အသက်ရှူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း (Bronchoscopy) ဆိုသည်မှာ ရင်ခေါင်းအထူးကု ဆရာဝန်များမှ သေးငယ်သော ကင်မရာတပ်ဆင်ထားသည့် ပြွန်ချောင်းကိုအသုံးပြု၍ အဆုတ်နှင့်လေပြွန်များကို စစ်ဆေးကြည့်ရှုပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအကြောင်းရင်းကို ရှာဖွေခြင်းဖြစ်သည်။ များသောအားဖြင့် ပျော့ပျောင်း၍ အကွေးအဆန့် ပြုလုပ်နိုင်သော မှန်ပြောင်းကို အသုံးပြုသော်လည်း အဆုတ်ထဲတွင် သွေးထွက်ခြင်း သို့မဟုတ် အသက်ရှူလမ်းကြောင်းတွင် အရာဝတ္ထုတစ်ခုခု ပိတ်ဆို့နေသည့်အခါများတွင် ပိုမိုတောင့်တင်းသောမှန်ပြောင်းကို အသုံးပြုလေ့ရှိသည်။

ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
အောက်ပါအခြေအနေများတွင် သာမန်စမ်းသပ်စစ်ဆေးနည်းများဖြင့် ရောဂါရှာဖွေ၍ မတွေ့ရှိပါက မှန်ပြောင်းကြည့်လေ့ရှိသည်။
- ကာလကြာရှည်စွာ ချောင်းဆိုးခြင်း
- ချောင်းဆိုး သွေးပါခြင်း
- ရောဂါပိုးဝင်ခြင်း
- ရင်ဘတ်ဓာတ်မှန် (CXR) နှင့် ကွန်ပြူတာဓာတ်မှန် (CT scan) များတွင် ပုံမှန်မဟုတ်သော အရာများတွေ့ရှိခြင်းတို့တွင် မှန်ပြောင်းကြည့်၍ ရောဂါရှာဖွေနိုင်သည်။
အသက်ရှူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများ
- ရောဂါ ရှာဖွေတွေ့ရှိနိုင်ခြင်း
- အဆုတ်ထဲရှိ ရောဂါပိုးများကို ခွဲခြားသိရှိနိုင်ခြင်း
- အဆုတ်တစ်ရှူးကို အသားစယူနိုင်ခြင်း
- အသက်ရှူလမ်းကြောင်းအတွင်း ပိတ်ဆို့နေသောအရာများ ကို ဖယ်ရှားနိုင်ခြင်း (ဥပမာ_အချွဲများ၊ အလုံးအကျိတ်များ၊ ပြင်ပပစ္စည်းများ)
- အသက်ရှူလမ်းကြောင်း ပွင့်စေရန် ပြွန်ငယ် (stent) ထည့်နိုင်ခြင်း
- အသက်ရှူလမ်းကြောင်းအတွင်း သွေးထွက်နေပါက သွေးထွက်ခြင်းကို ထိန်းချုပ်နိုင်ခြင်း၊ လေပြွန်ကျဥ်း (stricture) နေပါက ချဲ့ပေးနိုင်ခြင်း
- အဆုတ်အနီးတစ်ဝိုက်ရှိ ပြန်ရည်ကျိတ်များကို ကြည့်ရှုနိုင်ခြင်းတို့ ဖြစ်ကြသည်။
ကြိုတင်သိရှိထားရမည့်အချက်များ
နေ့စဥ် ပုံမှန်သောက်နေရသော ဆေးများရှိပါက ဆရာဝန်ကို အသိပေးရမည်။ သောက်နေသည့်ဆေးများတွင် သွေးကျဲဆေး (antiplatelet – aspirin, clopidogrel)၊ သွေးမခဲဆေး (anticoagulants – Warfarin, Rivaroxaban, Dabigatran, Apixaban) များ ပါဝင်ပါက သွေးထွက်နိုင်သောကြောင့် မှန်ပြောင်းမကြည့်မီ တစ်ပတ်အလိုတွင် ဆေးများကိုရပ်ထားရန် လိုအပ်သည်။ မှန်ပြောင်းကြည့်ပြီး ဆေးပြန်သောက်ရမည့်အချိန်ကို ဆရာဝန်မှ ညွှန်ကြားလိမ့်မည်။
