ကိုယ်ဝန်ဆောင်ကာလတွင် သန္ဓေသားကို စမ်းသပ်စစ်ဆေးရန်အတွက် အသုံးပြုသော အာထရာဆောင်း (USG) များကို သန္ဓေသားအာထရာဆောင်းများ (Fetal ultrasound) သို့မဟုတ် ကိုယ်ဝန်ဆောင်အာထရာဆောင်းများ ဟုခေါ်သည်။ အသံလှိုင်းများကို အသုံးပြု၍ မျက်နှာပြင်ပေါ်တွင် ကလေးပုံရိပ်တစ်ခုကို ဖန်တီးပေးသည်။ အသံလှိုင်းများကို Transducer ဟုခေါ်သော ကိရိယာဖြင့် မိခင်၏ဝမ်းဗိုက် သို့မဟုတ် မွေးလမ်းကြောင်းမှတစ်ဆင့် ဖမ်းယူနိုင်သည်။ အသံလှိုင်းများသည် သန္ဓေသားနှင့် ကိုယ်ဝန်ဆောင်မိခင်၏ မျိုးပွါးအင်္ဂါများကို ဖြတ်သန်းပြီး သန္ဓေသားကို အဖြူအမည်း ပုံရိပ်အဖြစ် ဖန်သားပြင်ပေါ်တွင် ကြည့်ရှုရသည်။ သန္ဓေသားကို ကြည့်ရန် X-ray ကဲ့သို့ ဓာတ်ရောင်ခြည်ကို မသုံးပါ။ သန္ဓေသားအာထရာဆောင်းရိုက်ခြင်းသည် ဖွံ့ဖြိုးဆဲကလေးငယ်ကို စောစီးစွာ ကြည့်ရှုနိုင်သောကြောင့် မိဘများအတွက် စိတ်လှုပ်ရှားဖွယ်ကောင်းပြီး၊ ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုအပါအဝင် သန္ဓေသား၏ ကျန်းမာရေးကိုလည်း စစ်ဆေးနိုင်သည်။ ရေမြွှာရည် ပမာဏနှင့် အချင်း တည်နေရာကဲ့သို့သော ကိုယ်ဝန်နှင့်ပတ်သက်သည့် အရေးကြီးအချက်အလက်များကိုလည်း တိုင်းတာသိရှိနိုင်သည်။ ဖြစ်နိုင်ခြေရှိသောပြဿနာများ သို့မဟုတ် ဆေးဘက်ဆိုင်ရာပြဿနာများကို ရှာဖွေဖော်ထုတ်ရာတွင် အထောက်အကူဖြစ်စေသည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
ကိုယ်ဝန်ဆောင်ချိန်တွင် သန္ဓေသားအာထရာဆောင်းရိုက်ရန် လိုအပ်သည်။ အာထရာဆောင်းသည် မိမိ၏ကလေးကို မြင်နိုင်ကြားနိုင်သည့် နည်းလမ်းအနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။ သန္ဓေသားသည် ကောင်းစွာကြီးထွားနေခြင်း သို့မဟုတ် ကြီးထွားမှုဆိုင်ရာ ပြဿနာများနှင့် ကိုယ်အင်္ဂါချို့ယွင်းချက် ရှိမရှိ သိရှိရန် ကူညီပေးသည်။

ကိုယ်ဝန်ဆောင်ချိန်တွင် အာထရာဆောင်းရိုက်ခြင်းဖြင့်
- သန္ဓေသား၏ အလုံးစုံကျန်းမာရေး၊ ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုတို့ကို စောင့်ကြည့်နိုင်သည်
- အချို့သော ကိုယ်ဝန်နှင့်ပတ်သက်သည့် နောက်ဆက်တွဲပြဿနာများနှင့် ကျန်းမာရေးဆိုင်ရာ အခြေအနေများကို ရှာဖွေတွေ့ရှိနိုင်သည်
