Depo-Provera injection (၃လခံ ကိုယ်ဝန်တားထိုးဆေး)

Depo-Provera injection (၃လခံ ကိုယ်ဝန်တားထိုးဆေး)

(၃) လခံ ကိုယ်ဝန်တားထိုးဆေးသည် အသားထဲ သို့မဟုတ် အရေပြားအောက်သို့ ထိုးရသည့် ကိုယ်ဝန်တားဆေး အမျိုးအစားဖြစ်သည်။ Depo MedroxyProgestrerone acetate (DMPA) ပါဝင်သည့် ဟော်မုန်းဆေးဖြစ်သည်။ တစ်ကြိမ်ထိုးလျှင် (၃) လအထိ ကိုယ်ဝန်တားပေးနိုင်သည့် အာနိသင်ရှိသဖြင့် (၃) လခံ ကိုယ်ဝန်တားထိုးဆေးဟု အခေါ်များကြသည်။

အမျိုးအစားအားဖြင့် ပုံစံ (၂)မျိုးရှိသည်။

  1. အသားထဲထိုးဆေး နှင့်
  2. အရေပြားအောက်ထိုးဆေး ဟူ၍ဖြစ်သည်။
    ထိုဆေးပုံစံ (၂) မျိုးလုံးတွင် ပါဝင်သည့် ဆေးအမျိုးအစားများ တူညီကြသည်။
ပြုလုပ်ရန်လိုအပ်သော အခြေအနေများ
ကိုယ်ဝန်တားဆေးအလုပ်လုပ်ပုံ