ကုသပုံအဆင့်ဆင့်
အသက်ရှူလမ်းကြောင်း မှန်ပြောင်းကြည့်မည်ဟု ဆုံးဖြတ်ခြင်း
ရင်ခေါင်းအထူးကုဆရာဝန်များမှ မှန်ပြောင်းကြည့်ရသည့် အကြောင်းရင်းများ၊ မှန်ပြောင်းကြည့်ခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများနှင့် ဖြစ်ပေါ်နိုင်သော ဆိုးကျိုးများကို လူနာနှင့် လူနာရှင်များ နားလည်အောင် သေချာစွာရှင်းပြမည်။ ထို့နောက် လူနာများမှ နားလည်သိရှိကြောင်းနှင့် မှန်ပြောင်းကြည့်ရန် သဘောတူကြောင်းကို လက်မှတ်ရေးထိုးရန် လိုအပ်သည်။
အသက်ရှူလမ်းကြောင်း မှန်ပြောင်းကြည့်ရန် ပြင်ဆင်ခြင်း
- မှန်ပြောင်းမကြည့်မီ (၈) နာရီအတွင်း အစားအစာစားခြင်း၊ ရေသောက်ခြင်း မပြုလုပ်ရပါ
- မှန်ပြောင်းကြည့်မည့်နေ့တွင် မျက်မှန်များ၊ မျက်ကပ်မှန်၊ နားကြားကိရိယာများ၊ သွားအတုများကို ဖယ်ရှားပြီး မှန်ပြောင်းကြည့်ရာတွင် ဝတ်ဆင်ရမည့် သတ်မှတ်ဝတ်စုံကို ဝတ်ရမည်
- ဆေးရုံရှိ မှန်ပြောင်းကြည့်မည့် စမ်းသပ်ခန်းအတွင်း ကုတင်ပေါ်တွင် လဲလျောင်းနေရမည်
- သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်းနှင့် အောက်ဆီဂျင်တို့ကို တိုင်းတာပေးသည့်စက်နှင့် လက်တွင် တပ်ဆင်ချိတ်ဆက်ပေးပြီး ပါးစပ်နှင့် နှာခေါင်းထဲသို့ ထုံဆေးဖျန်း ပေးလိမ့်မည်
- လက်နှင့် လက်ဖျံရှိသွေးကြောမှတစ်ဆင့် အိပ်ပျော်စေသော စိတ်ငြိမ်ဆေးထိုးပေးထားသဖြင့် သက်တောင့်သက်သာဖြစ်ပြီး အိပ်ချင်နေသော်လည်း သတိအနေအထားမှာ ပုံမှန်ပင်ဖြစ်သည်
- ဆရာဝန်မှ အသက်ရှူလမ်းကြောင်းမှန်ပြောင်းကို ပါးစပ် သို့မဟုတ် နှာခေါင်းမှ စတင်ထည့်ပြီး အသံအိုးကိုဖြတ်၍ အဆုတ်ထဲသို့ထည့်သည်၊ ထည့်လိုက်သည့်အချိန်တွင် နာကျင်မှုမရှိသော်လည်း သက်တောင့်သက်သာမရှိဘဲ ချောင်းဆိုးနိုင်သည်
- မှန်ပြောင်းကြည့်နေစဥ် ကင်မရာမှ ပုံများကို ကွန်ပျူတာမျက်နှာပြင်တွင် ကြည့်ရှုနိုင်သည်
- လိုအပ်လျှင် ဆရာဝန်မှ အသားစစစ်ဆေးနိုင်ရန် တစ်ရှူးစယူခြင်း၊ အရည်များကို စစ်ဆေးရန်ယူခြင်းတို့ ပြုလုပ်နိုင်သည်
- မှန်ပြောင်းကြည့်ရန် ကြာမြင့်ချိန်မှာ (၃၀-၄၅) မိနစ်ခန့် ကြာနိုင်သည်
အသက်ရှူလမ်းကြောင်း မှန်ပြောင်းကြည့်ပြီးနောက်