ကိုယ်ဝန်ဆောင်စဉ် အာထရာဆောင်းရိုက်ရခြင်း၏ အကြောင်းရင်းများ
- ကိုယ်ဝန်ရှိနေကြောင်း အတည်ပြုရန်
- သားအိမ်ပြင်ပ၌ သန္ဓေတည်ခြင်း၊ စပျစ်သီးကိုယ်ဝန် တည်နေခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း ကဲ့သို့သော ကိုယ်ဝန်အစောပိုင်း ပြဿနာများကို သိရှိနိုင်ရန်
- ကလေး၏ ကိုယ်ဝန်သက်နှင့် မွေးမည့်ရက်ကို သတ်မှတ်ရန်
- ကလေး၏ ကြီးထွားမှု၊ လှုပ်ရှားမှုနှင့် နှလုံးခုန်နှုန်းကို စစ်ဆေးရန်
- ကလေးသည် ကိုယ်ဝန်သက်ထက် အရွယ်သေးငယ်နေခြင်း သို့မဟုတ် ပိုမိုကြီးထွားနေခြင်းကို သိရှိရန်
- ကလေးတစ်ဦး သို့မဟုတ် များစွာဖြစ်တည်နေသည်ကို သိရှိရန် (ဥပမာ _ နှစ်မြွှာပူး၊ သုံးမြွှာပူးများ သို့မဟုတ် ထို့ထက်ပိုများသော အမြွှာကိုယ်ဝန်)
- သားအိမ်၊ သားဥအိမ်နှင့် သားအိမ်ခေါင်းကဲ့သို့သော တင်ပါးဆုံရိုးကွင်းအတွင်းရှိ အင်္ဂါများကို စစ်ဆေးရန်
- ရေမြွှာရည် (amniotic fluid) ပမာဏကို စစ်ဆေးရန်
- အချင်း၏တည်နေရာကို စစ်ဆေးရန်
- အချင်းသည် ကလေးငယ်၏ ဦးခေါင်းပိုင်းထက်ပို၍ အောက်ရောက်တည်ရှိနေခြင်း (placenta praevia) သို့မဟုတ် ကလေး မီးမဖွားရသေးမီ အချင်းစောကွာခြင်း (placental abruption) ကဲ့သို့ အချင်းပြဿနာများကို စစ်ဆေးရန်
- သားအိမ်ရှိ ကလေး၏အနေအထား (ဥပမာ _ ဦးခေါင်းနှင့် ဦးတိုက်ထားခြင်း၊ တင်ပါးဆုံနှင့် ဦးတိုက်ထားခြင်း) ကို စစ်ဆေးရန်
- ကလေးတွင် မွေးရာပါရောဂါတစ်ခုခု ရှိမရှိ၊ ကိုယ်အင်္ဂါများ၊ ကြွက်သားများ သို့မဟုတ် အရိုးများ ပြဿနာ ရှိမရှိ ရှာဖွေစစ်ဆေးရန်
- မွေးရာပါဗီဇရောဂါ ပါမပါ ရှာဖွေရန် အချင်းမှ အသားစယူ၍ စစ်ဆေးခြင်းမျိုးတွင် အာထရာဆောင်းအကူအညီဖြင့် အပ်ထိုးရာတွင် တိကျသေချာစေရန်
- သန္ဓေသားကလေးငယ်၏ ဇီဝရူပ ဖြစ်ပေါ်ပုံအဆင့်ဆင့် [Biophysical profile _ ကလေး၏ အသက်ရှူမှု၊ ခန္ဓာကိုယ်လှုပ်ရှားမှု၊ ကြွက်သားတောင့်တင်းမှု၊ ရေမြွှာရည် ပမာဏ၊ သန္ဓေသားကလေးငယ် လှုပ်ရှားနေချိန်တွင် ဖြစ်ပေါ် သောကလေး၏ နှလုံးတုံ့ပြန်မှုများ] တို့ကို တိုင်းတာရန်တို့ဖြစ်သည်။
