(၃) လခံ ကိုယ်ဝန်တားထိုးဆေးသည် အသားထဲ သို့မဟုတ် အရေပြားအောက်သို့ ထိုးရသည့် ကိုယ်ဝန်တားဆေး အမျိုးအစားဖြစ်သည်။ Depo MedroxyProgestrerone acetate (DMPA) ပါဝင်သည့် ဟော်မုန်းဆေးဖြစ်သည်။ တစ်ကြိမ်ထိုးလျှင် (၃) လအထိ ကိုယ်ဝန်တားပေးနိုင်သည့် အာနိသင်ရှိသဖြင့် (၃) လခံ ကိုယ်ဝန်တားထိုးဆေးဟု အခေါ်များကြသည်။
အမျိုးအစားအားဖြင့် ပုံစံ (၂)မျိုးရှိသည်။
- အသားထဲထိုးဆေး နှင့်
- အရေပြားအောက်ထိုးဆေး ဟူ၍ဖြစ်သည်။
ထိုဆေးပုံစံ (၂) မျိုးလုံးတွင် ပါဝင်သည့် ဆေးအမျိုးအစားများ တူညီကြသည်။
ပြုလုပ်ရန်လိုအပ်သော အခြေအနေများ
ကိုယ်ဝန်တားဆေးအလုပ်လုပ်ပုံ
တားဆေးကိုထိုးခြင်းဖြင့်
- သားအိမ်ခေါင်းအချွဲများကို ထူပျစ်စေပြီး သုက်ပိုးမဖောက်နိုင်ခြင်း
- သားဥကြွေခြင်းကို ဟန့်တားခြင်းစသဖြင့် ကိုယ်ဝန်မရအောင် ပြုလုပ်ခြင်းဖြစ်သည်။
အကျိုးကျေးဇူးများ
- (၃) လ တစ်ကြိမ်သာ ထိုးရသည့်အတွက် ကုန်ကျစရိတ် သက်သာခြင်း
- နေ့စဉ်ဆေးသောက်ရန်မလိုသည့်အတွက် သုံးရအဆင်ပြေခြင်း
- သားအိမ်အတွင်းနံရံကင်ဆာဖြစ်နှုန်းကို လျှော့ချနိုင်ခြင်း
- ရာသီကိုက်ခဲနာကျင်ခြင်းကို သက်သာစေခြင်း
- ရာသီသွေးပမာဏကို လျော့နည်းစေခြင်း
- သားဥအိမ်ရေအိတ်တည်နှုန်း လျှော့ချနိုင်ခြင်း
- ဆေးထိုးရပ်လိုက်ပြီး လအနည်းငယ်ကြာလျှင် ကိုယ်ဝန်ပြန်ရနိုင်ခြင်း
အားနည်းချက်များ
- လိင်မှတစ်ဆင့်ကူးစက်နိုင်သော ရောဂါများကို မကာကွယ်နိုင်ခြင်း
- ရာသီထိန်ခြင်း၊ မမှန်ခြင်း
- ထိုးဆေးဖြစ်သည့်အတွက် ဆေးထိုးစဥ် နာကျင်နိုင်ခြင်း
- ကလေးပြန်ယူသည့်အခါ လအနည်းငယ်စောင့်ရနိုင်ခြင်း ဆေးထိုးရပ်သည်နှင့် ချက်ချင်းပြန်မရနိုင်ခြင်း
- (၃) လ တစ်ကြိမ် ဆေးခန်းသွား၍ ဆေးထိုးရခြင်း
သုံးစွဲရန်မသင့်တော်သူများ
- ကလေးမွေးပြီး (၆) ပတ်အောက် နို့တိုက်မိခင်များ
- သွေးတိုးရောဂါရှိသူများ (၁၆၀/၁၀၀ ကျော်ရှိခြင်း)
- လေဖြတ်ထားသူ၊ လေဖြတ်ဖူးသူများ
- သွေးကြော၊ အဆုတ်တို့တွင် သွေးခဲရောဂါရှိသူများ
- အသည်းရောဂါရှိသူများ
- အကြောင်းရင်းမသိဘဲ ရာသီသွေးဆင်း မမှန်သူများ
- ရင်သားကင်ဆာဖြစ်နေသူ၊ ဖြစ်ဖူးသူများ
- ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိသူများ
- သွေးလေးဖက်နာ၊ အရေပြားလေးဖက်နာရောဂါရှိသူများ
- အနှစ် (၂၀) အထက် ဆီးချိုရောဂါရှိသူ
- ကိုယ်ဝန်ရှိသည်ဟုသံသယရှိသူ
- နှလုံးရောဂါရှိသူ
ပြုလုပ်ပုံအဆင့်ဆင့်
