Electrocardiogram or ECG (အီးစီဂျီစစ်ဆေးခြင်း)

Electrocardiogram or ECG (အီးစီဂျီစစ်ဆေးခြင်း)

အီးစီဂျီရိုက်ခြင်း သို့မဟုတ် စစ်ဆေးခြင်းဆိုသည်မှာ နှလုံး၏လျှပ်စီးလှုပ်ရှားမှုများကို ရင်ဘတ်နှင့် ခြေလက်တို့မှတစ်ဆင့် ဝါယာကြိုးများဖြင့်ဆက်ကာ စစ်ဆေးခြင်းဖြစ်သည်။ အီးစီဂျီကို ဆေးရုံ၊ဆေးခန်းများတွင် အလွယ်တကူ စစ်ဆေးနိုင်ပြီး အဖြေကို ချက်ချင်းသိရှိနိုင်သည်။ အီးစီဂျီသည် နှလုံးသွေးကြောပိတ်ခြင်းနှင့် နှလုံးခုန်မမှန်ခြင်းကဲ့သို့ အရေးပေါ် ကျန်းမာရေးအခြေအနေများကို လျင်မြန်စွာ သိရှိနိုင်ရန် အသုံးဝင်သည်။ ခေတ်သစ်နည်းပညာများကြောင့် Apple watch ကဲ့သို့ လက်ပတ်များတွင် အီးစီဂျီစစ်ဆေးသည့် application ထည့်သွင်းထားသဖြင့် နှလုံးစည်းချက်ကို မိမိဘာသာ တိုင်းတာသိရှိနိုင်ပြီဖြစ်သည်။

အီးစီဂျီစစ်ဆေးခြင်းအမျိုးအစားများ
  1. ရိုးရိုးအီးစီဂျီ _ ဆေးရုံ၊ ဆေးခန်းများတွင် အလွယ်တကူ စစ်ဆေးနိုင်သည်
  2. လေ့ကျင့်ခန်းအီးစီဂျီ _ နှလုံးသန်စွမ်းမှု ရှိမရှိနှင့် နှလုံးသွေးကြော ကျဉ်းမကျဉ်း စစ်ဆေးရာတွင် အသုံးပြုသည်၊ လူနာသည် ပြေးစက်တွင် သတ်မှတ်ချက်အတိုင်းပြေးပြီးနောက် အီးစီဂျီလှိုင်းကို နှလုံးအထူးကုဆရာဝန်မှ စိစစ်ခြင်းဖြစ်သည်
  3. အထူးကြပ်မတ်ကုသခန်း၊ ခွဲခန်းသုံး အီးစီဂျီ _ အရေးပေါ်လူနာများကို အထူးကြပ်မတ်ကုသချိန်နှင့် မေ့ဆေး၊ ထုံဆေးဖြင့် ခွဲစိတ်ချိန်များတွင် လူနာ၏ နှလုံးအခြေအနေကို စဉ်ဆက်မပြတ် သိရှိနိုင်ရန် monitor စက်ဖြင့် စစ်ဆေးခြင်းဖြစ်သည်
  4. အထူးအီးစီဂျီများ _ အစာရေမျိုပြွန်ထဲသို့ မျိုချပြီး နှလုံးနောက်ခန်းကို စစ်ဆေးသည့် အီးစီဂျီ (esophageal probe)၊ နှလုံးအတွင်း သွေးခန်းများထဲသို့ ဝါယာကြိုးများထည့်ပြီး စစ်ဆေးသည့် နှလုံးအတွင်းပိုင်း အီးစီဂျီ (intracardiac ECG)၊ (၂၄)နာရီ အဆက်မပြတ် တိုင်းတာပေးသည့် အီးစီဂျီ (Holter)၊ ရင်တုန်လျှင် သို့မဟုတ် နှလုံးစည်းချက်မမှန်ဟု လူနာမှ ခံစားရလျှင် အချက်ပြဖမ်းယူနိုင်သည့် အီးစီဂျီ (Implantable loop recorder) စသည်ဖြင့် အီးစီဂျီ၏ အသုံးဝင်ပုံများစွာရှိသည်။

