပြန်လည်ထည့်သွင်းရသည်
- မှတ်ထားသောအမှတ်ရောက်ပါက အစာအိမ်အတွင်း နေရာတကျရောက်ရှိကြောင်း သေချာစေရန် ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနာပြုမှ စစ်ဆေးမည်၊ ဤအဆင့်သည် နောက်ဆက်တွဲအန္တရာယ်ကို ကာကွယ်ရန် အရေးကြီးဆုံးဖြစ်သည်
နှာခေါင်းပိုက်နေရာ မှန်မမှန် စစ်ဆေးနည်းများ
- ရင်ဘတ်ဓာတ်မှန် (Chest X-ray)
- ရင်ဘတ်ဓာတ်မှန်သည် နှာခေါင်းပိုက်၏တည်နေရာကို အတိအကျသိရှိနိုင်သော အကောင်းဆုံး (Gold Standard) နည်းလမ်းဖြစ်သည်
- ဓာတ်မှန်ကို ရင်ခေါင်းမြင်ကွင်းတစ်ခုလုံးသာမက ရင်ဝမ်းခြားကြွက်သားနှင့် ဝမ်းဗိုက်အပေါ်ပိုင်းထိ ရိုက်ကြည့်ပါက နှာခေါင်းပိုက်၏ အနေအထားတစ်လျှောက်ကို ကောင်းစွာမြင်ရနိုင်သည်
- အကောင်းဆုံးနည်းလမ်း ဖြစ်သော်လည်း အမြဲအသုံးပြုရန် အဆင်မပြေနိုင်ပါ
- သို့သော် အသုံးများသည့် အက်ဆစ်ဓာတ် (pH) တိုင်းတာခြင်းကို မပြုလုပ်နိုင်သည့်အခြေအနေ သို့မဟုတ် တိုင်းတာသည့်တန်ဖိုး မတိကျသောအခြေအနေ (ဥပမာ _ လူနာသည် အစာအိမ်အက်ဆစ်ဓာတ်ကို လျှော့ချပေးသည့်ဆေးများ သောက်ထားသော အခြေအနေ) စသည်တို့တွင် ဓာတ်မှန်ရိုက်၍ စစ်ဆေးသင့်သည်
- အက်ဆစ်ဓာတ် (pH) တိုင်းတာခြင်း
- ဤနည်းလမ်းသည် ယခုအခါ အသုံးအများဆုံး ပထမဦးစားပေး နည်းလမ်းဖြစ်လာသည်
- နှာခေါင်းပိုက်ထည့်ပြီးနောက် ထိုပိုက်မှတစ်ဆင့် အစာအိမ်အတွင်းမှ အရည်ကို ဆေးထိုးပြွန်ဖြင့် စုပ်ထုတ်ယူကာ အက်ဆစ်ဓာတ်စမ်းမည့် စက္ကူတွင် တင်ကြည့်ရမည်၊ စက္ကူတွင် ပေါ်လာသည့်အရောင်ကို အက်ဆစ်ဓာတ် (pH) အရောင်မျိုးစုံဖော်ပြထားသည့် ကိရိယာဖြင့် တိုက်ဆိုင်စစ်ဆေးရမည်
- pH အဖြေသည် အနည်းဆုံး (၅.၅) သို့မဟုတ် ထို့ထက်နည်းမှသာ နှာခေါင်းပိုက်သည် အစာအိမ်အတွင်း နေရာတကျရှိနေကြောင်း ညွှန်ပြသည်
ယခင်အသုံးပြုသော စစ်ဆေးနည်းများ
- နှာခေါင်းပိုက်မှ လေသွင်း၍ နားထောင်ခြင်း (Auscultation of Air Insufflation)
- နှာခေါင်းပိုက်၏ အစွန်းအား ရေခွက်ထဲထည့်၍ ပူဖောင်းထွက်ခြင်းကို စောင့်ကြည့်ခြင်း
- နှာခေါင်းပိုက်မှ ထွက်လာသော အရည်များ၏ အရောင်ကို စောင့်ကြည့်ခြင်း
နှာခေါင်းပိုက်မှ အစာထည့်သွင်းနည်း
နှာခေါင်းပိုက်မှ အစာထည့်သွင်းခြင်းကို လူနာအား ပြုစုသူကိုယ်တိုင် ပြုလုပ်ရလျှင် အောက်ပါအတိုင်း လိုက်နာရန်လိုသည်။
- နှာခေါင်းပိုက်မှ ထည့်သွင်းရမည့် အစားအစာသည် အရည်ပုံစံသာဖြစ်ရမည်၊ ဆရာဝန်မှညွှန်ကြားသည့် ဖော်စပ်နည်းအတိုင်း အစားအစာကို သန့်ရှင်းစွာပြင်ဆင်ရမည်၊ ပူလွန်း၊ အေးလွန်းခြင်း မဖြစ်စေရ
