အတွင်းနားအစားထိုးကိရိယာ (Cochlear implant) သည် အတွင်းနား (Cochlea) ပျက်စီးနေသော သို့မဟုတ် နားကြားကိရိယာ (Hearing aids) ဖြင့် အကြားအာရုံသိသိသာသာ တိုးတက်မှုမရှိသူများအတွက် အသုံးပြုသည့် ဆေးဘက်ဆိုင်ရာ ကိရိယာတစ်ခု ဖြစ်သည်။ ၎င်းကိရိယာသည် ပျက်စီးနေသော နားအစိတ်အပိုင်းများကို ကျော်လွန်ပြီး အသံအချက်ပြမှုများကို အကြားအာရုံကြောဆီသို့ တိုက်ရိုက်ပို့ဆောင်ပေးခြင်းဖြင့် အကြားအာရုံကို ပြန်လည်ရရှိအောင် ကူညီပေးသည်။
အတွင်းနားအစားထိုးကိရိယာ (Cochlear Implant) တပ်ဆင်ရန် လိုအပ်သည့် အခြေအနေများ
အတွင်းနားအစားထိုးကိရိယာကို အသုံးပြုရန် လိုအပ်သည့် အဓိကအခြေအနေများမှာ_
- ပြင်းထန်သော အကြားအာရုံဆုံးရှုံးမှု
- နားကြားကိရိယာဖြင့် ထိရောက်မှုမရှိသော အကြားအာရုံဆုံးရှုံးမှုတို့ဖြစ်သည်။
၎င်းကိရိယာသည် အကြားအာရုံဆုံးရှုံးမှုရှိသူများ၏ ဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်ပြီး စကားပြောဆိုဆက်သွယ်မှုကို ပိုမိုလွယ်ကူစေသည်။ ၎င်းကို နားတစ်ဖက်တည်းတွင်သာမက နားနှစ်ဖက်လုံးတွင်လည်း တပ်ဆင်နိုင်သည်။ အထူးသဖြင့် စကားစတင်ပြောဆိုရန် သင်ယူနေသည့် အကြားအာရုံချို့တဲ့သော ကလေးများအတွက် အထူးအကျိုးပြုသည်။
အတွင်းနားအစားထိုးကိရိယာကို အသုံးပြုရန် လိုအပ်သည့် ပိုမိုတိကျသော အခြေအနေများကို အောက်ပါအတိုင်း ခွဲခြားနိုင်သည်။
- အကြားအာရုံဆိုင်ရာ သတ်မှတ်ချက်များ (Audiological Criteria)
- အလယ်အလတ်မှ ပြင်းထန်သော အကြားအာရုံဆုံးရှုံးမှု
- အကြားအာရုံ စမ်းသပ်မှု (audiogram) တွင် နှစ်ဖက်စလုံး၌ ပျမ်းမျှအကြားအာရုံ ဆုံးရှုံးမှုအဆင့် (Pure Tone Average) ၉၀ dB သို့မဟုတ် ထို့ထက်ပိုသော အခြေအနေများ
- နားကြားကိရိယာကို သင့်လျော်စွာ အသုံးပြုသော်လည်း အသံများကို ကွဲပြားအောင် ခွဲခြားနိုင်စွမ်း နည်းပါးခြင်း
- စကားလုံးခွဲခြားသိမြင်နိုင်စွမ်း နည်းပါးခြင်း
- အသံကျယ်ကျယ်ဖြင့် ကြားရသော်လည်း အသံအဓိပ္ပာယ်ကို နားမလည်ခြင်း (ဥပမာ _ နားကြားကိရိယာတပ်ထားစဉ် စကားပြောနေသည်ကို ကြားရသော်လည်း မည်သည့်စကားလုံးများကို ပြောနေသည်ကို ခွဲခြားနိုင်စွမ်း နည်းပါးခြင်း
- အခြားသူများနှင့် စကားပြောဆိုဆက်ဆံရာတွင် အမြဲလိုလို အခက်အခဲကြုံတွေ့ရခြင်း
- အလယ်အလတ်မှ ပြင်းထန်သော အကြားအာရုံဆုံးရှုံးမှု
- လူနာ၏ ကိုယ်ရေးအချက်အလက်ဆိုင်ရာ သတ်မှတ်ချက်များ (Personal Criteria)
