Thoracocentesis – pleural aspiration/pleural tap (အဆုတ်အမြှေးပါးအတွင်းမှ အ‌ရည်များ စုပ်ထုတ်ခြင်း)

Thoracocentesis – pleural aspiration/pleural tap (အဆုတ်အမြှေးပါးအတွင်းမှ အ‌ရည်များ စုပ်ထုတ်ခြင်း)

အဆုတ်အမြှေးပါးအတွင်းမှ အ‌ရည်များစုပ်ထုတ်ခြင်းသည် အဆုတ်အမြှေးပါးအတွင်း ရေဝင်ခြင်း (pleural effusion)ကြောင့် ဖြစ်ပေါ်သောရောဂါလက္ခဏာများ သက်သာစေရန်နှင့် ဖြစ်ပေါ်စေသော အကြောင်းရင်းများကို ရှာဖွေရန် ပြုလုပ်ခြင်းဖြစ်သည်။ အဆုတ်အမြှေးပါးအတွင်းမှ အရည်ပိုများကို အပ်နှင့်ပိုက်ချောင်းကို အသုံးပြု၍ ဖယ်ရှားခြင်းဖြစ်သည်။

ပြုလုပ်ရန် လိုအပ်သော ရောဂါနှင့် အခြေအနေများ

အဆုတ်အမြှေးပါး အတွင်းမှ အရည်များစုပ်ထုတ်ရန် လိုအပ်ရခြင်း အကြောင်းရင်းများ

  1. ရောဂါရှာဖွေရန် အဆုတ်အမြှေးပါးအတွင်းမှ အရည်များစုပ်ထုတ်ခြင်း (diagnostic thoracocentesis)
    • အကြောင်းရင်းတိတိကျကျ မသိဘဲ အဆုတ်အမြှေးပါးအတွင်း ရေဝင်ခြင်း
    • ရင်ဘတ်ဓာတ်မှန်၊ အာထရာဆောင်းနှင့် ကွန်ပြူတာဓာတ်မှန်တို့တွင် အဆုတ်အမြှေးပါးအတွင်း ရေဝင်ခြင်းကိုတွေ့ရှိပါက အရည်ကို စုပ်ထုတ်၍ ဓာတ်ခွဲခန်းသို့ပိုပြီး ရောဂါရှာဖွေရမည်။ ထိုသို့ အဆုတ်အမြှေးပါးအတွင်းမှ အရည်ကိုစစ်ဆေးခြင်းဖြင့် အောက်ဖော်ပြပါရောဂါများ ရှာဖွေရာတွင် များစွာအထောက်အကူပြုသည်။
    • အဆုတ်အမြှေးပါးအတွင်း ပြည်တည်ခြင်း ( empyema)
    • အဆုတ်တွင် သွေးခဲခြင်း
    • ကင်ဆာရောဂါ
    • အဆုတ်သွေးပြန်ကြောမကြီးအတွင်း ဖိအားများခြင်း
    • အသည်းလုပ်ငန်းများပျက်စီးခြင်း
    • အဆုတ်‌ရောင် နမိုးနီးယားရောဂါ
    • တီဘီရောဂါ အစရှိသောရောဂါများကို ရှာဖွေရန် အထောက်အကူပြုသည်။
  2. ရောဂါ လက္ခဏာများသက်သာစေရန် အဆုတ်အမြှေးပါး အတွင်းမှ အရည်များစုပ်ထုတ်ခြင်း (therapeutic thoracocentesis)
    • အဆုတ်အမြှေးပါးအတွင်း အရည်များစွာစုမိသောကြောင့် ဖြစ်ပေါ်လာသော မောခြင်း၊ အသက်ရှူမဝခြင်း၊ သွေးတွင်းအောက်ဆီဂျင်ကျခြင်းတို့ကို သက်သာစေရန် အရည်များ စုပ်ထုတ်ပေးရန် လိုအပ်သည်။
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်