- အသားဆေးထိုးဆေးထိုးလျှင် ပါဝင်သောဆေးရည်ကို ဆေးထိုးအပ်ဖြင့်စုပ်၍ တင်ပါး၌ ထိုးခြင်းဖြစ်သည်၊ ဆရာဝန် သို့မဟုတ် သူနာပြုများ၊ သားဖွားဆရာမများမှ ထိုးပေးသည်
- အရေပြားအောက်ထိုးသည့်ဆေးကို မိမိဘာသာထိုးနှံနိုင်သည်၊ ချက်ပတ်လည်ဝမ်းဗိုက်၊ လက်မောင်း၊ ပေါင် စသည့်နေရာများကို ထိုးနှံနိုင်သည်
စထိုးသင့်သည့်အချိန်
- ရာသီလာသည့်နေ့မှ (၇) ရက်အတွင်းဖြစ်လျှင် အကောင်းဆုံးဖြစ်သည်၊ အပိုထပ်ဆောင်းကာကွယ်နည်းသုံးရန် မလိုသည့်အတွက်ကြောင့်ဖြစ်သည်
- ရာသီစက်ဝန်း၏ အခြားနေ့များတွင် စထိုးမည်ဆိုပါက ကိုယ်ဝန် ရှိမရှိ အရင်စစ်ဆေးရန်လိုသည်၊ ကိုယ်ဝန်မရှိကြောင်း သေချာပါက မည်သည့်နေ့မဆို စတင်ထိုးနိုင်သည်၊ ပထမဆုံးအကြိမ် ဆေးထိုးခြင်းဖြစ်ပါက (၇) ရက်အတွင်း လိင်ဆက်ဆံမှုကိုရှောင်ပါ သို့မဟုတ် ကွန်ဒုံးသုံးပါ
- သားပျက်သားလျှောဖြစ်ပြီးနောက် (၇) ရက်အတွင်း မည်သည့်နေ့တွင်မဆို စတင်ထိုးနိုင်သည် အပိုထပ်ဆောင်းကာကွယ်နည်း သုံးရန်မလိုပါ
- ကလေးမွေးပြီးနောက်ပိုင်း မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးပါက မွေးပြီး (၆) ပတ်ကျော်မှ စထိုးပါ
- ကလေးမွေးပြီး မိခင်နို့မတိုက်ကျွေးပါက မွေးဖွားပြီး ချက်ချင်းသုံးနိုင်သည်၊ အပိုထပ်ဆောင်းကာကွယ်နည်း သုံးရန်မလိုပါ
နောက်ဆက်တွဲဆိုးကျိုးများ
အချို့သောသူများတွင် ဘေးထွက်အာနိသင် ခံစားရနိုင်သည်။ ရောဂါဖြစ်ခြင်းမဟုတ်ပါ။
- စတင်ဆေးထိုးခါစ အစောပိုင်းကာလများတွင် ရာသီရက်မမှန်ခြင်း၊ ရာသီသွေး တစ်စက်တစ်စက်လာခြင်း
- နောက်ပိုင်းတွင် ရာသီသွေးထိန်ခြင်း
- ကိုယ်အလေးချိန်တိုးခြင်း (တစ်နှစ်လျှင် (၂)ပေါင် မှ (၄)ပေါင်ခန့် သာတိုးသည်)
- ခေါင်းအနည်းငယ်ကိုက်ခြင်း
- မူးဝေခြင်း၊ မအီမသာဖြစ်ခြင်း၊ ပျို့ခြင်း
- စိတ်ခံစားမှုပြောင်းလဲခြင်း၊ လိင်စိတ်ဆန္ဒ လျော့နည်းခြင်း
- အရိုးပွစေခြင်းတို့ ဖြစ်နိုင်သည်။
လိုက်နာဆောင်ရွက်ရမည့်အချက်များ
- နောက်တစ်ကြိမ်ဆေးထိုးရမည့်နေ့တွင် မပျက်မကွက်ဆေးပြန်ထိုးရန် လိုအပ်သည်၊
- ရက်အတိအကျထိုးနိုင်လျှင် အကောင်းဆုံးဖြစ်သည်၊ ထိုးသည့်ရက်မှ (၁၂)ပတ် သို့မဟုတ် (၃)လ ပြည့်သည့်ရက်ကို ပြန်ထိုးရန်ချိန်းလေ့ရှိသည်၊ (၂) ပတ်စော၍ သို့မဟုတ် (၂) ပတ်နောက်ကျ၍ ထိုးနိုင်သည်၊ အပိုထပ်ဆောင်းကာကွယ်နည်း သုံးရန်မလိုအပ်ပါ
