Thoracocentesis – pleural aspiration/pleural tap (အဆုတ်အမြှေးပါးအတွင်းမှ အ‌ရည်များ စုပ်ထုတ်ခြင်း)

Thoracocentesis – pleural aspiration/pleural tap (အဆုတ်အမြှေးပါးအတွင်းမှ အ‌ရည်များ စုပ်ထုတ်ခြင်း)

အဆုတ်အမြှေးပါးသည် အဆုတ်ကို ဝန်းရံထားသည့် အမြှေးပါးနှစ်ခုကို ဆိုလိုသည်။ အတွင်းဘက် အမြှေးပါးသည် အဆုတ်နှင့် ကပ်နေပြီး အပြင်ဘက်အမြှေးပါးသည် ရင်ဘတ်နံရံနှင့် ကပ်နေသည်။ ဤအမြှေးပါးနှစ်ခုကြားရှိ သေးငယ်သော နေရာကို အဆုတ်အမြှေးပါးနေရာ (Pleural Space) ဟုခေါ်ပြီး၊ ၎င်းအတွင်း၌ အဆုတ်ကို အသက်ရှူတိုင်း ချောမွေ့စွာ လှုပ်ရှားနိုင်စေရန် ကူညီပေးသည့် အရည်ပမာဏ အနည်းငယ်သာရှိသည်။ ရောဂါအခြေအနေတစ်ခုခုကြောင့် ဤအမြှေးပါးနှစ်ခုကြားတွင် အရည်များပုံမှန်ထက်ပို၍ စုပုံလာခြင်းကို pleural effusion ဟုခေါ်ပြီး ထိုသို့အရည်များ လွန်ကဲစွာ စုပုံခြင်းကြောင့် ဖြစ်ပေါ်လာသော ရောဂါလက္ခဏာများကို သက်သာစေရန်နှင့် ရောဂါဖြစ်ရသည့် အကြောင်းရင်းကို ရှာဖွေရန်အတွက် လုပ်ဆောင်သော လုပ်ငန်းစဉ်ကို Thoracocentesis ဟုခေါ်သည်။ ဤလုပ်ဆောင်မှုတွင် အဆုတ်အမြှေးပါးအတွင်းမှ ပိုလျှံနေသော အရည်များကို အပ်နှင့်ပိုက်ချောင်းကို အသုံးပြု၍ စနစ်တကျ ထုတ်ယူဖယ်ရှားခြင်းဖြစ်သည်။

ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
အဆုတ်အမြှေးပါးအတွင်းမှ အရည်များစုပ်ထုတ်ရန် လိုအပ်ရခြင်း အကြောင်းရင်းများ
  1. ရောဂါရှာဖွေရန် အဆုတ်အမြှေးပါးအတွင်းမှ အရည်များစုပ်ထုတ်ခြင်း (Diagnostic thoracocentesis)
    • အကြောင်းရင်းတိတိကျကျ မသိဘဲ အဆုတ်အမြှေးပါးအတွင်း ရေဝင်ခြင်း
    • ရင်ဘတ်ဓာတ်မှန်၊ အာထရာဆောင်းနှင့် ကွန်ပြူတာဓာတ်မှန်တို့တွင် အဆုတ်အမြှေးပါးအတွင်း ရေဝင်ခြင်းကိုတွေ့ရှိပါက အရည်ကို စုပ်ထုတ်၍ ဓာတ်ခွဲခန်းသို့ပိုပြီး ရောဂါရှာဖွေရမည်၊ ထိုသို့ အဆုတ်အမြှေးပါးအတွင်းမှ အရည်ကိုစစ်ဆေးခြင်းဖြင့် အောက်ဖော်ပြပါရောဂါများ ရှာဖွေရာတွင် များစွာအထောက်အကူပြုသည်
    • အဆုတ်အမြှေးပါးအတွင်း ပြည်တည်ခြင်း (Empyema)
    • အဆုတ်တွင် သွေးခဲခြင်း
    • ကင်ဆာရောဂါ
    • အဆုတ်သွေးပြန်ကြောမကြီးအတွင်း ဖိအားများခြင်း
    • အသည်းလုပ်ငန်းများပျက်စီးခြင်း
    • အဆုတ်‌ရောင် နမိုးနီးယားရောဂါ
    • တီဘီရောဂါ အစရှိသောရောဂါများကို ရှာဖွေရန် အထောက်အကူပြုသည်
  2. ရောဂါလက္ခဏာများ သက်သာစေရန် အဆုတ်အမြှေးပါးအတွင်းမှ အရည်များ စုပ်ထုတ်ခြင်း (Therapeutic thoracocentesis)
    • အဆုတ်အမြှေးပါးအတွင်း အရည်များစွာစုမိသောကြောင့် ဖြစ်ပေါ်လာသော မောခြင်း၊ အသက်ရှူမဝခြင်း၊ သွေးတွင်းအောက်ဆီဂျင်ကျခြင်းတို့ကို သက်သာစေရန် အရည်များ စုပ်ထုတ်ပေးရန် လိုအပ်သည်
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
အဆုတ်အမြှေးပါးအတွင်းမှ အ‌ရည်များ စုပ်ထုတ်ရန် ဆုံးဖြတ်ခြင်း
  • ဆရာဝန်များမှ လူနာနှင့်လူနာရှင်ကို အဆုတ်အမြှေးပါးအတွင်းမှ အရည်များစုပ်ထုတ်ရန် လိုအပ်သည့်အကြောင်းရင်းများ၊ ပြုလုပ်ပုံ အဆင့်ဆင့်နှင့် ထိုသို့ပြုလုပ်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးနှင့် ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများကို သေချာစွာရှင်းပြရသည်၊ လူနာမှ သေချာစွာနားလည်သိရှိကြောင်းနှင့် ပြုလုပ်ရန်သဘောတူကြောင်းကို လက်မှတ်ရေးထိုးရသည်
  • မိမိတွင် သွေးရောဂါများရှိခြင်း၊ သွေးမခဲဆေးများ သောက်နေရခြင်းနှင့် ဓာတ်မတည့်သောဆေးများ ရှိပါက ဆရာဝန်ကို ကြိုတင်အသိပေးထားရမည်၊ သို့မှသာ ဆရာဝန်များမှ လိုအပ်သော ကြိုတင်ပြင်ဆင်ကုသမှုများ ပြုလုပ်နိုင်မည်ဖြစ်သည်
အဆုတ်အမြှေးပါးအတွင်းမှ အရည်များစုပ်ထုတ်ခြင်း

အရည်များစုပ်ထုတ်ရန် ဆေးရုံတက်နေသော လူနာဖြစ်လျှင် လူနာကုတင်‌ဘေးတွင်ဖြစ်စေ (သို့မဟုတ်) ပြင်ပလူနာဖြစ်ပါက ပြင်ပလူနာဌာနရှိ အခန်းထဲတွင်ပင် ပြုလုပ်နိုင်သည်။

