Dentures (သွားတုအံကပ်များ)

Dentures (သွားတုအံကပ်များ)

အံကပ်များသည် ဖြုတ်၍၊ တပ်၍ရသော ပလတ်စတစ်၊ နိုင်လွန်၊ ကြွေထည် သို့မဟုတ် သတ္တုဖြင့် ပြုလုပ်ထားသော သွားအတုများဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် သွားများမရှိတော့လျှင် ကျန်ခဲ့သည့် ကွက်လပ်များသည် အစာစားခြင်းနှင့် စကားပြောခြင်းများတွင် ပြဿနာများဖြစ်စေသည်။ ထို့ကြောင့် အံကပ်များကို ထိုကွက်လပ်များတွင် အစားထိုးရန်နှင့် သွားများ ကွာဟနေသောကြောင့် ဖြစ်လာနိုင်သည့် နောက်ဆက်တွဲပြဿနာများကို ဖယ်ရှားရန်အတွက် သုံးသည်။ တစ်ခါတစ်ရံ သွားများအားလုံးကို ဖယ်ရှားပြီး သွားဖုံးများပေါ်တွင် အံဝင်ခွင်ကျစွာ အံကပ်ဖြင့် အစားထိုးရန် လိုအပ်နိုင်သည်။

Dentures IMG1
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

သွားနှင့်ခံတွင်း ကျန်းမာရေးလိုအပ်ချက်များအပေါ် မူတည်၍ အောက်ပါသင့်လျော်သော အံကပ်အမျိုးအစားကို ရွေးချယ်ရသည်။

