Paracentesis (ဝမ်းဗိုက်အတွင်းမှ ရေဖျဥ်းဖောက်ထုတ်ခြင်း)

Paracentesis (ဝမ်းဗိုက်အတွင်းမှ ရေဖျဥ်းဖောက်ထုတ်ခြင်း)

ဝမ်းဗိုက်အတွင်းရှိ အင်္ဂါများကို ဝမ်းဗိုက်အမြှေးပါး (Peritoneum) ဖြင့် ဖုံးအုပ်ကာရံထားသည်။ ဤအမြှေးပါးသည် ဝမ်းဗိုက်အတွင်း အင်္ဂါများ လှုပ်ရှားမှု ချောမွေ့စေရန်အတွက် အရည်ပမာဏ အနည်းငယ်ကိုသာ ထုတ်လုပ်သည်။ သို့သော် အချို့သော ရောဂါများ (အဓိကအားဖြင့် အသည်းခြောက်ခြင်း) ကြောင့် ဤအမြှေးပါးအတွင်း အရည်များ ပုံမှန်ထက် ပိုမိုစုလာသောအခါ ရေဖျဉ်းစွဲခြင်း (Ascites) ကို ဖြစ်ပေါ်စေသည်။ ဝမ်းဗိုက်အတွင်းရှိ ရေဖျဥ်းဖောက်ထုတ်ခြင်း (Paracentesis) ဆိုသည်မှာ ရေဖျဥ်းစွဲခြင်း (Ascites) ကြောင့် ဝမ်းဗိုက်ခေါင်းအတွင်း စုမိနေသော အရည်ပိုများကို ဖယ်ရှားခြင်းဖြစ်သည်။ ထိုသို့ဖယ်ရှားခြင်းဖြင့် ဝမ်းဗိုက်အတွင်း နာကျင်မှုနှင့် ဖိအားများကို သက်သာစေသည့်အပြင် အရည်ကို ဓာတ်ခွဲခန်းသို့ပို့၍ စစ်ဆေးခြင်းဖြင့် ရေဖျဥ်းစွဲရသည့် အကြောင်းရင်းများကို သိရှိနိုင်သည်။

ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

ဝမ်းဗိုက်အတွင်းရှိ အရည်များဖောက်ထုတ်ရာတွင် ရောဂါရှာဖွေရန် ဖောက်ထုတ်ခြင်း (Diagnostic paracentesis) နှင့် ရောဂါလက္ခဏာများ သက်သာစေရန် ဖောက်ထုတ်ခြင်း (Therapeutic paracentesis) ဟူ၍ နှစ်မျိုးရှိသည်။

  1. ရောဂါရှာဖွေရန် ဝမ်းဗိုက်အတွင်းမှ အရည်ဖောက်ထုတ်ခြင်း (Diagnostic paracentesis)
    ဝမ်းဗိုက်အတွင်းရှိ အရည်များကို ဖောက်ထုတ်၍ ဓာတ်ခွဲခန်းပို့ စစ်ဆေးခြင်းဖြင့် အောက်ဖော်ပြပါ ရောဂါများကို ရှာဖွေဖော်ထုတ်ရာတွင် များစွာ အထောက်အကူပြုသည်။
    • ဝမ်းဗိုက်အတွင်းရှိအရည်များ ရောဂါပိုး (ဥပမာ _ တီဘီပိုး) ဝင်၍ အမြှေးပါးရောင်ခြင်း (peritonitis)
    • ကင်ဆာ‌ရောဂါ (ဥပမာ _ သားဥအိမ်ကင်ဆာ၊ သားအိမ် ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာ၊ ပန်ကရိယကင်ဆာ၊ အသည်းကင်ဆာ)
  2. ရောဂါလက္ခဏာများ သက်သာစေရန် ဝမ်းဗိုက်အတွင်းမှ အရည်ဖောက်ထုတ်ခြင်း (Therapeutic paracentesis)
    ရေဖျဥ်းစွဲခြင်းကို ကုသရာတွင် အငန်လျှော့စားခြင်း၊ ရေလျှော့သောက်ခြင်း၊ ဆီးဆေးများပေးခြင်းဖြင့် မသက်သာလျှင် ဝမ်းဗိုက်အတွင်းရှိ အရည်များကို ဖောက်ထုတ်ပေးရန် လိုအပ်သည်။ ထိုသို့ဖောက်ထုတ်ပေးခြင်းဖြင့် အောက်ဖော်ပြပါ လက္ခဏာများကို သက်သာစေနိုင်သည်။
    • ဖိအားများပြီး ဗိုက်တင်းခြင်း
    • ဗိုက်နာခြင်း
    • မောခြင်းတို့ကို သက်သာစေနိုင်သည်။
ကုသပုံအဆင့်ဆင့်