ကိုယ်ဝန်ရှိစဉ် အာထရာဆောင်း ရိုက်နိုင်သည့် အကြိမ်အရေအတွက်
ကိုယ်ဝန်ဆောင်အများစုသည် ကိုယ်ဝန်ဆောင်စဉ်တွင် အာထရာဆောင်း (၁) ကြိမ် သို့မဟုတ် (၂) ကြိမ် ရိုက်လေ့ရှိသည်။ သို့သော် ကိုယ်ဝန်သည် အန္တရာယ်များသောကိုယ်ဝန် ဖြစ်နေခြင်း (သို့မဟုတ်) သန္ဓေသား၏ ကျန်းမာရေးအခြေအနေ စိတ်ပူစရာဟု သံသယရှိပါက မကြာခဏ အာထရာဆောင်းရိုက်ရန် အကြံပြုနိုင်သည်။
ပထမဆုံး ကိုယ်ဝန်ဆောင် အာထရာဆောင်း
အာထရာဆောင်း ရိုက်ခြင်းကို ကိုယ်ဝန် ပထမ သုံးလပတ်တွင် အစောဆုံးပြုလုပ်သည်။ ကိုယ်ဝန် (၇)ပတ် မှ (၈)ပတ်ခန့်တွင် ပြုလုပ်နိုင်သည်။ ကိုယ်ဝန်ဆောင်မိခင်၏ မွေးလမ်းကြောင်းမှတစ်ဆင့် အာထရာဆောင်းရိုက်ခြင်း (Transvaginal ultrasound) ပြုလုပ်နိုင်သည်။
ဤကဲ့သို့ အာထရာဆောင်းရိုက်ခြင်းဖြင့် အောက်ပါတို့ကို ရှာဖွေသိရှိနိုင်သည်။
- နှလုံးခုန်သံကို ရှာဖွေတွေ့ရှိခြင်းဖြင့် ကိုယ်ဝန်အတည်ပြုခြင်း
- သန္ဓေသား အရေအတွက်ကို စစ်ဆေးခြင်း (နှစ်မြွှာပူး၊ သုံးမြွှာပူး)
- သန္ဓေသား၏ အရွယ်အစားကိုတိုင်းတာ၍ ကိုယ်ဝန်သက်ကိုသိနိုင်ခြင်း
- ကိုယ်ဝန်သက်ကို သိရှိပြီး မွေးဖွားမည့်ရက်ကို အတည်ပြုခြင်း
ကိုယ်ဝန်သက် (၂၀) ပတ် အာထရာဆောင်း (ခန္ဓာဗေဒစကင်န် – Anomaly scan)
ကိုယ်ဝန် (၁၈)ပတ် မှ (၂၀)ပတ်အတွင်း အာထရာဆောင်းရိုက်ခြင်းကို ခေါ်သည်။
- ကလေး၏ လိင်အင်္ဂါများကို ကြည့်နိုင်သည်
- အာခေါင်ကွဲကဲ့သို့သော မွေးရာပါချို့ယွင်းချက်များကို ရှာဖွေနိုင်သည်
- ကလေး၏ ဦးနှောက်၊ နှလုံး၊ အရိုး သို့မဟုတ် ကျောက်ကပ်နှင့် ပတ်သက်သည့် ပြင်းထန်သော အခြေအနေများကို ရှာဖွေနိုင်သည်
အကယ်၍ သန္ဓေသားသည် ကောင်းမွန်စွာဖွံ့ဖြိုးနေပြီး ကိုယ်ဝန်နောက်ဆက်တွဲပြဿနာများ မရှိပါက ကိုယ်ဝန်သက် (၂၀) ပတ် အာထရာဆောင်းသည် နောက်ဆုံးအာထရာဆောင်း ဖြစ်နိုင်သည်။ သို့သော်လည်း ပြဿနာတစ်ခုခု တွေ့ရှိပါက၊ နောက်ထပ် အာထရာဆောင်းများ ထပ်ရိုက်ရန်လိုသည်။
အာထရာဆောင်းအမျိုးအစားများ
သမားရိုးကျ အာထရာဆောင်းများသည် 2D ဖြစ်သည်။ 3D သို့မဟုတ် 4D အာထရာဆောင်းကဲ့သို့သော အဆင့်မြင့်နည်းပညာများသည် ပိုမိုကောင်းမွန်သောပုံများကို ဖန်တီးနိုင်သည်။ ကလေး၏ မျက်နှာ သို့မဟုတ် အင်္ဂါအစိတ်အပိုင်းများကို အသေးစိတ်ကြည့်ရှုရန် လိုအပ်သောအခါတွင် အထောက်အကူဖြစ်စေသည်။