  1. သွားဖုံးအပြည့် အံကပ် (Complete Dentures)
    အပေါ် သို့မဟုတ် အောက်သွားများအားလုံးကို ဖယ်ရှားရန် လိုအပ်ပါက (သို့မဟုတ်) အံကပ်အဟောင်းကို အစားထိုးရန် လိုအပ်ပါက သွားဖုံးအပြည့်အံကပ်ကို တပ်ဆင်ရမည်ဖြစ်သည်။ သွားဖုံးအပြည့် အံကပ်သည် အပေါ် သို့မဟုတ် အောက်မေးရိုးရှိ သွားအားလုံးအတွက် အစားထိုးရာတွင် သုံးသည်။ အံကပ်သည် သွားဖုံးများပေါ်တွင် တည်ရှိနေပြီး အာခေါင် သို့မဟုတ် မေးရိုးအောက်ပိုင်းကို အမှီအနေဖြင့် ထောက်ထားရန်လိုသည်။ အံကပ်မြဲမြံစေရန် အထူးပြုလုပ်ထားသော အံကပ်ကော်ကို အသုံးပြုရန် လိုအပ်သည်။ ထိုအံကပ်တွင် သွားဖုံးအရောင် အောက်ခံနှင့်သွားတုများ ပါဝင်သည်။ ထိုအံကပ်ဝတ်ဆင်သူများသည် အများအားဖြင့် ညဘက်တွင် အံကပ်ကိုချွတ်၍ သန့်ရှင်းရေးပြုလုပ်ရန် လိုအပ်သည်။
    သွားဖုံးအပြည့်အံကပ်ကို အမျိုးအစား နှစ်မျိုးခွဲခြားနိုင်သည်။
    • သမားရိုးကျအံကပ် (Conventional Dentures)
      (သွားများကိုဖယ်ရှားပြီးနောက် သွားဖုံးတစ်ရှူးများ အနာကျက်လာပြီး ၈ပတ် မှ ၁၂ပတ်ခန့်တွင် တပ်ဆင်နိုင်သည်)
    • ချက်ချင်းအသုံးပြုနိုင်သောအံကပ် (Immediate Dentures)
      ချက်ချင်းအသုံးပြုနိုင်သော အံကပ်များမှာမူ ကြိုတင်ပြုလုပ်ထားနိုင်ပြီး သွားများကိုနှုတ်ပြီးသည်နှင့် တပ်ဆင်နိုင်သည်။ သို့သော် သွားများကိုနှုတ်ပြီး အနာကျက်သွားသောအခါ မေးရိုးနှင့်သွားဖုံးများသည် ‌ရောင်ရမ်းခြင်း လျော့ကျလာကာ အရွယ်ကျုံ့သွားတတ်သဖြင့် ချိန်ညှိမှုများစွာ လိုအပ်သည်။ ထို့ကြောင့် ချက်ချင်းအသုံးပြုနိုင်သော အံကပ်များကို သမားရိုးကျအံကပ်များ မတပ်ဆင်မီ ယာယီအနေဖြင့်သာ တပ်ဆင်သင့်သည်။
  2. တစ်စိတ်တစ်ပိုင်းအံကပ် (Partial Dentures)
    မေးရိုးတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးတွင် ကောင်းသောသွားများ ကျန်ရှိပါက ဤတစ်စိတ်တစ်ပိုင်း အံကပ်များကို အသုံးပြုနိုင်သည်။ တစ်စိတ်တစ်ပိုင်းအံကပ်သည် ကွက်လပ်ဖြစ်နေသော နေရာများကို ဖြည့်ပေးရုံသာမက အခြားသွားများ အနေအထားပြောင်းလဲခြင်းမှလည်း ကာကွယ်ပေးသည်။ တစ်စိတ်တစ်ပိုင်း အံကပ်များသည် သွားဖုံးအပြည့်အံကပ်ကဲ့သို့ပင် သွားဖုံးနှင့် မေးရိုးများကို ထောက်ထားရန် လိုအပ်သည်။ ဖြုတ်၍၊ တပ်၍ရသော တစ်စိတ်တစ်ပိုင်းအံကပ်တွင် အများအားဖြင့် ပန်းရောင် (သို့မဟုတ်) သွားဖုံးရောင် ပလတ်စတစ်အောက်ခံတွင် သွားတုများပါဝင်ပြီး ပါးစပ်အတွင်းတွင် အံကပ်ကို ခိုင်မြဲမှုရှိစေရန် သတ္တုဘောင်ဖြင့် ချိတ်ဆက်၍ ထိန်းထားသည်။
  3. သွားဖုံးရိုးအတွင်း သွားအမြစ်တုစိုက်၍ အစားထိုးကုသခြင်း (Implant-Supported Dentures)
    မေးရိုးနှင့်သွားဖုံးများကို အထောက်အပံ့အနေဖြင့် အသုံးမပြုဘဲ သွားဖုံးနှင့်မေးရိုးတွင် သွားအမြစ်တုများကို စိုက်ထားနိုင်သည်။ သမားရိုးကျအံကပ်များကဲ့သို့ပင် ဖြုတ်၍ တပ်၍ရသော အမျိုးအစားရှိသကဲ့သို့ ဖြုတ်၍မရသော အမျိုးအစားလည်းရှိသည်။ သွားအမြစ်တုစိုက်၍ အစားထိုးကုသခြင်းသည် အံကပ်ကော်ကို အသုံးပြုရန် မလိုအပ်သည့်အပြင် သမားရိုးကျအံကပ်များထက် ပိုမိုခိုင်မြဲမှုရှိသည်။ ဖြုတ်တပ်နိုင်သော အံကပ်များအား အသုံးပြုရန် အဆင်မပြေသူများသည် သွားဖုံးရိုးအတွင်း သွားအမြစ်တုစိုက်၍ အစားထိုးကုသခြင်းကို လုပ်ဆောင်နိုင်သည်။ ဖြုတ်၍ရသောအမျိုးအစားတွင် ညဘက်တွင် အံကပ်ကိုချွတ်၍ သန့်ရှင်းရေးပြုလုပ်ရန် လိုအပ်သည်။ သွားတု၏အားနည်းချက်မှာ သွားဖုံးအောက်ခြေအား သွားပွတ်ကြိုးဖြင့် နေ့စဉ်သန့်ရှင်းရေး သေချာစွာပြုလုပ်ရန် လိုအပ်သည်။
    သွားအမြစ်တုအသေးစားများ (Mini Dental Implants – MDIs) ကိုလည်း ရွေးချယ်နိုင်သည်။ ၎င်းတို့သည် အရိုးအတိမ်အနက် နည်းပါးသောနေရာများတွင် စိုက်ရန်ပိုမိုလွယ်ကူပြီး၊ သမားရိုးကျ အရွယ်အစားရှိသော သွားအမြစ်တုများထက် ခွဲစိတ်မှုနည်းပါးကာ ကုန်ကျစရိတ်သက်သာသော အခြားရွေးချယ်စရာတစ်ခုဖြစ်သည်။ MDI များသည်လည်း အံကပ်အား ခိုင်မြဲစွာထိန်းထားပေးနိုင်ခြင်း၊ ဝါးစားနိုင်စွမ်းနှင့် လူနာစိတ်ကျေနပ်မှုကို တိုးမြှင့်ပေးနိုင်သည်။
အံကပ်တပ်ခြင်း၏ကောင်းကျိုးများ
  • အစာဝါးစားရာတွင် ပိုမိုအဆင်ပြေစေခြင်း
  • မျက်နှာအသွင်အပြင် ပို၍ကြည့်ကောင်းစေခြင်း
  • စကားပြောရာတွင် ပို၍အဆင်ပြေစေခြင်း
  • အာဟာရ ပို၍ရနိုင်ခြင်း
ကုသပုံအဆင့်ဆင့်