- မှန်ပြောင်းကြည့်ပြီးနောက် ပြဿနာတစ်ခုခုရှိလျှင် သိရှိနိုင်ရန် လူနာကို နာရီအနည်းငယ်ကြာသည်အထိ သေချာစွာ စောင့်ကြည့်ရန် လိုအပ်သည်
- ဆရာဝန်မှ အသက်ရှူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုရာတွင် တွေ့ရှိရချက်များကို ရှင်းပြပြီး အသားစယူဖြစ်ပါက ထိုအသားစကို ဓာတ်ခွဲခန်းပို့၍ စစ်ဆေးရသောကြောင့် အဖြေရရှိရန် အချိန် (၃)ရက် မှ (၅)ရက်ခန့် စောင့်ဆိုင်းရမည်ဖြစ်သည်၊ အဖြေရရှိသည့်နေ့တွင် ရက်ချိန်းပြန်ပြ၍ ဆရာဝန်နှင့် တိုင်ပင်ပြီး ကုသမှုကို ဆက်လက်ခံယူရမည်
နောက်ဆက်တွဲဆိုးကျိုးများ
ပုံမှန်အားဖြင့် အသက်ရှူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်းမှာ စိတ်ချရပြီး ဘေးထွက်ဆိုးကျိုး မရှိသလောက် နည်းသည်။ မှန်ပြောင်းကြည့်နေစဥ် သွေးတွင်းအောက်ဆီဂျင်ကျပါက အောက်ဆီဂျင် ပေးနိုင်သည်။ ဖျားပြီး အဆုတ်ရောင် (Pneumonia) ဖြစ်ခြင်း သို့မဟုတ် သွေးထွက်ခြင်း၊ အဆုတ်လေအိတ်များ ပေါက်၍ အဆုတ်ကျုံ့ခြင်း (collapsed lung) တို့ ဖြစ်ပေါ်နိုင်သော်လည်း ကုသမှုခံယူလျှင် သက်သာပျောက်ကင်းနိုင်သည်။ ဆရာဝန်မှ အသက်ရှူလမ်းကြောင်း မှန်ပြောင်းကြည့်ပြီးနောက် နောက်ဆက်တွဲဆိုးကျိုး ရှိမရှိကို ဓာတ်မှန်ရိုက်ပြီး ရှာဖွေကြည့်ရှုနိုင်သည်။
လိုက်နာဆောင်ရွက်ရမည့်အချက်များ
- ပါးစပ်နှင့် လည်ပင်းတို့တွင် ထုံနေနိုင်သဖြင့် ထုံကျဥ်မှုပျောက်ပြီး အစာမျိုနိုင်သည့်အချိန်ရောက်မှသာ အရည်စသောက်ပြီး အစာပျော့ပျော့ စတင်စားသောက်နိုင်သည်
- နောက်ရက်အနည်းငယ်အကြာတွင် လည်ပင်းနာခြင်း သို့မဟုတ် အသံဝင်ခြင်းတို့ ဖြစ်ပေါ်လာနိုင်သည်။
- တစ်ရက်ထက်ပို၍ ဖျားခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူကျပ်ခြင်းနှင့် ချောင်းဆိုးသွေးပါခြင်း ဖြစ်ပေါ်ပါက ဆရာဝန်ကို ချက်ချင်းအသိပေးရမည်
ပြောင်းလဲတိုးတက်မှုများ
အသက်ရှူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း (Bronchoscopy) သည် ရောဂါရှာဖွေမှုနှင့် ကုသမှုအတွက် အရေးပါသော နည်းလမ်းဖြစ်ပြီး နည်းပညာတိုးတက်မှုများကြောင့် ပိုမိုတိကျလွယ်ကူလာသည်။
- အာရုံခံလမ်းညွှန် မှန်ပြောင်းကြည့်ခြင်း (Navigational Bronchoscopy)
- ခန္ဓာကိုယ်အတွင်း GPS စနစ်ကဲ့သို့ လမ်းညွှန်မှုပေးသော နည်းပညာကို အသုံးပြုသည်