- အိမ်တွင်ရှိသော ဟင်းသီးဟင်းရွက်၊ ပဲ၊ စွပ်ပြုတ်များ၊ နို့၊ ရေ၊ သစ်သီးဖျော်ရည်နှင့် ထမင်းရည် စသည်တို့ကို အသုံးပြု၍ ပြင်ဆင်နိုင်သည်
- အစာမကျွေးမီ ပြင်ဆင်ထားသော အစားအစာများကို စကာဖြင့် စစ်ပြီးမှ ကျွေးရန် လိုသည်
- အစာမထည့်သွင်းမီ နှာခေါင်းပိုက်သည် ပိတ်နေခြင်း၊ ခေါက်နေခြင်း၊ အပြင်သို့ပြန်ထွက်နေခြင်း ရှိမရှိ စစ်ဆေးရမည်
- စစ်ဆေးပြီးပါက နှာခေါင်းပိုက်၏ အဖုံးကို ဖွင့်၍ (၂၀) မီလီလီတာ သို့မဟုတ် (၅၀) မီလီလီတာ ဆေးထိုးပြွန်ဖြင့် ချိတ်ဆက်ပါ
- လူနာသည် သတိလစ်နေခြင်းမရှိလျှင် အစာထည့်သွင်းမည့်အကြောင်း ပြောရန်လိုသည်
- ဆေးထိုးပြွန်တွင် အစာကိုထည့်၍ လူနာဦးခေါင်းအထက် တစ်ပေခန့်အမြင့်သို့ မြှောက်ထားပြီး သဘာဝအတိုင်း အစာကိုကျဆင်းစေရမည်၊ ဖိအားပေး၍ ထိုးထည့်ခြင်း မပြုလုပ်ရ
- အစားအစာပမာဏကို ညွှန်ကြားသည့်ပမာဏထက် ပို၍လည်းကောင်း၊ လျှော့၍လည်းကောင်း မသွင်းရ၊ အစာအိမ်ဖောင်းတင်းလျှင် အန်နိုင်သည်၊ အစာသွင်းနေစဉ် ချောင်းဆိုးခြင်း၊ အန်ခြင်းဖြစ်လျှင် ဆက်မသွင်းဘဲ ခေတ္တရပ်ရမည်၊ သက်သာသည့်အချိန်တွင်မှ ဆက်သွင်းရမည်
- ယေဘုယျအားဖြင့် ပေးနိုင်သည့် အစာပမာဏသည် (၂၀၀) မီလီလီတာ (စုစုပေါင်း ပေးနိုင်သည့် အစာနှင့် ရေပမာဏသည် ၂၅၀ မီလီလီတာ ထက်မပိုရပါ) ဖြစ်ပြီး၊ အစာကို (၂) နာရီခြား တစ်ကြိမ်ဖြင့် ည (၁၀) နာရီထိ အစာထည့်သွင်းနိုင်သည် (သို့သော် ထည့်သွင်းရမည့် အကြိမ်ရေနှင့် နာရီအပိုင်းအခြားသည် ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း လိုက်နာရန် လိုသည်)
- အစာသွင်းနေစဉ်နှင့် သွင်းပြီးချိန်တွင် ရေသန့် (၅၀) မီလီလီတာထည့်သွင်း၍ ပိုက်ကို ဆေးကြောရမည်
- အစာထည့်နေစဥ်နှင့် ထည့်ပြီးတစ်နာရီအတွင်း ဦးခေါင်းကို မြှင့်ထားရန်လိုသည်
- နှာခေါင်းပိုက်ထည့်ထားသော နှာခေါင်းတစ်ဝိုက်တွင် အရေပြားရောင်ရမ်းခြင်း၊ အနာဖြစ်ခြင်း၊ ပိုးဝင်ခြင်းများ ရှိမရှိ စစ်ဆေးရမည်၊ နှာခေါင်းနှင့် ခံတွင်းကျန်းမာရေးအတွက်လည်း ဂရုစိုက်ရမည်
- လူနာအား ရေဓာတ်ဆုံးရှုံးမှု လျော့နည်းစေရန် သတိထားရမည်၊ လိုအပ်ပါက သွေးတွင်းသတ္တုဓာတ်များကို ပြန်လည်စစ်ဆေးသင့်သည်

နောက်ဆက်တွဲဆိုးကျိုးများ
နှာခေါင်းပိုက်ကို စနစ်တကျထည့်ပါက နောက်ဆက်တွဲဆိုးကျိုး မရှိသလောက်နည်းပါးသည်။ သို့သော် အောက်ပါအခြေအနေများ ဖြစ်ပေါ်နိုင်သည်။
- မသက်မသာဖြစ်ခြင်း
- နှာခေါင်းသွေးထွက်ခြင်း
- လည်ချောင်းနာခြင်း
- နှာခေါင်းလေခိုအိတ် ပိုးဝင်ခြင်း
- ပိုက်နေရာလွဲခြင်း၊ ပြုတ်ထွက်ခြင်း
- သတ္တုဓာတ်များ မညီမျှခြင်း