3D သန္ဓေသား အာထရာဆောင်း
3D သန္ဓေသား အာထရာဆောင်းအမျိုးအစားသည် ပုံမှန် သန္ဓေသား အာထရာဆောင်းပုံရိပ်များထက် ပိုမိုရှင်းလင်းပြီး အသေးစိတ်ကျသော ပုံရိပ်များကို ဖန်တီးပေးနိုင်သည်။ မျက်နှာပြဿနာများ၊ အရိုးပြဿနာများ သို့မဟုတ် အာရုံကြောပြွန်ဆိုင်ရာ ပြဿနာများကို သိရှိရန် 3D သန္ဓေသား အာထရာဆောင်းကို တစ်ခါတစ်ရံတွင် အသုံးပြုသည်။
Doppler အာထရာဆောင်း
သန္ဓေသား၏ သွေးကြောများမှတစ်ဆင့် သွေးစီးဆင်းပုံကို စစ်ဆေးသည်။ Doppler ultrasounds အများစုသည် ကိုယ်ဝန်သက် ရင့်လာသည့်အချိန်တွင် ပို၍အသုံးပြုသည်။
အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်း (Echocardiogram)
ကလေး၏ နှလုံးအရွယ်အစား၊ ပုံသဏ္ဌာန်၊ လုပ်ဆောင်မှုနှင့် ဖွဲ့စည်းတည်ဆောက်ပုံကို ကြည့်ရှုသည်။ ကလေးတွင် မွေးရာပါနှလုံးရောဂါရှိကြောင်း သံသယရှိပါက အသုံးပြုနိုင်သည်။
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
အာထရာဆောင်း ရိုက်ကူးနည်းနှစ်မျိုးမှာ_
- မွေးလမ်းကြောင်းမှတစ်ဆင့်ရိုက်သော အာထရာဆောင်း (Transvaginal ultrasound)
မွေးလမ်းကြောင်းအတွင်းသို့ transducer ဟုခေါ်သောကိရိယာကို ထည့်သွင်း၍ ရိုက်ခြင်းဖြစ်သည်။ ဝမ်းဗိုက်အာထရာဆောင်းနှင့် နှိုင်းယှဉ်ပါက ကိုယ်ဝန်ဆောင်အစောပိုင်းကာလတွင် ပုံရိပ်ကို ပိုမိုရှင်းလင်းစွာ မြင်ရသည်။ - ဝမ်းဗိုက်မှရိုက်သော အာထရာဆောင်း (Transabdominal ultrasound)
ဝမ်းဗိုက်အရေပြားပေါ်တွင် transducer ဟုခေါ်သောကိရိယာကို တင်ရိုက်ခြင်းဖြစ်သည်။ သန္ဓေသား၏ပုံရိပ်များကို ဖမ်းယူရန်အတွက် မိခင်ဝမ်းဗိုက်တစ်ဝိုက်တွင် transducer ကိရိယာကို ရွှေ့ပေးရသည်။ တစ်ခါတစ်ရံတွင် အကောင်းဆုံး ပုံရိပ်အမြင်များ ရရှိရန် ဖိအားအနည်းငယ် ပေးရသည်။ ကိုယ်ဝန်သက် (၁၂) ပတ်ခန့်တွင် ဝမ်းဗိုက်အာထရာဆောင်းကို အသုံးပြုသည်။
စမ်းသပ်မှုအတွက် ကြိုတင်ပြင်ဆင်ခြင်း