တားဆေးကိုထိုးခြင်းဖြင့်

  • သားအိမ်ခေါင်းအချွဲများကို ထူပျစ်စေပြီး သုက်ပိုးမဖောက်နိုင်ခြင်း
  • သားဥကြွေခြင်းကို ဟန့်တားခြင်းစသဖြင့် ကိုယ်ဝန်မရအောင် ပြုလုပ်ခြင်းဖြစ်သည်။
အကျိုးကျေးဇူးများ
  • (၃) လ တစ်ကြိမ်သာ ထိုးရသည့်အတွက် ကုန်ကျစရိတ် သက်သာခြင်း
  • နေ့စဉ်ဆေးသောက်ရန်မလိုသည့်အတွက် သုံးရအဆင်ပြေခြင်း
  • သားအိမ်အတွင်းနံရံကင်ဆာဖြစ်နှုန်းကို လျှော့ချနိုင်ခြင်း
  • ရာသီကိုက်ခဲနာကျင်ခြင်းကို သက်သာစေခြင်း
  • ရာသီသွေးပမာဏကို လျော့နည်းစေခြင်း
  • သားဥအိမ်ရေအိတ်တည်နှုန်း လျှော့ချနိုင်ခြင်း
  • ဆေးထိုးရပ်လိုက်ပြီး လအနည်းငယ်ကြာလျှင် ကိုယ်ဝန်ပြန်ရနိုင်ခြင်း
အားနည်းချက်များ
  • လိင်မှတစ်ဆင့်ကူးစက်နိုင်သော ရောဂါများကို မကာကွယ်နိုင်ခြင်း
  • ရာသီထိန်ခြင်း၊ မမှန်ခြင်း
  • ထိုးဆေးဖြစ်သည့်အတွက် ဆေးထိုးစဥ် နာကျင်နိုင်ခြင်း
  • ကလေးပြန်ယူသည့်အခါ လအနည်းငယ်စောင့်ရနိုင်ခြင်း ဆေးထိုးရပ်သည်နှင့် ချက်ချင်းပြန်မရနိုင်ခြင်း
  • (၃) လ တစ်ကြိမ် ဆေးခန်းသွား၍ ဆေးထိုးရခြင်း
သုံးစွဲရန်မသင့်တော်သူများ
  • ကလေးမွေးပြီး (၆) ပတ်အောက် နို့တိုက်မိခင်များ
  • သွေးတိုးရောဂါရှိသူများ (၁၆၀/၁၀၀ ကျော်ရှိခြင်း)
  • လေဖြတ်ထားသူ၊ လေဖြတ်ဖူးသူများ
  • သွေးကြော၊ အဆုတ်တို့တွင် သွေးခဲရောဂါရှိသူများ
  • အသည်းရောဂါရှိသူများ
  • အကြောင်းရင်းမသိဘဲ ရာသီသွေးဆင်း မမှန်သူများ
  • ရင်သားကင်ဆာဖြစ်နေသူ၊ ဖြစ်ဖူးသူများ
  • ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိသူများ
  • သွေးလေးဖက်နာ၊ အရေပြားလေးဖက်နာရောဂါရှိသူများ
  • အနှစ် (၂၀) အထက် ဆီးချိုရောဂါရှိသူ
  • ကိုယ်ဝန်ရှိသည်ဟုသံသယရှိသူ
  • နှလုံးရောဂါရှိသူ
ပြုလုပ်ပုံအဆင့်ဆင့်
  • အသားဆေးထိုးဆေးထိုးလျှင် ပါဝင်သောဆေးရည်ကို ဆေးထိုးအပ်ဖြင့်စုပ်၍ တင်ပါး၌ ထိုးခြင်းဖြစ်သည်၊ ဆရာဝန် သို့မဟုတ် သူနာပြုများ၊ သားဖွားဆရာမများမှ ထိုးပေးသည်
  • အရေပြားအောက်ထိုးသည့်ဆေးကို မိမိဘာသာထိုးနှံနိုင်သည်၊ ချက်ပတ်လည်ဝမ်းဗိုက်၊ လက်မောင်း၊ ပေါင် စသည့်နေရာများကို ထိုးနှံနိုင်သည်
စထိုးသင့်သည့်အချိန်
  • ရာသီလာသည့်နေ့မှ (၇) ရက်အတွင်းဖြစ်လျှင် အကောင်းဆုံးဖြစ်သည်၊ အပိုထပ်ဆောင်းကာကွယ်နည်းသုံးရန် မလိုသည့်အတွက်ကြောင့်ဖြစ်သည်
  • ရာသီစက်ဝန်း၏ အခြားနေ့များတွင် စထိုးမည်ဆိုပါက ကိုယ်ဝန် ရှိမရှိ အရင်စစ်ဆေးရန်လိုသည်၊ ကိုယ်ဝန်မရှိကြောင်း သေချာပါက မည်သည့်နေ့မဆို စတင်ထိုးနိုင်သည်၊ ပထမဆုံးအကြိမ် ဆေးထိုးခြင်းဖြစ်ပါက (၇) ရက်အတွင်း လိင်ဆက်ဆံမှုကိုရှောင်ပါ သို့မဟုတ် ကွန်ဒုံးသုံးပါ
  • သားပျက်သားလျှောဖြစ်ပြီးနောက် (၇) ရက်အတွင်း မည်သည့်နေ့တွင်မဆို စတင်ထိုးနိုင်သည် အပိုထပ်ဆောင်းကာကွယ်နည်း သုံးရန်မလိုပါ
  • ကလေးမွေးပြီးနောက်ပိုင်း မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးပါက မွေးပြီး (၆) ပတ်ကျော်မှ စထိုးပါ
  • ကလေးမွေးပြီး မိခင်နို့မတိုက်ကျွေးပါက မွေးဖွားပြီး ချက်ချင်းသုံးနိုင်သည်၊ အပိုထပ်ဆောင်းကာကွယ်နည်း သုံးရန်မလိုပါ
နောက်ဆက်တွဲဆိုးကျိုးများ