ယနေ့ခေတ်တွင် နည်းပညာတိုးတက်မှုများကြောင့် အီးစီဂျီနှင့် ပတ်သက်၍ လူနာအတွက် ပိုမိုအကျိုးရှိစေသော နည်းလမ်းများကို ရှာဖွေဖော်ထုတ်လာကြသည်။

  • ဝတ်ဆင်နိုင်သော အီးစီဂျီကိရိယာများ (Wearable ECG Devices)
    လက်ရှိတွင် Apple Watch ကဲ့သို့သော နာရီများအပြင်၊ ရင်ဘတ်တွင်ကပ်၍ ၂၄ နာရီ သို့မဟုတ် ရက်ရှည်ကြာ အဆက်မပြတ် နှလုံးခုန်နှုန်းကို စောင့်ကြည့်နိုင်သည့် ကပ်ခွာပုံစံ အီးစီဂျီကိရိယာများ ပေါ်ပေါက်လာသည်။ ၎င်းတို့သည် ရုတ်တရက် ပေါ်လာတတ်သည့် နှလုံးခုန်မမှန်ခြင်းများကို သိရှိရန်အတွက် အလွန်အသုံးဝင်သည်။
  • ဉာဏ်ရည်တု (AI) နည်းပညာအသုံးပြုခြင်း
    AI သည် လူသားများ သတိမပြုမိနိုင်သော အသေးစိတ်အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ရှိသည်။ AI စနစ်များသည် အီးစီဂျီအချက်အလက်များကို လေ့လာခြင်းဖြင့် အနာဂတ်တွင် ဖြစ်လာနိုင်သော နှလုံးရောဂါများ၊ နှလုံးအားနည်းခြင်း သို့မဟုတ် အရေးပေါ်အခြေအနေများကို ကြိုတင်ခန့်မှန်းပေးနိုင်သောကြောင့် ဆရာဝန်များအတွက် ရောဂါရှာဖွေမှု ပိုမိုတိကျစေသည်။
  • အဝေးမှ စောင့်ကြည့်ကုသခြင်း (Remote Monitoring)
    ခေတ်မီ အီးစီဂျီကိရိယာများနှင့် ကျန်းမာရေးစောင့်ရှောက်မှု စနစ်များ ပေါင်းစပ်လာခြင်းကြောင့် ဆရာဝန်များသည် လူနာ၏ နှလုံးအခြေအနေကို အချိန်နှင့်တပြေးညီ အဝေးမှ စောင့်ကြည့်နိုင်လာသည်။ ဤနည်းပညာသည် နာတာရှည် နှလုံးရောဂါရှိသူများကို ပိုမိုထိရောက်စွာ စောင့်ရှောက်နိုင်ပြီး ဆေးရုံသို့ မလိုအပ်ဘဲ သွားရောက်ရခြင်းကို လျှော့ချပေးနိုင်သည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

အောက်ပါ လက္ခဏာများရှိပါက အီးစီဂျီ စစ်ဆေးသင့်သည်။

  • နှလုံးရောဂါဟု သံသယရှိနိုင်သော ရင်ဘတ်အောင့်ခြင်း၊ မောခြင်း၊ အသက်ရှူမဝခြင်း၊ အမောမခံနိုင်ခြင်း၊ ရင်တုန်ခြင်း၊ နှလုံးခုန်နှုန်းမမှန်ခြင်း (မြန်ခြင်း သို့မဟုတ် နှေးခြင်း)၊ ခေါင်းမူးခြင်း၊ မူးလဲခြင်း၊ ရုတ်တရက်သတိလစ်ခြင်း
  • ယခင်က နှလုံးသွေးကြောပိတ်ဖူးခြင်း
  • မိဘမျိုးရိုး သို့မဟုတ် မိသားစုတွင် နှလုံးရောဂါရှိခြင်း
  • နှလုံးစက်တပ်ထားခြင်း
  • ခွဲစိတ်မှုအကြီးစားပြုလုပ်ရန် မေ့ဆေးမပေးမီ