အတွင်းနားအစားထိုးကိရိယာ တပ်ဆင်ရန် ဆုံးဖြတ်ရာတွင် လူနာတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များနှင့် လိုအပ်ချက်များကလည်း အရေးကြီးသည်။- ကလေးများအတွက်
- အသက်အရွယ်
အသက်ငယ်စဉ် (ဥပမာ _ ၁၂လ မှ ၁၈လအတွင်း) တွင် မွေးရာပါ အကြားအာရုံဆုံးရှုံးမှုကို စစ်ဆေးတွေ့ရှိပါက စောစီးစွာ တပ်ဆင်ပေးခြင်းသည် အထူးအရေးကြီးသည်။ ဤအချိန်သည် ဦးနှောက်၏ ဘာသာစကားသင်ယူမှု အကောင်းဆုံးကာလ (critical period) ဖြစ်သည်။ - ဘာသာစကားနှင့် စကားပြောစွမ်းရည် တိုးတက်နိုင်စွမ်း
ကိရိယာကို စောစီးစွာ တပ်ဆင်ပေးခြင်းဖြင့် ကလေးငယ်များသည် ပုံမှန်ကလေးများကဲ့သို့ စကားပြောဆိုနိုင်ရန်နှင့် ဘာသာစကားသင်ယူနိုင်ရန် အခွင့်အလမ်း ပိုမိုရရှိသည်။ ထိုသို့ရရှိရန် ကလေး၏ အခြားဖွံ့ဖြိုးမှုနှင့် သင်ယူနိုင်စွမ်းတို့ကို ထည့်သွင်းစဉ်းစားရမည်။
- အသက်အရွယ်
- လူကြီးများအတွက်
- အကြားအာရုံဆုံးရှုံးမှု၏ သက်ရောက်မှု – အကြားအာရုံချို့ယွင်းမှုကြောင့် အလုပ်အကိုင်၊ လူမှုဆက်ဆံရေးနှင့် မိသားစုဘဝတို့တွင် သိသိသာသာ အခက်အခဲများ ကြုံတွေ့နေရခြင်း
- နားကြားကိရိယာဖြင့် မရရှိသော အကျိုးကျေးဇူး – နားကြားကိရိယာကို သင့်လျော်စွာ အသုံးပြုသော်လည်း အသံများ သို့မဟုတ် စကားလုံးများကို ကောင်းစွာနားမလည်နိုင်သော အခြေအနေ
- စေ့ဆော်မှု (Motivation)
ကိရိယာတပ်ဆင်ပြီးနောက် ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်းများ (rehabilitation) ကို စိတ်အားထက်သန်စွာ လိုက်နာဆောင်ရွက်ရန် ဆန္ဒရှိသင့်သည်။ ဤအချက်သည် ကုသမှုအောင်မြင်မှုအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။
- ကလေးများအတွက်
- ဆေးဘက်ဆိုင်ရာ သတ်မှတ်ချက်များ (Medical and Physical Criteria)
- နားအတွင်းပိုင်း အခြေအနေ
- ခန္ဓာကိုယ် ကျန်းမာရေး
- ခွဲစိတ်မှုခံယူရန်အတွက် လုံလောက်သော ကျန်းမာရေး အခြေအနေရှိရမည်
- ဦးနှောက်အမြှေးရောင်ရောဂါ (meningitis) သို့မဟုတ် နားအလယ်ပိုင်းနာတာရှည် ရောဂါကူးစက်မှုများကဲ့သို့သော နောက်ဆက်တွဲ ပြဿနာများ မရှိစေရန် လိုအပ်သည်
ဤသတ်မှတ်ချက်များသည် ကိရိယာတပ်ဆင်ခြင်းဖြင့် အကောင်းဆုံးရလဒ်များ ရရှိစေရန် ရည်ရွယ်သည်။
ကိရိယာတွင် ပါဝင်သော အစိတ်အပိုင်းများ
Cochlear implant တွင် အပြင်ပိုင်းယူနစ်နှင့် အတွင်းပိုင်းယူနစ်ဟူ၍ အဓိက အစိတ်အပိုင်းနှစ်ခု ပါဝင်သည်။
အပြင်ပိုင်းယူနစ်
အပြင်ပိုင်းယူနစ်ကို နားရွက်နောက်ဘက် သို့မဟုတ် ဦးခေါင်း၌ တပ်ဆင်ထားပြီး အောက်ပါအစိတ်အပိုင်းများ ပါဝင်သည်။