အဆုတ်အမြှေးပါးအတွင်းမှ အ‌ရည်များစုပ်ထုတ်ရန် ဆုံးဖြတ်ခြင်း

  • ဆရာဝန်များမှ လူနာနှင့်လူနာရှင်ကို အဆုတ်အမြှေးပါးအတွင်းမှ အရည်များစုပ်ထုတ်ရန် လိုအပ်သည့်အကြောင်းရင်းများ၊ ပြုလုပ်ပုံ အဆင့်ဆင့်နှင့် ထိုသို့ပြုလုပ်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးနှင့် ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများကို သေချာစွာရှင်းပြရမည်။ လူနာမှ သေချာစွာနားလည်သိရှိကြောင်းနှင့် ပြုလုပ်ရန်သဘောတူကြောင်းကို လက်မှတ်ရေးထိုးရသည်။
  • မိမိတွင် သွေးထွက်ရောဂါရှိခြင်း ၊ သွေးမခဲဆေးများသောက်နေရခြင်း နှင့် ဓာတ်မတည့်သောဆေးများ ရှိပါက ဆရာဝန်ကို ကြိုတင်အသိပေးထားရမည်။ သို့မှသာ ဆရာဝန်များမှ လိုအပ်သော ကြိုတင်ပြင်ဆင်ကုသမှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။

အဆုတ်အမြှေးပါး အတွင်းမှ အရည်များစုပ်ထုတ်ခြင်း

အရည်များစုပ်ထုတ်ရန် ဆေးရုံတက်နေသော လူနာဖြစ်လျှင် လူနာကုတင်‌ဘေးတွင်ဖြစ်စေ (သို့မဟုတ်) ပြင်ပလူနာဖြစ်ပါက ပြင်ပလူနာဌာနရှိ အခန်းထဲတွင်ပင် ပြုလုပ်နိုင်သည်။

  • ပထမဦးစွာ လူနာ၏အင်္ကျီကို ဖယ်ရှားပြီး ဆေးရုံမှသတ်မှတ်ထားသော အဝတ်အစားကို ပြောင်းလဲဝတ်ဆင်ရမည်။
  • သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်းနှင့် အသက်ရှူနှုန်း၊ အောက်ဆီဂျင် တို့ကိုတိုင်းတာပြီး လိုအပ်လျှင် အောက်ဆီဂျင်ပေးခြင်းများ ပြုလုပ်လိမ့်မည်။
  • သက်တောင့်သက်သာရှိသော အနေအထားတွင် လူနာကိုထိုင်စေလျက် ရှေ့သို့အနည်းငယ်ကုန်းကာ စားပွဲပေါ်တွင် လက်တင်ထားရမည်။
  • ထို့နောက် အာထရာဆောင်း၏ အကူအညီဖြင့် အရည်စုပ်ထုတ်ရန် အပ်ထိုးထည့်ရမည့်နေရာကို အရေပြားပေါ်တွင် မှတ်သားပါမည်။
  • အပ်ထိုးထည့်ရမည့် နေရာနှင့် အနီးတစ်ဝိုက်ကို ပိုးသတ်ဆေးရည်ဖြင့် သန့်ရှင်းအောင်ပြုလုပ်ပေးရမည်။
  • မှတ်သားထားသောနေရာတွင် အပ်ထိုးထည့်သောအခါ အနာသက်သာစေရန် ထုံဆေးထိုးပေးလိမ့်မည်။
  • ထိုနေရာထုံလာသောအခါ အဆုတ်အမြှေးပါးအတွင်းမှ အရည်များကိုစုပ်ထုတ်ရန် အပ်ကို မှတ်သားထားသော နေရာတွင်ထည့်ပါမည်။
  • အရည်များကိုအပ်ဖြင့် စုပ်ထုတ်ပြီး ဆက်သွယ်ထားသော ပိုက်ချောင်းမှတဆင့် ပုလင်း (သို့)အိတ်အလွတ်ထဲသို့ စီးဆင်းစေသည်။
  • အရည်များကိုလုံလောက်အောင် ဖယ်ရှားပြီးသောအခါ အပ်ကိုပြန်ဆွဲထုတ်ရမည်။
  • ထို့နောက် အပ်ဆွဲထုတ်လိုက်သောနေရာကို ပတ်တီး၊ပလာစတာတို့ဖြင့် အုပ်ထားရမည်။
TPS IMG1

အရည်များကို ဖယ်ရှားပြီးနောက်

  • အဆုတ်ကို ထိခိုက်ဒဏ်ရာရှိ၊မရှိ သိရှိနိုင်ရန် ရင်ဘတ်ဓာတ်မှန်ရိုက်ရန် လိုအပ်သည်။
  • အကယ်၍ အရည်ပမာဏများစွာကို ဖယ်ရှားခဲ့လျှင် ဆေးရုံတွင် အချိန်ခဏကြာအောင် စောင့်ကြည့်ရန် လိုအပ်သည်။
  • အသက်ရှူမြန်ခြင်း၊ အောက်ဆီဂျင်ကျခြင်းတို့ကို သေချာစွာစောင့်ကြည့်ပြီး မည်သည့်ပြဿနာမှ မရှိပါက အိမ်သို့ပြန်နိုင်သည်။
  • စုပ်ထုတ်လိုက်သော အရည်များကို ဓာတ်ခွဲခန်းသို့ပို့၍ စစ်ဆေးရန်လိုအပ်သည်။
သိရှိနိုင်သောအဖြေများ