နှလုံးရောဂါ ဖြစ်နိုင်ခြေနည်းပြီး မည်သည့်လက္ခဏာမျှ မရှိသည့်သူများအနေနှင့် မဖြစ်မနေ အီးစီဂျီစစ်ဆေးရန် မလိုကြောင်း အမေရိကန်နှလုံးရောဂါပညာအဖွဲ့ကြီးမှ ထုတ်ပြန်ထားသည်။ ထို့ကြောင့် အထွေထွေကျန်းမာရေးစစ်ဆေးမှု (Medical checkup) တွင် အီးစီဂျီစစ်ဆေးခြင်းကို ပြုလုပ်ရန် လိုမလို ဆရာဝန်နှင့် တိုင်ပင်နိုင်သည်။

နှလုံးရောဂါလက္ခဏာများသည် တစ်ခါတစ်ရံ ပေါ်လိုက်ပျောက်လိုက် ဖြစ်တတ်သည့်သဘော ရှိသောကြောင့် ၎င်းတို့ကို (အထူးသဖြင့် နှလုံးစည်းချက်မမှန်ခြင်းကို) အီးစီဂျီတွင် အမြဲမတွေ့နိုင်ပါ။ ထို့ကြောင့် လူနာများအနေနှင့် အီးစီဂျီအဖြေကောင်းသည်ဟုဆိုရုံမျှဖြင့် နှလုံးအခြေအနေ ရာနှုန်းပြည့်ကောင်းသည်ဟု မမှတ်ယူသင့်ပါ။ ဆရာဝန်နှင့် ပြသတိုင်ပင်ဆွေးနွေးသင့်သည်။

ကြိုတင်သိရှိထားရမည့် အချက်များ

အီးစီဂျီစစ်ဆေးခြင်းသည် (၅-၁၀) မိနစ်ခန့်သာ ကြာမြင့်သည်။ နာကျင်ခြင်းမရှိပါ။ နှလုံး၏လျှပ်စီးနိုင်စွမ်းကိုသာ ဖမ်းယူစစ်ဆေးခြင်း ဖြစ်သည့်အတွက် ဓာတ်လိုက်နိုင်ခြင်းလည်းမရှိပါ။ အများအားဖြင့် ဆေးရုံ၊ ဆေးခန်းများတွင် ကျွမ်းကျင်သည့် ကျန်းမာရေးဝန်ထမ်းများမှ ရိုက်ကူးပေးလေ့ရှိသည်။

စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
အီးစီဂျီရိုက်ကူးရန်
  • လူနာအနေနှင့် မိမိတွင်ပါသော ဖုန်းနှင့် အခြားအီလက်ထရောနစ်ပစ္စည်းများကို အဝေးတွင်ထားရန် လိုသည်၊ အီးစီဂျီဝါယာကြိုး တပ်မည့်နေရာတွင် လက်ဝတ်ရတနာများရှိပါက ချွတ်ရန်လိုသည်
  • လူနာကို ကုတင်ပေါ်တွင် သက်သောင့်သက်သာ လဲလျောင်းခိုင်းလိမ့်မည်
  • လူနာအနေနှင့် မိမိရင်ဘတ်အပေါ်အင်္ကျီကို ချွတ်ရန်လိုအပ်သည်၊ အမျိုးသမီးများအနေနှင့် အတွင်းခံအင်္ကျီကို ချွတ်ရန်လိုအပ်သည်
  • ရင်ဘတ်မွှေးထူသော အမျိုးသားအနေနှင့် ရင်ဘက်မွှေးများရိတ်ရန် လိုအပ်နိုင်သည်
  • ထို့နောက် အီးစီဂျီစုပ်ခွက် သို့မဟုတ် ကပ်ခွာများကို ရင်ဘတ်ပေါ်တွင် အစီအစဉ်တကျကပ်မည်၊ ခြေချင်းဝတ်နှင့် လက်ကောက်ဝတ်များတွင်လည်း တပ်ဆင်သည်
  • အီးစီဂျီရိုက်ကူးစဉ်တစ်လျှောက် လှုပ်ရှားမှု မပြုရပါ၊ အသက်ကို ပုံမှန်ရှူနိုင်သည်
  • ထို့နောက် စက်မှ အီးစီဂျီအဖြေစာရွက်ကို ထုတ်ယူမည်၊ အချို့စက်များတွင် အဖြေစာရွက်မထုတ်ခင် ကွန်ပျူတာမျက်နှာပြင်မှ အီးစီဂျီလှိုင်းတွန့်များကို ဆရာဝန်မှ ဖတ်ရှုနိုင်သည်
  • စစ်ဆေးပြီးနောက်တွင် အီးစီဂျီစုပ်ခွက် သို့မဟုတ် ကပ်ခွာများကို ပြန်လည်ဖြုတ်ယူသည်၊ ထိုသို့ဖြုတ်ယူချိန်တွင် အနည်းငယ် ကသိကအောက် ဖြစ်နိုင်သည်