အာထရာဆောင်းအတွက် အထူးပြင်ဆင်မှု မလိုအပ်ပါ။ သို့သော် ဆီးအိမ်တွင် ဆီးအပြည့်ရှိနေစဥ် အာထရာဆောင်းရိုက်ခြင်းသည် သန္ဓေသားပုံရိပ်ကို ပိုမိုကောင်းမွန်စွာ မြင်ရနိုင်သည်။ ကိုယ်ဝန်သက် ပထမ သုံးလပတ်တွင် မွေးလမ်းကြောင်းမှတစ်ဆင့်ရိုက်သော အာထရာဆောင်း (Transvaginal ultrasound) ရိုက်ပါက၊ ဆေးရုံဝတ်စုံ သို့မဟုတ် ခါးအောက်ပိုင်းမှ အဝတ်အစားကို လဲလှယ်၀တ်ဆင်ရမည်ဖြစ်သည်။
အာထရာဆောင်းရိုက်ခြင်း
- အလင်းရောင်မှိန်မှိန်အခန်းတွင်းရှိ ကုတင်ပေါ်တွင် လဲလျောင်းနေရမည်၊ ရေတွင်ပျော်ဝင်နိုင်သော ဂျယ်လ်အနည်းငယ်ကို ဝမ်းဗိုက်၏အရေပြားပေါ်သို့ လိမ်းပေးသည်၊ ဤဂျယ်လ်သည် အသံလှိုင်းများကို ပိုမိုထိရောက်စွာ ထုတ်လွှင့်ပေးသည်
- ဝမ်းဗိုက်အရေပြားပေါ်တွင် transducer ကိုထား၍ ရိုက်ကူးသည်၊ Transducer သည် ကလေးအပါအဝင် အတွင်းပိုင်းဖွဲ့စည်းပုံများကို ထင်ဟပ်စေသည့် အသံလှိုင်းများကို ခန္ဓာကိုယ်ထဲသို့ ပေးပို့သည်၊ ထိုအသံလှိုင်းများမှတစ်ဆင့် ဖန်သားပြင်ပေါ်တွင် ပုံရိပ်များကို ပေါ်လာစေသည်၊ အာထရာဆောင်းစစ်ဆေးမှုသည် မိနစ် (၃၀) ခန့်ကြာသည်၊ အာထရာဆောင်းပုံရိပ်အချို့ကို ဓာတ်ပုံထုတ်နိုင်သည်
သိရှိနိုင်သောအဖြေများ
အာထရာဆောင်းရိုက်စဉ် သိရှိနိုင်သောအချက်များမှာ_
ကိုယ်ဝန်အစောပိုင်းကာလ
ကိုယ်ဝန်သက် (၉) ပတ်တွင် ဦးခေါင်းသည် သန္ဓေသားအရှည်၏ ထက်ဝက်ခန့်ရှိသည်။
- နှလုံး
ကိုယ်ဝန်သက် (၁၈) ပတ်နှင့် (၂၂) ပတ်ကြားတွင် သန္ဓေသား၏နှလုံး ကောင်းစွာ ပုံမှန်အလုပ်လုပ်ခြင်း ရှိမရှိနှင့် နှလုံးဆိုင်ရာပြဿနာများ ရှိမရှိ စစ်ဆေးနိုင်သည်။ သန္ဓေသားနှလုံး၏ အခန်းလေးခန်းအပြင် နှလုံးအဆို့ရှင်များအားလုံးကိုလည်း ကြည့်ရှုစစ်ဆေးနိုင်သည်။ - ဦးနှောက်
Cerebellum ဟုခေါ်သော ဦးနှောက်ငယ်ပုံကို ကိုယ်ဝန်သက် (၁၈) ပတ်နှင့် (၂၂) ပတ်ကြားတွင် ရိုက်ယူလေ့ရှိသည်။ ဦးနှောက်ငယ်၏ပုံသဏ္ဌာန်ကို စစ်ဆေးခြင်းဖြင့် အာရုံကြောပြွန်၏ ချို့ယွင်းချက်များကို တွေ့ရှိနိုင်သည်။ အာရုံကြောပြွန်သည် ကိုယ်ဝန် ပထမရက်သတ္တပတ် အနည်းငယ်တွင် ဖြစ်ပေါ်လာသည်။ အာရုံကြောပြွန်ဖွံ့ဖြိုးတိုးတက်မှု ပုံမှန်မဖြစ်လျှင် အာရုံကြောပြွန်၏ အစိတ်အပိုင်းများ မဖွံ့ဖြိုးခြင်း သို့မဟုတ် မှန်ကန်စွာပိတ်ခြင်းမရှိသော Spina bifida များကိုတွေ့နိုင်သည်။ - ဦးခေါင်း