- ပြန်ထိုးရမည့်ရက်ထက် (၂) ပတ် နောက်ကျပြီးမှ ထိုးဖြစ်ပါက ဆေးပြန်မထိုးခင်အချိန်အတွင်း လိင်ဆက်ဆံမှုကို ရှောင်ကြည်ရန် လိုအပ်သည် သို့မဟုတ် ကွန်ဒုံး အသုံးပြုရန် လိုအပ်သည်
- ဆေးထိုးသည့်နေရာကို မခြေရပါ၊ ခြေမိပါက (၃) လအပြည့် အာနိသင် မရတတ်ပါ
ဆေးခန်းပြန်ပြသင့်သည့် အခြေအနေများ
- ရာသီရက်ရှည်ကြာစွာဆင်းခြင်း
- ပမာဏ ပုံမှန်ထက် နှစ်ဆပိုများခြင်း
- မျက်လုံးထဲတွင်အလင်းအစက်ပျောက်များမြင်ပြီး အလွန်အမင်းခေါင်းကိုက်ခြင်း
- မျက်လုံးဝါခြင်း၊ အသားဝါခြင်း
- ရင်ဘတ်၊ ဝမ်းဗိုက်၊ ခြေသလုံးတွင် ပြင်းထန်စွာ နာကျင်ခြင်း
- ရုတ်တရက် အသက်ရှူကျပ်ခြင်း စသောလက္ခဏာများရှိပါက ဆေးခန်းပြန်ပြသင့်သည်။
အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးအာနိသင်များကို မခံစားနိုင်ပါကလည်း ဆေးခန်းပြန်ပြပြီး ထပ်ဆောင်းဆေးများ လိုမလို၊ ဆေးပြောင်းရန် လိုမလို တိုင်ပင်သင့်သည်။
References:
- Cleveland Clinic. (2025). Depo-Provera® (Birth Control Shot). Retrieved September 23, 2025, from https://my.clevelandclinic.org/health/drugs/4086-depo-provera-birth-control-shot
- Mayo Clinic. (n.d.). Depo-Provera (birth control shot) — About. Retrieved September 23, 2025, from https://www.mayoclinic.org/tests-procedures/depo-provera/about/pac-20392204
- WebMD. (2024). Depo-Provera (birth control shot). Retrieved September 23, 2025, from https://www.webmd.com/sex/birth-control/birth-control-depo-provera
- Church, K., Johns Hopkins University STARH Project, JHPIEGO, Reproductive Health Research Unit, Johns Hopkins University/CCP, WHO, & INFO Project. (2006). Decision-making tool for family planning clients and providers (S. Johnson & W. Rinehart, Eds.) [Technical adaptation guide]. Retrieved July 6, 2024, from https://cdn.who.int/media/docs/default-source/reproductive-health/contraception-family-planning/technical_adaptation_guide.pdf?sfvrsn=34a2cb62_21
- Simon, C. (2002). Oxford handbook of general practice. Oxford University Press.
Published Date: 30 August 2024
Last updated: 4 November 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.