အံကပ်မပြုလုပ်မီတွင် သွားဘက်ဆိုင်ရာဆရာဝန်မှ မေးရိုး၊ သွားဖုံးနှင့်ကျန်ရှိနေသောသွားများ၏ အခြေအနေများကို အသေးစိတ်စစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းကို ပြုလုပ်သည်။ အံကပ်ပြုလုပ်ရာတွင် အောက်ပါအချက်များအား ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။

  • လွတ်နေသော သွားအရေအတွက်ကို စစ်ဆေးခြင်း
  • သွားဆုံးရှုံးသည့်ကြာချိန်ကို မေးမြန်းခြင်း
  • မေးရိုး၏အထူကို စစ်ဆေးခြင်း
  • အပေါ်မေးရိုးနှင့် အောက်‌မေးရိုးအခြေအနေကို စစ်ဆေးခြင်းတို့ ပြုလုပ်ရမည်။

အံကပ်ပြုလုပ်သည့် လုပ်ငန်းစဉ်သည် ရက်ချိန်းများစွာဖြင့် အချိန်ယူ ပြုလုပ်ရနိုင်သည်။ သွားဘက်ဆိုင်ရာဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူပညာရှင်မှ မိမိအတွက် အသင့်တော်ဆုံး ပစ္စည်းအမျိုးအစားများကို လမ်းညွှန်ပေးနိုင်သည်။ အသင့်တော်ဆုံးပစ္စည်းအား ရွေးချယ်ပြီးသည်နှင့် လုပ်ဆောင်ရန် ယေဘုယျအဆင့်များမှာ_

  • မေးရိုး၏ပုံစံကို နမူနာယူ၍ မေးရိုးတစ်ခုနှင့်တစ်ခုကြား ဆက်စပ်ပုံ၊ နေရာလွတ် မည်မျှရှိသည်ကို အတိုင်းအတာများစွာ ယူရမည်ဖြစ်သည်
  • အံကပ်၏ တိကျသောပုံသဏ္ဌာန်နှင့် အနေအထားရရန်အတွက် ပုံသွင်းခွက်များ၊ ဖယောင်းပုံစံခွက်များ သို့မဟုတ် ပလတ်စတစ်ပုံစံခွက်များအား အသုံးပြု၍ ပြုလုပ်သည်၊ ထိုပုံစံအား အကြိမ်များစွာ စမ်းသပ်၍ တပ်ကြည့်ရမည်ဖြစ်ပြီး နောက်ဆုံးအချောမသတ်မီတွင် အံကပ်အရောင်၊ ပုံသဏ္ဌာန်နှင့် အံဝင်ခွင်ကျဖြစ်မှုများကို ဆုံးဖြတ်ရမည်
  • ကျွမ်းကျင်ပညာရှင်မှ အံကပ်၏အောက်ခံကို ပလတ်စတစ်၊ နိုင်လွန် (သို့မဟုတ်) အစေးကဲ့သို့သော ပစ္စည်းများကို အသုံးပြု၍ ပြုလုပ်သည်၊ အံကပ်၏အောက်ခံတွင် သွားတုများအားစိုက်ပြီး အပေါ်နှင့် အောက်သွားများ ကိုက်ညီမှုရှိစေရန် ပြုလုပ်၍ နောက်ဆုံးအဆင့်အံကပ်အား ပြုလုပ်သည်
  • ထို့‌နောက် ကျွမ်းကျင်ပညာရှင်မှ အ‌ရောင်တင်အချောသတ်ပြီး သွားဘက်ဆိုင်ရာဆရာဝန်ထံသို့ ပြန်လည်ပေးပို့သည်၊ လိုအပ်ပါက ချိန်ညှိမှုများကို ပြုလုပ်ရမည်ဖြစ်သည်
ဒီဂျစ်တယ် အံကပ်ပြုလုပ်နည်း (CAD/CAM နှင့် 3D ပရင့်ထုတ်ခြင်း)

ယခုအခါတွင် CAD/CAM (Computer-Aided Design and Manufacturing) နှင့် 3D ပရင့်ထုတ်ခြင်း နည်းပညာသည် အံကပ်ပြုလုပ်ရာ၌ ခေတ်မီသော နည်းလမ်းဖြစ်လာသည်။ ဤလုပ်ငန်းစဉ်တွင်_