အချို့သောသူများတွင် ဘေးထွက်အာနိသင် ခံစားရနိုင်သည်။ ရောဂါဖြစ်ခြင်းမဟုတ်ပါ။

  • စတင်ဆေးထိုးခါစ အစောပိုင်းကာလများတွင် ရာသီရက်မမှန်ခြင်း၊ ရာသီသွေး တစ်စက်တစ်စက်လာခြင်း
  • နောက်ပိုင်းတွင် ရာသီသွေးထိန်ခြင်း
  • ကိုယ်အလေးချိန်တိုးခြင်း (တစ်နှစ်လျှင် (၂)ပေါင် မှ (၄)ပေါင်ခန့် သာတိုးသည်)
  • ခေါင်းအနည်းငယ်ကိုက်ခြင်း
  • မူးဝေခြင်း၊ မအီမသာဖြစ်ခြင်း၊ ပျို့ခြင်း
  • စိတ်ခံစားမှုပြောင်းလဲခြင်း၊ လိင်စိတ်ဆန္ဒ လျော့နည်းခြင်း
  • အရိုးပွစေခြင်းတို့ ဖြစ်နိုင်သည်။
လိုက်နာဆောင်ရွက်ရမည့်အချက်များ
  • နောက်တစ်ကြိမ်ဆေးထိုးရမည့်နေ့တွင် မပျက်မကွက်ဆေးပြန်ထိုးရန် လိုအပ်သည်၊
  • ရက်အတိအကျထိုးနိုင်လျှင် အကောင်းဆုံးဖြစ်သည်၊ ထိုးသည့်ရက်မှ (၁၂)ပတ် သို့မဟုတ် (၃)လ ပြည့်သည့်ရက်ကို ပြန်ထိုးရန်ချိန်းလေ့ရှိသည်၊ (၂) ပတ်စော၍ သို့မဟုတ် (၂) ပတ်နောက်ကျ၍ ထိုးနိုင်သည်၊ အပိုထပ်ဆောင်းကာကွယ်နည်း သုံးရန်မလိုအပ်ပါ
  • ပြန်ထိုးရမည့်ရက်ထက် (၂) ပတ် နောက်ကျပြီးမှ ထိုးဖြစ်ပါက ဆေးပြန်မထိုးခင်အချိန်အတွင်း လိင်ဆက်ဆံမှုကို ရှောင်ကြည်ရန် လိုအပ်သည် သို့မဟုတ် ကွန်ဒုံး အသုံးပြုရန် လိုအပ်သည်
  • ဆေးထိုးသည့်နေရာကို မခြေရပါ၊ ခြေမိပါက (၃) လအပြည့် အာနိသင် မရတတ်ပါ
ဆေးခန်းပြန်ပြသင့်သည့် အခြေအနေများ
  • ရာသီရက်ရှည်ကြာစွာဆင်းခြင်း
  • ပမာဏ ပုံမှန်ထက် နှစ်ဆပိုများခြင်း
  • မျက်လုံးထဲတွင်အလင်းအစက်ပျောက်များမြင်ပြီး အလွန်အမင်းခေါင်းကိုက်ခြင်း
  • မျက်လုံးဝါခြင်း၊ အသားဝါခြင်း
  • ရင်ဘတ်၊ ဝမ်းဗိုက်၊ ခြေသလုံးတွင် ပြင်းထန်စွာ နာကျင်ခြင်း
  • ရုတ်တရက် အသက်ရှူကျပ်ခြင်း စသောလက္ခဏာများရှိပါက ဆေးခန်းပြန်ပြသင့်သည်။

အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးအာနိသင်များကို မခံစားနိုင်ပါကလည်း ဆေးခန်းပြန်ပြပြီး ထပ်ဆောင်းဆေးများ လိုမလို၊ ဆေးပြောင်းရန် လိုမလို တိုင်ပင်သင့်သည်။

References:

  1. Cleveland Clinic. (2025). Depo-Provera® (Birth Control Shot). Retrieved September 23, 2025, from https://my.clevelandclinic.org/health/drugs/4086-depo-provera-birth-control-shot
  2. Mayo Clinic. (n.d.). Depo-Provera (birth control shot) — About. Retrieved September 23, 2025, from https://www.mayoclinic.org/tests-procedures/depo-provera/about/pac-20392204
  3. WebMD. (2024). Depo-Provera (birth control shot). Retrieved September 23, 2025, from https://www.webmd.com/sex/birth-control/birth-control-depo-provera
  4. Church, K., Johns Hopkins University STARH Project, JHPIEGO, Reproductive Health Research Unit, Johns Hopkins University/CCP, WHO, & INFO Project. (2006). Decision-making tool for family planning clients and providers (S. Johnson & W. Rinehart, Eds.) [Technical adaptation guide]. Retrieved July 6, 2024, from https://cdn.who.int/media/docs/default-source/reproductive-health/contraception-family-planning/technical_adaptation_guide.pdf?sfvrsn=34a2cb62_21
  5. Simon, C. (2002). Oxford handbook of general practice. Oxford University Press.

Published Date: 30 August 2024

Last updated: 4 November 2025

Share

26 September 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.