သားအိမ်ခေါင်းကင်ဆာ အကြိုစစ်ဆေးခြင်းဆိုသည်မှာ သားအိမ်အပေါက်ဝရှိ သားအိမ်ခေါင်းနေရာမှ ဆဲလ်များ၊ အချွဲမြှေးများကိုယူ၍ မူမမှန်ဆဲလ်များ ရှိမရှိ စစ်ဆေးနည်းဖြစ်သည်။ ဤသို့ စစ်ဆေးခြင်းသည် သားအိမ်ခေါင်း ကင်ဆာဖြစ်နေခြင်း ရှိမရှိ စစ်ဆေးသောနည်း မဟုတ်ပါ။ တစ်ချိန်တွင်သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေရှိသူများကို ထိုသို့စစ်ဆေးခြင်းဖြင့် ကြိုသိနိုင်ပြီး သားအိမ်ခေါင်းကင်ဆာမဖြစ်ရန် ကာကွယ်ပေးနိုင်သည့် နည်းလမ်းတစ်ခုဖြစ်သည်။
ပြုလုပ်ရန်လိုအပ်သော အခြေအနေများ
- အရွယ်ရောက်ပြီး လိင်ဆက်ဆံဖူးသည့်၊ သားအိမ်ခေါင်းရှိသည့် မည်သူမဆို
- အသက်အရွယ်အားဖြင့် အသက် (၂၅)နှစ် မှ (၆၄)နှစ်အတွင်းရှိသူများ စစ်ဆေးရန် တိုက်တွန်းထားသည်။
စစ်ဆေးခြင်းဖြင့်ရနိုင်သောအကျိုးကျေးဇူးများ
သားအိမ်ခေါင်းကင်ဆာသည် ကာကွယ်နိုင်သောကင်ဆာဖြစ်ပြီး စောစီးစွာ သိရှိပါက ကုသ၍ပျောက်ကင်းနိုင်သော ကင်ဆာအမျိုးအစားတွင် ပါဝင်သည်။ အကြိုစစ်ဆေးခြင်းကို ပြုလုပ်ပေးခြင်းဖြင့် ကင်ဆာအဆင့်သို့ မရောက်ခင်ကာလကတည်းက သိနိုင်ခြင်း၊ စောစီးစွာသိ၍ ကုသခဲ့ပါက ကင်ဆာမဖြစ်လာရန် ကာကွယ်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများရှိသည်။
ပုံမှန်စစ်ဆေးခြင်း
- အသက် (၂၁) နှစ်အရွယ်ရောက်လျှင် သားအိမ်ခေါင်းအချွဲမြှေး စစ်ဆေးခြင်းကို စတင်နိုင်ပြီး အဖြေပုံမှန်ဖြစ်ပါက (၃) နှစ်ခြားပြီးတိုင်း ထပ်မံစစ်ဆေးရသည်
- သားအိမ်ခေါင်း အချွဲမြှေးစစ်ဆေးခြင်းနှင့်အတူ ကြွက်နို့ဗိုင်းရပ်စ်ပိုး (Human Papilloma virus – HPV) ရှိမရှိ စစ်ဆေးခြင်းကို အသက် (၃၀) နှစ်အရွယ်မှစပြီး အတူတကွ တွဲ၍စစ်ဆေးနိုင်သည်၊ အဖြေပုံမှန်ဖြစ်ပါက (၅) နှစ်ခြားပြီးတိုင်း ထပ်မံစစ်ဆေးရသည်
- သားအိမ်ခေါင်း အချွဲမြှေးစစ်ဆေးမှု (၃) နှစ်ခြား ပုံမှန်အဖြေ (၃) ကြိမ်ရှိလျှင် သို့မဟုတ် သားအိမ်ခေါင်းအချွဲမြှေး စစ်ဆေးခြင်းနှင့်အတူ ကြွက်နို့ဗိုင်းရပ်စ်ပိုး ရှိမရှိ စစ်ဆေးခြင်း၊ (၅) နှစ်ခြား ပုံမှန်အဖြေ (၂) ကြိမ်ရှိလျှင် အသက် (၆၅) နှစ်ကျော်လွန်ပါက သားအိမ်ခေါင်းကင်ဆာ ကြိုတင်စစ်ဆေးခြင်းကို ရပ်နိုင်သည်။
သားအိမ်ခေါင်းကင်ဆာ အကြိုစစ်ဆေးခြင်း ပြုလုပ်ရန်မသင့်တော်သော အခြေအနေများ