- မိုက်ခရိုဖုန်း (microphone) – ပတ်ဝန်းကျင်မှ အသံများကို ဖမ်းယူသည်
- အသံစိစစ်ကိရိယာ (sound processor) – ဖမ်းယူရရှိသော အသံများကို ဒီဂျစ်တယ်အချက်ပြမှုအဖြစ် ပြောင်းလဲပေးသည်
- အားပြန်သွင်းနိုင်သော ဘက်ထရီ (rechargeable battery) – ကိရိယာအား လည်ပတ်စေရန် စွမ်းအင်ပေးသည်
- အသံလှိုင်းထုတ်လွှင့်သည့် ကိရိယာ (transmitter) – စိစစ်ထားသော အသံအချက်ပြမှုများကို အတွင်းပိုင်းယူနစ်ဆီသို့ ပို့ပေးသည်
အတွင်းပိုင်းယူနစ်
အတွင်းပိုင်းယူနစ်ကို နားနောက်ရှိ အရေပြားအောက်တွင် ခွဲစိတ်ထည့်သွင်းထားပြီး အောက်ပါအတိုင်း ပါဝင်သည်။
- အသံအချက်ပြ လက်ခံသည့် ကိရိယာ (receiver/stimulator) – ပြင်ပမှ ပို့လွှတ်လာသော အချက်ပြမှုများကို လက်ခံရရှိသည်
- လျှပ်ကူးပစ္စည်းအဖြစ် လုပ်ဆောင်သည့် ကြားခံဝါယာကြိုး (electrode array) – အတွင်းနား၏ အသံကြောများဆီသို့ လျှပ်စစ်လှုံ့ဆော်မှုများကို ပို့ဆောင်ပေးသည်

လုပ်ဆောင်ပုံ
Cochlear implant သည် ပြင်ပမှ အသံများကို မိုက်ခရိုဖုန်းမှတစ်ဆင့် ဖမ်းယူပြီး အသံစိစစ်သည့် ကိရိယာသို့ ပို့လွှတ်သည်။ ထိုမှတစ်ဆင့် အတွင်းပိုင်းယူနစ်ရှိ လက်ခံကိရိယာသို့ ရောက်ရှိကာ လျှပ်စစ်လှုံ့ဆော်မှုများအဖြစ် ပြောင်းလဲသွားသည်။ ထိုလျှပ်စစ်လှုံ့ဆော်မှုများကို ကြားခံဝါယာကြိုးမှတစ်ဆင့် အကြားအာရုံကြောဆီသို့ ပေးပို့သည်။ နောက်ဆုံးတွင် ဦးနှောက်က ထိုအချက်ပြမှုများကို အသံအဖြစ် အသိအမှတ်ပြုကာ ကြားသိနိုင်သည်။
သို့သော် ဤအသံများသည် သဘာဝအတိုင်း ကြားရသော အသံများနှင့် အတိအကျ တူညီသည်မဟုတ်ပေ။ ထို့ကြောင့် အသုံးပြုသူများသည် အသံများကို ကောင်းစွာ နားလည်နိုင်ရန်အတွက် အချိန်ယူလေ့ကျင့်မှုများ ပြုလုပ်ရန် လိုအပ်သည်။ အသုံးပြုသူအများစုသည် ၃လ မှ ၆လအတွင်း စကားသံများကို ကောင်းစွာ နားလည်လာကြသည်။
ကုသပုံအဆင့်ဆင့်
အတွင်းနားအစားထိုးကိရိယာ ကုသမှုတွင် အဓိကအားဖြင့် အကြိုပြင်ဆင်မှု၊ ခွဲစိတ်မှုနှင့် ကိရိယာတပ်ဆင်ခြင်းဟူ၍ အဆင့်သုံးဆင့် ပါဝင်သည်။
အကြိုပြင်ဆင်မှုများ
- လူနာနှင့်အသင့်တော်ဆုံး Cochlear Implant အမျိုးအစားကို သိရှိရန် ကုသမှုမခံယူမီ နားနှာခေါင်းလည်ချောင်း အထူးကုဆရာဝန်များနှင့် အကြားအာရုံ စမ်းသပ်စစ်ဆေးသူများနှင့် သေချာစွာ ဆွေးနွေးတိုင်ပင်ရမည်
- အကြားအာရုံ၊ စကားအပြောအဆိုနှင့် ကိုယ်ခန္ဓာဟန်ချက်ညီမှုတို့ကို အသေးစိတ် စမ်းသပ်စစ်ဆေးရမည်