စုပ်ထုတ်လိုက်သောအရည်တွင်ပါသည့် ဆဲလ်များ၊ ပရိုတိန်းပမာဏ၊ ပိုးအမျိုးအစား စသည်တို့သိရှိနိုင်သည်။ ထိုအဖြေများပေါ်မူတည်၍ ဖြစ်ပေါ်ရသောအကြောင်းအရင်းများကို ခန့်မှန်းသိရှိနိုင်ပြီး တိကျသောကုသမှုကို ခံယူနိုင်မည်ဖြစ်သည်။

နောက်ဆက်တွဲဆိုးကျိုးများ

များသောအားဖြင့် ဖြစ်လာနိုင်သော ဘေးထွက်ဆိုးကျိုးများမှာ သာမန်သာဖြစ်ပြီး အလွယ်တကူ ကုသပျောက်ကင်းနိုင်သည်။

  • အဆုတ်အမြှေးပါးအတွင်း လေဝင်ခြင်း (pneumothorax)
    အများအားဖြင့် အလိုအလျောက် ပြန်လည်သက်သာသွားနိုင်သည်‌။ သို့သော် လေပမာဏများပါက အဆုတ်ကျုံ့နိုင်သဖြင့် သေးငယ်သော ပြွန်ချောင်းထည့်၍ လေထုတ်ပြီးကုသနိုင်သည်။
  • အပ်ထည့်သည့်နေရာတွင် နာကျင်ခြင်း၊ သွေးထွက်ခြင်း၊ ‌ရောဂါပိုးဝင်ခြင်းတို့ ဖြစ်နိုင်သည်။
  • အဆုတ်နှင့်အနီးတဝိုက်တွင် သွေးထွက်ခြင်းများ ရှားပါးစွာ ဖြစ်ပေါ်တတ်သည်။
လိုက်နာဆောင်ရွက်ရမည့်အချက်များ
  • အိမ်သို့ပြန်ရောက်ပြီးနောက် ပုံမှန် အစားအသောက်အတိုင်း စားသောက်နိုင်သည်။ ပြင်းထန်သော လှုပ်ရှားမှုများကို ရက်အနည်းငယ် မပြုလုပ်ရန်လိုအပ်သည်။
  • အဖျား (၁၀၀) ဒီဂရီ နှင့် အထက်ဖြစ်ခြင်း၊ အပ်ထုတ်လိုက်သောနေရာတွင် ရောင်ရမ်းပြီးနီရဲလာခြင်း၊ အပ်ထုတ်ထားသောနေရာမှ သွေး (သို့မဟုတ်) အခြားသော အရည်များထွက်လာခြင်း၊ မောခြင်း၊ အသက်ရှူကြပ်ခြင်း၊ ရင်ဘတ်အောင့်ခြင်းတို့ဖြစ်ပေါ်လျှင် ဆရာဝန်ကိုချက်ချင်းအသိပေးပြီး ကုသမှုခံယူရမည်။

References:

  1. Thoracocentesis (pleural aspiration or pleural tap) – Overview. (n.d.). Guy’s and St Thomas’ NHS Foundation Trust. Retrieved July 8, 2024, from https://www.guysandstthomas.nhs.uk/health-information/thoracocentesis-pleural-aspiration-or-pleural-tap
  2. Dezube, R. (2022, July 13). How To Do Thoracentesis. MSD Manual Professional Edition. Retrieved July 8, 2024, from https://www.msdmanuals.com/professional/pulmonary-disorders/how-to-do-pulmonary-procedures/how-to-do-thoracentesis
  3. Davis, S. (2024, March 3). What Is Thoracentesis? WebMD. Retrieved July 8, 2024, from https://www.webmd.com/lung-cancer/thoracentesis-procedure#:~:text=Thoracentesis%20is%20a%20brief%2C%20nonsurgical,what’s%20causing%20the%20fluid%20buildup.
  4. Thoracentesis. Johns Hopkins Medicine. Retrieved July 8, 2024, from https://www.hopkinsmedicine.org/health/treatment-tests-and-therapies/thoracentesis

Published Date: 30 August 2024

Share

30 August 2024
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.