  • ပုံမှန်အတိုင်း ပုံစံခွက်ယူမည့်အစား ပါးစပ်အတွင်းကို ဒစ်ဂျစ်တယ်စကင်ဖတ်ခြင်း (Digital Scanning) ပြုလုပ်သည်
  • ထို့နောက် ကွန်ပျူတာအကူအညီဖြင့် ဒီဇိုင်းဆွဲခြင်း (CAD) ဆော့ဖ်ဝဲလ်ကို အသုံးပြု၍ အံကပ်၏ပုံစံကို တိကျစွာ ဒီဇိုင်းထုတ်သည်
  • နောက်ဆုံးတွင် ထိုဒစ်ဂျစ်တယ်ဖိုင်ကို အသုံးပြု၍ အံကပ်အား 3D ပရင့်စက်ဖြင့်ထုတ်ခြင်း (Additive Manufacturing) သို့မဟုတ် စက်ဖြင့်ထွင်းယူခြင်း (Milling/Subtractive Manufacturing) ဖြင့်ဖြစ်စေ ပြုလုပ်သည်

ဤနည်းပညာကြောင့် အံကပ်သည် ပိုမိုတိကျစွာ အံဝင်ခွင်ကျဖြစ်ပြီး ပြုလုပ်ချိန်ကိုလည်း လျှော့ချပေးနိုင်သည်။ လိုအပ်ပါက အံကပ်အသစ်ကို ပိုမိုလွယ်ကူလျင်မြန်စွာ ပြန်လည်ပြုလုပ်နိုင်ရန် ဒီဇိုင်းဖိုင်များကိုလည်း သိမ်းဆည်းထားနိုင်သည်။

နောက်ဆက်တွဲဆိုးကျိုးများ

သမားရိုးကျ အံကပ်တပ်သူများတွင် အံဝင်ခွင်ကျမဖြစ်၍ သက်သောင့်သက်သာမဖြစ်ခြင်း၊ ပုံမှန်ထိန်းသိမ်းရန် လိုအပ်ခြင်း၊ သန့်ရှင်းရေးလုပ်ရန် လိုအပ်ခြင်း၊ စကားပြောရာတွင် အခက်အခဲရှိနိုင်ခြင်း၊ အစာအမာများ စားရန်ခက်ခဲခြင်း၊ အံကပ်ချော်ခြင်း၊ မမြဲခြင်း၊ နေရာရွှေ့သွားခြင်းတို့ ဖြစ်နိုင်သည်။ ထို့ပြင် မေးရိုးကျုံ့သွားသည့်အတွက် မျက်နှာပုံသဏ္ဌာန် ပြောင်းသွားခြင်းတို့ ဖြစ်နိုင်သည်။

လိုက်နာဆောင်ရွက်ရမည့် အချက်များ
အံကပ်များအား ထိန်းသိမ်းခြင်း

သွားနှင့်ခံတွင်း ကျန်းမာရေးအတွက် အံကပ်များအား စနစ်တကျထိန်းသိမ်းခြင်းသည် အရေးကြီးသည်။

  • အံကပ်များအား ချွတ်ရာတွင် ပြုတ်မကျအောင် ဂရုတစိုက်ကိုင်တွယ်၍ ချွတ်ရန်လိုအပ်သည်
  • သွားတိုက်ဆေးမသုံးဘဲ အံကပ်များအား နေ့စဉ်သန့်ရှင်းရေးလုပ်ရမည်၊ သွားများကဲ့သို့ပင် အံကပ်များသည် အစာအကြွင်းအကျန်နှင့် သွားချိုးများ ကပ်နေနိုင်သောကြောင့် နူးညံ့သည့်သွားပွတ်တံဖြင့် နေ့စဉ်သန့်ရှင်းရေး ပြုလုပ်ရမည်၊ အံကပ်၏ မျက်နှာပြင်အားလုံးကို သန့်ရှင်းရေး ပြုလုပ်ရမည်ဖြစ်သည်၊ အစာစားပြီးတိုင်း အံကပ်ကို သန့်ရှင်းရေး ပြုလုပ်ရမည်
  • အံကပ်သန့်ရှင်းရေး ပြုလုပ်ရာတွင် သန့်စင်ဆေးရည်၊ လက်ဆေးဆပ်ပြာ (သို့မဟုတ်) ပန်းကန်ဆေး ဆပ်ပြာအပျော့စားအား သုံးနိုင်သည်၊ ရေအိမ်သုံးသန့်စင်ဆေးများ၊ အစွန်းချွတ်ဆေးများအား မသုံးရပါ၊ ထို့အပြင် Ultrasonic cleaner ဖြင့်လည်း သန့်ရှင်းရေး ပြုလုပ်နိုင်သည်
  • အံကပ်များအားချွတ်ထားသည့် အချိန်တွင်လည်း စနစ်တကျထားရမည်ဖြစ်သည်၊ အံကပ်များအား ပုံစံမပျက်စေရန် အစိုဓာတ် ထိန်းသိမ်းထားရန် လိုသည့်အတွက် ရေစိမ်ထားခြင်း (သို့မဟုတ်) ဆေးရည်စိမ်ထားခြင်း ပြုလုပ်ရမည်၊ ရေနွေးပူထဲတွင် ထည့်စိမ်ခြင်းမပြုရပါ၊ သို့သော် အချို့အံကပ်များတွင် သတ္တုများပါဝင်သည့်အတွက် ဆေးရည်စိမ်ထားလျှင် အရောင်မှိန်ခြင်း ဖြစ်နိုင်သည်၊ အံကပ်များအား ထိန်းသိမ်းရန်အတွက် သွားဆရာဝန်၏ အကြံပေးချက်အတိုင်း လိုက်နာရမည်