ဝမ်းဗိုက်အတွင်းရှိ အ‌ရည်များ စုပ်ထုတ်မည်ဟု ဆုံးဖြတ်ပြီးလျှင်

  • ဆရာဝန်များမှ လူနာနှင့် လူနာရှင်ကို ဝမ်းဗိုက်အတွင်းမှ အရည်များဖောက်ထုတ်ရန် လိုအပ်သည့်အကြောင်းရင်းများ၊ ပြုလုပ်ပုံအဆင့်ဆင့်နှင့် ထိုသို့ပြုလုပ်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးနှင့် ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများကို သေချာစွာရှင်းပြမည်၊ လူနာမှ သေချာစွာ နားလည်သိရှိကြောင်းနှင့် ပြုလုပ်ရန်သဘောတူကြောင်းကို လက်မှတ်ရေးထိုးရမည်
  • မိမိတွင် သွေးရောဂါရှိခြင်း၊ သွေးမခဲဆေးများ သောက်နေရခြင်းနှင့် ဓာတ်မတည့်သော ဆေးများရှိပါက ဆရာဝန်ကို ကြိုတင်အသိပေးထားရမည်၊ သို့မှသာ ဆရာဝန်များမှ လိုအပ်သော ပြင်ဆင်ကုသမှုများ ပြုလုပ်နိုင်မည်ဖြစ်သည်

ဝမ်းဗိုက်အတွင်းရှိ အရည်များ ဖောက်ထုတ်ရန် ပြင်ဆင်ခြင်း
အရည်များစုပ်ထုတ်ရန် ဆေးရုံတက်နေသော လူနာဖြစ်လျှင် လူနာခုတင်‌တွင်ဖြစ်စေ သို့မဟုတ် ပြင်ပလူနာဖြစ်ပါက ပြင်ပလူနာဌာနရှိ အခန်းထဲတွင်ပင် ပြုလုပ်နိုင်သည်။ အရည်ဖောက်ထုတ်ချိန်နီးလျှင် ဆီးသွားထားရန် လိုအပ်သည်။

  • လူနာသည် ပထမဦးစွာ ခုတင်ပေါ်တွင် ပက်လက်အနေအထားဖြင့် အိပ်ရမည်
  • အရည်ဖောက်ထုတ်ရန် သတ်မှတ်ထားသောနေရာကို ပိုးသတ်ဆေးရည်ဖြင့် သန့်ရှင်း‌‌ရေးလုပ်မည်
  • အပ်ထိုးထည့်မည့်နေရာတွင် အနာသက်သာစေရန် ထုံဆေးအနည်းငယ်ကို ထိုးပေးသည်
  • ထုံဆေးထိုးထား၍ ထုံနေသောနေရာတွင် ပလတ်စတစ်ပိုက်ချောင်းနှင့် တွဲထားသောအပ်ကို ထိုးထည့်လိုက်ပြီး အရည်များကို ပိုက်ချောင်းနှင့် ဆက်ထားသော ပုလင်း သို့မဟုတ် အိတ်အလွတ်ထဲသို့ စီးဆင်းစေသည်
  • အရည်များဖောက်ထုတ်နေစဥ် အရည်ထဲတွင် ပါသွားသော အသားဓာတ်ကို ပြန်လည်ဖြည့်တင်းရန်နှင့် သွေးပေါင်ချိန်ကျခြင်းကို သက်သာစေရန် အသားဓာတ်ကို သွေးကြောထဲမှ ပြန်လည် ဖြည့်သွင်းပေးနိုင်သည်
  • ဝမ်းဗိုက်အတွင်းရှိ အရည်များ လုံလောက်အောင် ထုတ်ပြီးသောအခါ ထည့်ထားသောအပ်ကို ပြန်ဖယ်ထုတ်ရမည်
  • သွေးတိတ်စေရန် ထိုနေရာကို ခေတ္တဖိထားပေးပြီး ပတ်တီးဖြင့် ဖုံးအုပ်ပေးရမည်