  • ပထမဦးစွာ လူနာ၏အင်္ကျီကို ဖယ်ရှားပြီး ဆေးရုံမှသတ်မှတ်ထားသော အဝတ်အစားကို ပြောင်းလဲဝတ်ဆင်ရမည်
  • သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်းနှင့် အသက်ရှူနှုန်း၊ အောက်ဆီဂျင် တို့ကိုတိုင်းတာပြီး လိုအပ်လျှင် အောက်ဆီဂျင်ပေးခြင်းများ ပြုလုပ်လိမ့်မည်
  • သက်သောင့်သက်သာရှိသော အနေအထားတွင် လူနာကိုထိုင်စေလျက် ရှေ့သို့အနည်းငယ်ကုန်းကာ စားပွဲပေါ်တွင် လက်တင်ထားရမည်
  • ထို့နောက် အာထရာဆောင်း၏ အကူအညီဖြင့် အရည်စုပ်ထုတ်ရန် အပ်ထိုးထည့်ရမည့်နေရာကို အရေပြားပေါ်တွင် မှတ်သားထားမည်
  • အပ်ထိုးထည့်ရမည့် နေရာနှင့် အနီးတစ်ဝိုက်ကို ပိုးသတ်ဆေးရည်ဖြင့် သန့်ရှင်းအောင် ပြုလုပ်ပေးရမည်
  • မှတ်သားထားသောနေရာတွင် အပ်ထိုးထည့်သောအခါ အနာသက်သာစေရန် ထုံဆေးထိုးပေးလိမ့်မည်
  • ထိုနေရာထုံလာသောအခါ အဆုတ်အမြှေးပါးအတွင်းမှ အရည်များကိုစုပ်ထုတ်ရန် အပ်ကို မှတ်သားထားသော နေရာတွင်ထည့်မည်
  • အရည်များကို အပ်ဖြင့်စုပ်ထုတ်ပြီး ဆက်သွယ်ထားသော ပိုက်ချောင်းမှတစ်ဆင့် ပုလင်း သို့မဟုတ် အိတ်အလွတ်ထဲသို့ စီးဆင်းစေသည်
  • အရည်များကိုလုံလောက်အောင် ဖယ်ရှားပြီးသောအခါ အပ်ကိုပြန်ဆွဲထုတ်ရမည်
  • ထို့နောက် အပ်ဆွဲထုတ်လိုက်သောနေရာကို ပတ်တီး၊ ပလတ်စတာတို့ဖြင့် အုပ်ထားရမည်
TPS IMG1
အရည်များကို ဖယ်ရှားပြီးနောက်
  • အဆုတ်ကို ထိခိုက်ဒဏ်ရာ ရှိမရှိ သိရှိနိုင်ရန် လိုအပ်လျှင် ရင်ဘတ်ဓာတ်မှန် ရိုက်ကြည့်နိုင်သည်
  • အကယ်၍ အရည်ပမာဏများစွာကို ဖယ်ရှားခဲ့လျှင် ဆေးရုံတွင် နာရီအနည်းကြာအောင် စောင့်ကြည့်ရန် လိုအပ်သည်
  • သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်းနှင့် အသက်ရှူနှုန်း၊ အောက်ဆီဂျင် တို့ကိုတိုင်းတာပြီး အသက်ရှူမြန်ခြင်း၊ အောက်ဆီဂျင်ကျခြင်း အစရှိသော မည်သည့်ပြဿနာမှ မရှိပါက အိမ်သို့ပြန်နိုင်သည်
  • စုပ်ထုတ်လိုက်သော အရည်များကို ဓာတ်ခွဲခန်းသို့ပို့၍ စစ်ဆေးရန် လိုအပ်သည်
သိရှိနိုင်သောအဖြေများ

Thoracocentesis ပြုလုပ်၍ စုပ်ထုတ်လိုက်သော အရည်ကို စစ်ဆေးခြင်းဖြင့် ရောဂါဖြစ်ရသည့် အကြောင်းရင်းကို တိကျစွာ ခွဲခြားနိုင်ပြီး၊ မှန်ကန်သော ကုသမှုပေးရန်အတွက် အရေးပါသော အချက်အလက်များ ရရှိနိုင်သည်။ ရရှိနိုင်သောအဖြေများမှာ_

  • အရည်၏ အသွင်အပြင် (Fluid Appearance)
    အရည်၏ အရောင်၊ အနံ့နှင့် ကြည်လင်မှုပေါ်မူတည်၍ ရောဂါကို ခန့်မှန်းနိုင်သည် (ဥပမာ _ ရောဂါပိုးဝင်ရောက်ပါက အရည်သည် အရောင်ပြောင်းလဲပြီး နောက်ကျိလာနိုင်သည်)။
  • ဆဲလ်နှင့် ပရိုတင်းပမာဏ (Cells and Protein Levels)
    အရည်အတွင်းရှိ ပရိုတင်းနှင့် ဆဲလ်ပမာဏကို တိုင်းတာခြင်းဖြင့် အဓိကရောဂါအမျိုးအစားနှစ်မျိုးဖြစ်သော transudate နှင့် exudate ဟူ၍ ခွဲခြားနိုင်သည်။
    • Transudate (ပရိုတင်းနည်းသောအရည်) – နှလုံး၊ ကျောက်ကပ် သို့မဟုတ် အသည်းရောဂါများကဲ့သို့ ခန္ဓာကိုယ်စနစ်တစ်ခုလုံးနှင့် သက်ဆိုင်သော ရောဂါများကြောင့် ဖြစ်ပွါးနိုင်သည်
    • Exudate (ပရိုတင်းများသောအရည်) – အဆုတ်ရောဂါပိုးဝင်ခြင်း (နမိုးနီးယား၊ တီဘီ) သို့မဟုတ် ကင်ဆာရောဂါများကဲ့သို့ ရင်ဘတ်အတွင်းရှိ ပြဿနာများကြောင့် ဖြစ်ပွါးနိုင်သည်
  • ပိုးစစ်ဆေးခြင်း
    အရည်ကို ဓာတ်ခွဲခန်းတွင် စစ်ဆေးခြင်း၊ ပိုးမွေးခြင်းဖြင့် ဘက်တီးရီးယား၊ ဗိုင်းရပ်စ် သို့မဟုတ် မှိုပိုးစသည့် ရောဂါပိုးများကို ရှာဖွေနိုင်ပြီး သင့်တော်သော ဆေးဝါးများ ရွေးချယ်နိုင်ရန် အထောက်အကူပြုသည်။
  • ကင်ဆာဆဲလ် ရှာဖွေခြင်း
    အထူးပြုစစ်ဆေးမှုများဖြင့် အရည်အတွင်း ကင်ဆာဆဲလ်များ ရှိမရှိကို စစ်ဆေးနိုင်သည်။ ၎င်းသည် ရင်ဘတ်အတွင်း သို့မဟုတ် အခြားနေရာမှ ကင်ဆာပျံ့နှံ့လာခြင်းကို အတည်ပြုရန်အတွက် အရေးကြီးသည်။
နောက်ဆက်တွဲဆိုးကျိုးများ