- ကွန်ပျူတာဓာတ်မှန် (CT scan) သို့မဟုတ် သံလိုက်ဓာတ်မှန် (MRI) ရိုက်၍ နားအတွင်းပိုင်းနှင့် ဦးနှောက်၏ အခြေအနေကို စစ်ဆေးရမည်
- ကလေးများအတွက်ဆိုလျှင် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု စစ်ဆေးခြင်း (Neurodevelopmental Assessment) ကိုပါ ပြုလုပ်ရမည်
- ၎င်းသည် ကလေး၏ သင်ယူနိုင်စွမ်းနှင့် ဘာသာစကားဖွံ့ဖြိုးမှုအပေါ် ကိရိယာက မည်မျှအကျိုးသက်ရောက်နိုင်သည်ကို သိရှိရန် အရေးကြီးသည်
ခွဲစိတ်မှု
- ခွဲစိတ်ဆရာဝန်က ခွဲစိတ်မည့်နေ့၊ နောက်ဆုံး အစာ၊ ရေသောက်ရမည့်အချိန်နှင့် ရပ်ဆိုင်းထားရမည့် ဆေးဝါးများကို ရှင်းပြမည်
- ခွဲစိတ်သည့်နေ့တွင် လူနာကို မေ့ဆေးပေး၍ နားအနောက်ဘက်၌ သေးငယ်သော ခွဲကြောင်းရာတစ်ခု ပြုလုပ်ကာ အတွင်းပိုင်းယူနစ်ကို ထည့်သွင်းတပ်ဆင်သည်
- ထို့နောက် နားအနောက်ရှိ ဦးခေါင်းရိုး (Mastoid) တွင် အပေါက်ငယ်ဖောက်ပြီး ကြားခံဝါယာကြိုး (electrode array) ဖြင့် အတွင်းနားကို ချိတ်ဆက်သည်၊ ပြီးဆုံးပါက ခွဲကြောင်းရာကို သေသပ်စွာ ပြန်ချုပ်သည်
အပြင်ပိုင်းယူနစ် တပ်ဆင်ခြင်း
- ခွဲစိတ်ပြီးနောက် အနာကျက်သည့်အခါမှ အပြင်ပိုင်းယူနစ်ကို ချိန်ညှိတပ်ဆင်ပေးသည်၊ ၎င်းသည် များသောအားဖြင့် ခွဲစိတ်ပြီး ၁ပတ် မှ ၄ပတ်ခန့်အကြာတွင် ပြုလုပ်လေ့ရှိသည်
- အကြားအာရုံ စစ်ဆေးသူမှ ကိရိယာကို လူနာ၏ လိုအပ်ချက်နှင့်အညီ ချိန်ညှိပေးပြီး အသံများကို ကောင်းစွာနားလည်နိုင်ရန် လေ့ကျင့်မှုများ ဆက်လက်ပြုလုပ်ရမည်။
ပြောင်းလဲတိုးတက်မှုများ
အသုံးပြုပစ္စည်းများနှင့် နည်းပညာအသစ်များ သုံးစွဲလာနိုင်ခြင်းကြောင့် ကိရိယာတပ်ဆင်အသုံးပြုခြင်းများ အဘက်ဘက်မှ ပိုမိုလွယ်ကူအဆင်ပြေလာစေသည် (ဥပမာ _ အသက်အရွယ်မရွေး အသုံးပြုလာနိုင်ခြင်း၊ MRI ရိုက်ကူးရာတွင် ပိုမိုလွယ်ကူခြင်း၊ အစိတ်အပိုင်းများ အလွယ်တကူ လဲလှယ်အသုံးပြုနိုင်ခြင်း)။
- နည်းပညာနှင့် စွမ်းဆောင်ရည် တိုးတက်မှုများ
- ပိုမိုကောင်းမွန်သော အသံစစ်ကိရိယာများ (Smart sound processors) အသုံးပြုလာနိုင်ခြင်း
AI နည်းပညာအပါအဝင် နည်းပညာသစ်များ ထည့်သွင်းအသုံးပြုခြင်းဖြင့် လက်ခံရရှိသော အသံများကို အချိန်တိုအတွင်း တိကျစွာ စိစစ်ခွဲခြားပေးနိုင်သည်။ - ကြိုးမဲ့ချိတ်ဆက်မှု (Wireless Connectivity) နည်းပညာများ ပိုမိုကောင်းမွန်လာခြင်း
- တာရှည်ခံ၊ အကြမ်းခံသော အခြေခံပစ္စည်း အမျိုးအစားသစ်များနှင့် နည်းပညာများ ပိုမိုကောင်းမွန်လာမှုကြောင့် လှုပ်ရှားမှုမျိုးစုံ ပြုလုပ်နိုင်ခြင်း (ဥပမာ _ ရေကူးခြင်း)