    Paracentesis IMG1

အရည်များ ဖောက်ထုတ်ပြီးနောက်

  • ဖောက်ထုတ်လိုက်သော အရည်အနည်းငယ်ကို ဓာတ်ခွဲခန်းသို့ပို့၍ စစ်ဆေးနိုင်သည်
  • အရည်ဖောက်ထုတ်ပြီး နာကျင်ခြင်းကို ခံစားရပါက အနာသက်သာသော ဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်နိုင်သည်
  • အရည်ဖောက်ထုတ်ပြီး တစ်နာရီခန့် စောင့်ကြည့်ပြီး မည်သည့်ပြဿနာမျှမရှိလျှင် အိမ်သို့ပြန်နိုင်သည်
  • ဖောက်ထုတ်လိုက်သော အရည်တွင်ပါသည့် ဆဲလ်များ၊ ပရိုတင်းဓာတ်ပမာဏ၊ ပိုးအမျိုးအစား စသည်တို့ကို သိရှိရန် ဓာတ်ခွဲခန်းသို့ပို့၍ ဓာတ်ခွဲစစ်ဆေးနိုင်သည်၊ ထိုအဖြေများပေါ်မူတည်၍ ဖြစ်ပေါ်ရသော အကြောင်းရင်းများကို ခန့်မှန်းသိရှိနိုင်ပြီး တိကျသောကုသမှုကို ဆက်လက်ခံယူနိုင်မည်ဖြစ်သည်
နောက်ဆက်တွဲဆိုးကျိုးများ
  • ‌‌ရောဂါပိုးဝင်ခြင်း
  • အပ်ထုတ်ထားသောနေရာမှ အရည်များ အဆက်မပြတ် ထွက်နေခြင်း
  • သွေးထွက်ခြင်း
  • သွေးပေါင်ကျခြင်း
  • ဝမ်းဗိုက်အမြှေးပါးရောင်ရမ်းခြင်း
  • ဝမ်းဗိုက်အတွင်းရှိ ကိုယ်တွင်းအင်္ဂါများ ထိခိုက်မိခြင်းတို့ ဖြစ်နိုင်သည်။
လိုက်နာဆောင်ရွက်ရမည့်အချက်များ
  • အပ်ဆွဲထုတ်ထားသည့် ပတ်တီးအုပ်ထားသောနေရာမှ အရည်အနည်းငယ်ထွက်ခြင်းသည် စိုးရိမ်စရာမရှိဘဲ ပုံမှန်သာဖြစ်သည်၊ သို့သော် ထိုနေရာမှ ပုံမှန်မဟုတ်သော သွေး သို့မဟုတ် ပြည်ထွက်ခြင်း၊ အရည်များအဆက်မပြတ် ထွက်ခြင်း၊ နီရဲရောင်ရမ်းခြင်း၊ ဖျားခြင်းများရှိပါက ဆရာဝန်ကို အသိပေးရန် လိုအပ်သည်
  • ကင်ဆာကဲ့သို့သော ‌ရောဂါအခံရှိပါက အရည်များကို ဖောက်ထုတ်ပြီးသော်လည်း အ‌ရည်များ ပြန်စုလာသောအခါ ထပ်မံဖောက်ထုတ်ရန် လိုအပ်သည်

References:

  1. Cambridge University Hospitals NHS Foundation Trust. (n.d.). Paracentesis (abdominal tap). Retrieved September 10, 2025, from https://www.cuh.nhs.uk/patient-information/paracentesis/
  2. Cleveland Clinic. (n.d.). Paracentesis: Procedure. Retrieved September 10, 2025, from https://my.clevelandclinic.org/health/procedures/paracentesis

Published: 30 August 2024

Last updated: 23 November 2025

Share

26 September 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.