ယေဘုယျအားဖြင့် သွားဆရာဝန်နှင့် ခြောက်လတစ်ကြိမ် ပုံမှန်သွားစစ်ဆေးမှု ခံယူသင့်သည်။ အံကပ်တစ်ခု၏ ပုံမှန်သက်တမ်းသည် (၇ နှစ် မှ ၁၀ နှစ်) အထိဖြစ်သည်။ ထိုမျှကြာအောင် အသုံးပြုပြီးလျှင် အံကပ်အများစုသည် ပြန်လည်အစားထိုးရန် လိုအပ်နိုင်သည်။

တစ်နှစ် သို့မဟုတ် နှစ်နှစ်လျှင် တစ်ကြိမ် သို့မဟုတ် အံကပ် အံဝင်ခွင်ကျမရှိခြင်းဖြစ်ပါက အံကပ်များ ပြန်လည်နေရာချခြင်း (Relining) ကို ပြုလုပ်သင့်သည်။ ထိုဖြစ်စဉ်တွင် သွားဘက်ဆိုင်ရာဆရာဝန်မှ ပိုမိုသက်သောင့်သက်သာ ဖြစ်စေရန် လိုအပ်သည့်ပစ္စည်းများ ထည့်သွင်းပေးမည်ဖြစ်သည်။ အံကပ်သည် အံဝင်ခွင်ကျမရှိလျှင်၊ သွားဖုံးနာလျှင်၊ သွားဖုံးအား သွားထောက်နေလျှင်၊ စကားပြောချိန်တွင် ရိုက်မိလျှင်၊ ပျက်စီးလာလျှင်၊ အရောင်ပြောင်းလာလျှင်၊ (၁၀ နှစ်) ထက်ကျော်လျှင် သွားဘက်ဆိုင်ရာဆရာဝန်နှင့် ပြန်ပြရမည်ဖြစ်သည်။

References:

  1. Cleveland Clinic. (2025). Dentures. Retrieved October 8, 2025, from https://my.clevelandclinic.org/health/treatments/10900-dentures
  2. WebMD. (2023). Dental health and dentures. Retrieved October 8, 2025, from https://www.webmd.com/oral-health/dental-health-dentures
  3. Alhallak, K., Hagi-Pavli, E., & Nankali, A. (2023). A review on clinical use of CAD/CAM and 3D printed dentures. British Dental Journal. https://doi.org/10.1038/s41415-022-5401-5
  4. Jawad, S., & Clarke, P. (2019). Survival of mini dental implants used to retain mandibular complete overdentures: Systematic review. The International Journal of Oral & Maxillofacial Implants, 34(2), 343–356. https://doi.org/10.11607/jomi.6991
  5. Gladwin, J., & Croydon, D. I. (2023). How are dentures made? Dentist in Croydon. Retrieved October 8, 2025, from https://www.gentledentalcaregroup.co.uk/how-are-dentures-made
  6. Hamilton Dental Centre. (2025). Different types of dentures – pros and cons. Hamilton Dental Centre. Retrieved October 8, 2025, from https://www.thehamiltondentist.co.nz/news/different-dentures-pros-cons/

Published: 30 August 2024

Last updated: 13 November 2025

Share

26 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.