Plaster cast care (ကျောက်ပတ်တီးစည်းခြင်း)

Plaster cast care (ကျောက်ပတ်တီးစည်းခြင်း)

အရိုးကျိုးရာတွင် ကျိုးသွားသောအရိုးကို ပြန်လည်တည့်မတ်ပြီးသည်နှင့် အရိုးများ ပြန်ဆက်သည်အထိ ငြိမ်နေအောင် ကျောက်ပတ်တီးစည်းလေ့ရှိသည်။ အရိုးကျိုးခြင်းကို မလှုပ်မရှားဘဲ ငြိမ်အောင်ထားလျှင် အရိုးသည် အလိုအလျောက် ဆက်သွားတတ်သည်။ ကျောက်ပတ်တီးစည်းပြီးလျှင် လူနာမှလိုက်နာရမည့် အချက်များမှာ အရေးကြီးသည်။

ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

ကျောက်ပတ်တီးကို

  • အရိုးကျိုးခြင်း
  • အဆစ်လွဲခြင်း
  • အဆစ်များ ရောင်ခြင်း
  • အရိုးအဆစ်ပိုးဝင်ခြင်း
  • နာကျင်ခြင်း
  • ပုံပျက်နေသော အကြောအဆစ်များ ပြုပြင်ခြင်းစသည့် မလှုပ်ရှားစေလိုသော အခြေအနေများတွင်လည်း အသုံးပြုသည်။
ကုသပုံအဆင့်ဆင့်
ကျောက်ပတ်တီးစည်းပုံ

ယနေ့ခေတ်တွင် ရှေးရိုးသုံးပလတ်စတာမှုန့် ကျောက်ပတ်တီးနှင့် ခေတ်မီဖိုင်ဘာကော် ကျောက်ပတ်တီးဟူ၍ နှစ်မျိုးရှိသည်။ မည်သည့်အမျိုးအစားနှင့် သင့်တော်သည်ကို ဆရာဝန်မှဆုံးဖြတ်လိမ့်မည်။ ဆရာဝန်သည် ကျောက်ပတ်တီးလိပ်ကို ရေနွေးတွင်စိမ်ပြီး ကျိုးနေသည့်ခြေ သို့မဟုတ် လက်ကို ပုံမှန်ပတ်တီးစည်းသကဲ့သို့ စည်းလိမ့်မည်။ သင့်တော်သည့် အထူတစ်ခုရလျှင် လိုအပ်သည့်ပုံစံသွင်းပြီး ကျောက်ပတ်တီး ခြောက်သွေ့သည်အထိ ထားလိမ့်မည်။

ပလတ်စတာပတ်တီးကိုသုံးလျှင် အနည်းငယ်ပူနွေးသည်ကို ခံစားရလိမ့်မည်။ တင်းကျပ်လွန်းခြင်း မရှိစေရန် ကျောက်ပတ်တီးကို အလျားလိုက်ခွဲပြီး ရိုးရိုးပတ်တီးဖြင့် ပြန်လည်စည်းလိမ့်မည်။ စည်းပြီးလျှင် ခြေ၊ လက်ထိပ်များ လှုပ်ရှား၍ ရမရ၊ သွေးလျှောက်ခြင်း ရှိမရှိ စမ်းသပ်လိမ့်မည်။ ကျောက်ပတ်တီးစည်းခြင်း၏ နောက်ဆက်တွဲအန္တရာယ်များနှင့် လိုက်နာသင့်သည်များကို ရှင်းပြလိမ့်မည်။

အရိုးကျိုးလျှင် ကျောက်ပတ်တီးကို ရက်သတ္တပတ် (၆)ပတ် မှ (၁၂)ပတ်အထိ လည်းကောင်း၊ အခြားရည်ရွယ်ချက်များတွင် (၃) ပတ်အထိလည်းကောင်း စည်းထားရန်လိုသည်။ ကျောက်ပတ်တီးစည်းပြီး နောက်ပိုင်းတွင် ကျောက်ပတ်တီး၏ အခြေအနေကို စစ်ဆေးရန်နှင့် ကျောက်ပတ်တီးဖြည်ရန် ဆရာဝန်မှ ခေါ်ဆိုသည့်အချိန်တိုင်း မပျက်မကွက် သွားရောက်ပြသရမည်။