- ရာသီလာနေချိန်
- ကလေးမွေးပြီး (၃) လအတွင်း
- ကိုယ်ဝန်ပျက်ကျပြီး (၃) လအတွင်း
- အဖြူဆင်းနေချိန်၊ မိန်းမကိုယ် မျိုးပွါးအင်္ဂါလမ်းကြောင်း ရောဂါပိုးဝင်နေချိန်
- ကိုယ်ဝန်ဆောင်ချိန်
အထက်ပါအချိန်များတွင် စစ်ဆေးပါက အငြင်းပွားဖွယ်ရာအဖြေများ ထွက်ရှိနိုင်သဖြင့် စစ်ဆေးခြင်းကို ရွှေ့ဆိုင်းရန် လိုအပ်နိုင်သည်။ သားအိမ်ခေါင်းကင်ဆာ အကြိုစစ်ဆေးခြင်းတွင် နာကျင်မှုမရှိသလောက် နည်းပါးပြီး၊ ဘဲနှုတ်သီးကိရိယာထည့်ရာတွင် အနည်းငယ် ကသိကအောက်ဖြစ်နိုင်သည်။
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
သားအိမ်ခေါင်းကင်ဆာ အကြိုစစ်ဆေးခြင်းကို စစ်ဆေးနိုင်သော နည်းလမ်း (၃) မျိုးရှိသည်။
- ကြွက်နို့ပိုး မျိုးဗီဇစစ်ဆေးခြင်း (HPV DNA test)
HPV (Human Papillomavirus) ပိုးဝင်ရောက်ကူးစက်ခြင်း ရှိမရှိကို စစ်ခြင်းဖြစ်သည်။ - စစ်ဆေးလုပ်ဆောင်ပုံ
- ခုတင်ပေါ်တွင် ဒူးထောင်ပေါင်ကားပုံစံနှင့် လှဲနေသောအနေအထားတွင် စစ်သည်၊ ဘဲနှုတ်သီးဟုခေါ်သော ကိရိယာငယ်ကို ထုံဆေးသုတ်၍ မိန်းမကိုယ်မွေးလမ်းကြောင်းအတွင်းသို့ အရင်သွင်းသည်၊ သားအိမ်ခေါင်းကိုမြင်ရလျှင် တံမြက်စည်းပုံစံ (Brush) အတံကို ထည့်၍ စက်ဝိုင်းပုံစံ (၄-၅) ကြိမ်ခန့်လှည့်ပြီး ဆဲလ်များပါလာရန် ခြစ်ယူသည်
- ထို့နောက် ဆဲလ်များပါသော Brush တံကို သတ်မှတ်ထားသည့် နမူနာ (Sample) ဘူးထဲသို့ထည့်၍ ဓာတ်ခွဲခန်းပို့ စစ်ဆေးသည်
- ထိုအခါ သက်ဆိုင်ရာရောဂါဗေဒ အထူးကုဆရာဝန်မှ စစ်ဆေး၍ အဖြေကိုထုတ်ပေးသည်
- ဆဲလ်စစ်ဆေးနည်း (Cytology Test)
ဤသို့စစ်ဆေးသည့်နည်းတွင် နည်းလမ်း (၂) မျိုးရှိသည်။- သမားရိုးကျ သားအိမ်ခေါင်းအချွဲမြှေး စစ်ဆေးနည်း (Conventional Pap smear)
- ဆေးရည်ကို အခြေခံသော သားအိမ်ခေါင်းဆဲလ် စစ်ဆေးနည်း (Liquid based cytology)
စစ်ဆေးလုပ်ဆောင်ပုံ - Liquid Based Cytology နည်းသည် HPV test တွင် အချွဲမြှေးယူသောနည်းနှင့် အတူတူပင်ဖြစ်သည်၊ စစ်ဆေးမှုနှစ်မျိုးလုံး တစ်ပြိုင်နက် တွဲစစ်နိုင်သည်
- Conventional Pap Smear နည်းသည် လုပ်ပုံလုပ်နည်းချင်းတူပြီး ယူသောအခါ တံမြက်စည်းပုံစံ Brush မဟုတ်ဘဲ ရေခဲချောင်းအလယ်မှ တုတ်တံကဲ့သို့ အပြားငယ်လေးကို ထည့်ပြီးလှည့်ခြင်းဖြစ်သည်၊ ထိုတုတ်တံတွင် ကပ်ပါလာသော ဆဲလ်များကို ဖန်ပြားပေါ်တင် ဖိဆွဲပြီးနောက် ရောဂါဗေဒအထူးကုဆရာဝန်များမှ ကြည့်ရှုစစ်ဆေးပေးခြင်းဖြစ်သည်