- အစာအိမ်၊ အူလမ်းကြောင်း အနာဖြစ်ခြင်း၊ သွေးထွက်ခြင်း
- အသက်ရှူလမ်းကြောင်းထဲသို့ နေရာလွဲ၍ ရောက်ခြင်း
လိုက်နာဆောင်ရွက်ရမည့်အချက်များ
နှာခေါင်းပိုက်ထည့်ရသည့်လူနာတွင် အောက်ပါအခြေအနေများဖြစ်ပါက နှာခေါင်းပိုက်မှ အစာထည့်ခြင်းကို ချက်ချင်းရပ်၍ သက်ဆိုင်ရာဆရာဝန်နှင့် ပြန်လည်ပြသရန်လိုသည်။
- ချောင်းဆိုးခြင်း၊ သီးခြင်း၊ အန်ခြင်း
- နှာခေါင်းပိုက် ပြုတ်ထွက်ခြင်း
- နှာခေါင်းပိုက် အလုပ်မလုပ်ခြင်း (အစာထည့်ပါက မကျဘဲ ဖိအားခံနေခြင်း)
- နှာခေါင်းပိုက် နေရာလွဲခြင်း၊ ပိုက်ပိတ်ခြင်း
- အသက်ရှူရခက်ခဲခြင်း
- နှာခေါင်းပိုက်ထဲတွင် သွေးပါခြင်း
- ပိုးဝင်သော လက္ခဏာရှိခြင်း (ဖျားခြင်း၊ နှာခေါင်းပတ်ဝန်းကျင် နီရဲခြင်း)
နှာခေါင်းပိုက် အသစ်လဲရန်
အစားအသောက်ကျွေးရန် အသုံးပြုခြင်းအတွက် နှာခေါင်းပိုက်ထည့်သွင်းပြီးနောက် ရက်သတ္တပတ် (၄)ပတ် မှ (၆)ပတ်အကြာ သို့မဟုတ် ပိုက်ပိတ်ခြင်း၊ နေရာလွဲခြင်းစသည့် လက္ခဏာများရှိလျှင် အသစ်လဲရန် လိုအပ်သည်။ ကာလကြာရှည်စွာ အစားအစာပိုက်ကို ထည့်ထားရန် လိုအပ်ပါက နှာခေါင်းပိုက်အစား အစာအိမ်အတွင်းသို့ ခွဲစိတ်၍ ပိုက်ထည့်သွင်းခြင်း (Gastrostomy) ကို ပြုလုပ်နိုင်သည်။
References:
- Cleveland Clinic. (n.d.). Nasogastric tube. Retrieved October 21, 2025, from https://my.clevelandclinic.org/health/treatments/24313-nasogastric-tube
- Healthline. (n.d.). Nasogastric intubation and feeding. Retrieved October 21, 2025, from https://www.healthline.com/health/nasogastric-intubation-and-feeding
- MyAmericanNurse.com. (n.d.). Verifying NG feeding tube placement in pediatric patients. Retrieved October 21, 2025, from https://www.myamericannurse.com/verifying-ng-feeding-tube-placement-pediatric-patients/
- New South Wales Health. (n.d.). Nasogastric tube (NG tube) factsheet. Retrieved October 21, 2025, from https://www.schn.health.nsw.gov.au/nasogastric-tube-ng-tube-factsheet
- National Center for Biotechnology Information. (2021). In A. L. Molnar (Ed.), Nasogastric and orogastric intubation. In StatPearls. Retrieved October 21, 2025, from https://www.ncbi.nlm.nih.gov/books/NBK556063/
Published: 26 October 2024
Last updated: 4 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.