နောက်ဆက်တွဲဆိုးကျိုးများ

ဆရာဝန်မှ ပြန်လည်ချိန်းဆိုသည့် ကာလမတိုင်မီအတွင်း ကျောက်ပတ်တီးစည်းခြင်းနှင့် ပတ်သက်သည့် အခြေအနေများကို ဂရုပြုရမည်။

  • ကျောက်ပတ်တီးအတွင်း၌ ရောင်ပြီးတင်းကျပ်ခြင်း၊ အလွန်နာကျင်ခြင်း
  • ခြေချောင်း၊ လက်ချောင်းများ ထုံကျဥ်ခြင်း၊ လှုပ်မရခြင်း
  • ခြေချောင်း၊ လက်ချောင်းများ ပြာခြင်း၊ ညိုမဲခြင်း၊ အေးစက်ခြင်း

အထက်ပါလက္ခဏာများခံစားရလျှင် ဆေးရုံသို့ အ‌ရေးပေါ်ပြသရန်လိုသည်။ လိုအပ်လျှင် ကျောက်ပတ်တီးကို ပြန်လည်ခွဲထုတ်ပစ်ရန်လိုသည်။

  • ကျောက်ပတ်တီး ရေစိုလျှင်၊ ပျော့လျှင်၊ အက်ကွဲလျှင်၊ ကျိုးလျှင်
  • ကျောက်ပတ်တီးအတွင်းမှ သွေးထွက်လျှင်၊ ပြည်ထွက်လျှင်၊ အနံ့ဆိုးထွက်လျှင်
  • ကျောက်ပတ်တီး ကျပ်လျှင်၊ ချောင်လျှင်
  • ကျောက်ပတ်တီးပတ်လည်ရှိ အရေပြားတွင် ယားလျှင်၊ အရည်ကြည်ဖုထွက်လျှင်၊ အနာပေါက်လျှင်
  • ဆရာဝန်ချိန်းသည့်ရက်ပြည့်လျှင် သက်ဆိုင်ရာဆရာဝန်နှင့် ရက်ချိန်း ပြသရန်လိုသည်။
လိုက်နာဆောင်ရွက်ရမည့်အချက်များ
  • ကျောက်ပတ်တီးကိုရေမစိုစေရ၊ ခြောက်သွေ့သန့်ရှင်းအောင်ထားပါ
  • ကျောက်ပတ်တီးစည်းသည့်နေရာ၏ အပေါ် ပိုင်း၊ အောက်ပိုင်း အကြောအဆစ်များကို လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပါ
  • ကျောက်ပတ်တီးအောက်တွင်ခံထားသည့် ဂွမ်းစများကို ဆွဲမထုတ်ရ
  • ကျောက်ပတ်တီးအတွင်းသို့ ကစားစရာ၊ သစ်စေ့၊ တုတ်ချောင်း၊ ပေါင်ဒါမှုန့်များမထည့်ရ
  • ကျောက်ပတ်တီးအတွင်းသို့ တုတ်ချောင်းဖြင့်ကုတ်ခြင်း၊ ခြစ်ခြင်းမလုပ်ရ
  • မိမိသဘောဖြင့် ကျောက်ပတ်တီးကို ဖြည်ခြင်း၊ ဖြုတ်ခြင်းမလုပ်ရ
Plaster cast care IMG1

References:

  1. Allen. (2024). Plaster of Paris: Formula, properties, preparation & uses. Retrieved October 12, 2025, from https://allen.in/jee/chemistry/plaster-of-paris
  2. Fowler, P. (2024). Casts: Tips for care and comfort. WebMD. Retrieved October 12, 2025, from https://www.webmd.com/first-aid/firstaid-care-for-cast
  3. Mayo Clinic. (n.d.). How to look after your child’s cast. Retrieved October 12, 2025, from https://www.mayoclinic.org/healthy-lifestyle/childrens-health/in-depth/cast-care/art-20047159

Published: 30 August 2024

Last updated: 25 November 2025

Share

26 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.