- ဤနည်းတွင် ရယူထားသောဆဲလ်များ တာရှည်ခံအောင် ဆေးရည်ထည့်ခြင်း၊ ဖလင်ပြားများကပ်ခြင်း ပြုလုပ်ပြီး ပို့ဆောင်သောအခါ ဆဲလ်များ ပျက်စီးထိခိုက်မှုများ၍ အဖြေမှားနိုင်သဖြင့် အသုံးနည်းသွားကြပြီး ဆေးရုံများ၌သာ အသုံးများသည်
- ရှာလကာရည်ဖြင့် သားအိမ်ခေါင်းကို ဆေးတို့ပြီး စစ်ဆေးသောနည်း [Visual Inspection with acetic acid (VIA)]
စစ်ဆေးလုပ်ဆောင်ပုံ
ဒူးထောင်ပေါင်ကားပုံစံနှင့် လှဲအိပ်နေသော အနေအထားတွင် စစ်ဆေးသည်၊ ဘဲနှုတ်သီးကိရိယာတွင် ထုံဆေးဂျယ်လီ (jelly) သုတ်၍ မိန်းမကိုယ်မွေးလမ်းကြောင်း အတွင်းသို့ ထည့်သည်၊ 5% Acetic acid (တစ်နည်းအားဖြင့် ရှာလကာရည်အက်စစ်အပျော့စား) ကို ဂွမ်းနှင့်စိုအောင် ဆေးရည်ထဲနှစ်ပြီး ထိုဂွမ်းကို သားအိမ်ခေါင်းအား တို့သုတ်ပြီးနောက် (၁)မိနစ်စောင့်ပြီး ပြောင်းလဲသွားသောပုံစံကို ကြည့်ရှုစစ်ဆေးခြင်းဖြစ်သည်
သိရှိနိုင်သောအဖြေများ
ကြွက်နို့ပိုး မျိုးဗီဇစစ်ဆေးခြင်း (HPV DNA test)
HPV test တွင် Positive (ပိုးရှိခြင်း) နှင့် Negative (ပိုးမရှိခြင်း) အဖြေ (၂) မျိုးသာရှိသည်။
- Negative အဖြေဆိုပါက ပိုးမရှိသည့်အတွက် ကင်ဆာဖြစ်နိုင်ခြေ အလွန်နည်းသောကြောင့် (၅) နှစ်ကြာသည့်အခါမှသာ ပြန်စစ်ရန်လိုသည်
- Positive အဖြေထွက်လျှင် Cytology ပါတွဲစစ်ရန် လိုအပ်ပြီး Cytology အဖြေအပေါ်မူတည်၍ သားအိမ်ခေါင်းမှန်ပြောင်းကြည့်ခြင်း (သို့မဟုတ်) ထပ်မံစောင့်ကြည့်ခြင်းတို့ကို ပြုလုပ်ရနိုင်သည်
ဆဲလ်စစ်ဆေးနည်း (Cytology Test)
Cytology တွင် ထွက်ပေါ်လာနိုင်သောအဖြေများမှာ_
- ရောဂါကင်းစင်သောသားအိမ်ခေါင်း (negative result)
သားအိမ်ခေါင်း အချွဲမြှေးစစ်ဆေးရာတွင် ပုံမှန်ကျန်းမာသန်စွမ်းသောဆဲလ်များသာ တွေ့ရသည်၊ နောက်တစ်ကြိမ်ထပ်မံ စစ်ဆေးသည်အထိ ဆေးကုသရန်မလိုပါ - ပုံမှန်မဟုတ်သော သားအိမ်ခေါင်းမျက်နှာပြင်ဆဲလ်များ တွေ့ရှိခြင်း [atypical squamous cells of undetermined significance (ASC-US)]