များသောအားဖြင့် ဖြစ်လာနိုင်သော ဘေးထွက်ဆိုးကျိုးများမှာ သာမန်သာဖြစ်ပြီး အလွယ်တကူ ကုသပျောက်ကင်းနိုင်သည်။

  • အဆုတ်အမြှေးပါးအတွင်း လေဝင်ခြင်း (Pneumothorax)
    အများအားဖြင့် အလိုအလျောက် ပြန်လည်သက်သာသွားနိုင်သည်‌။ သို့သော် လေပမာဏများပါက အဆုတ်ကျုံ့နိုင်သဖြင့် သေးငယ်သော ပြွန်ချောင်းထည့်၍ လေထုတ်ပြီး ကုသနိုင်သည်။
  • အပ်ထည့်သည့်နေရာတွင် နာကျင်ခြင်း၊ သွေးထွက်ခြင်း၊ ‌ရောဂါပိုးဝင်ခြင်းတို့ ဖြစ်နိုင်သည်
  • အဆုတ်နှင့် အနီးတစ်ဝိုက်တွင် သွေးထွက်ခြင်းများ ရှားပါးစွာ ဖြစ်ပေါ်တတ်သည်
လိုက်နာဆောင်ရွက်ရမည့်အချက်များ
  • အိမ်သို့ပြန်ရောက်ပြီးနောက် ပုံမှန် အစားအသောက်အတိုင်း စားသောက်နိုင်သည်၊ ပြင်းထန်သော လှုပ်ရှားမှုများကို ရက်အနည်းငယ် မပြုလုပ်ရန် လိုအပ်သည်
  • အဖျား (၁၀၀) ဒီဂရီနှင့်အထက်ဖြစ်ခြင်း၊ အပ်ထုတ်လိုက်သောနေရာတွင် ရောင်ရမ်းပြီးနီရဲလာခြင်း၊ အပ်ထုတ်ထားသောနေရာမှ သွေး သို့မဟုတ် အခြားသောအရည်များ ထွက်လာခြင်း၊ မောခြင်း၊ အသက်ရှူကျပ်ခြင်း၊ ရင်ဘတ်အောင့်ခြင်းတို့ ဖြစ်ပေါ်လျှင် ဆရာဝန်ကို ချက်ချင်းအသိပေးပြီး ကုသမှုခံယူရမည်

References:

  1. Guy’s & St Thomas’ NHS Foundation Trust. (n.d.). Thoracocentesis, pleural aspiration or pleural tap. Retrieved September 10, 2025, from https://www.guysandstthomas.nhs.uk/health-information/thoracocentesis-pleural-aspiration-or-pleural-tap
  2. Johns Hopkins Medicine. (n.d.). Thoracentesis: Treatment, tests & therapies. Retrieved September 10, 2025, from https://www.hopkinsmedicine.org/health/treatment-tests-and-therapies/thoracentesis
  3. Merck Manuals. (n.d.). How to do thoracentesis. In Pulmonary procedures. Retrieved September 10, 2025, from https://www.msdmanuals.com/professional/pulmonary-disorders/how-to-do-pulmonary-procedures/how-to-do-thoracentesis
  4. WebMD. (n.d.). Thoracentesis procedure. Retrieved September 10, 2025, from https://www.webmd.com/lung-cancer/thoracentesis-procedure#:~:text=Thoracentesis%20is%20a%20brief%2C%20nonsurgical,what’s%20causing%20the%20fluid%20buildup

Published Date: 30 August 2024

Last updated: 20 November 2025

Share

26 September 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.