အီးစီဂျီရိုက်ကူးရန် ချွတ်ရ၊ ဝတ်ရ လွယ်ကူသော အဝတ်အစားများ ဝတ်ဆင်ထားသင့်သည်။ ရင်ဘတ်ပေါ်တွင် လိုးရှင်းအဆီများ၊ ပေါင်ဒါများ မလိမ်းထားသင့်ပါ။ အမျိုးသမီးများအနေနှင့် ခြေစွပ်အရှည်များ ဝတ်ဆင်မထားသင့်ပါ။

ECG IMG1
သိရှိနိုင်သော အဖြေများ

အီးစီဂျီသည် နှလုံးလျှပ်စီး လှုပ်ရှားမှုများကို စစ်ဆေးခြင်းဖြစ်သည်။ ထိုမှတစ်ဆင့် နှလုံးနှင့် အခြားဆက်စပ်ရောဂါများကို သိရှိနိုင်သည်။ အောက်ပါအခြေအနေများကို အီးစီဂျီဖြင့် သိရှိနိုင်သည်။

  • နှလုံးခုန်နှုန်း
  • နှလုံးစည်းချက်မမှန်ခြင်း
  • နှလုံးသွေးကြောပိတ်ခြင်း သို့မဟုတ် ကျဉ်းခြင်း
  • နှလုံးခုန်ရပ်ခြင်း
  • နှလုံးခန်းများထူခြင်း၊ ကြီးခြင်း
  • နှလုံးကြွက်သားရောင်ခြင်း
  • နှလုံးအမြှေးပါးရောင်ခြင်းနှင့် နှလုံးအမြှေးပါးတွင်းရေဝင်ခြင်း
  • မွေးရာပါ နှလုံးကြွက်သားနှင့် နှလုံးလျှပ်စီးပတ်လမ်းရောဂါများ
  • သောက်ဆေးအချို့၏ အာနိသင်နှင့် ဘေးထွက်ဆိုးကျိုးများ
  • ပိုတက်ဆီယမ် သို့မဟုတ် ကယ်လ်ဆီယမ်ဆားဓာတ်များ မညီမျှခြင်း

အောက်ပါအခြေအနေများတွင် အီးစီဂျီစစ်ဆေးချက်အဖြေများသည် ရောဂါအခြေအနေနှင့် မှားယွင်းနိုင်သဖြင့် မိမိ၏မိသားစုဆရာဝန်နှင့် အသေးစိတ် တိုင်ပင်သင့်သည်။

  • နှလုံးဆေး သို့မဟုတ် နှလုံးလုပ်ဆောင်မှုကို အာနိသင်သက်ရောက်စေသော ဆေးဝါးများ သောက်ထားခြင်း
  • အဝလွန်ခြင်း
  • ကိုယ်ဝန်ဆောင်များ
  • ရေဖျဉ်း (Ascites) ရှိခြင်း
  • ကလေးများ
  • အားကစားသမားများ
အီးစီဂျီစစ်ဆေးမှု အဖြေရရှိပြီးနောက် ဆက်လက်လုပ်ဆောင်ရန်များ

အီးစီဂျီအဖြေစာရွက်ကို ဆရာဝန်မှ ဖတ်ရှုပြီး ဖြစ်နိုင်သည့်အခြေအနေများကို လူနာအား ရှင်းပြလိမ့်မည်။ လူနာအနေနှင့် အီးစီဂျီအဖြေကို အတိအကျသိရှိရန် မိမိ၏ရောဂါရာဇဝင်၊ ခံစားရသည့်လက္ခဏာများ၊ သုံးစွဲနေသည့်ဆေးဝါးများ၊ ဓာတုပစ္စည်းများ၊ အခြားဓာတ်ခွဲစစ်ဆေးချက်များကို ဆရာဝန်အား ပြောပြရန် လိုအပ်သည်။ အီးစီဂျီအဖြေပေါ် မူတည်၍ မိမိ၏မိသားစုဆရာဝန်မှ ရင်ဘတ်ဓာတ်မှန် (Chest X-ray) ရိုက်ခြင်း၊ အသံလှိုင်းသုံးနှလုံးပုံရိပ်​ဖော်စက်ဖြင့် စစ်​ဆေးခြင်း (Echocardiogram) တို့ကို ဆက်လက်ညွှန်ကြားနိုင်ပြီး လိုအပ်ပါက နှလုံးအထူးကုဆရာဝန်ထံ လွှဲပြောင်းလိမ့်မည်။