သားအိမ်ခေါင်းအချွဲမြှေး စစ်ဆေးရာတွင် သားအိမ်ခေါင်းမျက်နှာပြင်မှ ဖြစ်ပေါ်လာသော၊ ပုံမှန်နှင့်မတူသည့်ဆဲလ်များ တွေ့ရလျှင် ကြွက်နို့ဗိုင်းရပ်စ်ပိုး (Human papilloma virus infection) ကို စစ်ဆေးသင့်သည်၊ သားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်သော အန္တရာယ်ရှိသည့် ကြွက်နို့ဗိုင်းရပ်စ်ပိုးတွေ့ရှိရပါက နောက်ထပ်စစ်ဆေးမှု ပြုလုပ်ရန် လိုအပ်ပြီး အန္တရာယ်မရှိသည့် ကြွက်နို့ ဗိုင်းရပ်စ်ပိုးတွေ့ရှိလျှင်မူ ဆက်လက်စောင့်ကြည့်ရန်သာ လိုအပ်သည် - ကင်ဆာအကြိုဆဲလ်များတွေ့ရှိခြင်း (Squamous Intraepithelial Lesion – SIL)
သားအိမ်ခေါင်း အချွဲမြှေးစစ်ဆေးရာတွင် တွေ့ရှိရသည့် ကင်ဆာအကြိုဆဲလ်များသည် ကင်ဆာဖြစ်နိုင်ခြေများသော ဆဲလ်သော်လည်းကောင်း၊ ကင်ဆာဖြစ်နိုင်ခြေနည်းသော ဆဲလ်သော်လည်းကောင်း ဖြစ်နိုင်သည်၊ ကင်ဆာဖြစ်နိုင်ခြေနည်းသော ဆဲလ်များသည် ကြွက်နို့ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်နိုင်သဖြင့် ပုံမှန်ဆဲလ်အဖြစ်သို့ ပြန်ရောက်နိုင်သည်၊ ကင်ဆာဖြစ်နိုင်ခြေများသော ဆဲလ်များတွေ့ရှိရပါက နောက်ထပ်စစ်ဆေးမှုပြုလုပ်ရန် လိုအပ်သည် - ပုံမှန်မဟုတ်သော အကျိတ်ဆဲလ်များတွေ့ရှိခြင်း (Atypical glandular cells)
အကျိတ်ဆဲလ်များသည် သားအိမ်ခေါင်းတွင် တွေ့ရသည့် အခြားဆဲလ်တစ်မျိုးဖြစ်သည်၊ ပုံမှန်မဟုတ်သော အကျိတ်ဆဲလ်များတွေ့ရှိရပါက နောက်ထပ်စစ်ဆေးမှုပြုလုပ်ရန် လိုအပ်သည် - ကင်ဆာဆဲလ်တွေ့ရှိခြင်း (Squamous cell cancer or Adenocarcinoma cells)
သားအိမ်ခေါင်း အချွဲမြှေးစစ်ဆေးရာတွင် သားအိမ်ခေါင်းမျက်နှာပြင်မှ ဖြစ်ပေါ်လာသော ကင်ဆာဆဲလ် (Squamous cell cancer) သို့မဟုတ် အကျိတ်ဆဲလ်မှ ပြောင်းလဲလာသော ကင်ဆာဆဲလ် (Adenocarcinoma cells) ဟူ၍ (၂) မျိုးတွေ့နိုင်သည်၊ မည်သည့်ကင်ဆာဆဲလ် အမျိုးအစား တွေ့နေသည်ဖြစ်စေ ကင်ဆာဖြစ်ကြောင်း သေချာစေရန် နောက်ထပ်စစ်ဆေးမှုအနေဖြင့် သားအိမ်ခေါင်းကို မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်း (Colposcopy) ပြုလုပ်ရန် လိုအပ်သည်
အခြားဖြစ်နိုင်သောအဖြေများ
- သွေးဆုံးပြီးနောက် သားအိမ်သေးကျုံ့ခြင်း (Atrophy or Atrophic changes) ကို သွေးဆုံးခါနီးနှင့် သွေးဆုံးပြီးအမျိုးသမီးများတွင် တွေ့ရတတ်သည်၊ ၎င်းအတွက် ထပ်မံစစ်ဆေးမှု ပြုလုပ်ရန် မလိုအပ်ပါ