ဦးခေါင်းခွံအရွယ်အစား တိုင်းတာခြင်းများသည် သန္ဓေသား၏သက်တမ်းကို ဆုံးဖြတ်ရာတွင် အထောက်အကူပြုသည်။ - လက်များ
လက်နှင့်လက်ချောင်းများသည် သန္ဓေသားကြီးထွားဖွံ့ဖြိုးလာသည့် လက္ခဏာများထဲမှ တစ်ခုဖြစ်သည်။ - မျက်လုံးများ
ကိုယ်ဝန် (၂၃) ပတ်တွင် လျင်မြန်သော မျက်လုံးလှုပ်ရှားမှုများ စတင်သည်။ ကိုယ်ဝန် (၂၈) ပတ်တွင် မျက်ခွံများ စတင်ပွင့်လာသည်။ - လည်ပင်း
လည်ပင်းပိုင်းရှိကျောရိုးသည် ဦးခေါင်းခွံအောက်ခြေမှ စတင်ကာ လည်ပင်းကိုဖြတ်၍ အောက်သို့ဆက်ဆင်းသွားကာ ကျောရိုးအာရုံကြောမကြီး (spinal cord) ကို ကာကွယ်ပေးပြီး ဦးခေါင်းခွံကို ထောက်ပို့ထားသည်။ - ခြေထောက်များ
ပေါင်ရိုးသည် ခန္ဓာကိုယ်တွင် အကြီးဆုံးနှင့် အသန်ဆုံးအရိုးဖြစ်သည်။ ဒူးဆစ်သည် ပုံတစ်ပုံချင်းစီ၏ ညာဘက်တွင်ရှိပြီး ခြေကျင်းဝတ်သည် ဘယ်ဘက်တွင်ရှိသည်။ Tibia ဟုခေါ်သော ခြေသလုံးရိုးနှင့် Fibula ဟုခေါ်သော အရိုးတို့ကိုလည်း တွေ့မြင်နိုင်သည်။ - ချက်ကြိုး
ချက်ကြိုးနေရာတွင် Omphalocele ဟုခေါ်သော ဝမ်းဗိုက်အတွင်းရှိ ကိုယ်တွင်းအင်္ဂါများ ချက်မှတစ်ဆင့် ထွက်လာခြင်း၊ Gastroschisis ဟုခေါ်သော ဝမ်းဗိုက်ထဲမှ ကိုယ်တွင်းအင်္ဂါများ ချက်ဘေးရှိ ဝမ်းဗိုက်ကြွက်သားများမှ ကျွံ၍ထွက်လာခြင်း စသည့်ရောဂါများရှိနေပါက တွေ့ရှိနိုင်သည်။
အာထရာဆောင်းအဖြေထုတ်ခြင်း
အာထရာဆောင်းမှ တွေ့ရှိချက်များသည်
- ပုံမှန်တွေ့ရှိချက်
(ပုံမှန်တွေ့ရှိချက်ဆိုသည်မှာ မည်သည့်ပြဿနာမျှမတွေ့ရှိရဘဲ ကလေး ပုံမှန်ကြီးထွားဖွံ့ဖြိုးလာသည်ကို ဆိုလိုသည်) - ပုံမှန်မဟုတ်သော တွေ့ရှိချက်
(ပုံမှန်မဟုတ်သောတွေ့ရှိချက် အဖြေထွက်လျှင် သေချာစေရန် အာထရာဆောင်း နောက်တစ်ကြိမ် သို့မဟုတ် ရောဂါရှာဖွေစမ်းသပ်မှုများကို လုပ်ဆောင်ရမည်ဖြစ်သည်)
သတိပြုရန်မှာ အာထရာဆောင်းရိုက်ခြင်းအတွက် ကန့်သတ်ချက်အချို့ရှိသောကြောင့် မွေးဖွားသည့်အချိန်တွင်မှ အချို့သော မူမမှန်မှုများကို တွေ့နိုင်ခြင်းများလည်းရှိသည်။
နောက်ဆက်တွဲဆိုးကျိုးများ