နှလုံးအထူးကုဆရာဝန်မှ ရောဂါကို ပိုမိုတိကျစွာ သိရှိနိုင်ရန် (၂၄) နာရီ အဆက်မပြတ် တိုင်းတာပေးသည့် အီးစီဂျီ (Holter) သို့မဟုတ် လေ့ကျင့်ခန်းအီးစီဂျီ (Exercise ECG) ကဲ့သို့ အထူးအီးစီဂျီများကို ညွှန်းဆိုနိုင်သည်။

ရုတ်တရက် ရင်ဘတ်အောင့်ခြင်း သို့မဟုတ် အမောဖောက်ခြင်း (Heart attack) ရှိပါက အီးစီဂျီရိုက်ကူးရန် အရေးတကြီးလိုအပ်သည်။ အကယ်၍ အီးစီဂျီအဖြေတွင် နှလုံးသွေးကြောပိတ်သည့် လက္ခဏာများတွေ့ရှိပါက ဆေးရုံအရေးပေါ်ဌာနသို့ ချက်ချင်းသွားရောက်ရန် လိုအပ်သည်။

References:

  1. Cleveland Clinic. (n.d.). Electrocardiogram (EKG). Retrieved September 10, 2025, from https://my.clevelandclinic.org/health/diagnostics/16953-electrocardiogram-ekg
  2. Hopkins Medicine. (n.d.). Electrocardiogram: Treatment, tests & therapies. Retrieved September 10, 2025, from https://www.hopkinsmedicine.org/health/treatment-tests-and-therapies/electrocardiogram
  3. Mayo Clinic. (n.d.). Electrocardiogram (EKG). Retrieved September 10, 2025, from https://www.mayoclinic.org/tests-procedures/ekg/about/pac-20384983
  4. Medical News Today. (n.d.). ECG vs. EKG: What’s the difference? Retrieved September 10, 2025, from https://www.medicalnewstoday.com/articles/ecg-vs-ekg#summary
  5. WebMD. (n.d.). Electrocardiogram (EKG). Retrieved September 10, 2025, from https://www.webmd.com/heart-disease/electrocardiogram-ekgs
  6. Kamga, P., Mostafa, R., & Zafar, S. (2022). The use of wearable ECG devices in the clinical setting: A review. Current Emergency and Hospital Medicine Reports, 10(3), 67–72. https://doi.org/10.1007/s40138-022-00248-x
  7. Palermi, S., Vecchiato, M., Ng, F. S., Attia, Z., Cho, Y., Anselmino, M., De Ferrari, G. M., & Saglietto, A., on behalf of the International AI-ECG Working Group. (2025). Artificial intelligence and the electrocardiogram: A modern renaissance. European Journal of Internal Medicine. Advance online publication. https://doi.org/10.1016/j.ejim.2025.05.011
  8. Masotta, V., Salvatore, V., Mancuso, C., Biondi, G., Masotta, A., & Luminaro, D. (2024). Telehealth care and remote monitoring strategies in heart failure patients: A systematic review and meta-analysis. International Journal of Cardiology, 389, 134 – 145. https://doi.org/10.1016/j.ijcard.2024.04.036
  9. Christopoulos, G., Attia, Z. I., Van Houten, H. K., Yao, X., Carter, R. E., López-Jiménez, F., … Friedman, P. A. (2022). Artificial intelligence–electrocardiography to detect atrial fibrillation: Trend of probability before and after the first episode. European Heart Journal – Digital Health, 3(2), 228–235. https://doi.org/10.1093/ehjdh/ztac023

Published Date: 30 August 2024

Last updated: 20 November 2025

Share

26 September 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.