- ပိုမိုကောင်းမွန်သော အသံစစ်ကိရိယာများ (Smart sound processors) အသုံးပြုလာနိုင်ခြင်း
- ခွဲစိတ်မှုနည်းလမ်းများ တိုးတက်လာခြင်း
ပိုမိုတိကျကောင်းမွန်သည့် ခွဲစိတ်ကိရိယာနှင့် နည်းပညာ အသစ်များ တီထွင်အသုံးပြုမှုကြောင့် နားကြားကိရိယာ တပ်ဆင်ရာတွင် ထိခိုက်ဒဏ်ရာနှင့် နောက်ဆက်တွဲပြဿနာများ ထိရောက်စွာ လျော့ချလာနိုင်သည်။ ဥပမာ _- ထိခိုက်မှုနည်းသော ခွဲစိတ်မှုများ (Minimally Invasive Surgery)
- စက်ရုပ်အကူအညီဖြင့် ခွဲစိတ်ခြင်း (Robotic-Assisted Surgery) စသည့်တို့ဖြစ်သည်။
နောက်ဆက်တွဲဆိုးကျိုးများ
အတွင်းနားအစားထိုး ခွဲစိတ်ခြင်းသည် ယေဘုယျအားဖြင့် ဘေးကင်းသော လုပ်ဆောင်မှုဖြစ်သော်လည်း အဖြစ်နည်းသော ဘေးထွက်ဆိုးကျိုးအချို့ ဖြစ်ပေါ်နိုင်သည်။
- အာရုံကြောဆိုင်ရာ ထိခိုက်မှုများ – အကြားအာရုံကြော သို့မဟုတ် မျက်နှာကြွက်သားများ ထိခိုက်ခြင်းကြောင့် မျက်နှာတစ်ခြမ်း မလှုပ်ရှားနိုင်ခြင်း ဖြစ်နိုင်သည်
- ပိုးဝင်ခြင်း – ခွဲစိတ်သည့်နေရာ သို့မဟုတ် ကိရိယာ၌ ပိုးဝင်နိုင်သည်
- ခေါင်းမူးခြင်း – ခေါင်းမူးခြင်းနှင့် ဟန်ချက်မထိန်းနိုင်ခြင်းများ ခံစားရနိုင်သည်
- နားအူခြင်း – မူလရှိနေသော နားအူခြင်း ပိုဆိုးလာခြင်း သို့မဟုတ် အသစ်ဖြစ်ပေါ်ခြင်း ဖြစ်နိုင်သည်
- အရသာအာရုံ ပြောင်းလဲခြင်း – အရသာခံမှုတွင် ပြဿနာအနည်းငယ် ရှိနိုင်သည်
- အခြားပြဿနာများ – သွေးထွက်ခြင်း၊ နားမှ ဦးနှောက်အရည် ယိုစိမ့်ခြင်း၊ ခွဲစိတ်ထားသောနေရာတွင် နာကျင်မှုနှင့် ထုံကျဉ်မှုကြာရှည်ခြင်း စသည်တို့ ဖြစ်ပေါ်နိုင်သည်။
အထက်ပါ နောက်ဆက်တွဲပြဿနာများတွေ့ရှိပါက နားနှာခေါင်းလည်ချောင်း အထူးကုဆရာဝန်နှင့် ပြန်လည်၍ ဆွေးနွေးတိုင်ပင်ရမည်။
သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များ
- ခွဲစိတ်ပြီးနောက် အနည်းငယ် မသက်မသာဖြစ်ခြင်း၊ နာကျင်ခြင်း၊ မူးဝေခြင်းနှင့် ပျို့အန်ခြင်းများ ဖြစ်တတ်သည်
- ဤကုသမှုသည် ဆေးရုံတက်ရန် မလိုအပ်ဘဲ ပြင်ပလူနာအနေဖြင့် ပြုလုပ်နိုင်သည်၊ သို့သော် ခွဲစိတ်သည့်နေ့တွင် ကားမမောင်းသင့်ပေ၊ ပြင်းထန်သော လှုပ်ရှားမှုများ၊ ခေါင်းလှုပ်ရှားမှုများနှင့် ခွဲစိတ်ထားသောနားကို ရေစိုခြင်း စသည်တို့ကို သတိပြုရမည်