ကိုယ်ဝန်ဆောင်စဉ် အာထရာဆောင်းရိုက်ခြင်းသည် မိခင်နှင့်ကလေးအတွက် နောက်ဆက်တွဲဆိုးကျိုး အန္တရာယ်မရှိပါ။
ပြောင်းလဲတိုးတက်မှုများ
သန္ဓေသား အာထရာဆောင်းနည်းပညာသည် ဆက်လက်တိုးတက်လျက်ရှိပြီး ပုံရိပ်အရည်အသွေး၊ ရောဂါရှာဖွေနိုင်စွမ်းနှင့် အသုံးပြုရ လွယ်ကူလာခြင်းတို့တွင် သိသာထင်ရှားသည့် တိုးတက်မှုများရှိသည်။
- ပိုမိုကောင်းမွန်သည့် ပုံရိပ်ဖော်ခြင်း
5D အာထရာဆောင်းဟုခေါ်သည့် နည်းပညာသစ်သည် အလိုအလျောက် ပြန်လည်တည်ဆောက်ပေးသည့် စနစ်များ ပါဝင်လာသဖြင့် သန္ဓေသား၏ မျက်နှာသွင်ပြင်နှင့် ကိုယ်ခန္ဓာအစိတ်အပိုင်းများကို အသေးစိတ်ကျကျ လေ့လာနိုင်စေသည်။ - ဉာဏ်ရည်တု (AI) နည်းပညာ ပေါင်းစပ်အသုံးပြုခြင်း
အာထရာဆောင်းစက်များတွင် ဉာဏ်ရည်တု (AI) နည်းပညာကို ပေါင်းစပ်အသုံးပြုကာ ပုံရိပ်များကို အလိုအလျောက် ပိုင်းခြားစစ်ဆေးခြင်း၊ ပို၍တိကျသော တိုင်းတာမှုများ ပြုလုပ်နိုင်ခြင်းတို့ဖြင့် အသေးစား မူမမှန်မှုများကိုပါ ဖော်ထုတ်နိုင်ရန် ကူညီပေးသည်။ - အိတ်ဆောင် အာထရာဆောင်းစက်များ (Handheld Ultrasound)
စမတ်ဖုန်း သို့မဟုတ် တက်ဘလက်နှင့် ချိတ်ဆက်နိုင်သော သေးငယ်ပေါ့ပါးသည့် အိတ်ဆောင်အာထရာဆောင်းစက်များဖြင့် အချိန်မရွေးနေရာမရွေး လိုအပ်သည့် စစ်ဆေးမှုများကို လွယ်ကူစွာ ပြုလုပ်နိုင်ရန် အထောက်အကူပြုသည်။
References:
- Mayo Clinic. (2023). Fetal ultrasound. Retrieved September 10, 2025, from https://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/in-depth/fetal-ultrasound/art-20546827
- Mayo Clinic. (2024). Ultrasound (Imaging Test) – About. Retrieved September 10, 2025, from https://www.mayoclinic.org/tests-procedures/ultrasound/about/pac-20395177
- Cleveland Clinic. (2022). Ultrasound in pregnancy. Retrieved September 10, 2025, from https://my.clevelandclinic.org/health/diagnostics/9704-ultrasound-in-pregnancy
Published: 30 August 2024
Last updated: 4 November 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.