- သာမန်မှန်ပြောင်းဖြင့် ရောက်ရှိရန် ခက်ခဲသော အဆုတ်၏ အစွန်အဖျားနေရာများရှိ အကျိတ်ငယ်များကိုပင် တိကျစွာ ရောက်ရှိပြီး အသားစယူ စစ်ဆေးနိုင်သဖြင့် အဆုတ်ကင်ဆာရောဂါများကို စောစီးစွာ ရှာဖွေရာတွင် အလွန်အသုံးဝင်သည်။
- စက်ရုပ်နည်းပညာသုံး မှန်ပြောင်းကြည့်ခြင်း (Robotic Bronchoscopy)
- ပိုမိုသေးငယ်၍ ပျော့ပြောင်းသော မှန်ပြောင်းကို စက်ရုပ်လက်တံဖြင့် ထိန်းချုပ်မောင်းနှင်ခြင်းဖြစ်သည်
- ၎င်းသည် လက်ဖြင့်ထိန်းချုပ်ခြင်းထက် ပိုမိုတည်ငြိမ်တိကျမှုရှိသောကြောင့် အဆုတ်၏ အဝေးဆုံးအပိုင်းများအထိပင် ရောက်ရှိပြီး ရောဂါရှာဖွေကုသမှုများ ပြုလုပ်နိုင်စေသည်
- အာထရာဆောင်းနည်းပညာ ပေါင်းစပ်အသုံးပြုခြင်း (Endobronchial Ultrasound – EBUS)
- မှန်ပြောင်း၏ ထိပ်တွင် အာထရာဆောင်းစက်ငယ် တပ်ဆင်ထားခြင်းဖြစ်သည်
- လေပြွန်အတွင်းမှနေ၍ အနီးတစ်ဝိုက်ရှိ ပြန်ရည်ကျိတ်များ သို့မဟုတ် အကျိတ်များကို အချိန်နှင့်တပြေးညီ ပုံရိပ်ဖော်ကြည့်ရှုနိုင်ပြီး အသားစကို ပိုမိုတိကျစွာ လုံခြုံစိတ်ချရစွာ ရယူနိုင်သောကြောင့် ခွဲစိတ်စရာမလိုဘဲ ရောဂါရှာဖွေမှုကို လွယ်ကူစေသည်
References:
- Mayo Clinic. (n.d.). Bronchoscopy. Retrieved September 10, 2025, from https://www.mayoclinic.org/tests-procedures/bronchoscopy/about/pac-20384746#:~:text=Bronchoscopy
- WebMD. (n.d.). What is bronchoscopy? Retrieved September 10, 2025, from https://www.webmd.com/lung/what-is-bronchoscopy
- Ost, D. E. (2021). Navigational bronchoscopy: A review of current technology and clinical application. Chest, 159(3), 1219–1229.
- Fielding, D. I. (2022). Recent advances in robotic-assisted bronchoscopy. Journal of Bronchology & Interventional Pulmonology, 29(2), 100–108.
- Kemp, S. V., El-Battawy, M., et al. (2023). Therapeutic advances in bronchoscopy: From diagnosis to treatment. Respiratory Medicine, 205, 107056.
- Jindal, S., & Saini, S. (2021). Endobronchial ultrasound-guided transbronchial needle aspiration: Current status and future perspectives. Annals of Translational Medicine, 9(1), 98.
Published: 30 August 2024
Last updated: 23 November 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.