- ခွဲစိတ်ပြီး ၁ပတ် မှ ၄ပတ်ခန့်အကြာတွင် အကြားအာရုံ စစ်ဆေးသူက ကိရိယာကို ချိန်ညှိပေးခြင်း၊ ကောင်းမွန်စွာ အလုပ်လုပ်ခြင်း ရှိမရှိ စစ်ဆေးခြင်းနှင့် အကြားအာရုံတိုးတက်မှုကို စောင့်ကြည့်ခြင်းများ ပြုလုပ်သည်
- လက်ခံထားသောအသံများကို ဦးနှောက်မှကောင်းစွာ သိရှိနားလည်ရန် လေ့ကျင့်မှုများ ဆက်လက်ပြုလုပ်ရသည်
- ကိရိယာ၏သက်တမ်း
- အပြင်ပိုင်းယူနစ်များသည် အချိန်အကန့်အသတ်မရှိ ကြာရှည်ခံနိုင်ပြီး၊ အတွင်းပိုင်းယူနစ်များသည် အမျိုးအစားပေါ် မူတည်၍ ၅နှစ် မှ ၁၀နှစ်အထိ သက်တမ်းရှိတတ်သည်။
References:
- Mayo Clinic. (n.d.). Cochlear implants: What you need to know. Retrieved September 20, 2025, from https://www.mayoclinic.org/tests-procedures/cochlear-implants/about/pac-20385021
- Cleveland Clinic. (n.d.). Cochlear implants. Retrieved September 20, 2025, from https://my.clevelandclinic.org/health/treatments/4806-cochlear-implants
- National Institute on Deafness and Other Communication Disorders. (n.d.). Cochlear implants. Retrieved September 20, 2025, from https://www.nidcd.nih.gov/health/cochlear-implants
- Coche, W., Adriaensen, E., Govaerts, P., Van de Peer, W., De Ridder, D., Mermans, L., et al. (2022). A prospective study of cochlear implant users with a focus on performance and quality of life. Journal of Clinical Medicine, 11(13), 3799.
- Dees, E., Stenfelt, S., Hampson, K., & Rohlfs, M. (2023). A review of recent technological advances and their clinical implications for cochlear implantation. Current Otorhinolaryngology Reports, 11(4), 279–288.
- Zeng, F.-G., Rebscher, S., Harrison, W., Still, L., & Nakayama, M. (2018). Cochlear implants: Current designs and future challenges. Frontiers in Bioscience, 13(1), 153–165.
- Looi, V. (2021). Recent advances in cochlear implant technology. International Journal of Pediatric Otorhinolaryngology, 144, 110651.
- Lenarz, M., Stöver, T., & Lim, D. (2020). Robotic-assisted cochlear implantation: A new era. Otology & Neurotology, 41(1), e1–e6.
Published: 30 August 2024
Last updated: 30 November 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.