- စစ်ဆေးရန် မလုံလောက်သော အချွဲမြှေး (Inadequate/Unsatisfactory smear) ဆိုသည်မှာ ဓာတ်ခွဲခန်းသို့ ပေးပို့လိုက်သော အချွဲမြှေး နမူနာ (sample) တွင် သားအိမ်ခေါင်းဆဲလ် လုံလောက်စွာမပါလာ၍ အဖြေထုတ်ရန်ခက်ခဲခြင်းဖြစ်သည်၊ ပြန်စစ်ရန် လိုအပ်နိုင်သည်
ရှာလကာရည်ဖြင့် သားအိမ်ခေါင်းကို ဆေးတို့ပြီး စစ်ဆေးသောနည်း [Visual Inspection with acetic acid (VIA)]
VIA စစ်နည်းတွင် Positive နှင့် Negative အဖြေဟူ၍ရှိသည်။
- Negative အဖြေဖြစ်လျှင် ပုံမှန်အတိုင်း (၃) နှစ် တစ်ကြိမ် ပြန်စစ်ရန်လိုသည်
- Positive အဖြေဖြစ်လျှင် အပူဖြင့်ကုသနည်း (Thermal ablation)၊ အအေးဖြင့်ကုသနည်း (Cryotherapy)၊ ပုံပြောင်းဆဲလ်နေရာကို ဖြတ်ထုတ်ခြင်း (LLETZ – Large Loop Excision of Transformation Zone) အစရှိသော သင့်လျော်မည့် နည်းလမ်းများဖြင့် တစ်ပါတည်း ကုသနိုင်သည်
နောက်ဆက်တွဲဆိုးကျိုးများ
- ဆဲလ်များကို ခြစ်ယူ၍ စစ်ဆေးခြင်းကြောင့် သွေးအနည်းငယ်ဆင်းခြင်း (Spotting) ဖြစ်တတ်သည်၊ စိုးရိမ်ရန် မလိုပါ၊ အလိုအလျောက် ပြန်ကောင်းသွားပါလိမ့်မည်
- နာရီအနည်းငယ်ကြာသည်အထိ သွေးဆင်းမရပ်ခြင်း၊ သွေးဆင်းများခြင်းဖြစ်ပါက ဆေးရုံ၊ ဆေးခန်း ပြန်ပြရန် လိုအပ်သည်
References:
- McMorran, J. (2017). What GPs need to know about the introduction of primary HPV testing in cervical screening. Public Health England Screening. Retrieved July 26, 2025, from https://phescreening.blog.gov.uk/2017/06/14/what-gps-need-to-know-about-the-introduction-of-primary-hpv-testing-in-cervical-screening/
- NHS (UK). (n.d.). Cervical screening. NHS. Retrieved July 26, 2025, from https://www.nhs.uk/conditions/cervical-screening/
- World Health Organization. (2021). WHO guidelines for screening and treatment of precancerous lesions for cervical cancer prevention (2nd ed.). World Health Organization.
Published Date: 30 August 2024
Last updated: 15 September 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.